မြေကမ္ဘာတမန်တော်မှာ အေးချမ်းစွာ ထွက်ခွာသွားလေ၏။
...
အစောပိုင်းတွင်…။
"မင်းတို့ မကြားဘူးလား...”
သူ၏အသံတွင် မသိမသာ ဒေါသတရားများ ရောယှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ခြိမ်းခြောက်မှုကို ကြားပြီးနောက်တွင်ပင် ဤဝိညာဉ်ချုပ်သူ သုံးယောက်လုံးမှာ တစ်ယောက်မျှ လှုပ်ရှားခြင်းမရှိသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ရတနာများကို ထုတ်မပေးသည့်အပြင် သူတို့အားလုံးက သူ့ကို ထူးဆန်းသလို ကြည့်နေကြရာ အမျိုးအမည်မသိသော အထင်အမြင်သေးမှုတစ်ခုကို ခံစားလိုက်ရ၏။
"ကြားပါတယ် ကြားပါတယ်...” ပုရှန်ဘုန်းတော်ကြီးက လက်ကာပြလိုက်၏။ "ခင်ဗျားကလည်း တော်တော်လောတာပဲ...”
"ကြားရင်လည်း မြန်မြန် ရတနာတွေ ဆက်သကြလေ...” မြေကမ္ဘာတမန်တော်က အော်ဟစ်လိုက်သည်။
အမှန်တကယ်တမ်း ဤအချိန်တွင် သူသည် လူများကို သွေးဆာစွာ မသတ်ဖြတ်ချင်သေး။ မည်သို့ပင်ဖြစ်စေ လမ်းပြသူက လူအင်အား လိုအပ်နေချိန်ဖြစ်ကြောင်း အလေးအနက် ပြောထားသည် မဟုတ်ပါလော။
သို့သော် ဤအကောင်သုံးကောင်သာ ဤမျှ အခြေအနေကို နားမလည်ပါက တစ်ယောက်ကို အရင်သတ်ပြီး ကျန်လူများကို ခြောက်လှန့်ပြရန် သူ ဝန်လေးနေမည်မဟုတ်ချေ။
ထို့နောက်တွင်မူ တစ်ဖက်ရှိ ဝိညာဉ်ချုပ်သူ သုံးယောက်က ပစ္စည်းများ ထုတ်ယူလာသည်ကို သူ မြင်လိုက်ရသည်။
"၅၈" က ရှေးဟောင်းဓားရှည်တစ်လက်ကို ထုတ်ယူလာပြီး "၅၉" က ရွှေရောင်ကွင်းတစ်ကွင်းကို ထုတ်ယူလာကာ "၆၀" ကမူ လက်ညှိုးတစ်ချောင်းကို ထောင်ပြလာ၏။
ဤသည်မှာ ရတနာများ ဆက်သမည့်ပုံနှင့် လုံးဝမတူချေ။
ဤဝိညာဉ်ချုပ်သူ သုံးယောက်က သူ့ကို ဆန့်ကျင်ရဲသည်ဆိုမှတော့ အသစ်ရောက်လာသူများသာ ဖြစ်ရပေမည်။ မြေကမ္ဘာတမန်တော်က ချက်ချင်းပင် အေးစက်စက် လှောင်ပြုံးပြုံးလိုက်ပြီး သူတို့ကို ပညာနည်းနည်းလောက် ပြပေးရန် ပြင်လိုက်၏။
ဤအတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော နာကျင်မှုနှင့် အားနည်းမှုကို သူ ခံစားလိုက်ရလေသည်။
ဘုန်း…
အင်မော်တယ်မန္တန် ဝူလောင်ချီရှန်း…။
လော့ယောင်၏ မှော်မန္တန်က အရင်ဆုံး အသက်ဝင်လာခြင်း ဖြစ်၏။
မြေကမ္ဘာတမန်တော်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ယိမ်းယိုင်သွားပြီး ကျင့်စဉ်စွမ်းအားထုတ်၍ ခုခံရန် ပြင်လိုက်စဉ်မှာပင် ထိုရွှေရောင်ကွင်းက သူ့ထံသို့ ပျံသန်းလာကာ လေထဲတွင် ကိုးကွင်းအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြန်သည်။
ဘန်း… ဘန်း… ဘန်း…
ရွှေရောင်ကွင်း ကိုးကွင်းမှာ တစ်ကွင်းပြီးတစ်ကွင်း ထပ်ကာ သူ၏ လည်ပင်းနှင့် ခြေလက်များတွင် စွပ်ဝင်သွားပြီး သူ့တစ်ကိုယ်လုံးကို တင်းကြပ်စွာ ချုပ်နှောင်လိုက်တော့သည်။
ဒါတွေက ဘာတွေလဲ…။
ဤသည်မှာ စတုတ္ထအဆင့်မှ ထုတ်လွှတ်နိုင်သော မှော်ပညာနှင့် လုံးဝမတူသကဲ့သို့ မိစ္ဆာကျင့်ကြံသူများ၏ မှော်ပညာနှင့်လည်း တူမနေချေ။
"ဆရာဖေး... ကျုပ်ကို ကယ်ပါဦး...” သူ အသံကုန်ဟစ်အော်လိုက်သည်။
သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်မှာ ချူလျန်တို့ ယခင်က သတ်ဖြတ်ခဲ့သော မြေကမ္ဘာတမန်တော်ထက် အနည်းငယ် ပိုမိုအားနည်းပြီး ဓာတ်ကြီးငါးပါးနယ်ပယ် ပထမအဆင့်တွင်သာ ရှိလေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဓိကအားဖြင့် သူ၏ဘေးရှိ အစွမ်းထက်လှသော ကွန်ဖြူးရှပ်လမ်းစဉ် စစ်ပွဲဝိညာဉ်အပေါ်တွင်သာ မှီခိုနေရခြင်း ဖြစ်၏။
ဤလူသုံးယောက်၏ ပြိုင်ဘက်မဟုတ်နိုင်ကြောင်း သူ သိလိုက်ရချိန်တွင် မသိစိတ်မှ အသံကျယ်ကြီးဖြင့် အကူအညီတောင်းလိုက်မိပြီး တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှာ အရိပ်အဖြစ် ပြောင်းလဲသွားကာ ခြေလှမ်းတစ်ရာကျော်ခန့် အမြန်ဆုတ်ခွာသွားလေသည်။
ဤကဲ့သို့ ပုံရိပ်ယောင်ပြောင်းလဲခြင်း မှော်ပညာမှာ အလွန်ထိရောက်လှသည်။ ပုရှန်ဘုန်းတော်ကြီး လွှတ်တင်လိုက်သော ရွှေရောင်ကွင်း ကိုးကွင်းမှာ ချက်ချင်းပင် ကွာကျသွား၏။ သို့သော်လည်း ယင်းမှာ အချိန်အနည်းငယ်သာ ခံ၏။ အထူးသဖြင့် ဒဏ်ရာပေါင်းစုံ ရရှိထားသော အခြေအနေမျိုးတွင် တစ်ခဏအတွင်းမှာပင် ပကတိခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ခမ်းနားကြီးကျယ်လှသော မြင်ကွင်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
ဓားတစ်သောင်းက ကောင်းကင်ယံထက်တွင် ပျံဝဲနေ၏။
မီးတောက်နီများ ပါဝင်နေသော ထောင်သောင်းချီသည့် ဓားအလင်းတန်းများမှာ ကောင်းကင်ယံတွင် လူးလွန့်နေပြီးနောက် မီးတောက်များနှင့်အတူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာလေသည်။
ကောင်းကင်တစ်ခွင်လုံး လွှမ်းခြုံနေသော ကြယ်ပျံမီးမိုးများ ကျဆင်းလာသည့်အလားပင်။
ဓားတစ်သောင်းမန္တန်နှင့် အဆောင်ဓားမန္တန် ပေါင်းစပ်ခြင်း…။
အဆောင်ဓားတစ်သောင်း…။
ဝုန်း... ဝုန်း... ဝုန်း...
ပဉ္စမအဆင့် မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို သတ်ရန်အတွက် ဤမီးတောက်ဓားတစ်သောင်းကို အသုံးပြုခြင်းမှာ အနည်းငယ် အလွန်အကျွံဖြစ်နေပုံရ၏။ ပထမအကြိမ် ပစ်ခတ်မှုတွင်ပင် သူ့ခမျာ အစအနပင် မကျန်တော့ဘဲ ပေါက်ကွဲပျက်စီးသွားခဲ့လေပြီ။
ကျန်ရှိနေသော တိုက်ခိုက်မှုများမှာ ဤမြေပြင်ပေါ်တွင် တွင်းပေါက်များ ပိုမိုဖြစ်ပေါ်လာစေရန်သာ တတ်နိုင်တော့သည်။
ချူလျန် ဤမျှ ပြင်းထန်စွာ တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းတစ်ချက်မှာ စမ်းသပ်ချင်သောကြောင့် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ နာမည်ကျော် ကြက်သွေးရောင်ကွပ်မျက်သူဓား၏ စွမ်းအားကို အသုံးပြု၍ သူသည် ပုံမှန်အားဖြင့် မစမ်းသပ်နိုင်သော ဓားမန္တန်များကို အသုံးပြုနိုင်ရာ ဤသည်မှာ မြင့်မားသော အဆင့်၏ စွမ်းအားကို ကြိုတင်ခံစားကြည့်ရန် အခွင့်ကောင်းတစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသည် အတော်လေး ခက်ခဲသော ဓားတစ်သောင်းမန္တန်နှင့် အဆောင်ဓားမန္တန်တို့ကို ပေါင်းစပ်ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ အဆောင်ဓားတစ်လက်တည်းပင်လျှင် ဓားအလင်းတန်း သောင်းချီရှိသော အခြေခံအောက်တွင် ထိန်းချုပ်ရန် အလွန်ခက်ခဲလှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချူလျန်၏ ဝိညာဉ်အာရုံမှာ လုံးဝနီးပါး ကုန်ခမ်းသွားခဲ့၏။ သူသည် ယခင်က မကြုံဖူးသည့် ကြီးမားသော စွမ်းအင်ကုန်ခမ်းမှုကို ကြုံတွေ့လိုက်ရသည်။
သူ၏ မျက်လုံးများ ပြာဝေသွားပြီးနောက် ခန္ဓာကိုယ်ကိုပင် မနည်းအားတင်းကာ မတ်မတ်ရပ်လိုက်ရသည်။
နောက်တစ်ချက်သည်ကား ခြောက်လှန့်ရန်အတွက် ဖြစ်လေသည်။
မီးမိုးတစ်သောင်း ကျဆင်းမှု ပြီးဆုံးသွားပြီး ဖုန်မှုန့်များ ငြိမ်သက်သွားပြီးနောက်၊ သူ၏အကြည့်များကို ကျောက်စိမ်းကရားထဲမှ မုတ်ဆိတ်ရှည်အဘိုးအို၏ ဝိညာဉ်ထံသို့ ပြောင်းလိုက်၏။
ဤမုတ်ဆိတ်ရှည်အဘိုးအို၏ စွမ်းရည်မှာ မြေကမ္ဘာတမန်တော်ထက် ပိုမိုအားကောင်းမည်မှာ သေချာလှပေသည်။ ထို့ကြောင့်သာ ဤမျှ လေးစားခြင်းခံရခြင်း ဖြစ်၏။
သို့သော် နာမည်ကျော် ကြက်သွေးရောင်ကွပ်မျက်သူဓား၏ စွမ်းအားမှာ သွေးအငွေ့အသက်များ ရစ်ပတ်နေသော မြေကမ္ဘာတမန်တော်အပေါ်တွင်သာ သက်ရောက်မှုရှိရာ ချူလျန်အနေဖြင့် စွမ်းအားအပြင်းဆုံးနည်းလမ်းကို တတ်နိုင်သမျှ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မုတ်ဆိတ်ရှည်အဘိုးအိုကို ကြည့်ကာ "အဘိုး... ဒီလူတော့ သေသွားရရှာပြီ… သူ့အတွက်များ ကလဲ့စားချေချင်သေးသလား...”
လက်ရှိအခြေအနေမှာ ဤအဘိုးအိုဝိညာဉ်၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်မှာ သိသာလှသည်။
မြေကမ္ဘာတမန်တော်က သူ့ကို ဆင့်ခေါ်ရခြင်းမှာ ခြောက်လှန့်ရန်အတွက်သာ ဖြစ်ပြီး သူ့ကို လုံးဝ ဝင်ရောက်တိုက်ခိုက်စေရန် ရည်ရွယ်မထားချေ။ အဘယ်ကြောင့်ဆိုသော် ဤအဘိုးအို ဝင်ရောက်တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် အခြားသော တန်ဖိုးများကို ပေးဆပ်ရမည် ဖြစ်သောကြောင့်ပင်။
အခြားသော အမိန့်မရှိသည့် အခြေအနေမျိုးတွင် အဘိုးအို၏ဝိညာဉ်မှာ အစောပိုင်းက လက်ပိုက်ကြည့်နေရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤကလေးသုံးယောက်က ပဉ္စမအဆင့် မြေကမ္ဘာတမန်တော်ကို အစအနပင် မကျန်အောင် ချက်ချင်း သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
အထူးသဖြင့် နောက်ဆုံးမှ ဓားတစ်သောင်းမီးမိုးမှာ သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်လျှင်ပင် ကာကွယ်နိုင်မည်ဟု သူ့ကိုယ်သူ မသေချာလှ။
ထို့ကြောင့် နောက်ဆုံးတွင် မြေကမ္ဘာတမန်တော်က "ကယ်ပါဦး" ဟု အော်ဟစ်လိုက်သော်လည်း သူ လုံးဝ လှုပ်ရှားခြင်း မရှိခဲ့ချေ။
'တစ်လမှာ မင်းဆီက နံ့သာတိုင် နည်းနည်းလေး အပူဇော်ခံရတာနဲ့ပဲ ငါက ဘာလို့ အသက်စွန့်ရမှာလဲလို့…'
ချူလျန်၏ အမေးစကားကို ကြားသောအခါ အဘိုးအိုက မုတ်ဆိတ်ရှည်ကို ခါယမ်းလိုက်ပြီး စကားတစ်ခွန်းကို အေးစက်စွာ ပြောလိုက်၏။
"သူနဲ့ငါ မသိဘူး...”
ထိုသို့ပြောပြီးနောက် နောက်သို့လှည့်ကာ ကျောက်စိမ်းကရားထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ချေ။
"ဟက်...” ချူလျန်မှာ မနေနိုင်ဘဲ ပြုံးလိုက်မိ၏။ ဤအဘိုးကြီးက သူထင်ထားသည်ထက်ပင် ပါးနပ်လှသည် မဟုတ်ပါလော။
သူသည် ကျောက်စိမ်းကရားကို အရင်ကောက်ယူလိုက်ပြီး မြေကမ္ဘာတမန်တော် သေဆုံးသွားသော တွင်းကြီးထဲသို့ သွားကြည့်လိုက်၏။ အစောပိုင်းက ပေါက်ကွဲမှုအရှိန်မှာ အလွန်ပြင်းထန်လွန်းလှပြီး မြူခိုးများ ထူထပ်နေမှုကြောင့် တစ်ခဏအတွင်း မည်သည့်ပစ္စည်းကိုမှ ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။
'ဟူး' ချူလျန် သက်ပြင်းချလိုက်မိ၏။
'ဒီမြူခိုးချိုင့်ဝှမ်းထဲမှာ ပေါက်ကွဲသွားတဲ့ ပစ္စည်းတွေကို ရှာမတွေ့ဘူးဆိုတော့… တကယ် နှမြောစရာကောင်းတာပဲ…' ချူလျန်တစ်ယောက် စိတ်ထဲမှ ညည်းတွားလိုက်သည်။
ပြန်လာပြီးနောက် လော့ယောင်နှင့် ပုရှန်ကို ပြောလိုက်၏။ "ဒီကျောက်စိမ်းကရားကို ကျုပ် အရင်သိမ်းထားမယ်… ပြီးတော့ နောက်ထပ်ရလာမယ့် အကျိုးအမြတ်တွေကို ကျွန်တော်တို့ အပြင်ရောက်မှပဲ ခွဲဝေကြရင်ရမလား...”
ပြီးခဲ့သည့်အကြိမ် မြေကမ္ဘာတမန်တော်ကို သတ်ဖြတ်စဉ်က သူ ဝင်မပါခဲ့လျှင် ထိုလူ လွတ်မြောက်သွားမည် ဖြစ်သောကြောင့် များပြားလှခြင်းမရှိသော အကျိုးအမြတ်များကို သူ တစ်ဦးတည်း ယူလိုက်ခြင်းမှာ ယုတ္တိရှိလှသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ လူသုံးယောက်လုံး အားထုတ်ထားခဲ့ကြရာ ချူလျန်အနေဖြင့် အမြဲတမ်း တစ်ကိုယ်ကောင်းဆန်၍ မကောင်းတော့ချေ။
အနည်းဆုံးတော့ မေးကြည့်သင့်ပေသည်။
ပုရှန်ဘုန်းတော်ကြီးမှာမူ သဘောထားကြီးလှ၏။ သူက ပြုံးလျက် "ဒီနှစ်ကြိမ် မြေကမ္ဘာတမန်တော်ကို သတ်တဲ့နေရာမှာ ချူသခင်လေး တစ်ယောက်တည်းရဲ့ အစွမ်းနဲ့ချည်းပဲဆိုတော့ ကျုပ်က ဘာမှ ခွဲယူစရာ မလိုပါဘူး...”
လော့ယောင်က ခေတ္တမျှ စဉ်းစားပြီးနောက် "ပုံမှန်ဆိုရင်တော့ ကျွန်မလည်း ဘာမှ မခွဲယူသင့်ဘူး… ဒါပေမဲ့ ဒီဝိညာဉ်ကိုတော့ ကျွန်မ တကယ်လိုချင်တယ်… ကျွန်မ ကျင့်ကြံတဲ့ ရှာမန်အတတ်မှာ သရဲတစ္ဆေတွေကို ထိန်းချုပ်တဲ့နည်းစနစ်လည်း ပါဝင်တယ်… သန့်စင်လိုက်ရင် ကောင်းမွန်တဲ့ တိုက်ခိုက်ရေးစွမ်းအားတစ်ခု ဖြစ်လာနိုင်တယ်… အကယ်လို့ ရှင် အသုံးမလိုဘူးဆိုရင် ပြန်ရောက်တဲ့အခါ ကျွန်မ တခြားပစ္စည်းတွေနဲ့ လဲလှယ်ပေးနိုင်ပါတယ်...”
ချူလျန်က ပြုံးလျက် ပြန်ပြောလိုက်၏။ "ရပါတယ်… ဖြည်းဖြည်းချင်း ပြောကြတာပေါ့...”
"ဒါပေမဲ့ အခုအခြေအနေက နည်းနည်းတော့ ခက်ခဲနေပြီ..." ပုရှန်ဘုန်းတော်ကြီးက ဆိုလေ၏။
"ငါတို့တတွေ နောက်ထပ် မြေကမ္ဘာတမန်တော်တစ်ယောက်ကို သတ်လိုက်ပြန်ပြီဆိုတော့ ပြန်ရောက်ရင် သေချာပေါက် သံသယဝင်ခံရတော့မယ်...”
"အင်း...” ချူလျန်က ခေတ္တမျှ စဉ်းစားပြီးနောက် "ဒီကိစ္စအတွက်ကတော့ ကျုပ်တို့ စွန့်စားကြည့်ဖို့ပဲ ရှိတော့တယ်...”
သူတို့ အပြင်ထွက်၍ အမဲလိုက်သည့်အခါတွင် ပုံမှန်အားဖြင့် ရှေ့တည့်တည့်သို့သာ သွားလေ့ရှိသောကြောင့် ထွက်ခွာလာစဉ်က ခန့်မှန်းခြေဦးတည်ရာကို မှတ်မိနေသရွေ့နှင့် သူတို့ အမဲလိုက်တိုင်း အရိုးမီးတိုင်တစ်တိုင်စာ အချိန်ကို ပုံသေသတ်မှတ်ထားခြင်းကြောင့် အချိန်နှင့် ခရီးအကွာအဝေးကို တွက်ချက်ကြည့်ပါက ကျန်ရှိနေသော အဖွဲ့နှစ်ဖွဲ့၏ ခန့်မှန်းခြေတည်နေရာကို ခန့်မှန်းရန် မခက်ခဲလှချေ။
သိပ်မဝေးသောနေရာရှိ အခြား အမဲလိုက်အဖွဲ့တစ်ဖွဲ့မှာ ဤအချိန်တွင် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ထိုနည်းတူပင် မြေကမ္ဘာတမန်တော်တစ်ယောက်က ဝိညာဉ်ချုပ်သူ သုံးယောက်ကို ဦးဆောင်ထားသော အဖွဲ့မှာ တိတ်ဆိတ်စွာဖြင့် စခန်းချရာနေရာသို့ ပြန်လာခဲ့ကြ၏။
ထိုအခိုက်အတန့်မှာပင် အနောက်ဘက် သိပ်မဝေးလှသောနေရာမှ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ခါးတွင် ဝိညာဉ်ချုပ်တံဆိပ်ပြားကို ချိတ်ဆွဲထားခြင်း မရှိသည့်အပြင် လက်ထဲတွင်လည်း ရှေးဟောင်းဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားလေသည်။
ထိုသူ၏ခန္ဓာကိုယ်မှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်လာခြင်း မရှိသောကြောင့် မည်သူကမျှ သူ ရှိနေသည်ကို သတိမပြုမိကြချေ။
နောက်တစ်စက္ကန့်တွင် သူ၏လက်ထဲမှ ရှေးဟောင်းဓားရှည်ကို လွှင့်တင်လိုက်သည်ကို မြင်လိုက်ရပြီး ဓားတစ်သောင်းက ကောင်းကင်ယံသို့ ပျံတက်သွားလေ၏။
ကြယ်ပျံမီးမိုးများ ထပ်မံထွက်ပေါ်လာပြီး မီးတောက်ဓားတစ်သောင်းက ကောင်းကင်မှ ကျဆင်းလာရာ အမှောင်ဘုရင်ဂိုဏ်းမှ တပည့်အဖွဲ့မှာ ထိုအချိန်မှသာ သတိပြုမိသွားကြသည်။
သို့သော် ကံဆိုးစွာဖြင့် အချိန်နှောင်းသွားခဲ့လေပြီ။
ရုတ်တရက် အငိုက်မိသွားသောကြောင့် ပြန်လည်တိုက်ခိုက်ရန် အချိန်မရတော့ဘဲ အရပ်လေးမျက်နှာသို့ အလျင်အမြန် လူစုခွဲထွက်ပြေးရုံသာ တတ်နိုင်ကြတော့သည်။
ထိုမီးတောက်ဓားများမှာ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး ကောင်းကင်ယံမှ ကြည့်လိုက်လျှင် သူတို့ကို တိုက်ခိုက်ရန်သက်သက် မဟုတ်ဘဲ လူစုခွဲရန်အတွက်သာ ဖြစ်ပုံရ၏။
သွက်သွက်လက်လက်မရှိသော ဝိညာဉ်ချုပ်သူတစ်ယောက် ဓားချက်အောက်တွင် သေဆုံးသွားခြင်းမှလွဲ၍၊ ကျန်လူများမှာ မီးမိုးလွှမ်းခြုံထားသော နယ်ပယ်အတွင်းမှ ထွက်ပြေးလွတ်မြောက်သွားကြပြီး တစ်ဦးချင်းစီမှာ အဖော်များကို ပြန်မတွေ့ရတော့ချေ။
ထိုမြေကမ္ဘာတမန်တော်မှာ နောက်လှည့်၍ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ဤမျှ အစွမ်းထက်သော တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော်လည်း မည်သည့်အရှိန်အဝါ လှုပ်ခတ်မှုမျှ ကျန်ရစ်ခဲ့ခြင်း မရှိချေ။
"ဒါက..." သူသည် အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ပြီး ရွေးချယ်စရာမရှိတော့ဘဲ လက်လျှော့လိုက်ကာ၊ ယခုလေးတင် လူစုကွဲသွားသော သူ၏ လက်အောက်ငယ်သားများကို ပြန်လည်စုစည်းရန် လှည့်ထွက်သွားရတော့သည်။
ဤမြူခိုးများထဲတွင် တစ်ကိုယ်တော်ကျန်ခဲ့ခြင်းမှာ အလွန်အန္တရာယ်များလှပေသည်။ မြေကမ္ဘာတမန်တော်အတွက်ပင်လျှင် ထိုသို့သာ ဖြစ်၏။
သို့သော် လူစုကွဲသွားစဉ်က လေးယောက်သာ ရှိသော်လည်း ပြန်လည်စုစည်းမိချိန်တွင် ခြောက်ယောက် ဖြစ်နေလေသည်။ မူလအဖွဲ့ထဲမှ ဝိညာဉ်ချုပ်သူတစ်ယောက် ဓားအောက်တွင် သေဆုံးသွားခြင်းအပြင် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ကာ တစ်ကိုယ်လုံး ဒဏ်ရာများရရှိထားသော အခြား ဝိညာဉ်ချုပ်သူ သုံးယောက်လည်း ပါဝင်နေ၏။
တကယ်တမ်းတွင် သူ၏လက်အောက်ရှိ ဝိညာဉ်ချုပ်သူများမှာလည်း တစ်ကိုယ်လုံး ဒဏ်ရာများ ရရှိထားကြသည်။
အစောပိုင်းက ကြောက်မက်ဖွယ်ကောင်းလှသော မီးတောက်ဓားအောက်တွင် ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့လျှင်ပင် ဒဏ်ရာမရဘဲ လွတ်မြောက်လာရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
"စောစောက ကျွန်တော်တို့ အဲဒီအနက်ရောင်ဝတ်ရုံနဲ့လူရဲ့ တိုက်ခိုက်မှုကို ထပ်ခံရပြန်တယ်… အရှင်တမန်တော်က သူနဲ့ ဝင်တိုက်နေလို့ ကျွန်တော်တို့ ရွေးချယ်စရာမရှိဘဲ ထွက်ပြေးလာရတာ… ဒီနေရာအထိ လိုက်လံတိုက်ခိုက်ခံရတာပဲ...” ဝိညာဉ်ချုပ်သူ သုံးယောက်က ထိုသို့ ပြောပြလေသည်။
ထိုမြေကမ္ဘာတမန်တော်က ထိုလူသုံးယောက်၏ ဝိညာဉ်ချုပ်တံဆိပ်ပြားများကို ကြည့်လိုက်ပြီးနောက် မည်သို့မှ သံသယမဝင်တော့ဘဲ ဤလူသုံးယောက်ကို ခေါ်ကာ စခန်းချရာနေရာသို့ အတူတကွ ပြန်လာခဲ့၏။ ဤကဲ့သို့ အန္တရာယ်များလှသော အချိန်အခါမျိုးတွင် လူများလေ ပိုကောင်းလေသာ မဟုတ်ပါလော။
စခန်းချရာနေရာသို့ ပြန်ရောက်သောအခါ တောင်ပိုင်းလမ်းပြသူက လူတိုင်း ဒဏ်ရာရထားသော ဤအဖွဲ့ကို မြင်လိုက်ရသဖြင့် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး မေးလိုက်ရပြန်သည်။ "ဘာဖြစ်လာကြပြန်တာလဲ...”
ထိုမြေကမ္ဘာတမန်တော်က ခေါင်းငုံ့ကာ ပြန်ဖြေလိုက်လေသည်။ "စောစောက ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့လုံး အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရလို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်… အဲဒီလူက ဓားတစ်သောင်းမန္တန်ကို အသုံးပြုသွားပြီး ဓားစွမ်းအင် အရှိန်အဝါက အရမ်းပြင်းထန်လွန်းလို့ ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်ဖို့ များပါတယ်… ကျွန်တော်မျိုး လူတိုင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူး… ဒါက ကျွန်တော်မျိုးရဲ့ အရည်အချင်း ညံ့ဖျင်းမှုကြောင့်ပါ...”
တောင်ပိုင်းလမ်းပြသူက သူတို့ကိုယ်ပေါ်ရှိ ဒဏ်ရာများကို အကဲခတ်ကြည့်လိုက်ရာ တကယ်ပင် ဓားစွမ်းအင်တစ်မျိုးတည်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၎င်း၏ စွမ်းအားပြင်းထန်မှုကိုလည်း မြင်တွေ့နိုင်ပေ၏။
လူတိုင်း ဒဏ်ရာရထားကြသဖြင့် သူလည်း ထပ်မံ အပြစ်မတင်တော့ဘဲ ပြောလိုက်ရသည်။ "မင်းတို့အားလုံး မြန်မြန် ဒဏ်ရာတွေကို ကုသကြတော့… နောက်ဆက်လုပ်ရမယ့် အလုပ်တွေကို အနှောင့်အယှက် မဖြစ်စေနဲ့...”
"ရှေ့ဆက်သွားရင် အိပ်မက်ချောက်နက်ကို ရောက်တော့မယ်...”
လူတိုင်းက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အသက်ရှူမှန်အောင်ထိန်း၍ ဒဏ်ရာများကို ကုသနေကြသည်။ အနောက်တောင်ပိုင်း လမ်းပြသူကမူ စိုးရိမ်တကြီးဖြင့် ဆိုလေ၏။ "ဒီတစ်လျှောက်လုံး ငါတို့ကိုလိုက်ပြီး တိုက်ခိုက်နေတဲ့သူက တကယ်ပဲ ဘယ်သူများလဲ...”
"မသိဘူး...” တောင်ပိုင်းလမ်းပြသူက ခေါင်းယမ်းလိုက်ပြီး ပြတ်သားကာ ကြမ်းတမ်းသောလေသံဖြင့် "သူ ဘယ်လောက်ပဲ ပုန်းကွယ်နေပါစေ... အိပ်မက်ချောက်နက်ရဲ့ ရှေ့မှာတော့ သူလည်း အနှေးနဲ့အမြန် ပေါ်လာရမှာပဲ...”
ထိုအနက်ရောင်ဝတ်ရုံနှင့်လူမှာ သဘာဝကျစွာပင် ချူလျန် ဖြစ်၏။
မြေကမ္ဘာတမန်တော်များ တစ်ကြိမ်လျှင်တစ်ယောက် သေဆုံးနေပါက သူတို့ သေချာပေါက် သံသယဝင်ခံရမည်ကို ယခင်က လူသုံးယောက်လုံး စိုးရိမ်နေခဲ့ကြ၏။ ထို့ကြောင့် ချူလျန်က ဤနည်းလမ်းကို စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။ အခြားအဖွဲ့တစ်ဖွဲ့ကို အရင်ရှာဖွေပြီးနောက် ယင်းယွမ်ဆေးလုံးကို သောက်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းဖြစ်သည်။
ဤသို့ဆိုလျှင် တိုက်ခိုက်ခံရသည်မှာ သူတို့အဖွဲ့ တစ်ဖွဲ့တည်း မဟုတ်တော့ဘဲ ထိခိုက်ဒဏ်ရာများ ရရှိသွားခြင်းမှာလည်း ထူးဆန်းတော့မည် မဟုတ်ချေ။ သံသယကို လျှော့ချနိုင်ရန်အတွက် ချူလျန်က ဓားစွမ်းအင်ကို အသုံးပြု၍ မိမိတို့သုံးယောက်လုံးကိုပါ ဒဏ်ရာရစေခဲ့သေးသည်။
ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုးခြင်း…။
ဤအစီအစဉ်များ ပြုလုပ်ပြီးနောက် သူတို့သည် အခြားအဖွဲ့တစ်ဖွဲ့အတွင်းသို့ အောင်မြင်စွာ ရောနှောဝင်ရောက်နိုင်ခဲ့ပြီး သံသယများကိုလည်း ဖြေဖျောက်နိုင်ခဲ့သည်။
အဖွဲ့မှာ ထပ်မံထွက်ခွာလာပြီးနောက် နောက်ဆုံးတွင် မြူခိုးချိုင့်ဝှမ်း၏ အဆုံးသတ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့လေ၏။ ဤနေရာတွင် ကြီးမားကျယ်ပြန့်လှသော ချောက်နက်ကြီးတစ်ခု သွယ်တန်းတည်ရှိနေသည်။
ချောက်နက်အတွင်းရှိ မြူခိုးများမှာ အောက်သို့ ကျဆင်းသွားခြင်းမရှိဘဲ အထက်သို့ ပြန်တက်လာနေရာ ဤနေရာမှာပင် မြူခိုးအားလုံး၏ မြစ်ဖျားခံရာနေရာ ဖြစ်ပုံရသည်။ ချောက်နက်အောက်ခြေမှ အဆုံးအစမဲ့သော အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာနေပြီး မည်မျှများပြားသော တစ္ဆေဝိညာဉ်များ ဤနေရာတွင် ပိတ်မိနေကြသည်ကို မသိနိုင်ချေ။
ချောက်နက်ကြီး၏ တစ်ဖက်တွင်မူ အရောင်အသွေး စုံလင်လှသော ဖန်ရောင်စုံကဲ့သို့ ကြီးမားလှသည့် အလင်းတန်းကန့်လန့်ကာကြီးတစ်ခု ရှိနေပြီး တံလျှပ်တစ်ခုအလား ထင်မှတ်ရကာ အထက်ပိုင်းရှိ မြင်ကွင်းများမှာ ကောင်းကင်ယံတွင် အဆက်မပြတ် ပြောင်းလဲနေလေ၏။ ထိုအရာက ချောက်နက်ကြီး၏ တစ်ဖက်ရှိမြင်ကွင်းများကို ထင်ဟပ်ပြနေခြင်း ဖြစ်ရပေမည်။
စိမ်းလန်းစိုပြည်သော သစ်ပင်များ၊ တဖြည်းဖြည်း စီးဆင်းနေသော ရေစီးကြောင်းများ၊ တိတ်ဆိတ်စွာ ရပ်နေကြသော သဘာဝလွန် ငှက်များနှင့် သားရဲများ ရှိနေပြီး၊ ၎င်းမှာ တကယ့်ကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေသော နိဗ္ဗာန်ဘုံနှင့်တူသည့် တောင်ကြားတစ်ခုပင် ဖြစ်လေ၏။
လမ်းပြသူများက တစ်ဖက်တွင် မြင်တွေ့ခဲ့ရသော ရတနာများဆိုသည်မှာ ဤအလင်းတန်းကန့်လန့်ကာ၏ ထင်ဟပ်မှုမှတစ်ဆင့် မြင်တွေ့ခဲ့ရခြင်း ဖြစ်ရမည် မဟုတ်လော။ ခမ်းနားကြီးကျယ်ပြီး ဆန်းကြယ်လှသော မြင်ကွင်းကြောင့် လူတိုင်း၏ နှလုံးခုန်သံများပင် ခေတ္တမျှ ရပ်တန့်သွားကြရသည်။
"ဟိုဘက်က အိပ်မက်ချောက်နက်ဆိုတာလား...”
***