"အရူးပဲ။"
ကျင်းယွမ်ဟန်၏မျက်နှာမှာ ကြောင်အမ်းအမ်းဖြစ်နေပြီး လင်းယန်၏အတွေးကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။
တောင်ပေါ်က မြေကြီးနဲ့လည်း မက်မွန်ပင်စိုက်လို့ ရနေတာပဲလေ။ ဒီလောက် အပိုအလုပ်တွေ ထပ်လုပ်နေစရာ ဘာအကြောင်းမှမရှိဘူး။
ဒါပေမဲ့ လင်းယန်ကတော့ ဘာကိုမှ ဂရုစိုက်ပုံမပေါ်ပါဘူး။
ဒီနေရာလေးမှာ သူက အရှင်သခင်ပဲ၊ သူ ကြိုက်သလို ပြင်ဆင်လို့ရတာပဲ။ ဒီလယ်ကွက်ထဲက မြေကြီးတွေကို တောင်ကုန်းပေါ် အကုန်သယ်သွားပြီး မက်မွန်ပင် စိုက်မယ်ဆိုရင်... သေချာပေါက် ဖြစ်အောင်ကို လုပ်ရမှာပဲ!
ဒီအချက်ကို ကတုံးချန်တို့ တစ်သိုက်က လုံးဝ ယုံကြည်နေကြပါတယ်။
အစကတော့ သူတို့ဟာ လင်းယန်ရဲ့ အင်အားကို ကြောက်လို့သာ အညံ့ခံခဲ့ကြတာပါ။ အလုပ်ပြီးရင် သူတို့ရဲ့ မူလဘဝကို ပြန်သွားလို့ရမယ်လို့ ထင်ခဲ့ကြတာလေ။
ဒါပေမဲ့ အချိန်ကြာလာတော့၊ လင်းယန်ရဲ့ တည်ငြိမ်အေးချမ်းတဲ့ အသွင်အပြင်အောက်မှာ အလွန်တရာ ကြောက်စရာကောင်းတဲ့ အင်အားတွေ ပုန်းကွယ်နေတယ်ဆိုတာ သူတို့ ခံစားလာရတယ်။
တစ်ခါတစ်ရံမှာ လင်းယန်ရဲ့ ရိုးရှင်းတဲ့ လုပ်ရပ်လေးတစ်ခုက သူတို့ရဲ့ စိတ်ကို တက်ကြွသွားစေပြီး လုံးဝကို ကျိုးနွံသွားစေတယ်။
ဒီလောက်အထိ ရူးသွပ်စရာကောင်းတဲ့ ကိစ္စကြီးကို လင်းယန်က ခိုင်းလိုက်တဲ့အခါမှာတောင်...
သူတို့ လုံးဝ မငြင်းဆန်ခဲ့ကြတော့ဘူး!
သူတို့ ရင်ထဲမှာ ဖြစ်ပေါ်လာတာက အဆုံးအစမရှိတဲ့ ရူးသွပ်မှုတွေပါပဲ။
တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင်... လင်းယန်ရဲ့ အမြဲတမ်း နောက်လိုက်တွေအဖြစ် သူတို့ နေသွားချင်တယ်။ နာမည်ကြီး မင်းသား၊ မင်းသမီးတွေကို အားပေးတဲ့ Fan တွေထက်တောင် ပိုပြီး ရူးသွပ်နေကြပြီလေ!
တစ်နည်းအားဖြင့် ပြောရရင်...
လမ်းမှားမှာ နှစ်ပေါင်းများစွာ နစ်မွန်းနေခဲ့တဲ့ သူတို့အတွက် နောက်ဆုံးတော့ ယုံကြည်ကိုးကွယ်စရာတစ်ခုကို ရှာတွေ့သွားခဲ့တာပါပဲ။ အဲ့ဒါကတော့ ဒီ လူငယ်လေးပါပဲ!
သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ဒီကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်လို့ သူတို့ ထင်နေကြတယ်။ အရိုးရှင်းဆုံး လယ်စိုက်တာလေး လုပ်နေရင်တောင် သူ့ကိုယ်ပေါ်ကနေ အဆုံးမရှိတဲ့ အလင်းရောင်တွေ ထွက်ပေါ်နေသလိုပါပဲ။
သူတို့ရဲ့ စိတ်နှလုံးထဲမှာတော့... လင်းယန်က 'နတ်ဘုရား' ပဲ။
သူပြောသမျှ အကုန်လုံးကို သံသယဝင်စရာ မလိုဘူး၊ ခိုင်းတဲ့အတိုင်း လုပ်လိုက်ရုံပဲ။
ဒါပေမဲ့ ကျင်းယွမ်ဟန်ကတော့ ဒါကို လုံးဝ နားမလည်နိုင်ပါဘူး။
"ဒီကိစ္စအတွက် ကုန်ကျမယ့် ပိုက်ဆံတွေက... အဲ့ဒီ မက်မွန်ပင်တွေ နှစ်တစ်ရာ၊ နှစ်တစ်ထောင် အသီးသီးရင်တောင် ပြန်ရမှာ မဟုတ်ဘူးနော်။"
လင်းယန်က ကျင်းယွမ်ဟန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားက အရမ်း သေချာနေပါလား။"
သေချာတာပေါ့လေ။
'စူပါစိုက်ပျိုးရေးစနစ်' အကြောင်း မသိတဲ့သူတွေအတွက်တော့ ဒါက အရူးလုပ်ရပ်လို့ ထင်မှာ သေချာတယ်။
ဒီလောက်ကြီးမားတဲ့ လူအင်အား၊ ငွေအင်အား သုံးရတာ... လုံးဝကို ရှုံးမယ့် အလုပ်ကြီးလေ! အထူးသဖြင့် စီးပွားရေးသမားဖြစ်တဲ့ ကျင်းယွမ်ဟန်အတွက်ဆိုရင် ဒီလောက်ရှုံးမယ့် အလုပ်ကို လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့ သူ လုံးဝ မသိတာက...
ကျင်းယွမ်ဟန်ကို မက်မွန်ပင်ကိစ္စ မေးလိုက်ချိန်မှာတင် စနစ်ဆီကနေ တာဝန်အသစ်တစ်ခု ကျလာခဲ့တယ် ဆိုတာပါပဲ။
[တာဝန် - 'တောင်ကိုဖြို ပင်လယ်ကိုဖို့'
အကြောင်းအရာ - မက်မွန်ပင် စိုက်ပျိုးရန် အသင့်တော်ဆုံး မြေဆီလွှာများကို တောင်ကုန်းပေါ်သို့ သယ်ဆောင်ပြီး မက်မွန်ပင်များ စိုက်ပျိုးပါ။ ပြီးမြောက်ပါက ထိုတောင်ကုန်းသည် ကမ္ဘာပေါ်တွင် အလှပဆုံး မက်မွန်တောကြီး ဖြစ်လာမည်! ထို့အပြင် အထူးဆုကြေးကိုလည်း ရရှိမည် ဖြစ်သည်။]
စနစ်ဆီကနေ ရုတ်တရက် ကျလာတဲ့ ဒီတာဝန်က လင်းယန်ကို အလွန်စိတ်လှုပ်ရှားသွားစေတယ်။
သူ့အိမ်မှာ စိုက်ပျိုးရေး စက်ကြီးတွေ အများကြီး ရှိနေတာပဲလေ။ ဒီလယ်ကွက်ထဲက မြေကြီးတွေကို ဟိုတောင်ပေါ် သယ်ဖို့ဆိုတာ ဘာမှမခက်ပါဘူး။ ပိုက်ဆံနည်းနည်း ပိုကုန်ရုံပဲ ရှိမှာပါ။
ဒါပေမဲ့ စနစ်ကပေးမယ့် ဆုကြေးဆိုတာကတော့ သူ ဘယ်တော့မှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူး။
"ဒီတစ်ခါရော... ဘယ်လို အထူးဆုကြေးမျိုး ပေးမလဲ မသိဘူးနော်?"
လင်းယန်၏စိတ်ထဲတွင် စပ်စုချင်စိတ်များ အပြည့်ဖြစ်နေသည်။ တာဝန်မပြီးမချင်း အထူးဆုကြေးဆိုတာက Blind box လိုပါပဲ။ လူကို အမြဲတမ်း ရင်ခုန်အောင် လုပ်နေတာကိုး။
လင်းယန်က ကတုံးချန်တို့ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
"လယ်ထဲက အလုပ်တွေကို ခဏထားခဲ့လိုက်! လမ်းဖောက်တဲ့ ကုမ္ပဏီ (အဖွဲ့-၂) ကို ဆက်သွယ်ပြီး မြေတူးစက်တွေ၊ ကုန်ကားတွေ အများကြီး ထပ်ခေါ်လိုက်! ဒီအလုပ်ကို အမြန်ဆုံး ပြီးအောင် လုပ်ရမယ်။ ပိုက်ဆံက ပြဿနာ မရှိဘူး။
ဒါပေမဲ့... မြေကြီးတွေကို တောင်ပေါ် ဒီအတိုင်း ပုံထားရင် မိုးရွာရင် အကုန် မျောပါသွားလိမ့်မယ်။ အဲ့ဒီတော့... တောင်တစ်ခုလုံးကို လှေကားထစ် လယ်ကွက်တွေ ဖြစ်အောင် လုပ်ရမယ်။
လှေကားထစ် လယ်ကွက်အကြောင်း မသိရင်... တက္ကသိုလ်က ပါမောက္ခကြီးတွေကို သွားမေး!"
လင်းယန်က အသေးစိတ် အစီအစဉ်တွေကို ချက်ချင်း ချမှတ်လိုက်သည်။
မြေကြီးကို ဒီအတိုင်း ပုံထားရင် မိုးသည်းထန်စွာ ရွာတာနဲ့ အကုန် ပြိုကျလာမှာ သေချာသည်။ လှေကားထစ်စိုက်ခင်းတွေဆိုရင်တော့ ဒီပြဿနာ မရှိတော့ဘူးလေ။ တောင်စောင်းတွေမှာ ကျောက်တုံးတွေနဲ့ ကာထားလိုက်ရင် မြေပြိုတာကို တားနိုင်သလို ရေကိုလည်း ထိန်းထားနိုင်မှာပါ။
ဒီလို မြေပြင်အနေအထားကို ပြောင်းလဲပစ်တဲ့ ဉာဏ်ပညာမျိုးက ချင်မင်းဆက်နဲ့ ဟန်မင်းဆက် ခေတ်ကတည်းက ရှိခဲ့တာပါ။
တရုတ်လူမျိုးတွေရဲ့ ကြောက်စရာကောင်းတဲ့ တည်ဆောက်ရေးစွမ်းရည်တွေက သမိုင်းကနေ ဆင်းသက်လာတာလို့ ပြောရမယ်။ (စားသောက်မှု အလေ့အထတွေ ဆင်းသက်လာသလိုမျိုးပေါ့)
ဒါကို တွေးမိတော့ လင်းယန်က စူးရို့ရို့ ကျောက်ပုစွန်တွေ ယူလာတုန်းက ပြောခဲ့တဲ့ စကားကို သတိရသွားသည်။
"ဒီကျောက်ပုစွန်က နိုင်ငံခြားကနေ ဝင်လာတဲ့ မျိုးစိတ်လေ။ နိုင်ငံခြားသားတွေက ဘယ်လို နှိမ်နှင်းရမလဲ မသိကြဘူး။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံကို ရောက်လာတော့... မျိုးသုဉ်းလုနီးပါး ဖြစ်သွားတဲ့အထိ စားပစ်လိုက်ကြတာ! လူလုပ်ပြီး မွေးမြူထားလို့သာပေါ့၊ မဟုတ်ရင် ကျွန်မတို့တွေ အခုချိန် ကျောက်ပုစွန်တောင် စားရမှာ မဟုတ်ဘူး။"
ဒီအကြောင်းတွေးမိတိုင်း လင်းယန် သဘောကျမိသည်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အပင်တွေ၊ သတ္တဝါတွေ အဆမတန် ပေါက်ပွားနေရင် တရုတ်လူမျိုးတွေကိုသာ အဲ့ဒီကို လွှတ်လိုက်!
တရုတ်လူမျိုးတွေရဲ့ 'သဘာဝနဲ့ တစ်သားတည်းကျခြင်း' ဆိုတဲ့ အတွေးအခေါ်က သူတို့ရောက်သွားတဲ့ ဘယ်နေရာမှာမဆို ဂေဟစနစ်ကို မျှတသွားစေပါတယ်။ (တစ်ခါတလေ ရှားပါးမျိုးစိတ်တွေ ဖြစ်သွားတဲ့အထိ စားပစ်ကြတာကတော့ နောက်တာမဟုတ်ပါဘူး!)
လင်းယန် အလုပ်လုပ်ရတာ ပိုပြီး အားတက်လာသည်။ လက်ထဲက အလုပ်တွေ မြန်မြန်ပြီးအောင် လုပ်ပြီး အိမ်ပြန်ကာ ရို့ရို့လေး ဘာလုပ်နေလဲ သွားကြည့်ချင်နေပြီ။ ရှောင်ဝူကို စာသင်ပေးနေတာပဲ ဖြစ်မှာ။
ဒါပေမဲ့ သူ့အိမ်မှာ ဇွတ်လာနေတဲ့ အဘိုးစူးကို တွေးမိတော့ လင်းယန် နည်းနည်း စိတ်ညစ်သွားသည်။ သူနဲ့ စူးရို့ရို့ရဲ့ သဟဇာတဖြစ်တဲ့ ဘဝလေးကို အဘိုးကြီးက အနှောင့်အယှက် ပေးနေတာကိုး။ ရင်းနှီးမှု အတိုင်းအတာတွေတောင် အများကြီး လျော့ကျသွားရတယ်။
"တောင်ခြေက ကျောင်းခွဲကြီးပြီးသွားရင် သူတို့ကို အဲ့ဒီကို အကုန်နှင်ထုတ်ပစ်ရမယ်။"
လင်းယန် ကျိတ်တွေးလိုက်သည်။ အိမ်မှာ လူကြီးတွေရှိနေရင် တစ်ခုခုလုပ်ဖို့ သိပ်အဆင်မပြေဘူးလေ။
…..
ကျင်းယွမ်ဟန်သည် လင်းယန်က သူ့ကို ဂရုမစိုက်ဘဲ အလုပ်သာ ဆက်လုပ်နေသည်ကို မြင်သောအခါ၊ ခါးကို ပွတ်ရင်း 'လူငယ်တွေကို မမီတော့ပါဘူး' ဟု သက်ပြင်းချကာ အလုပ်ဆက်လုပ်နေလိုက်သည်။
ဒါပေမဲ့ သူ လုံးဝ မသိတာကတော့... အခုချိန်မှာ အတွင်းရေးမှူးယန်တစ်ယောက် အကြီးအကျယ် ဒုက္ခရောက်နေပြီ ဆိုတာပါပဲ!
ကျင်းယွမ်ဟန် ဒီမှာ နေနေကတည်းက ကုမ္ပဏီနဲ့ ဆက်သွယ်ဖို့ သူက တံတားတစ်စင်း ဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ အကွာအဝေးက အရမ်းဝေးတော့ ဖုန်းပြောရတာ သိပ်အဆင်မပြေဘူး။ ဗီဒီယိုကောနဲ့ အစည်းအဝေး လုပ်လို့ရပေမဲ့၊ တချို့ စာရွက်စာတမ်းတွေက ကိုယ်တိုင် လက်မှတ်ထိုးဖို့ လိုသေးတယ်လေ။
သူက လုပ်ပိုင်ခွင့်တွေ ကျော်လွန်ပြီး ကိစ္စတော်တော်များများကို ဖြေရှင်းပေးထားပေမဲ့လည်း ကုမ္ပဏီရဲ့ လည်ပတ်မှုက ရပ်တန့်လုနီးပါး ဖြစ်နေပါပြီ။
"ကုမ္ပဏီက လူတွေက ဒီနေ့ ညနေလောက်ဆို ရောက်လာတော့မယ်။ ငါက သူဌေးကျင်း ဘယ်လယ်ကွက်မှာ အလုပ်လုပ်နေလဲဆိုတာတောင် မသိဘူး! မတတ်နိုင်ဘူး... တစ်ကွက်ချင်းစီ လိုက်ရှာရတော့မှာပဲ။"
တောရွာက မြေလမ်းတွေက အကုန်လုံး မပြည့်စုံသေးတော့ ဇိမ်ခံကားတွေနဲ့ သွားဖို့က လုံးဝ အဆင်မပြေပါဘူး။ ထွန်စက်တွေ ဆိုတာကလည်း သူ ဘယ်လိုမှ မမောင်းတတ်ဘူးလေ။
ဒီတော့ ခြေလျင်လျှောက်ရှာရုံပဲ ရှိတော့တယ်။
ဒါက ရုံးခန်းထဲမှာပဲ နေပြီး ကားနဲ့ပဲ အမြဲသွားလာတတ်တဲ့ အတွင်းရေးမှူးယန်အတွက်တော့ တကယ့် ငရဲပါပဲ။ နှစ်ပေါင်းများစွာအတွင်း သူ ဒီလောက် လမ်းအများကြီး တစ်ခါမှ မလျှောက်ဖူးပါဘူး။
သူ ကျင်းယွမ်ဟန်ကို လိုက်ရှာနေချိန်မှာပဲ...
နောင်ခရိုင်ထဲမှာ ကားနဲ့ ဟိုပတ်ဒီပတ် မောင်းနေတဲ့ ယန်ကျင်းလီတစ်ယောက်ကတော့ ချင်းရှန်းရွာဘက်ကို သွားတဲ့ (လမ်းညွှန်ဆိုင်းဘုတ် မရှိတဲ့) လမ်းအသစ်ကြီးကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေသည်။
"ဒီနေရာက သေချာပါတယ်! ဒီလမ်းအသစ်ကြီးက ဘယ်တုန်းက ပေါ်လာတာလဲ? ဒါပေမဲ့ တခြားလမ်းလည်း မရှိတော့ဘူးလေ။ ပတ်သွားရင် တောထဲမှာ လမ်းပျောက်သွားနိုင်တယ်။ ထားလိုက်တော့... ဒီလမ်းအတိုင်းပဲ မောင်းကြည့်လိုက်မယ်။"
ယန်ကျင်းလီ အနည်းငယ် နောင်တရနေမိသည်။ အဲ့ဒီတုန်းက ဘာလို့များ စိတ်လိုက်မာပါနဲ့ ကိုယ်တိုင် ကားမောင်းပြီး ထွက်လာခဲ့မိတာလဲ မသိဘူး။
ချင်းရှန်းရွာကို သွားရတဲ့လမ်းက ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို သူမ မေ့နေခဲ့တာပါ။
အရင်တစ်ခေါက် အစီအစဉ်အဖွဲ့ လာတုန်းက ဂြိုဟ်တု တည်နေရာပြစနစ်တွေ၊ ကင်မရာတပ် ဒရုန်းတွေ အသုံးပြုပြီးမှ ချင်းရှန်းရွာကို ရှာတွေ့ခဲ့တာလေ။
အခု သူမဆီမှာ အဲ့ဒီ စက်ကိရိယာတွေ ဘာမှမပါဘူး!
ပြည့်စုံကောင်းမွန်တဲ့ လမ်းမကြီးနဲ့ ဥမင်လိုဏ်ခေါင်းတွေကို ဖြတ်သန်းပြီး မိုင်ဆယ်ဂဏန်းလောက် မောင်းလာပြီးတဲ့နောက်မှာတော့ သူမရဲ့ ရင်ထဲမှာ ကြောက်ရွံ့မှုနဲ့ ဇဝေဇဝါ ဖြစ်မှုတွေက ပိုများလာပါတယ်။
"ငါ ချင်းရှန်းရွာကနေ ထွက်သွားတာ သိပ်မှ မကြာသေးတာ။ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ဥမင်လိုဏ်ခေါင်းတွေ ပေါ်လာရတာလဲ? ငါ သွားနေတဲ့လမ်းက တကယ်ရော မှန်ရဲ့လား?"
***