လောင်ဝမ်၏အမြင်တွင်မူ ပို၍ ခေတ်မီတိုးတက်သော ဒေသများက လူမှုဆက်ဆံရေးဆိုသည့် စကားလုံးကို ပို၍ နားမလည်ကြပေ။ အရင်းရှင်စနစ်ကသာ အရာရာဖြစ်ပြီး အားလုံးက အကျိုးအမြတ်အတွက်သာ စကားပြောကြသည်။ ဤသည်မှာလည်း လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု၏ လမ်းကြောင်းပင် ဖြစ်သည်။ မြို့ကြီးပြကြီးများရှိ လူအများစုမှာ အေးစက်စက်နိုင်ကြပြီး တစ်ဦးနှင့်တစ်ဦးကြား သံယောဇဉ်ဟူ၍ မရှိသလောက်ပင်။ အားလုံးက ပိုက်ဆံရှာရန်နှင့် ပိုမိုကောင်းမွန်သော ဘဝခံစားမှုများရရှိရန်အတွက်သာ ဖြစ်သည်။ သို့သော် ပိုက်ဆံကိုသာ ဇွတ်မှိတ်ရှာနေခြင်းက လှပသော ရှုခင်းများစွာကို လက်လွတ်ဆုံးရှုံးသွားစေတတ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ပို၍ ခေါင်သော နေရာများက 'လူမှုဆက်ဆံရေး' ဆိုသည့် အရာကို ပို၍ နားလည်ကြသည်။ ဤအခြေခံအကျဆုံးအရာများကို အားကိုး၍ပင် စစ်မှန်သော စီးပွားရေးလုပ်ငန်းရှင်ကြီး များစွာသည် ကျေးလက်တောရွာများမှ ပေါ်ထွက်လာခဲ့ကြခြင်းဖြစ်သည်။ အကြောင်းမှာ လူအချင်းချင်း ဆက်ဆံရာတွင် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လွယ်ကူသောကြောင့်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည်မှာလည်း ရိုးရှင်းသော အကျိုးအမြတ်သက်သက်အတွက် မဟုတ်ပေ။ ဤသို့သော လူမျိုးများသည် အကျဆုံးအချိန်သို့ ရောက်နေလျှင်ပင် မိတ်ဆွေတစ်ယောက်ယောက်၏ ဆွဲတင်ကူညီမှုကို အလွယ်တကူရရှိနိုင်ပြီး အကျပ်အတည်းကို ကျော်ဖြတ်နိုင်လေ့ရှိသည်။
လင်းယန်မှာ လယ်စိုက်ခြင်းတွင်သာ အာရုံနစ်မြုပ်နေသည် ဆိုသော်လည်း လောင်ဝမ်၏အမြင်တွင်မူ လင်းယန်သည် လူမှုဆက်ဆံရေးကို မည်သူ့ထက်မဆို ပို၍ နားလည်နေသူ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူက အသုံးမချချင်၍သာ ဖြစ်သည်။ ယနေ့ ရှုချင် ရောက်လာချိန်တွင်တော့ လင်းယန် အသုံးပြုသွားခဲ့ပြီ ဖြစ်သည်။ ရှုချင်သည် ဘဏ္ဍာရေးဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိထားပြီး ဟူချန်တွင် အလွန်မြင့်မားသော ဂုဏ်သတင်း ရှိနေသူဖြစ်သော်လည်း... လင်းယန်၏ 'ရှုကျဲ' ဟု ခေါ်ဆိုမှုများအောက်တွင် နစ်မွန်းသွားခဲ့ပြီ မဟုတ်လား? သိပ်မကြာခင်မှာပဲ လင်းယန်၏ အသုံးချခံလူတစ်ယောက် ဖြစ်သွားတော့မည်မှာ သေချာလှသည်။
'ဒီကောင်လေးက နည်းနည်းတော့ ကြောက်စရာကောင်းတယ်' ဟု တွေးကာ လောင်ဝမ် ခေါင်းယမ်းလိုက်မိသည်။
သို့သော် လမ်းလျှောက်သွားရင်းနှင့် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။
'ငါကိုယ်တိုင်ကရော ဒီကောင်လေးရဲ့ အသုံးချခံလူ ဖြစ်နေသလို ဘာလို့ ခံစားနေရတာလဲ?'
သို့သော် မကြာမီမှာပင် သူ စိတ်ပေါ့ပါးသွားခဲ့သည်။
'ငါက သူတို့နဲ့ မတူဘူး။ ငါက ဒီကောင်လေးရဲ့ လမ်းခရီး ဖြောင့်ဖြူးဖို့အတွက် ကိုယ့်သဘောနဲ့ကိုယ် အသုံးချခံလုပ်ပေးနေတာ' ဟု လောင်ဝမ်က ခေါင်းယမ်းရင်း ဆက်တွေးလိုက်သည်။
လူကြီးသူမများ၏ အကြီးမားဆုံး အခန်းကဏ္ဍမှာ လူငယ်များအတွက် နင်းတက်စရာ လှေကားထစ်လေးများ ဖြစ်ပေးရန်သာဖြစ်ကြောင်း သူ အလွန်ရှင်းလင်းစွာ သိထားသည်။ ဤသို့ တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပေးနိုင်မှသာ ပိုမိုလှပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ လင်းယန်အတွက်မူ လောင်ဝမ်က အသုံးချခံလူတစ်ယောက်အဖြစ် ကျေကျေနပ်နပ်ကြီး နေပေးလိုသည်။ လင်းယန်က မည်သို့ပင် အသုံးချစေကာမူ သူကတော့ လိုလိုလားလားပင်။
သို့သော် လောင်ဝမ်၏စိတ်ကူးများကို လင်းယန် လုံးဝ နားမလည်ခဲ့သည်ကိုတော့ မည်သူမျှ မသိနိုင်ချေ။ သူက ပိုက်ဆံလေးနည်းနည်းရှိသည့် သာမန် လယ်သမားလေး တစ်ယောက်သာ ဖြစ်သည်။
'ငါ့ဆီမှာ ဘယ်လိုများ မကောင်းတဲ့အကြံအစည် ရှိနေနိုင်လို့လဲ?' ဟု လင်းယန်က အပြစ်ကင်းစင်စွာ တွေးနေသည်။
သူက ရှုချင်နှင့်ဆက်ဆံရေး နီးကပ်သွားအောင် ရိုးရိုးရှင်းရှင်းလေး လုပ်ချင်ရုံသာဖြစ်သည်။ ဒါမှ နောင်ကျလျှင် စကားပြောဆို ဆက်သွယ်ရ ပိုအဆင်ပြေမည် မဟုတ်လား။ လမ်းတစ်လျှောက်တွင် ရှုချင်နှင့် ရယ်မောပြောဆိုလာခဲ့ပြီး ရှုချင်မှာလည်း အလွန် ပျော်ရွှင်နေခဲ့သည်။
"ဟူချန်က အရမ်းကောင်းတယ် ဆိုပေမဲ့... အဲ့ဒီကလူတွေက ရှင့်ရဲ့ နာမည်ကျော်ကြားမှုကို ချီးကျူးကြတာကလွဲရင် ဘယ်သူကမှ ရှင့်ကို တကယ် ဂရုမစိုက်ကြဘူး" ဟု ရှုချင်က ရင်ဖွင့်လာသည်။
"အဲ့ဒီမှာ အရာအားလုံးကို ပိုက်ဆံနဲ့ပဲ စကားပြောကြတယ်။ အရာအားလုံးကို ပိုက်ဆံနဲ့ပဲ တိုင်းတာကြတယ်။ ဖိအားကလည်း သဘာဝကျကျကို အရမ်းကြီးမားတယ်။ ရှင် အမြဲတမ်း ကြိုးစားနေမှ ရမယ်။ အကယ်၍ နည်းနည်းလေးများ ကျရှုံးသွားခဲ့ရင်၊ အရင်က ရှင့်ကို ဝန်းရံနေခဲ့တဲ့ လူတွေက နောက်တစ်စက္ကန့်မှာ ရှင့်ကို အပြင်းအထန် ကဲ့ရဲ့ရှုတ်ချကြတော့မှာပဲ။"
ရှုချင်က သက်ပြင်းချလိုက်သည်။ ဤသည်မှာ သူမ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော ဟူချန်ပင် ဖြစ်သည်။
ဒီအတွက်ကြောင့်ပင် သူမသည် နေ့စဉ်နှင့်အမျှ ကြီးမားလှသော ဖိအားများကို ထမ်းပိုးထားခဲ့ရသည်။ နာမည်ကြီးလေလေ ဖိအားကြီးလေလေဖြစ်သဖြင့် သူမမှာ အစားအသောက် စားချင်စိတ် မရှိသလို အိပ်စက်မှုအပိုင်းလည်း အလွန်အမင်း ချို့တဲ့နေခဲ့သည်။ အလုပ်မှလွဲ၍ သူမတွင် တခြားဝါသနာ ကြီးကြီးမားမား မရှိပေ။ ချင်းရှန်းရွာသို့ လာရာလမ်းတွင် ရွှံ့ဗွက်ထနေသော တောင်လမ်းကြောင့် သေမတတ် အန်ခဲ့ရပြီး ကမ္ဘာပေါ်တွင် ဤမျှဆိုးရွားသော လမ်းမျိုး ရှိနေသေးသလားဟုပင် တွေးခဲ့ဖူးသည်။ သို့သော် လျှပ်စစ်မီးပင် မရှိသော ဤတောင်ကြားရွာလေးသို့ ရောက်သောအခါမှသာ ထမင်းကို မြိန်ရေယှက်ရေ စားနိုင်ပြီး အနှစ်နှစ်အခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ခံစားခဲ့ရသည်။ ထိုစိတ်ညစ်စရာများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှစ၍ သူမသည် ဤနေရာလေးကို သဘောကျသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ပြန်ရောက်ရောက်ချင်း ပထမဆုံး တွေးမိသည်က ဤနေရာသို့ ပြောင်းရွှေ့လာရန်ပင်။ ဒီအတွက်ကြောင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပြီး ယခုမှသာ ဤနေရာ၏ ရွာအုပ်ချုပ်ရေးမှူး အစစ်အမှန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အရင်ကလည်း 'ဒါရိုက်တာရှု'၊ ယခုလည်း 'အုပ်ချုပ်ရေးမှူးရှု' ဖြစ်နေဆဲပင်။ သို့သော် ယခင် အဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင်မူ မိုးနှင့်မြေလို ကွာခြားသွားခဲ့ပြီဖြစ်သည်။ အရင်က သူမကို ကောင်းကင်ဘုံမှ နတ်သမီးလေး၊ ရေတွက်၍မရနိုင်သော လူအများ မော့ကြည့်ရသည့် အရာအဖြစ် တင်စားနိုင်သော်လည်း... ယခု ရွာအုပ်ချုပ်ရေးမှူး ဆိုသည်ကတော့... အလွန် သာမန်ကျသောကျောင်းမှ ကျောင်းသားလေးတွေပင် ဆန္ဒရှိပါက ဤအခြေခံအကျဆုံး နေရာတွင် အကောင်းဆုံးလေ့ကျင့်မှုများ ရယူနိုင်သည် မဟုတ်လား။
သို့သော် သူမကတော့ ဤအရာများကို ဂရုမစိုက်ပေ။ ဤချင်းရှန်းရွာတွင် ဝဝလင်လင်စား၊ ကောင်းကောင်းအိပ်ရသည်ကိုပင် သူမ အလွန် ကျေနပ်ရောင့်ရဲနေပြီ ဖြစ်သည်။ ထို့အပြင်... လင်းယန်ကဲ့သို့သော သူငယ်ချင်းကောင်း တစ်ယောက်လည်း ရခဲ့ပြီလေ။ သေချာသည်မှာ သူတို့ကြားရှိ ဆက်ဆံရေးက မောင်နှမအရင်းများလို ပို၍ ဖြစ်လာနိုင်ပေသည်။ မည်သို့ပင်ဆိုစေ လင်းယန်က အံ့မခန်း အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားသော်လည်း အသက်အရွယ်ကတော့ ငယ်ရွယ်လွန်းလှသည်...။ အလွန်ကို နုနယ်သေးသည်ဟုပင် ဆို၍ရသည်။
သို့သော် ဤသို့သော လူငယ်လေးက ပြိုင်ဘက်ကင်းအောင်မြင်မှုများကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ချင်ဖခင်ထံမှ လင်းယန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှုချင် ကြားသိလိုက်ရသောအခါ သူမ၏မျက်လုံးများတွင် အလွန်တရာ အံ့အားသင့်မှုများ ပေါ်လွင်လာခဲ့သည်။
"ဒါတွေ အကုန်လုံးက အမှန်တွေချည်းပဲလား?
စူပါမုန်ညင်းစေ့က ပြည်ပက တင်သွင်းနေရတဲ့ ပဲပိစပ်တွေကို အစားထိုးနိုင်ပြီး ပြည်တွင်းဆီထွက်သီးနှံ ရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်တယ်။ ကင်ဆာတိုက်ဖျက်ရေး မုန်လာဥနီက သွေးကင်ဆာကို တားဆီးပေးနိုင်တယ်တဲ့လား။"
ရှုချင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
'ဟက်... ဘာကောင်းကင်ဘုံက နတ်သမီးလေးလဲ... ဘာအသက်အငယ်ဆုံး ဘဏ္ဍာရေးပါရဂူလဲ... လင်းယန်ရဲ့ အရှေ့မှာတော့ ငါက တကယ့် အမှိုက်စလေးတွေလို ဖြစ်သွားပြီပဲ' ဟု သူမ တွေးလိုက်မိသည်။
လင်းယန်က လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များဖြင့် လူတိုင်းကို သက်သေပြခဲ့ပြီး ဖြစ်သည်။ သူမပိုင်ဆိုင်ထားသည်များကတော့ အမည်ခံသက်သက်မျှသာ။ ဤအမည်ခံမှုကြောင့် ရရှိလာသော ကြီးမားလှသည့် ဘဏ္ဍာရေး အရင်းအမြစ်များမှလွဲ၍ ကျန်သည့်အရာများမှာ အသုံးမကျသလောက်ပင် ဖြစ်သည်။
ထို့အပြင်... သူမ စုံစမ်းသိရှိထားသလောက်ဆိုလျှင်၊ နိုင်ငံတကာ ကုန်စည်ဒိုင် ဈေးကွက်တွင် လင်းယန်၏ ရင်းနှီးမြှုပ်နှံမှု တိကျမှန်ကန်မှုမှာ ထိတ်လန့်စရာ ကောင်းလောက်အောင်ပင် ဖြစ်သည်။ အကုန်လုံး နီးပါး အမြတ်ရခဲ့သည်! ဤသည်က လင်းယန်၏နောက်ကွယ်တွင် ဝင်ငွေများကို စီမံခန့်ခွဲပေးနေသည့် အရမ်းတော်သော ပွဲစားတစ်ယောက်များ ရှိနေမလားဟု သူမကို သံသယဝင်စေခဲ့သည်။ သို့သော် ဘာအစအနမျှ ရှာမတွေ့ခဲ့ပေ။ အကယ်၍ ထိုမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်သာ တကယ်ရှိနေခဲ့လျှင်၊ သူ့ပိုင်ဆိုင်မှုတွေက Warren Buffett ကိုတောင် ကျော်တက်သွားလောက်ပြီ ဖြစ်သည်။ ဤသံသယများ ရှိနေခြင်းကြောင့်ပင် လင်းယန်နှင့် ပိုမို နီးကပ်စွာ နေထိုင်ကာ သူ့ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကို ဖြေရှင်းချင်နေခြင်း ဖြစ်နိုင်သည်။
သို့သော်... အံ့ဖွယ်စိုက်ပျိုးရေးစနစ်က လုပ်ထားသော စာရင်းများကို မည်မျှပင် ကျွမ်းကျင်သော ပညာရှင်ဖြစ်ပါစေ ပြဿနာရှာတွေ့မည် မဟုတ်ပေ။ လင်းယန်ကိုယ်တိုင် မပြောသရွေ့ပေါ့။ သေချာသည်မှာ လင်းယန်က အမှန်အတိုင်း ပြောပြလိုက်လျှင်တောင် မည်သူကမှ ယုံကြည်မည် မဟုတ်ချေ။ အင်တာနက်ဝတ္ထုတွေ ဖတ်တာများပြီး ရူးသွားပြီဟုသာ ထင်ကြကာ စိတ်ပညာရှင် သို့မဟုတ် စိတ်ရောဂါကု ဆရာဝန်နှင့် ပြသရန်သာ အကြံပေးကြပေလိမ့်မည်...။
လောင်ဝမ်ကတော့ ပြုံးရုံသာ ပြုံးနေခဲ့သည်။ ဒါတွေက ဘာမှမဟုတ်သေးဘူးဟုသာ သူ ထင်သည်။ ဤလယ်ထွက်ကုန် နှစ်မျိုးမှာ အရပ်ဘက်သုံး သီးသန့်သာ ဖြစ်သည်။ တစ်ခုက ပြည်သူ့စားဝတ်နေရေးအတွက်ဖြစ်ပြီး နောက်တစ်ခုက ဆေးဘက်ဆိုင်ရာအတွက် ဖြစ်သည်။ သို့သော် တကယ် အစွမ်းထက်ဆုံး အရာက ဟို မြေပဲတွေပင်! ရလဒ်တွေသာ တကယ်ထွက်လာခဲ့လျှင်... ဒါက နိုင်ငံတော် တစ်ခုလုံးရဲ့ မဟာဗျူဟာကြီးနဲ့ ပတ်သက်သွားပြီလေ!
စစ်ရေးအင်အား တောင့်တင်းမှုမရှိသော သာယာဝပြောမှုဆိုသည်မှာ အတုအယောင် သာယာဝပြောမှုသာ ဖြစ်သည်။ မည်မျှပင် ပိုက်ဆံများများ ရှိနေပါစေ၊ သူများမျက်စိထဲတွင်တော့ အဆီအနှစ်ပြည့်နေသော သိုးတစ်ကောင်မျှသာ ဖြစ်နေမည်။ လုံလောက်သော စစ်ရေးအင်အား ရှိမှသာလျှင် ချမ်းသာလာသော ပြည်သူများ၏ လက်ထဲရှိ ပိုက်ဆံများကို အခြားသူများ လာမလုယူနိုင်အောင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ လင်းယန်သည် လယ်သမားများကို ချမ်းသာလာစေရုံသာမက ပြည်သူများ၏ ပိုက်ဆံအိတ်ကို ကာကွယ်ပေးရာတွင်ပါ ကြီးမားသော အကျိုးပြုမှုကို လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်... ဤလျှို့ဝှက်ချက်နှင့်ပတ်သက်ပြီး သူ လျှောက်ပြောမည်တော့ မဟုတ်ပေ။ အချို့အရာများမှာ စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိသေးသည် မဟုတ်လား။ နောက်ဆုံး ရလဒ်က ဘယ်လိုထွက်လာမလဲ ဆိုတာကို ဘယ်သူက အသေအချာ ပြောနိုင်ပါမည်နည်း?
သို့သော် သူတို့ ထိုင်နေသည်မှာ သိပ်မကြာသေးခင်မှာပင်၊ အပြင်ဘက်မှ ဟိန်းထွက်လာသော အော်ဟစ်သံကြီးကို ရုတ်တရက် ကြားလိုက်ရသည်။
"ကောင်လေးလင်း! ကောင်လေးလင်း ဘယ်မှာလဲ?"
"ငါ သူ့ကို တွေ့မှဖြစ်မယ်၊ စောင့်မနေနိုင်တော့ဘူး!"
"ဘယ်လယ်ကွက်ထဲမှာလဲ? လယ်ထွန်စက်က အရမ်းနှေးတယ်။ ဟယ်လီကော်ပတာရော ဘယ်မှာလဲ?"
"မရရင် ဂြိုဟ်တုကို သုံးပြီး သူ့နေရာကို တိုက်ရိုက် ခြေရာခံပေးစမ်း!"
အပြင်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ လင်းယန်၏နဖူးမှ ချွေးစေးများပင် ထွက်လာခဲ့သည်။
'ဂြိုဟ်တုနဲ့ ငါ့ကို ခြေရာခံမယ်? ဒီခေတ်ကြီးမှာ စစ်ဘက်သုံး ဂြိုဟ်တုတွေရဲ့ စွမ်းရည်က အဲ့ဒီလောက်တောင် မြင့်နေပြီလား?'
'ပြီးတော့... အဘိုးစူးက အငြိမ်းစား ယူသွားပြီ မဟုတ်ဘူးလား? ဘယ်လိုလုပ် ဒီလောက် မြင့်မားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ရှိနေသေးတာလဲ။'
'သူက ဒီမှာ ဘာတွေ လာရူးနေပြန်တာလဲ? ငါ ကျိန်ရဲပါတယ်! ငါ စူးရို့ရို့ကို ဘာမှ မလုပ်ခဲ့ရပါဘူးနော်!?' ဟု လင်းယန်တစ်ယောက် ထိတ်လန့်တကြား တွေးနေမိတော့သည်။
***