လင်းယန်နှင့် ပိုမို နီးကပ်လာလေလေ၊ ကျင်းယွမ်ဟန်တစ်ယောက် ပို၍ အံ့ဩရလေလေ ဖြစ်သည်။
တောတောင်ကြားထဲက ရွာလေးမှာ ပုန်းအောင်းနေဖို့ ဆန္ဒရှိတဲ့ ဒီလူငယ်လေးမှာ... လူအများစု တစ်သက်လုံး ကြိုးစားရင်တောင် မရနိုင်မယ့် အောင်မြင်မှုတွေရှိနေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။
ထိုမျှမကသေး... ဒီအောင်မြင်မှုတွေက လူတိုင်း အထင်သေးကြတဲ့ 'လယ်စိုက်ခြင်း' နဲ့ ပတ်သက်နေတာလေ!
သေချာတာပေါ့၊ မြို့ပေါ်က လူတော်တော်များများက တောင်သူလယ်သမားတွေကို အထင်သေးကြပါတယ်။
လယ်သမားတွေက တောဆန်တယ်၊ အမြင်မကျယ်ဘူးလို့ သူတို့ ထင်ကြတာလေ။
တကယ်တော့ ဒါက လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရိပ်အယောင်တစ်ခုပါပဲ။
နိုင်ငံတော်က လယ်သမားတွေရဲ့ ထွက်ကုန်အားလုံးကို မြို့ပြ ဖွံ့ဖြိုးရေးနဲ့ ခေတ်မီရေးအတွက် ဦးစားပေး ပံ့ပိုးပေးခဲ့လို့သာ မြို့တွေက ဒီလောက် တိုးတက်လာခဲ့တာပါ။
ဒီကြားထဲကနေ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရသွားတဲ့ သူဌေးကြီးတွေလည်း အများကြီး ရှိခဲ့ပါတယ်။
ကျင်းယွမ်ဟန် ကိုယ်တိုင်လည်း အဲ့ဒီအထဲက တစ်ယောက်ပါပဲ။
သူကိုယ်တိုင်ကလည်း တောင်သူမိသားစုကနေ ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ သူတို့ဆီက မြေဆီလွှာက အရမ်းညံ့လွန်းတော့၊ အိမ်ကလူတွေ ထမင်းတစ်လုပ် ပိုစားရအောင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အပြင်ထွက် အလုပ်လုပ်ခဲ့ရတာလေ။
ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကြောင့်သာ သူ ဒီနေ့ ဒီနေရာကို ရောက်လာခဲ့တာပါ။ ကျန်းပြည်နယ်လောက်မှာတင် မကဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါ သူ့ရဲ့ အောင်မြင်မှု သမိုင်းကြောင်းက 'ဂန္ထဝင်' တစ်ခုလို့ ပြောလို့ ရပါတယ်။
နှမြောစရာကောင်းတာက...
ဇနီးနဲ့ သားဖြစ်သူရဲ့ ကိစ္စတွေကြောင့် သူ့ရဲ့နာမည်ကောင်းက အနည်းငယ်တော့ ထိခိုက်ခဲ့ရတယ်။
သူလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကုမ္ပဏီအတွက် သူ အများကြီး ပေးဆပ်ခဲ့ရတာကိုး။
တစ်ပတ်ကို အိမ်မှာ မိသားစုနဲ့ အတူနေဖို့ အချိန် နှစ်နာရီ၊ သုံးနာရီ ရတယ်ဆိုတာကတောင် အရမ်းကို များနေပါပြီ။ အဲ့ဒီ နှစ်နာရီ၊ သုံးနာရီလေးမှာတောင် သူက အလုပ်ကိစ္စတွေ လုပ်နေရတတ်သေးတယ်။
ဒီစည်းစိမ်တွေ အကုန်လုံးက သူကိုယ်တိုင် လက်နှစ်ဖက်နဲ့ အပင်ပန်းခံ တည်ဆောက်ခဲ့ရတာလေ။ ဒီကြားထဲက ခါးသီးမှုတွေကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့်ပဲ ဒီအရာတွေ အားလုံးကို သူ အသေအချာ ကာကွယ်ထားချင်ခဲ့တာပါ။
ဒါပေမဲ့... မိသားစု ပြဿနာကတော့ သူ့ရင်ထဲက ဒဏ်ရာတစ်ခု ဖြစ်နေခဲ့တယ်။
"ငါ ဒီမှာ ရက်အနည်းငယ်ပဲ နေလိုက်ရသေးတယ်၊ ငါ့ကိုယ်ငါ ပြန်သုံးသပ်ဖို့ အချိန်ရသွားပြီ။ အရင်တုန်းက ငါက မိသားစု ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ နားမလည်ခဲ့လို့ ဒီလိုတွေ ဖြစ်ကုန်တာ။ အဘိုးစူးက အဲ့ဒီ အသုံးမကျတဲ့ကောင်ကို စစ်တပ်ထဲ ပို့လိုက်တာ ကောင်းပါတယ်။ သူ့ရဲ့ အကျင့်ဆိုးတွေ ပြင်နိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။"
ကျင်းယွမ်ဟန်သည် လယ်ထဲမှ ပေါင်းပင်များကို ပေါက်တူးဖြင့် ပေါက်ရင်း၊ သူ့နဖူးမှ ချွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
"ဒီလိုဘဝမျိုးက ကုမ္ပဏီကနေ ရလာတဲ့ ဖိအားတွေ အကုန်လုံးကို မေ့ပစ်သွားစေတယ်။ ဒါပေမဲ့... အဲ့ဒီကောင်လေးကိုတော့ ငါ တကယ် အားကျမိတယ်။”
ကျင်းယွမ်ဟန်သည် လင်းယန်ကို မကြာခဏ ခိုးကြည့်နေမိသည်။
'ငါ့သားက ဘာလို့ သူလို မဖြစ်ရတာလဲ' လို့တောင် သူ တွေးမိတဲ့အထိပါပဲ။
ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့လို သူဌေးကြီးတောင် လေးစားလောက်တဲ့ စွမ်းရည်တွေ ရှိနေတယ်။
ဒါပေမဲ့... ဒီလူငယ်လေးရဲ့ ဘဝက အရမ်းကို ပေါ့ပါးလွန်းနေတယ်။
လှပတဲ့ မိန်းကလေး နှစ်ယောက်နဲ့ အတူနေနေတယ်၊ (တရားဝင် ချစ်သူတွေတော့ မဟုတ်ပေမဲ့) သူတို့ရဲ့ ဆက်ဆံရေးလေးက အရမ်းကို သဟဇာတ ဖြစ်နေတယ်။
အချုပ်ပြောရရင်တော့...
လင်းယန်ရဲ့ အရာရာတိုင်းကို သူ အားကျနေမိတာပါပဲ။
သူ့ရဲ့ နာမည်ကျော်ကြားမှုကို အားကျတယ်၊ သူ့ရဲ့ အေးချမ်းတဲ့ ဘဝကို အားကျတယ်၊ သူ့ရဲ့ လူငယ်ပီပီ တက်ကြွနေတဲ့ အားမာန်တွေကို အားကျတယ်။
နောက်ဆုံးတော့... အားကျရာကနေ မနာလိုတဲ့အထိတောင် ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ အချိန်ကြာလာတော့ သူ စိတ်ဖြေလိုက်နိုင်ပါတယ်။
ငါက အသက် ၅၀ ကျော်နေပြီလေ။ ဘာတွေ လိုက်ယှဉ်ပြိုင်နေဦးမှာလဲ?
ငါကရော လူတွေအများကြီးက အားကျနေရတဲ့ သူတစ်ယောက် မဟုတ်လို့လား? ကျန်းပြည်နယ် တစ်ခုလုံးမှာ ငါ့ကို မျက်နှာချိုသွေးချင်တဲ့သူတွေ ဘယ်လောက်တောင် များနေလဲ။
ရယ်စရာကောင်းတာက... အဲ့ဒီလို လူမျိုးက ဒီမှာ လာပြီး လူငယ်လေးတစ်ယောက်အတွက် လယ်လာစိုက်ပေးနေရတာပဲ။
"ဒါပေမဲ့ ဒီလိုဘဝမျိုးက တကယ်ကို အေးချမ်းတာပဲ! အခုထိ နားမလည်သေးတာက... ဒီကောင်လေးရဲ့ ရည်မှန်းချက်က ဘာလဲ ဆိုတာပဲ။ သူက တစ်သက်လုံး ဒီလယ်ထဲမှာပဲ အေးအေးဆေးဆေး နေသွားချင်တဲ့ပုံပဲ။"
ကျင်းယွမ်ဟန် သူ့ကိုယ်သူ လှောင်ပြုံးပြုံးလိုက်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။
သူ့ကို ဒီလို နားမလည်နိုင်အောင်လုပ်နိုင်တဲ့ လူငယ်ဆိုတာ လင်းယန်က ပထမဆုံးပါပဲ။
ဒါပေမဲ့... ကျင်းယွမ်ဟန် နားမလည်နိုင်တာက မဆန်းပါဘူး။ အဘိုးစူးတောင်မှ အစက မျက်စိမှားခဲ့သေးတာပဲလေ။
လင်းယန်၏ ကိုယ်ရည်ကိုယ်သွေးတွင် ဆန့်ကျင်ဘက် အချက်များစွာ ရှိနေသည်။ ထိုဆန့်ကျင်ဘက် အချက်များကပဲ လင်းယန်၏ ထူးခြားသော စရိုက်လက္ခဏာကို ပုံဖော်ပေးထားခြင်း ဖြစ်သည်။
သူက အလွန်တည်ငြိမ်အေးချမ်းသူလို့ ထင်ရပေမဲ့၊ သူ့မျက်လုံးထဲက ရိုင်းစိုင်းတဲ့ အငွေ့အသက်တွေက အလွန်အန္တရာယ်များလှသည်။
သူက အောင်မြင်မှုတွေ အများကြီးရနေပြီဖြစ်သော်လည်း၊ တောတောင်ကြားမှာပဲ ပုန်းအောင်းနေချင်သူ ဖြစ်သည်။
ဒီလို စိတ်ထားမျိုးကို တခြားလူသာဆိုရင် လှောင်ပြောင်ကြမှာ သေချာသည်။
'လူငယ်ဖြစ်ပြီး ကြိုးစားရကောင်းမှန်း မသိဘူး၊ တောထဲမှာပဲ ပုန်းနေချင်တယ်။ မြို့ပေါ်မှာမှ အခွင့်အရေးတွေ အများကြီးရှိတာ၊ အောင်မြင်မှုတွေ ရနိုင်တာ' လို့ ပြောကြမှာပေါ့။
ဒါပေမဲ့ သူတို့ မနက်စောစောထ၊ ညဉ့်နက်မှအိပ်ပြီး တစ်သက်လုံး ကြိုးစားရှာဖွေခဲ့ရတဲ့ အောင်မြင်မှုတွေနဲ့ ပိုက်ဆံတွေကို... လင်းယန်က ရပြီးနေပြီလေ!
သူတို့ထက်တောင် ပိုအောင်မြင်ပြီး၊ ပိုက်ဆံလည်း ပိုများသေးတယ်!
ငါးဆားနယ် (အလုပ်မလုပ်ဘဲ အလကားနေသူ) လို နေမယ်ဆိုရင်တောင် အရမ်းကို ဇိမ်ကျနေပြီလေ။
မြို့ပေါ်မှာ အလုပ်လုပ်နေကြတဲ့ လူတွေ ဘယ်လောက်များများက ပိုက်ဆံအတွက်နဲ့ ကိုယ့်ရဲ့ သိက္ခာကို အောက်ချပြီး '996' (မနက် ၉ နာရီမှ ည ၉ နာရီအထိ၊ တစ်ပတ်လျှင် ၆ ရက် အလုပ်လုပ်ခြင်း) စနစ်အောက်မှာ အမြတ်ထုတ်ခံနေရလဲ ဆိုတာ ဘယ်သူသိမှာလဲ။
နောက်ဆုံးတော့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ အကုန်ပျောက်ပြီး... "အသက်ရှင်ဖို့"ဆိုတဲ့ စကားလုံး နှစ်လုံးပဲ ကျန်တော့တာလေ။
ဒီမြို့ပြကြီးထဲမှာ အသက်ရှင်နေနိုင်တာကိုက ကံကောင်းနေပြီ။ တခြားအရာတွေကတော့ အရမ်းကို ဇိမ်ခံလွန်းတဲ့ အိပ်မက်တွေ ဖြစ်သွားပြီ။
"မြို့ပြတွေက အမြင့်ဆုံးကို ရောက်သွားရင် သေချာပေါက် ပြန်ကျလာမှာပဲ။ လင်းယန်ရဲ့ ဗီဒီယိုကို စမြင်ကတည်းက၊ ခေတ်ကြီး ပြောင်းသွားပြီဆိုတာ ငါ သိလိုက်တယ်။ အရင်ခေတ်ကတော့ မြို့ပြတွေမှာ လူတွေ အများကြီး စုဝေးပြီး အလုပ်အကိုင်တွေ ဖန်တီးတယ်၊ ဓနဥစ္စာတွေ ရှာဖွေကြတယ်၊ အဆက်အသွယ်တွေ လုပ်ကြတယ်။ ဒါပေမဲ့ အခုတော့...
အင်တာနက်ခေတ်ကြီးမှာ... တောရွာမှာပဲနေနေ၊ ဘယ်မှာပဲနေနေ အင်တာနက်ကနေတစ်ဆင့် အရာအားလုံးကို လုပ်လို့ရနေပြီ။ တချို့ အဆင့် ၃၊ အဆင့် ၄ က ဘလော့ဂါတွေရဲ့ ဝင်ငွေက စီးပွားရေးလုပ်ငန်းရှင်တွေထက်တောင် များနေသေးတယ်။ မြို့ပြတွေ ဆက်ပြီး ကြီးထွားလာရင်... နောက်ဆုံးကျရင် ဘယ်လောက်များများက ဆင်းရဲသားရပ်ကွက်တွေ ဖြစ်သွားမလဲ?"
ကျင်းယွမ်ဟန် ခေါင်းယမ်းလိုက်သည်။
ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှုက ကောင်းမွန်နေတယ်ဆိုပေမဲ့၊ အစိုးရရဲ့ အာရုံမရောက်နိုင်တဲ့ ထောင့်ကွယ်လေးတွေကတော့ ရှိနေသေးတာပါပဲ။ အဲ့ဒီက လူတွေကတော့ ခွန်အားကို ရောင်းစားပြီး သိမ်ငယ်စွာ အသက်ရှင်နေကြရတုန်းပါပဲ။
သူတို့နဲ့ယှဉ်ရင် ဒီတောရွာက လယ်သမားတွေကမှ ဂုဏ်သိက္ခာရှိရှိ နေနိုင်ကြသေးတယ်။ သူတို့မှာ နှစ်တိုင်း ပြင်ရမယ့် အိမ်တွေ၊ ရေဖိုး မီးဖိုးတွေကလွဲရင် တခြား ဘာဝန်ထုပ်ဝန်ပိုးမှ မရှိဘူးလေ။
လွတ်လပ်မှုရဲ့ မီးပြတိုက်ကြီးလို့ တင်စားကြတဲ့ အမေရိကန်လိုမျိုးပေါ့။
ကူးစက်ရောဂါတွေ ပြီးသွားတဲ့အခါ ပါတီတွေ အချင်းချင်း တိုက်ခိုက်ကြရင်း၊ တကယ့် သူဌေးကြီးတွေက မြို့ပြတွေကို စွန့်ခွာပြီး တောရွာတွေဆီ သွားနေကြပြီ။
ကမ္ဘာကျော်ပါတယ်ဆိုတဲ့ နိုင်ငံတကာ မြို့ကြီးတွေမှာ နေ့တိုင်းလိုလို ဆန္ဒပြပွဲတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နေတယ်။ အခြေခံအဆောက်အအုံတွေ ဖျက်ဆီးခံရတယ်၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတယ်၊ အခြေခံ စားသောက်ကုန်တွေတောင် ပြတ်လပ်လာတယ်။
နောက်ဆုံးကျတော့... အဲ့ဒီ ကွန်ကရစ်တောကြီးတွေက အမာရွတ်တွေနဲ့ အကျည်းတန်သွားတော့တာပါပဲ။
လူတွေ ပြန်ငြိမ်သက်သွားတဲ့ အချိန်ကျရင်တောင် အဲ့ဒီမြို့ကြီးကို အရင်လိုပြန်ဖြစ်အောင် ဘယ်သူက လုပ်နိုင်မှာလဲ?
အဲ့ဒီအတွက် ကုန်ကျမယ့် စရိတ်က တခြား မြေလွတ်တစ်ခုမှာ မြို့သစ်တစ်ခု တည်ဆောက်တာထက်တောင် ပိုများနေလိမ့်မယ်။ အဲ့ဒီ ပျက်စီးနေတဲ့ မြို့ကြီးကတော့ တဖြည်းဖြည်း စွန့်ပစ်ခံရပြီး သမိုင်းရဲ့ ဖုန်မှုန့်တွေကြားမှာပဲ ပျောက်ကွယ်သွားရမှာပါ။
ဒီအကြောင်းတွေကို တွေးမိတော့ ကျင်းယွမ်ဟန် ရုတ်တရက် ရယ်လိုက်မိသည်။
"လယ်စိုက်နေရင်းနဲ့တောင် ငါက ဒီလောက်အများကြီး တွေးနေမိသေးတယ်နော်။ အချိန်တိုင်းကို အလုအယက် ယှဉ်ပြိုင်နေရတဲ့ နေ့ရက်တွေကိုတောင် ငါ မေ့သွားပြီ။"
ကျင်းယွမ်ဟန် သီချင်းလေး တဟိမ့်ဟိမ့် ဆိုရင်း စိတ်ကြွလာကာ ဘေးနားက ကတုံးချန်ကို မေးလိုက်သည်။
"ချန်ဇီ... မင်း သိလား။ ထန်မင်းဆက်တုန်းက ဘာလို့ မြို့တော် ချန်အန်းကို စွန့်လွှတ်ပြီး လော့ယန်ကို ပြောင်းသွားရသလဲ ဆိုတာကို?"
ကတုံးချန် ခေါင်းကုတ်လိုက်ပြီး -
"ခင်ဗျား ပြောတာ... လီရှစ်မင်လား? 'ဆွေ့-ထန် သူရဲကောင်းများ' ဇာတ်လမ်းကိုတော့ ကျွန်တော် အလွတ်ရတယ်။ ဝါကန်းကျိုက်က လူတွေ အကုန်လုံးက တကယ့် သူရဲကောင်းတွေချည်းပဲ!"
"..."
ကျင်းယွမ်ဟန် လုံးဝ ဆွံ့အသွားသည်။
ငါ ဘာလို့များ ဒီကောင်နဲ့ ဒါတွေ လာပြောနေမိတာလဲ။ သူတို့ လိုင်းက လုံးဝ မတူတာကိုး။
ဒါပေမဲ့ ကတုံးချန်ရဲ့ အဲ့ဒီလို ပုံစံလေးကပဲ သူ့ကို ပိုပြီး ပေါ့ပါးသွားစေပါတယ်။
"ဘာလို့လဲဆိုတော့... ချန်အန်းရဲ့ ဂေဟစနစ်တွေ ပျက်စီးသွားလို့လေ။ သောက်ရေတောင် ပြဿနာ ဖြစ်လာတယ်၊ အခြေခံ စားနပ်ရိက္ခာတွေတောင် မလုံလောက်တော့လို့ လော့ယန်ကို ပြောင်းသွားရတာ။"
"ကျွန်တော် အကြိုက်ဆုံးကတော့ ချန်ယောင်ကျင်းပဲ။ သူ့ရဲ့ ပုဆိန် သုံးကွက်က တကယ် မိုက်တာဗျ၊ ဧကရာဇ်တောင် ဖြစ်ဖူးသေးတယ်၊ တကယ် လန်းတယ်!"
သူပြောချင်ရာ သူပြော၊ ငါပြောချင်ရာ ငါပြောနှင့် နှစ်ယောက်သား တကယ်ကို အားရပါးရ စကားပြောနေကြသည်။
ဒါပေမဲ့... အခုချိန်မှာ ယွမ်ကျင့်ဂရု တစ်ခုလုံးတော့ ပွက်လောရိုက်နေပြီဆိုတာကိုတော့ သူ လုံးဝ မသိသေးပေ။
***