“ကျုပ် လျှို့ဝှက်နယ်မြေကို သွားဖွင့်မယ်… ဒီကြားထဲမှာ ထူးခြားတဲ့လှုပ်ရှားမှုတွေ ရှိလာနိုင်တဲ့အတွက် ကျုပ်ကို ကာကွယ်ပေးထားကြပါ” တောင်ပိုင်းလမ်းပြသူက ပြောလိုက်ပြီး ရှေ့သို့ ပျံသန်းသွားလေသည်။
ခြေအောက်ရှိ အိပ်မက်ချောက်နက်ကြီးထဲတွင် မြူခိုးများ လွင့်မျောနေပြီး မျက်နှာချင်းဆိုင်ရှိ လောကနိဗ္ဗာန်ဘုံမှာ အမှန်တကယ်လိုလို၊ အိပ်မက်လိုလို ထင်ရ၏။ ယင်းဆီသို့ အနက်ရောင်အရိပ်ကလေးတစ်ခုက တဖြည်းဖြည်း နီးကပ်သွားပြီး နောက်ဆုံးတွင် ပုံသဏ္ဌာန်မဲ့သော အတားအဆီးတစ်ခု၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။
သူ၏ခန္ဓာကိုယ်မှာ ရေပြင်ကို ဝင်တိုက်မိသွားသကဲ့သို့ ဂယက်လှိုင်းများကို ထစေခဲ့ပေသည်။
“ပွင့်စမ်း…”
တောင်ပိုင်းလမ်းပြသူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို ရှေ့သို့တွန်းကာ လေထုထဲရှိ ပုံသဏ္ဌာန်မဲ့အတားအဆီးဆီသို့ အင်အားများ ထုတ်ဖော်လိုက်ရာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ဝုန်း… ဝုန်း… ဝုန်း…
လေထုထဲရှိ ဂယက်လှိုင်းများမှာ ပိုမိုပြင်းထန်လာပြီး လှိုင်းများအသွင် ရိုက်ခတ်သွား၏။ တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ ချောက်နက်ကြီးထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ ထကြွလာလေသည်။
“အောင်း…”
ကောင်းကင်ယံအထိ ထိုးတက်သွားသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာချေသည်။
ထူထပ်သော မြူခိုးများကြားမှ မဟူရာနဂါးခေါင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုကြီးမားသော ခေါင်းကြီးပေါ်ရှိ သွေးရောင်မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ချောက်နက်ထဲမှ ဆက်လက်ထွက်ပေါ်လာသော ခန္ဓာကိုယ်ကြီးမှာမူ ဆိုးရွားစွာ ပျက်စီးနေပြီး အပြည့်အစုံမရှိတော့သော အရိုး၊ အသားနှင့် ဝိညာဉ်များသာ ကျန်ရှိတော့လေသည်။
သရဲနဂါးတစ်ကောင်လော…။
နဂါးဆိုသည်မှာ နဂါးသာလျှင် ဖြစ်၏။
သေဆုံးပြီး သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားသည့်တိုင် အနှိုင်းမဲ့အရှိန်အဝါကို သယ်ဆောင်ထားဆဲဖြစ်ရာ တစ်နှစ်ပတ်လုံး ဝိညာဉ်များနှင့်အတူ နေထိုင်လေ့ရှိသော အမှောင်ဘုရင်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများကိုပင် တုန်လှုပ်သွားစေခဲ့သည်။
တစ်ကောင်တည်းသာမက နှစ်ကောင်ဖြစ်သည်။
မဟုတ်သေး၊ ချောက်နက်ထဲမှ သရဲနဂါးခြောက်ကောင်တိတိ တန်းစီကာ ထွက်ပေါ်လာခဲ့ချေပြီ။
တောင်ပိုင်းလမ်းပြသူ၏ လျှို့ဝှက်နယ်မြေကိုဖွင့်ရန် ကြိုးပမ်းမှုသည် အိပ်မောကျနေသော ဝိညာဉ်များကို ဒေါသထွက်သွားစေပုံရပြီး သရဲနဂါးအားလုံးက သူဆီသို့ ဟိန်းဟောက်သံများပေးကာ ပြေးဝင်လာကြတော့သည်။
ထိုအခိုက်အတန့်တွင် အနောက်တောင်ပိုင်းလမ်းပြသူ၏ ကျယ်လောင်သော အော်သံကို ကြားလိုက်ရ၏။
“ဆုတ်ကြ”
ဝုန်း…
သူသည် ဂူဗိမာန်ထိန်းကျောက်တိုင်ကို လက်တစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်ပြီး အမြင့်သို့ မတင်ကာ အားကုန်ရိုက်ချလိုက်သည်။ ကျောက်တိုင်ကြီးမှာ လေထဲတွင် ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း တောင်ငယ်တစ်လုံးပမာ ကောင်းကင်ယံတွင် ကန့်လန့်ဖြတ်အတိုင်း သရဲနဂါးများကို အသေအချာ ဖိနှိပ်ထားလိုက်ပေသည်။
ဘန်း… ဘန်း… ဘန်း….
ကျောက်တိုင်အောက်ဘက်မှ ဆက်တိုက်ဆိုသလို ဝင်တိုက်သံများ ထွက်ပေါ်လာပြီး ဝင်တိုက်လိုက်တိုင်း အနောက်တောင်ပိုင်းလမ်းပြသူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားရသည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရှေ့တက်ပြီး ကျုပ်ကို ကူကြ…”
သူ၏အနောက်ဘက်ရှိ မြေကမ္ဘာမိစ္ဆာတမန်တော်များနှင့် ဝိညာဉ်ချုပ်သူများအားလုံးသည် အမိန့်ကိုနာခံကာ ရှေ့သို့တက်လာကြပြီး ဂူဗိမာန်ထိန်းကျောက်တိုင်ပေါ်သို့ လက်ဝါးများဖြင့် ဖိချလိုက်ကြ၏။
သူတို့သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ အစစ်အမှန်ချီစွမ်းအင်များကို ထုတ်ဖော်ကာ ကျောက်တိုင်ကို အောက်သို့ဖိချရန် ကူညီပေးပြီး ရုန်းကန်နေသော သရဲနဂါးခြောက်ကောင်ကို အသေအချာ ဖုံးအုပ်ထားလိုက်ကြတော့သည်။
ချူလျန်တို့သုံးယောက်လည်း သဘာဝကျကျ ထိုအထဲတွင် ပါဝင်နေသော်လည်း တကယ်တမ်း အားထုတ်သလားဆိုသည်မှာမူ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။
သို့သော် အခြေအနေမှာ ဤမျှဖြင့် တည်ငြိမ်သွားခြင်း မရှိသေးချေ။
လေထဲမှနေ၍ ရုတ်တရက် ခပ်သဲ့သဲ့ ရွတ်ဆိုသံတစ်ခု ထွက်ပေါ်လာပြန်၏။
“ပြည်နယ်ကိုးခုက ပြိုလဲတော့မယ်၊ နိုင်ငံတော်က ပျက်စီးတော့မယ်၊ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးရေ... ဘယ်လိုလုပ်ရမလဲ…”
ဤအသံ ထွက်ပေါ်လာသည်နှင့် အဆုံးမဲ့လွမ်းဆွေးဖွယ် ခံစားချက်တစ်ခု ပေါ်ထွက်လာပြီး လူတို့၏ရင်ထဲတွင် ဘယ်ဆီကမှန်းမသိသော ဝမ်းနည်းမှုနှင့် ရဲရင့်မှုတို့ကို အလိုအလျောက် ဖြစ်ပေါ်လာစေသည်။
မော့ကြည့်လိုက်သောအခါ မီးခိုးရောင်အဝတ်အစား ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး၏ ဝိညာဉ်သည် အဝေးကောင်းကင်ယံမှ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။ သူ၏ဘယ်ဘက်လက်ထဲတွင် ရှေးဟောင်းဝါးစာလိပ်တစ်ခုကို ကိုင်ဆောင်ထားပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်တိုင်း ထိုအားကောင်းသော ဝိညာဉ်စွမ်းအားလွှမ်းမိုးမှုမှာ တစ်ဆတိုးလာလေသည်။
“ယခင်မင်းဆက်က နန်းရင်းဝန်ရဲ့ ဝိညာဉ်များလား…” ပုရှန်က အဘိုးအို၏ ဇာစ်မြစ်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။
“သူ့ကို တားထားကြ… ကျုပ် လျှို့ဝှက်နယ်မြေကို ဖွင့်နိုင်တော့မယ်” ရှေ့မှ တောင်ပိုင်းလမ်းပြသူက အော်ဟစ်လိုက်၏။
သူ အသံမထွက်ရသေးခင်မှာပင် အဘိုးအိုဝိညာဉ်က သူ့ကို မြင်သွားခဲ့ပြီဖြစ်ပြီး ဒေါသတကြီးဖြင့် ပေါက်ကွဲလာလေသည်။
“သူခိုးဓားပြတွေ၊ မင်းတို့က နဂါးနန်းတော်ကို ကျူးကျော်ရဲတယ်ပေါ့… ငါတို့ရဲ့ နန်းတွင်းအမတ်တွေနဲ့ စစ်သူကြီးတွေ အကုန်သေကုန်ပြီလို့ ထင်နေတာလား…”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မြူခိုးများထဲမှ တိုက်ပွဲခေါ်သံများ ထွက်ပေါ်လာသည်။ ဟိုတစ်စုသည်တစ်စုရှိနေသော သရဲစစ်သည်များနှင့် အရိုးစုစစ်မြင်းများကို စီးနင်းထားသော သရဲစစ်သူကြီးများသည် အရပ်လေးမျက်နှာမှ ပြေးဝင်လာကြတော့သည်။
အနောက်တောင်ပိုင်းလမ်းပြသူက ထိုအခြေအနေကိုမြင်သော် အမိန့်ပေးလိုက်သည်။ “မြေကမ္ဘာမိစ္ဆာတမန်တော်တွေက ကျုပ်နဲ့အတူ ရန်သူကို ရင်ဆိုင်ကြ… ဝိညာဉ်ချုပ်သူတွေက ဒီကျောက်တိုင်ကို ဆက်ဖိထားကြစမ်း…”
အမိန့်ပေးသံနှင့်အတူ အသက်ရှင်ကျန်ရစ်သော မြေကမ္ဘာမိစ္ဆာတမန်တော်လေးဦးသည် ထရပ်လိုက်ကြပြီး အရပ်လေးမျက်နှာရှိ သရဲစစ်သူကြီးများနှင့် သရဲစစ်သည်များကို အသီးသီး တားဆီးရန် ပြေးဝင်သွားကြတော့သည်။ အနောက်တောင်ပိုင်း လမ်းပြသူကမူ အဘိုးအိုဝိညာဉ်ကို ရင်ဆိုင်ရန် ပျံသန်းသွားခဲ့၏။
“သူခိုးတွေကို သတ်ကြစမ်း…”
အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဘယ်ဘက်လက်ရှိ ဝါးစာလိပ်ကို မြှောက်လိုက်ရာ ရှေးဟောင်းအက္ခရာပုံရိပ်ယောင်များ ထွက်ပေါ်လာပြီး အနောက်တောင်ပိုင်း လမ်းပြသူထံသို့ ရိုက်ခတ်သွားလေသည်။
အနောက်တောင်ပိုင်းလမ်းပြသူက လက်ဝါးနှစ်ဖက်ကို မြှောက်လိုက်ပြီး အရိုးစုခေါင်းကိုးလုံး တစ်စီတစ်တန်းအား ထုတ်ဖော်လိုက်သည်။
ဘန်း…
ကြီးမားလှသော အရိုးစုခေါင်းကြီးကိုးလုံးသည် လေကိုဆန်ကာ အပေါ်သို့တက်သွားပြီး ရှေးဟောင်းအက္ခရာပုံရိပ်ယောင်တစ်ခုနှင့် ဝင်တိုက်မိရာ ချက်ချင်းပင် လွင့်စင်သွားကာ အရပ်လေးမျက်နှာသို့ ပြန့်ကျဲသွားရသည်။
“အရမ်းအားကောင်းတဲ့ ဝိညာဉ်ပဲ… ကျုပ်က သူ့ပြိုင်ဘက် မဟုတ်ဘူး… ခင်ဗျား မြန်မြန်လုပ်ပါ…” အနောက်တောင်ပိုင်းလမ်းပြသူက ချက်ချင်းပင် အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် ဘယ်ဘက်လက်ဖဝါးကို ခွဲလိုက်ပြီး သွေးမြားတစ်စင်း ညှစ်ထုတ်ကာ အရိုးစုခေါင်းကိုးလုံးပေါ်သို့ ညီညာစွာ ကျဆင်းစေလိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုအရိုးစုခေါင်းများသည် ဝိညာဉ်ရရှိသွားသကဲ့သို့ ထကြွလာကြပြီး ပါးစပ်ကြီးများကိုဟကာ အဘိုးအိုထံသို့ ကိုက်ခဲရန် ပြေးဝင်သွားကြတော့သည်။
အဘိုးအိုသည် ရှေ့သို့ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေရင်း ရှေးဟောင်းအက္ခရာများကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ထိုအရိုးစုခေါင်းကြီးများကို အလွယ်တကူ နောက်ဆုတ်သွားစေခဲ့သည်။
“ရတော့မယ်” တောင်ပိုင်းလမ်းပြသူက ကျယ်လောင်စွာ ပြန်လည်ဖြေကြားလိုက်၏။
...
သူတို့နှစ်ဦး၏ အခြေအနေသာ အန္တရာယ်ရှိနေသည်မဟုတ်ဘဲ ဂူဗိမာန်ထိန်းကျောက်တိုင်ပေါ်တွင် ကျန်ရစ်ခဲ့သော ဝိညာဉ်ချုပ်သူများလည်း ထပ်တူပင် ဆင်းရဲဒုက္ခရောက်နေကြရသည်။ လူအများစုပေါင်းကာ သရဲနဂါးခြောက်ကောင်ကို ဖိနှိပ်ထားရသဖြင့် ကျောက်တိုင်ကြီးမှာ အပြင်းအထန် တက်လိုက်ကျလိုက်ဖြစ်နေပြီး အချို့လူများ၏ ပါးစပ်များမှ သွေးများပင် ထွက်ကျလာလေသည်။
“မရတော့ဘူး...” ဝိညာဉ်ချုပ်သူတစ်ဦးက သွေးများအန်ထုတ်လိုက်သည်။
“ဖိထားလို့ မရတော့ဘူး...”
“ညီအစ်ကိုတို့၊ အားတင်းထားကြပါဦး” ချူလျန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဒီခဏလေးကို တောင့်ခံထားနိုင်ရင် လမ်းပြသူနဲ့ မြေကမ္ဘာမိစ္ဆာတမန်တော်တွေက ကျုပ်တို့ကို ရတနာတွေရှာဖို့ ခေါ်သွားနိုင်တော့မှာ…”
“အံ့ကြိတ်ပြီး တောင့်ခံထားကြ… ခွန်အား ဆယ်ပုံရှိရင် ဆယ့်တစ်ပုံ ထုတ်သုံးကြလိုက်စမ်း… အမှောင်ဘုရင်ဂိုဏ်းအတွက် အလုပ်အကျွေးပြုရမယ့်အချိန် ရောက်ပြီ…”
ဘုန်းတော်ကြီးပုရှန်ကလည်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြန်၏။
“ဟုတ်တယ်” ချူလျန်က ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့က တစ်သက်လုံး သူရဲဘောကြောင်တဲ့သူတွေအဖြစ် နေသွားမလား… ဒါမှမဟုတ် ဒီအခိုက်အတန့်မှာ သူရဲကောင်း ဖြစ်မလား…”
“မင်းတို့ရဲ့ သက်တမ်းတွေကို လောင်မြိုက်ပြီး ရွှေအမြုတေကို အစွမ်းကုန် သုံးကြလိုက်စမ်း… လုံးဝ လက်မလျှော့ကြနဲ့…”
ဘုန်းတော်ကြီးပုရှန်က အော်ဟစ်လိုက်ပြန်သည်။
သူတို့နှစ်ဦးမှာ တစ်ယောက်တစ်ခွန်းဖြင့် သွေးဆူဖွယ်ရာ၊ စိတ်အားထက်သန်ဖွယ်ရာ စကားများကို ပြောဆိုနေကြသဖြင့် ထိုနေရာရှိ အမှောင်ဘုရင်ဂိုဏ်းမှ ဝိညာဉ်ချုပ်သူများအား စိတ်ဓာတ်ခွန်အားများစွာ မြင့်တက်လာစေခဲ့သည်။
သူတို့သည် သက်တမ်းနှင့် ပါရမီများကို အလွန်အကျွံသုံးစွဲရန် ဝန်မလေးတော့ဘဲ ရွှေအမြုတေကို အတိုင်းအတာထက်ကျော်လွန်ကာ လည်ပတ်စေလျက် ဤအခိုက်အတန့်ကို ဖိနှိပ်ထားရန် ကြိုးစားကြလေတော့သည်။
လော့ယောင်သည် သူတို့နှစ်ဦး၏ သရုပ်တောင်မှုကို ကြည့်ရင်း ရင်ထဲတွင် ပြောစရာ စကားလုံးပင် မရှိတော့။ ဤနှစ်ယောက်မှာ လူကို သေအောင် မြှောက်ပင့်နေခြင်းပင် ဖြစ်ချေသည်။
သောက်ကျိုးနည်း…. ဒီနှစ်ယောက်ကတော့...။
လူသေတဲ့အထိ လှည့်ဖြားတတ်တာပဲ…။
မသိသောသူများဆိုလျှင် သူတို့သည် အမှောင်ဘုရင်ဂိုဏ်းအပေါ် သစ္စာအရှိဆုံးနှင့် အင်အားအထုတ်ဆုံးသူများဟု ထင်သွားနိုင်ပေသည်။ အမှန်တကယ်တွင်မူ ကျောက်တိုင်၌ လက်ကိုင်ကွင်းမရှိ၍သာ ဖြစ်ပြီး ထိုသို့သာရှိနေပါက ဒင်းတို့သည် အပေါ်သို့ သေချာပေါက် ဆွဲမကြမည်ဖြစ်သည်။
အထက်ဘက်မှလည်း ဝုန်းဒိုင်းကြဲ ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာသည်။
တောင်ပိုင်းလမ်းပြသူက လေဟာနယ်ထဲတွင် လက်နှစ်ဖက်ဖြင့် အက်ကွဲကြောင်းတစ်ခုကို အမှန်တကယ်ပင် ဖွင့်နိုင်ခဲ့လေပြီ။ လျှို့ဝှက်နယ်မြေ၏ သဏ္ဌာန်မဲ့အတားအဆီးမှာ ဆွဲဖြဲခံလိုက်ရပြီး မျက်စိကျိန်းလောက်သော နတ်ဘုရားအလင်းရောင်များ ထွက်ပေါ်လာလေသည်။
“ပွင့်သွားပြီ…” သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကျုပ် ခင်ဗျားကို လာကူမယ်”
စကားသံပင်မဆုံးသေး သူ၏ခန္ဓာကိုယ်မှာ အနောက်တောင်ပိုင်း လမ်းပြသူ၏ဘေးသို့ ရောက်ရှိသွားလေပြီ။ အနောက်တောင်ပိုင်းလမ်းပြသူမှာ ထိုအချိန်တွင် ယခင်မင်းဆက် နန်းရင်းဝန်၏ဝိညာဉ်ကို ခက်ခဲစွာ ခုခံနေရသဖြင့် လှည့်ကြည့်ရန်ပင် အချိန်မရှိလုနီးပါး ဖြစ်နေ၏။
ဇွပ်…
တောင်ပိုင်းလမ်းပြသူသည် သူ၏အနောက်သို့ ရောက်လာသော်လည်း အကူအညီမပေးသည့်အပြင် သူ၏ကျောပြင်မှနေ၍ နှလုံးအား ထိုးဖောက်သွားသည့်တိုင် လက်ဖြင့်ထိုးသွင်းလိုက်သည်ကိုသာ တွေ့မြင်လိုက်ကြရသည်။
“ဝေါ့...” အနောက်တောင်ပိုင်းလမ်းပြသူက ခေါင်းလှည့်လာပြီး ခေါင်းစွပ်အောက်ရှိ သူ၏မျက်လုံးတစ်စုံမှာ ဒေါသများဖြင့် ပြည့်နှက်နေလေသည်။ “မင်းက...”
“ငါ့ကို ဒီအထိ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပဲ… ဒါပေမဲ့ အခု နေရာကို ရောက်လာပြီဆိုတော့ စစ်ဝိညာဉ်ကို မင်းကို တကယ်ပေးလို့မှ မဖြစ်တာ… ဟားဟား…” တောင်ပိုင်းလမ်းပြသူက အေးစက်စွာ ရယ်မောလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏အေးစက်သော ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားရတော့သည်။
အကြောင်းမှာ အနောက်တောင်ပိုင်းလမ်းပြသူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်လှည့်စားသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။ အကင်းပါးသော သူသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို နားလည်လိုက်သည်။
‘ဆုတ်မှရမယ်…’
သူသည် နှလုံးကို ထိုးသွင်းထားသော လက်ကို ချက်ချင်းပြန်ရုတ်ကာ နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ နောက်ကျသွားခဲ့ချေပြီ။
အနောက်တောင်ပိုင်းလမ်းပြသူ၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ ပေါက်ကွဲသွားပြီး လေထဲတွင် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ ပါဝင်သည့် ထိုပေါက်ကွဲမှုသည် အကွာအဝေး ပေတစ်ရာကျော်အထိ လွှမ်းခြုံသွားပေသည်။
ထိုဘက်ရှိ ကံဆိုးသော မြေကမ္ဘာမိစ္ဆာတမန်တော်တစ်ဦးမှာ ပေါက်ကွဲမှုဒဏ်ကို ခံလိုက်ရပြီး သွေးငွေ့အနည်းငယ် စွန်းပေသွားတော့သည်။ သူသည် ချက်ချင်းပင် အော်ဟစ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း သွေးပြည်များအဖြစ် ပေါက်ကွဲသွားလေသည်။
“ဟားဟားဟား…”
အခြားမြေကမ္ဘာမိစ္ဆာတမန်တော်တစ်ဦးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခေါင်းစွပ်ကို ရုတ်တရက် လှန်ချလိုက်ရာ ယခင် ပေါက်ကွဲသွားသော အနောက်တောင်ပိုင်းလမ်းပြသူ၏ မျက်နှာနှင့် တစ်ထပ်တည်းတူညီနေပေသည်။
“မင်းက စစ်ဝိညာဉ်ကို ငါ့ကို သန့်စင်ခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ ငါ အစောကြီးကတည်းက သိပြီးသား… နှမြောစရာကောင်းတာက ငါ ခန္ဓာကိုယ်ပွားနည်းစနစ်ကို ကျင့်ကြံအောင်မြင်ထားတယ်ဆိုတာ မင်း မသိခဲ့တာပဲ… ဟဟ…” သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
အင်မော်တယ်မန္တန်၊ ခန္ဓာကိုယ်ပွားဖန်ဆင်းခြင်း။
ကျင့်ကြံခြင်းလောကတွင် ကိုယ်ပွားဖန်ဆင်းခြင်းဟူသော နည်းစနစ်များစွာရှိသော်လည်း ၎င်းတို့မှာ မျက်လှည့်ပြသကဲ့သို့ တူညီသော ရုပ်သေးရုပ်များကို ဖန်တီးခြင်းသာဖြစ်ပြီး မိမိ၏စွမ်းအားများကို ကူးယူနိုင်စွမ်း မရှိပေ။
သို့သော် အစစ်အမှန်ဖြစ်သော ခန္ဓာကိုယ်ပွား အင်မော်တယ်မန္တန်မှာမူ တစ်ကြိမ် ကျင့်ကြံအောင်မြင်သွားသည်နှင့် မိမိနှင့် တစ်ထပ်တည်းတူညီသော အစစ်အမှန် ကိုယ်ပွားတစ်ခုကို ဖန်ဆင်းနိုင်ပေသည်။
သူသည် ဤနည်းစနစ်ကို အသုံးပြု၍ တောင်ပိုင်းလမ်းပြသူကို လှည့်စားခဲ့ခြင်း ဖြစ်သည်။
ဤလူနှစ်ဦးလုံးမှာ အခြေခံအားဖြင့် တစ်ယောက်တစ်မျိုးစီ အကြံအစည်များ ရှိနေကြခြင်းပင်။
ထိုသွေးမြူခိုးပေါက်ကွဲမှု၏ အစွမ်းမှာ အလွန်တရာ ပြင်းထန်လှ၏။ ကောင်းကင်ယံအနှံ့ရှိ သွေးမြူခိုးများကြားမှ ပုံရိပ်ယောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲရှိ အက်ကွဲကြောင်းဆီသို့ တိုက်ရိုက် ပြေးထွက်သွားသည်ကို မြင်လိုက်ရလေသည်။
“ထွက်ပြေးချင်တားလား…”
အနောက်တောင်ပိုင်းလမ်းပြသူသည် ဆဌမအဆင့် ကျင့်ကြံသူတစ်ဦးကို ဤမျှအလွယ်တကူ သတ်ဖြတ်၍မရနိုင်ကြောင်း အစောကြီးကတည်းက သိထားသဖြင့်၊ ဝိညာဉ်အာရုံဖြင့် သွေးမြူခိုးများထဲသို့ အသေအချာ စောင့်ကြည့်နေခဲ့ပြီး သူ ထွက်ပြေးလာမည့်အချိန်တွင် လိုက်လံသတ်ဖြတ်ရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခု ထိုပုံရိပ်ယောင် ထွက်ပြေးသွားသည်ကို မြင်သောအခါ ချက်ချင်းပင် အနောက်မှလိုက်သွားပြီး အရိုးစုခေါင်းကိုးလုံးကို ထပ်မံထုတ်ဖော်လိုက်ရာ ၎င်းတို့သည် ပါးစပ်ကြီးများကိုဟကာ အလွန်အားကောင်းသော ဆွဲငင်အားရှိသည့် ဝဲကတော့တစ်ခုအဖြစ် စုစည်းသွားလေသည်။
သူတို့နှစ်ဦးလုံး ကျင့်ကြံထားသည်မှာ အမှောင်ဘုရင်ဂိုဏ်း၏ စစ်မှန်သော ကျင့်စဉ်ဖြစ်ပြီး ဆဌမအဆင့်တွင် ကောင်းကင်ကြယ်တာရာ ငရဲထိုးဖောက်ဓမ္မခန္ဓာကို ကျင့်ကြံအောင်မြင်ထားခြင်း ဖြစ်သည်။ ဤဓမ္မခန္ဓာတွင် ထူးခြားချက်တစ်ခုရှိရာ ပြင်းထန်သော ဒဏ်ရာရရှိချိန်တွင် ပုံရိပ်ယောင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ရည်ရွယ်သည့် တိုက်ခိုက်မှုအားလုံးမှာ အကျိုးရောက်မှု ရှိတော့မည်မဟုတ်ပေ။
အခြားသူများသာဆိုလျှင် သူ ဤနည်းစနစ်ဖြင့် ထွက်ပြေးသွားသည်ကို ခွင့်ပြုလိုက်ရနိုင်သော်လည်း အနောက်တောင်ပိုင်းလမ်းပြသူမှာ ဤနည်းစနစ်ကို အတူတူ ကျင့်ကြံထားသူဖြစ်ရာ သဘာဝကျစွာပင် ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းရှိပေသည်။ သူသည် ဤအစီအရင်ကြီးကို ဖွဲ့စည်းရန် အရိုးစုခေါင်းကိုးလုံးကို အသုံးပြုခဲ့ခြင်းမှာ ဝိညာဉ်ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ဖိနှိပ်ရန် သီးသန့်ရည်ရွယ်ထားခြင်း ဖြစ်လေ၏။
“မင်းက ငါ့ကို သေစေချင်မှတော့ ငါလည်း မင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရတာပေါ့…” ပုံရိပ်ယောင်ခန္ဓာကိုယ်ဖြစ်နေသော တောင်ပိုင်းလမ်းပြသူမှာ ထွက်ပြေး၍မရတော့သဖြင့် လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်ပြီး ကောင်းကင်သို့ မြှောက်လိုက်၏။
ခဏအကြာတွင် ကောင်းကင်ယံ၌ သံကြိုးများ ပြတ်တောက်သွားသည့်အသံများ ထွက်ပေါ်လာပြီး အနက်ရောင်တံခါးကြီးတစ်ခု ရုတ်တရက် ပေါ်လာကာ တွန်းဖွင့်ခံလိုက်ရလေသည်။
ကောင်းကင်တုန်ဟည်းသွားသော အသံများနှင့်အတူ မရေမတွက်နိုင်သော သံကြိုးများ ရစ်ပတ်ထားသည့် အနက်ရောင်လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာသည်။
“မင်းက သက်တမ်းကို စတေးပြီး ငရဲလက်ဝါးကို ခေါ်ဖို့တောင် ဝန်မလေးတော့ဘူးလား…” အနောက်တောင်ပိုင်းလမ်းပြသူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အနက်ရောင်လက်ဝါးကြီးကို ရင်ဆိုင်ရချိန်တွင် ကြီးမားသော ရန်သူကို ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေပြီး ညာဘက်လက်ကို မြှောက်ကာ အောက်ဘက်တွင် သရဲနဂါးများကို ဖိနှိပ်ထားသော ဂူဗိမာန်ထိန်းကျောက်တိုင်ကို အပေါ်သို့ ပြန်လည်ဆင့်ခေါ်လိုက်ရသည်။
အုန်း…
ဂူဗိမာန်ထိန်းကျောက်တိုင်သည် အနက်ရောင်လက်ဝါးကြီးကို ကာကွယ်လိုက်သော်လည်း တစ်ခဏမျှသာ ဟန့်တားနိုင်ခဲ့ပြီး ထိုအနက်ရောင်လက်ဝါးကြီး၏ ရှေ့သို့တွန်းခြင်းကို ခံလိုက်ရကာ အနောက်တောင်ပိုင်းလမ်းပြသူ၏ ခန္ဓာကိုယ်နှင့် ဝင်တိုက်သွားလေသည်။
“ဖူး…”
သူ၏ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး လက်နှစ်ဖက်ကို အားကုန်ထုတ်ပြီး ဂူဗိမာန်ထိန်းကျောက်တိုင်ကို ခုခံထားရာ တစ်ခဏမျှတော့ တောင့်ခံထားနိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင်။
တောင်ပိုင်းလမ်းပြသူသည် ဤအနက်ရောင်လက်ဝါးကြီးကို ဆင့်ခေါ်လိုက်ခြင်းကြောင့် သူကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ သူသည် ဆက်လက်၍ မယှဉ်ပြိုင်တော့ဘဲ လှည့်ကာ ခုနစ်ရောင်ခြယ် နတ်ဘုရားအလင်းများ ယိုစိမ့်ထွက်နေသော အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားတော့သည်။
ထိုအက်ကွဲကြောင်းမှာလည်း မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် တဖြည်းဖြည်း သေးငယ်လာတော့သည်။
အောက်ဘက်တွင်မူ ဂူဗိမာန်ထိန်းကျောက်တိုင်၏ ဖိနှိပ်မှုကင်းမဲ့သွားသဖြင့် အချိန်ကြာမြင့်စွာ ဒေါသထွက်နေခဲ့သော သရဲနဂါးခြောက်ကောင်သည် ချက်ချင်းပင် လွတ်လပ်သွားတော့သည်။ ကျောက်တိုင်ကို အားပြုကာ ခက်ခက်ခဲခဲ တောင့်ခံထားရသော ဝိညာဉ်ချုပ်သူများမှာလည်း လမ်းခုလတ်၌ အတားအဆီးက ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် သရဲနဂါးများနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားကြရသည်။
‘ကိစ္စတော့ပြီးပြီ…’
လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားကြလေသည်။
ယခင်က ကြွေးကြော်သံများကိုသာ အော်ဟစ်နေပြီး ခွန်အားအနည်းငယ်မျှ မထုတ်ခဲ့သော ဝိညာဉ်ချုပ်သူသုံးဦးသာလျှင် ယခုအချိန်၌ ကျင့်ကြံခြင်းစွမ်းအား အပြည့်အဝကို ထိန်းသိမ်းထားနိုင်ပြီး ထိုအခြေအနေကို မြင်သည်နှင့် ကောင်းကင်ယံသို့ ချက်ချင်း ထွက်ပြေးသွားကြ၏။
လစ်သွားကြလေပြီ…။
စွမ်းအားများကို အလွန်အကျွံ သုံးစွဲထားမိသော ထိုဝိညာဉ်ချုပ်သူများမှာမူ ခပ်ဝေးဝေးသို့ပင် မပျံသန်းနိုင်လိုက်ဘဲ ဟိန်းဟောက်ကာ အပေါ်သို့တက်လာသော သရဲနဂါးများ၏ ခွဲဝေစားသောက်ခြင်းကို ခံလိုက်ရလေသည်။
တစ်ဦးတစ်ယောက်မျှ အသက်ရှင်မလွတ်မြောက်ခဲ့ပေ။
ဘုန်း…
ဝိညာဉ်ချုပ်သူများစွာကို စတေးလိုက်ရသော တန်ဖိုးဖြင့် အနောက်တောင်ပိုင်းလမ်းပြသူသည် နောက်ဆုံးတွင် ဂူဗိမာန်ထိန်းကျောက်တိုင်ကို အသုံးပြုကာ ဤလက်ဝါးရိုက်ချက်ကို တားဆီးနိုင်ခဲ့သည်။ အနက်ရောင်လက်ဝါးကြီးမှာ မရေမတွက်နိုင်သော သံကြိုးများဖြင့် တံခါးအတွင်းသို့ ပြန်လည်ဆွဲသွင်းခံရပြီး နောက်ဆုံးတွင် လေထဲ၌ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
သို့သော် သူ့အား အသက်ရှူရန် အချိန်ပင်မပေးဘဲ ယခင်မင်းဆက် နန်းရင်းဝန်၏ ဝိညာဉ်က ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။ သူ၏ပါးစပ်မှ “သူခိုးဓားပြကောင်” ဟု ကျယ်လောင်စွာ အော်ဟစ်လျက် ရှေးဟောင်းအက္ခရာပုံရိပ်ယောင်တစ်ခုသည် အနောက်တောင်ပိုင်းလမ်းပြသူ၏ ကျောပြင်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
“အား” သူ့ခမျာ အသနားစဖွယ် အော်ဟစ်လိုက်ရပြီး ဂူဗိမာန်ထိန်းကျောက်တိုင်နှင့် ပြင်းထန်စွာ ဝင်တိုက်မိကာ ကျောက်တိုင်ပေါ်သို့ သွေးများ ပန်းထွက်သွားရပြန်သည်။
သို့သော် ရှေ့ရှိအက်ကွဲကြောင်းမှာ ပိတ်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူသည် ဤအဘိုးအိုဝိညာဉ်၏ ပြိုင်ဘက်မဟုတ်ကြောင်းကို သိလိုက်သည်။ အကယ်၍ အက်ကွဲကြောင်းသာ ပိတ်သွားပါက သူသည် ဤနေရာတွင် သေချာပေါက် သေဆုံးရပေလိမ့်မည်။
ထို့ကြောင့် သူသည် အဘိုးအို၏ တိုက်ခိုက်မှုကို အံကြိတ်ခံကာ ဂူဗိမာန်ထိန်းကျောက်တိုင်ပေါ်သို့ ခုန်တက်လိုက်ပြီး ပိတ်လုနီးပါးဖြစ်နေသော အက်ကွဲကြောင်းဆီသို့ ရုတ်တရက် အပြင်းအထန် ပြေးဝင်သွားတော့သည်။
အထဲသို့ ဝင်ရောက်သွားနိုင်သည်နှင့် ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမြောပါးဖြစ်နေသော တောင်ပိုင်းလမ်းပြသူသည် သေချာပေါက် သူ၏ပြိုင်ဘက် မဟုတ်တော့ပေ။ လျှို့ဝှက်နယ်မြေထဲတွင် ရှိနေနိုင်သော ရတနာများနှင့် သတ္တမအဆင့် စစ်ဝိညာဉ်တို့မှာလည်း သူ၏အိတ်ကပ်ထဲသို့ ရောက်လာမည်ဖြစ်သည်။
အနားယူကာ အင်အားပြည့်ဖြိုးသွားပြီးနောက် ပြန်ထွက်လာပါက ထိုအချိန်တွင် အမှောင်ဘုရင်ဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များအကြားတွင်လည်း သူ၏နေရာတစ်ခု ရှိလာပေလိမ့်မည်။
ထိုလျှို့ဝှက်နယ်မြေထဲမှ ယိုစိမ့်ထွက်လာသော နတ်ဘုရားအလင်းများမှာ သူ၏လှပသော အနာဂတ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရသည်။
ဂူဗိမာန်ထိန်းကျောက်တိုင်သည် အက်ကွဲကြောင်းကို ဖြတ်ကျော်ကာ ကျောက်တိုင်၏ရှေ့ပိုင်း အထဲသို့ ဝင်ရောက်သွားချိန်တွင် အနောက်တောင်ပိုင်းလမ်းပြသူ၏ ညာဘက်မျက်ခွံမှာ အကြောင်းပြချက်မရှိ လှုပ်သွားလေသည်။
ပြောပြ၍မရသော အန္တရာယ်ရှိသည့် ခံစားချက်တစ်ခုက ရင်ထဲတွင် လွှမ်းမိုးလာသည်။ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သူသည် ဤသည်မှာ အလိုလိုသိစိတ်မှ သတိပေးချက်တစ်ခု ဖြစ်ကြောင်းကို ကောင်းစွာ သိရှိလိုက်သည်။
“ဘယ်သူလဲ…”
သူ၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဝိညာဉ်အာရုံကို ချက်ချင်းပင် ဖြန့်ကျက်လိုက်သည်။
သို့သော် အချိန်မမီတော့။
အက်ကွဲကြောင်း၏တစ်ဖက်ရှိ လျှို့ဝှက်နယ်မြေထဲတွင် ယင်းယွမ်ဆေးလုံးကို ယခုလေးတင် မျိုချထားသော လူချောလေးတစ်ဦးက သူ၏ဓားရှည်ကို ဖြည်းညင်းစွာ မြှောက်လိုက်တော့သည်။
***