အဆောင်ဓားသိုင်း…။
လေ၊ မီးနှင့်မိုးကြိုး မန္တန်အဆောင်ဓားသုံးစင်းသည် ကောင်းကင်ယံဆီသို့ တန်းတန်းမတ်မတ် ထိုးတက်သွား၏။
ဟိန်းဟောက်မြည်ဟည်းနေသော ဓားအရှိန်အဝါသည် နဂါးကြီးတစ်ကောင်အလား အဟုန်ပြင်းစွာ တိုးဝင်သွားပြီး အနောက်တောင်ပိုင်း လမ်းပြသူအား ဂူဗိမာန်စောင့်ကျောက်တိုင်ပေါ်တွင်ပင် တည့်တည့်မတ်မတ် ထိမှန်သွားရာ ကောင်းကင်ယံထက်၌ ပေါက်ကွဲသံကြီးတစ်ချက် ပေါ်ထွက်လာတော့သည်။
ဝုန်း…
မီးတောက်မီးလျှံများ ကောင်းကင်ယံ၌ ကျန်ရစ်နေဆဲမှာပင် ဂူဗိမာန်စောင့်ကျောက်တိုင်သည် လျှို့ဝှက်နယ်မြေထဲသို့ လွင့်စင်ဝင်ရောက်သွား၏။ ထို့နောက် ထိန်းချုပ်မည့်သူ မရှိတော့သဖြင့် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားပြီး ရှေ့ဘက်ရှိ ကွင်းပြင်ထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားတော့သည်။
လျှို့ဝှက်နယ်မြေ၏ အက်ကြောင်းသည်လည်း ဤသို့ဖြင့် အပြည့်အဝ ပိတ်သွားလေပြီ။
အနောက်တောင်ပိုင်း လမ်းပြသူမှာမူ ကြက်သွေးရောင်ကွပ်မျက်သူဓား၏ စီရင်ခြင်းကို ခံလိုက်ရသဖြင့် သေသည်ရှင်သည် မသိနိုင်တော့ချေ။ အကယ်၍ ဤဓားချက်က သူ့ကို အသက်မနှုတ်နိုင်ခဲ့လျှင်ပင် ဒဏ်ရာပြင်းထန်စွာဖြင့် လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ကျန်ရစ်ခဲ့ကာ ကလဲ့စားဝိညာဉ်များ၊ သရဲနဂါးများနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ သူ၏ကံကြမ္မာမှာ ကောင်းနိုင်စရာမရှိတော့ပေ။
"ချူသူရဲကောင်းလေးရဲ့ ဓားအရှိန်အဝါက တကယ်ကို အားကောင်းလှတာပဲ… ဆဌမအဆင့် လမ်းပြသူတောင် မခုခံနိုင်ပါလား...” ပုရှန်ဘုန်းတော်ကြီးက အံ့အားသင့်စွာ ပြောလိုက်၏။
"ဟဲဟဲ...” ချူလျန်က တစ်ချက်ရယ်မောလိုက်ပြီးနောက် ကျောက်တိုင်ကျဆင်းသွားရာနေရာသို့ လေဟုန်စီးကာ ဆင်းသက်လိုက်၏။
မြက်ခင်းပြင်ပေါ်တွင် မူလအရွယ်အစားအတိုင်း ပြန်ဖြစ်သွားသော ကျောက်တိုင်ကြီးသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး ရှေးဟောင်းအရှိန်အဝါများဖြင့် တည်ကြည်ခန့်ညားနေပေသည်။ ချူလျန်က ကျောက်တိုင်ကို လက်ဖြင့်ဖိကာ သူ၏သိုလှောင်မှော်ပစ္စည်းထဲသို့ ထည့်လိုက်ရာ အတွင်းရှိ သေးငယ်သော နေရာလွတ်လေးမှာ ပေါက်ထွက်မတတ် ပြည့်နှက်သွားတော့သည်။
ဤဂူဗိမာန်စောင့်ကျောက်တိုင်သည် အလွန်အစွမ်းထက်သော မှော်ဝင်ကိရိယာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ အနောက်တောင်ပိုင်းလမ်းပြသူ ဤမျှအစွမ်းပြနိုင်ခြင်းမှာလည်း ဤကျောက်တိုင်၏ အကူအညီကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သို့သော် ချူလျန်သည် ၎င်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းထားရန် စိတ်ကူးမရှိပေ။
လူတစ်ယောက်တွင် လုပ်သင့်သည်နှင့် မလုပ်သင့်သည်ဟူ၍ ရှိသည်မဟုတ်ပါလော။
"ဒီနေရာက ထွက်သွားရင် ဒီကျောက်တိုင်ကို ဖေးရှန်းဂူဗိမာန်ဆီ ပြန်ပေးဖို့ ကျွန်တော် စိတ်ကူးထားတယ်၊ ရမလား...” ချူလျန်က မေးလိုက်၏။
"ရတာပေါ့...” ပုရှန်ဘုန်းတော်ကြီးက ချက်ချင်းပြန်ဖြေလိုက်သည်။ "ချူသူရဲကောင်းလေးမှာ ဒီလိုစိတ်ထားရှိတာ တကယ်ကို လေးစားဖို့ကောင်းပါတယ်"
လော့ယောင်က ချူလျန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် သဘောတူသည့်ပုံစံဖြင့် ခဏအကြာတွင် စကားဆိုလာလေသည်။ "တစ်နေ့ကျရင် အမှောင်ဘုရင်ဂိုဏ်းက လုယူသွားတဲ့ ပစ္စည်းတွေအားလုံးကို ပြန်သိမ်းပိုက်နိုင်ဖို့ မျှော်လင့်မိတယ်…"
"အမှောင်ဘုရင်ဂိုဏ်းက လုသွားတာ ဒီဂူဗိမာန်စောင့်ကျောက်တိုင် (၈) တိုင်တင် မကဘူးလား...” ချူလျန်က ပြန်မေးလိုက်၏။
လော့ယောင်၏စကားအရ အခြားအရာများလည်း ရှိနေသေးပုံရသည်။
"ဘယ်ကပါ့မလဲ...” လော့ယောင်က ဆိုလေသည်။ "အဲဒီတုန်းက မိစ္ဆာနတ်ဘုရားနဲ့ တိုက်ပွဲမှာ လူ့လောကရဲ့ အဓိကဂိုဏ်းကြီးတွေက ကောင်းကင်မူလအဆင့် ကျင့်ကြံသူတွေ အများကြီး အသက်ပေးခဲ့ရတယ်… ရုပ်အလောင်း ပြန်ရှာတွေ့ခဲ့တာတင်... ဆယ့်ခြောက်ယောက် ရှိခဲ့တာ… အဲဒါကြောင့်ပဲ ဖေးရှန်းဂူဗိမာန်မှာ ဂူဗိမာန်စောင့်ကျောက်တိုင် ဆယ့်ခြောက်တိုင် ရှိလာခဲ့တာပေါ့"
"ဒီပစ္စည်းဟာ မူလက ကောင်းကင်မူလအဆင့် အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ ရုပ်အလောင်းကို စောင့်ရှောက်ဖို့ ဖန်တီးခဲ့တာ… အဲဒီထဲမှာ ရုပ်အလောင်းရှစ်ခုက လုံးဝနဂိုအတိုင်း ရှိနေခဲ့တယ်… အမှောင်ဘုရင်ဂိုဏ်းက အဲဒီတုန်းက ဖေးရှန်းဂူဗိမာန်ကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့တာဟာ အဲဒီကောင်းကင်မူလအဆင့် ရုပ်အလောင်းရှစ်ခုကို လုဖို့ပဲ… ဒီကျောက်တိုင်တွေကတော့ အပိုဆောင်းပါလာတာပဲရှိတာ...” သူမက အေးစက်သောလေသံဖြင့် ပြောလိုက်၏။
ဤသို့ဆိုလျှင် ချူလျန်အနေဖြင့် အမှောင်ဘုရင်ဂိုဏ်းက ဖေးရှန်းဂူဗိမာန်ကို အဘယ်ကြောင့် တိုက်ခိုက်ခဲ့သနည်းဟူသော အကြောင်းရင်းကို နားလည်သွားပြီ ဖြစ်၏။
ယခင်က သူတွေ့ခဲ့သော ရွှေရောင်အရိုးစုသည်ပင် ဆဌမအဆင့်နှင့် သတ္တမအဆင့်အကြား ရှိနေရုံနှင့် မျိုးနွယ်စုတစ်ခုလုံးကို မြှင့်တင်ပေးနိုင်သော စွမ်းအားရှိသည်။ အဋ္ဌမအဆင့်သို့ ရောက်ရှိပြီး ကောင်းကင်မူလစွမ်းအားကို ပိုင်စိုးထားသော ပုဂ္ဂိုလ်ကြီးများ၏ ဝိညာဉ်ဖြစ်စေ၊ အရိုးစုဖြစ်စေ ရတနာများဟုပင် ခေါ်ဆိုနိုင်ပေသည်။
သေဆုံးပြီးနောက်တွင်ပင် ရုပ်အလောင်းများသည် ပျက်စီးခြင်းမရှိ၊ ထာဝရတည်တံ့နေတတ်၏။
အဋ္ဌမအဆင့် ပုဂ္ဂိုလ်ကြီးများစွာသည် သူတို့သေဆုံးပြီးနောက် တစ်ပါးသူ၏ အနှောင့်အယှက်မခံရစေရန် သက်တမ်းကုန်ခါနီးအချိန်တွင် မိမိတို့အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရှာဖွေကာ ဂူဗိမာန်အဖြစ် ပြင်ဆင်လေ့ရှိကြသည်။
သို့သော် မိစ္ဆာနတ်ဘုရားနှင့် တိုက်ပွဲတွင် ကျဆုံးသွားသော အဋ္ဌမအဆင့် ပုဂ္ဂိုလ်ကြီးများမှာမူ ထိုသို့ ပြင်ဆင်ရန် အချိန်မရခဲ့ကြချေ။ ထို့ကြောင့် ထိုအချိန်က ကျင့်ကြံခြင်းလောကမှ ပညာရှင်များက ထိုအာဇာနည်တို့၏ ရုပ်အလောင်းများကို စောင့်ရှောက်ရန် ဤမျှအားကောင်းသော ဂူဗိမာန်စောင့်ကျောက်တိုင်များကို သွန်းလုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။
အမှောင်ဘုရင်ဂိုဏ်းသည် မိစ္ဆာလမ်းစဉ်ကျင့်စဉ်များကို ကျင့်ကြံကြသဖြင့် ဝိညာဉ်နှင့် အရိုးစုများကို အသုံးချတတ်ကြသော်လည်း လူသားမျိုးနွယ်အတွက် အသက်ပေးဆပ်ခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ရုပ်အလောင်းများအပေါ်တွင်ပင် ဤမျှ ယုတ်မာကောက်ကျစ်သော အကြံဆိုးများကို စိတ်ကူးရဲလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"တကယ်ကို လူတိုင်းက ဝိုင်းဝန်းသုတ်သင်သင့်တဲ့ လူစားတွေပဲ...” ချူလျန်က ပြောလိုက်၏။
ပုရှန်ဘုန်းတော်ကြီးက လှည့်ကြည့်ကာ ဆိုလိုက်သည်။ "အခု လမ်းပြသူနှစ်ယောက် ဒီမှာတင် ပျက်စီးသွားတာဟာ ဒီမိစ္ဆာဂိုဏ်းသားတွေအတွက် အတော်လေး အထိနာစေမှာပဲ… အခုလောလောဆယ် ငါတို့ရဲ့ အခြေအနေကို အရင်ကြည့်လိုက်ရအောင်"
သူက ထိုသို့ပြောလိုက်သဖြင့် ချူလျန်သည်လည်း ဂူဗိမာန်စောင့်ကျောက်တိုင်အကြောင်းကို ဆက်မတွေးတော့ဘဲ ရှေ့မှ လျှို့ဝှက်နယ်မြေကို မော့ကြည့်လိုက်တော့သည်။
...
ဤနေရာကား ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များရှိသည့် ကမ္ဘာငယ်လေးတစ်ခု ဖြစ်ချေသည်။ စိမ်းစိုနေသော တောင်တန်းကြီးများကို ကျောက်စိမ်းရောင်ဖဲကြိုးကဲ့သို့သော မြစ်ရေများက ပတ်ရံထားပြီး တောင်ထိပ်များပေါ်တွင် နန်းတော်များက ဝိုးတဝါးမြင်နေရသည်။
တောင်အောက်တွင် ကျယ်ပြောသော မြက်ခင်းပြင်ရှိပြီး မြက်ခင်းပေါ်၌ ငှက်ငယ်လေးများနှင့် တောရိုင်းတိရစ္ဆာန်လေးများ ရှိနေသည်။ ထူးဆန်းသည်မှာ ထိုငှက်များနှင့် တိရစ္ဆာန်အားလုံးသည် ကိုယ်ဟန်အနေအထား တစ်ခုတည်းတွင်ပင် ငြိမ်သက်နေခြင်း ဖြစ်၏။
လှုပ်ရှားမှု လုံးဝမရှိကြ။
"ဒါက ဘယ်လိုဖြစ်တာလဲ...” ပုရှန်ဘုန်းတော်ကြီးက ရှေ့သို့တက်ကာ စစ်ဆေးကြည့်ပြီးနောက် ပြောလေသည်။ "သူတို့ သေနေတာ မဟုတ်ဘူး၊ အိပ်ပျော်နေကြတာနဲ့ တူတယ်"
သူက မြေပြင်ပေါ်ရှိ ငှက်ကလေးတစ်ကောင်ကို လက်ဖြင့် အသာအယာ ထိတွေ့ကြည့်ရာ ငှက်၏ ကိုယ်ထည်နှင့် အမွေးအမှင်များမှာ အသက်ဝင်နေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ မျက်လုံးများကို စုံမှိတ်ထားပြီး ခြေထောက်တစ်ဖက်တည်းဖြင့် ရပ်လျက်သား အနေအထားအတိုင်းပင် ဖြစ်နေသည်။
“အိပ်မက်ချောက်နက်လို့ ခေါ်တာဟာ ဒီအကြောင်းကြောင့်လား…” ချူလျန်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"နှမြောဖို့ကောင်းတာက ဒီတိုက်ပွဲက အရမ်းစောစောစီးစီး ဖြစ်သွားတာပဲ… ဒီမိစ္ဆာဂိုဏ်းသားတွေ ဘာလာရှာတာလဲဆိုတာ ငါတို့ အခုထိ မသိရသေးဘူး...” လော့ယောင်က ပြောလိုက်၏။
သူမ စကားပြောပြီးသည်နှင့် ခပ်တိုးတိုး အေးစက်စက်အသံတစ်သံက ပေါ်ထွက်လာသည်။ "ဒါဆိုရင် ငါ မင်းကို ပြောပြပေးရမလား..."
ဖတ်…
ထိုအသံဆုံးသည်နှင့် မည်းနက်သော လက်တစ်ဖက်သည် သူမ၏ ခြေဖဝါးအောက်မှ ရုတ်တရက် ပေါ်ထွက်လာပြီး သူမ၏ခြေကျင်းဝတ်ကို အမိအရ ဖမ်းဆုပ်လိုက်လေသည်။
လော့ယောင်၏ တစ်ကိုယ်လုံး တုန်ရင်သွားပြီးနောက် လုံးဝ မလှုပ်ရှားနိုင်တော့။ ဤခံစားချက်ကို သူမ အလွန်ရင်းနှီးနေ၏။ ယခင်က ဝိညာဉ်ထွင်းဖောက်သံမှိုနှင့် ဆင်တူသော ဆူးပင်များက သူမကို ထိန်းချုပ်ခဲ့စဉ်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးသည်။
ဒါက ဝိညာဉ်အာရုံနဲ့ ချုပ်နှောင်ခံလိုက်ရတာပဲ…။
"ဘယ်သူလဲ...” ချူလျန်နှင့် ပုရှန်တို့က ချက်ချင်းပင် သတိထားကာ ခုခံရန် ပြင်လိုက်ကြ၏။
လော့ယောင်၏ ခြေဖဝါးအောက်မှ အမည်းရောင် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး တောင်ပိုင်းလမ်းပြသူ၏ ပုံစံအဖြစ် စုစည်းသွားလေသည်။ သူသည် လော့ယောင်၏ နောက်ဘက်တွင် ရပ်လျက် မိန်းကလေး၏ လည်ပင်းကို ညှစ်ထား၏။
ယခင်က သူသည် လျှို့ဝှက်နယ်မြေထဲသို့ အရင်ဆုံး ဝင်ရောက်သွားသဖြင့် သူတို့သုံးယောက်စလုံးက သူ အခြားတစ်နေရာသို့ ရောက်သွားပြီဟု ထင်ထားခဲ့ကြသည်။ သို့သော် သူသည် ဝင်ပေါက်တွင်ပင် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူကမျှ မတွေးမိခဲ့ကြချေ။
အမှန်စင်စစ် တောင်ပိုင်းလမ်းပြသူ ဝင်ပေါက်တွင် ပုန်းနေခြင်းမှာ အကြံအစည်ရှိ၍ ဖြစ်၏။ အကယ်၍ အနောက်တောင်ပိုင်းလမ်းပြသူသာ လိုက်ဝင်လာခဲ့ပါက သူသည် လျှို့ဝှက်နယ်မြေမပိတ်မီ အပြင်သို့ ချက်ချင်း ပြန်ထွက်သွားကာ ရန်သူကို အပြတ်အသတ် ခါထုတ်ခဲရန် စိတ်ကူးထားခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ သူတို့သုံးယောက်နှင့် ဤနေရာတွင် တည့်တည့်တိုးတော့သည်။
"ငါ တကယ်ကို မထင်ထားမိဘူး..." တောင်ပိုင်းလမ်းပြသူက ရက်စက်စွာ ပြုံးလိုက်သည်။ "မြို့စားကြီး အမြဲတမ်း ကြွားလုံးထုတ်နေတဲ့ ဝိညာဉ်ချုပ်အမိန့်တော်ထဲမှာ ဒီလောက်တောင် သူလျှိုတွေ အများကြီး ရောနှောဝင်နေပါလား...”
"ဒါက နားလည်မှုလွဲတာပါ...” ချူလျန်က ပြောလိုက်၏။ "သူ့ကို လွှတ်ပေးလိုက်ပါ… ကျွန်တော်တို့ အခုပဲ အပြင်ထွက်သွားပါ့မယ်… အရှင်လမ်းပြသူ ရတနာရှာဖွေတာကို မနှောင့်ယှက်ပါဘူး...”
"ငါ့ကို ငတုံးများ ထင်နေလား… ဟမ့်...” တောင်ပိုင်းလမ်းပြသူက သူ့ကို ထူးဆန်းသလို ကြည့်လိုက်၏။
"ဟားဟား...” ပုရှန်ဘုန်းတော်ကြီးက ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်ပြီး ရှေ့သို့တက်ကာ ပြောလေသည်။ "လမ်းပြသူလူကြီးမင်း... တကယ်တော့ ကျွန်တော်က ဒီသူလျှိုနှစ်ယောက်ကြားထဲမှာ ရောနှောနေတဲ့ 'တန်ပြန်သူလျှို' ပါ၊ သူတို့ရဲ့ အစီအစဉ်တွေကို ဖော်ထုတ်ဖို့ လုပ်နေတာပါ..."
"မင်းမေကြီးတော် တန်ပြန်လေ...” တောင်ပိုင်းလမ်းပြသူက တိုက်ရိုက်ပင် အားမနာတမ်း ဆဲဆိုလိုက်၏။
“အီး...” ပုရှန်ဘုန်းတော်ကြီးက ခြေလှမ်းရပ်လိုက်သည်။
"ငါ့ကို လာပြီး လှည့်စားဖို့ မကြိုးစားနဲ့၊ လိမ်လိမ်မာမာနဲ့ စကားနားထောင်ပြီး ငါ့အတွက် အလုပ်တချို့ လုပ်ပေးစမ်း… ဒါဆိုရင်တော့ ဒီမိန်းကလေးကို ငါ အန္တရာယ်မပြုဘူး...” တောင်ပိုင်းလမ်းပြသူက ဆို၏။
"ကောင်းပြီ...” ချူလျန်က ခေါင်းညိတ်လိုက်သည်။
"အရင်ဆုံး တောင်ပေါ်ကို တက်… ဟိုက နန်းတော်ရှေ့အထိ သွား...” တောင်ပိုင်းလမ်းပြသူက တောင်ထိပ်ပေါ်ရှိ နန်းတော်ဆီသို့ မျက်စိဖြင့် အချက်ပြလိုက်သည်။
ချူလျန်နှင့် ပုရှန်ဘုန်းတော်ကြီးတို့သည်လည်း မတတ်သာဘဲ တောင်ထိပ်သို့ ခြေလှမ်းပြင်လိုက်ရတော့၏။
တောင်ပိုင်းလမ်းပြသူသည် လော့ယောင်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ နောက်မှ လိုက်လာ၏။ လမ်းလျှောက်နေရင်း သူက ပြောလိုက်သည်။ "မင်းတို့လည်း သိတဲ့အတိုင်း၊ ငါ အခု ဒဏ်ရာတော်တော် ပြင်းနေတယ်… ခဏနေရင် ဒုက္ခပေးမယ့် တချို့အရာတွေနဲ့ တွေ့ကောင်း တွေ့နိုင်တယ်… ဟဲဟဲ… အဲဒီကျရင် မင်းတို့ ငါ့အတွက် လက်စွမ်းပြပေးရမှာပေါ့...”
ချူလျန်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။ "လမ်းပြသူလူကြီးမင်း... ကျွန်တော်တို့ကို အထင်ကြီးလွန်းမနေဘူးလား… ခင်ဗျားတောင် မဖြေရှင်းနိုင်တဲ့ ပြဿနာကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ...”
"ဟဟ...” တောင်ပိုင်းလမ်းပြသူက အေးစက်စွာ ရယ်မောလိုက်ပြီး ချူလျန်ကို စူးစူးရှရှ စိုက်ကြည့်လိုက်၏။
"မင်း ဖုံးကွယ်မနေစမ်းနဲ့၊ မင်း ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါ သိတယ်… မြူခိုးတွေထဲမှာ ငါ့လက်အောက်ငယ်သားတွေကို လုပ်ကြံသွားတဲ့ ဝတ်ရုံနက်က မင်းပဲမလား… မင်းရဲ့ အစွမ်းက လုံလောက်တာထက်တောင် ပိုနေသေးတယ်...”
အစောပိုင်းက ချူလျန်တစ်ယောက် အနောက်တောင်ပိုင်းလမ်းပြသူအား တိုက်ခိုက်လိုက်သည့် ဓားချက်ကို သူ မြင်လိုက်သည်မှာ သိသာပေသည်။ အမှန်စင်စစ် ချူလျန်၏ အစွမ်းကို သူ မစိုးရိမ်လျှင် သို့မဟုတ် အသုံးချရန် စိတ်မကူးလျှင် ဤသုံးယောက်ကို အလွယ်တကူပင် သုတ်သင်လိုက်ပြီးသား ဖြစ်ပေလိမ့်မည်။
သူသည် ဒဏ်ရာပြင်းထန်နေသော်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးယောက်ကို သတ်ရန်မှာ သူ့အတွက် ဘာမျှမခက်ခဲ။ သူ လက်တွန့်နေရခြင်းမှာ ချူလျန်က အဆမတန် အစွမ်းထက်နေခြင်းကြောင့်သာ ဖြစ်၏။
ဤလူငယ်သည် ရွှေအမြုတေအဆင့် မဟုတ်သည်မှာ သေချာလှပေသည်။
***