နောက်ဆုံးတွင်တော့ လင်းယန်သည် ချင်စုစုကို အဘိုးစူးထံ သွားခေါ်ခိုင်းလိုက်ရတော့သည်။
ပြည်တွင်းရှိ ဂြိုဟ်တုများက အသုံးပြုရ အလွန်ကောင်းမွန်သည်မှာ မှန်သော်လည်း၊ ဤကဲ့သို့ အသေးအဖွဲ ကိစ္စများတွင် သုံးရန်တော့ မဟုတ်ပေ။ သို့သော် ဤဖြစ်ရပ်က ပြည်တွင်းရှိ ဂြိုဟ်တုများ၏ ခြေရာခံနိုင်စွမ်း မည်မျှအထိ ကြောက်စရာကောင်းကြောင်းကို သက်သေပြလိုက်သလို ဖြစ်သွားသည်။
'ငါ့ကို ဂြိုဟ်တုနဲ့ ခြေရာခံလိုက်တဲ့အချိန်၊ ဒုံးကျည်တစ်လုံးလောက်များ တစ်ပါတည်း ချိန်ရွယ်ပြီးသား ဖြစ်နေမလားပဲ။ တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလိုက်တာ။ ငါ့ခန္ဓာကိုယ်က သန်မာတယ် ဆိုပေမဲ့... ဒုံးကျည်အပစ်ခံရရင် လေယာဉ်တင်သင်္ဘောကြီးတောင် ခံနိုင်ရည်မရှိတာ၊ ငါက ဘယ်လိုလုပ် ခံနိုင်မှာလဲ။ တကယ်ကြီး ခြေရာခံခံထားရတယ်လို့ တွေးမိတိုင်း ရင်ထဲမှာ ထိတ်လန့်နေမိတယ်' လင်းယန် စိတ်ထဲမှတွေးကာ ကြက်သီးမွေးညင်းများပင် ထသွားမိသည်။
အဘိုးစူးသည် လင်းယန်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာပေါ်တွင် အလွန်တရာ စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လွင်လာခဲ့သည်။ သူ့အပြုံးများကြောင့် မျက်နှာပေါ်ရှိ အရေတွန့်များပင် ပို၍ ထင်ရှားလာသည်။ လင်းယန်အနေဖြင့် အဘိုးစူး ဤမျှလောက် ပျော်ရွှင်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"ကောင်လေးလင်း! မင်းက နိုင်ငံတော်အတွက် အကျိုးကျေးဇူး အကြီးကြီးကို ပြုလိုက်တာပဲကွ!
ဒီတစ်ခေါက် ငါလာတာက စစ်တပ်ကို ကိုယ်စားပြုပြီး လာတာ။ မင်းကို တောင်းဆိုချင်တာက... ဒီမြေပဲတွေကို ဆက်မစားပါနဲ့တော့။ အကုန်လုံးကို မျိုးစေ့အဖြစ် ချန်ထားပေးပါ။ စစ်တပ်အတွက် အရမ်းကို အရေးကြီးတဲ့ အသုံးဝင်မှုရှိနေလို့ပါ။
ပိုက်ဆံ ဘယ်လောက်လိုချင်လဲ၊ မင်း ကြိုက်သလောက်သာ တောင်း။ ငါ ကိုယ်စားပြုပြီး ချထားပေးနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက်တစ်ခုတည်း ရှိတယ်။ အဲ့ဒါက... ဒီအနီးအနားက လယ်မြေတွေထဲမှာ အနည်းဆုံး ဧက ၆၀၀ လောက်တော့ မြေပဲ သီးသန့် စိုက်ပေးရမယ်။ ရမလား?" ဟု အဘိုးစူးက အားတက်သရော ပြောဆိုလိုက်သည်။
ထိုစကားကြောင့် လင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ သတင်းက ဤမျှမြန်မြန် ပေါက်ကြားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဘေးတွင် ရပ်နေသော ရှုချင်မှာမူ မျက်နှာတွင် ဇဝေဇဝါ အမူအရာများ အပြည့်ဖြစ်နေသည်။ အဘိုးစူး၏ နောက်ခံက ဘာလဲဆိုတာကို သူမ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် အပြင်ဘက်မှ အော်ဟစ်သံများနှင့် သူ့အနောက်တွင် ပါလာသော သက်တော်စောင့်များကို ကြည့်ခြင်းအားဖြင့် ရာထူးအဆင့်အတန်းက သေးငယ်မည်မဟုတ်ကြောင်း သူမ ရိပ်မိလိုက်သည်။ အနည်းဆုံးတော့ သူမလို ရွာအုပ်ချုပ်ရေးမှူးလေး ယှဉ်နိုင်မည့် အဆင့်မျိုး လုံးဝ မဟုတ်ပေ။
'ဒါပေမဲ့... ပိုက်ဆံကို ကြိုက်သလောက်တောင်း၊ ဧက ၆၀၀ လုံး မြေပဲပဲ စိုက်ရမယ်ဆိုတာက ဘာသဘောလဲ? မြေပဲက ဘယ်အချိန်ကစပြီး ဒီလောက်တောင် အဝယ်လိုက်သွားရတာလဲ? စစ်တပ်ကတောင် လိုချင်နေတယ်တဲ့လား? ဘာလုပ်ဖို့လဲ? မြေပဲစေ့ကို သေနတ်ထဲထည့်ပြီး ကျည်ဆန်အဖြစ် ပစ်မလို့လား? ဒါမှမဟုတ် မြေပဲစားရင် စိတ်ဓာတ်ခွန်အားတွေ တက်ကြွလာလို့များလား? လုံးဝကို နားမလည်နိုင်တော့ဘူး' ဟု ရှုချင် စိတ်ထဲမှ တွေးတောနေမိသည်။
လင်းယန် ငြင်းဆန်ရန် ပါးစပ်ပင် မဟရသေးခင်၊ လောင်ဝမ်က မျက်နှာထား တင်းတင်းဖြင့် ဝင်ပြောလိုက်သည်။
"အဘိုးကြီးစူး... ဒီမြေပဲတွေက ခင်ဗျားတို့အတွက် အရမ်းအရေးကြီးတယ်ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ မမေ့ပါနဲ့... ငါတို့မှာလည်း ဒီနေရာမှာ တခြား စမ်းသပ်စိုက်ပျိုးရေး ပရောဂျက်တွေ ရှိသေးတယ်။ လယ်မြေက အရမ်းရှားပါးနေတာ!"
အဘိုးစူး၏မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်း ဒေါသတကြီး ပြန်ပက်လိုက်သည်။
"ကျန်တဲ့ ဧက ၂၀၀ ကို မင်းတို့ ကြိုက်သလို လုပ်လို့ ရနေတာပဲ မဟုတ်ဘူးလား?”
“ဧက ၂၀၀ က ဘာလုပ်လို့ လောက်မှာလဲ!"
"ဟွန့်! မင်းတို့ တိတ်တဆိတ် မြေတွေ ထပ်ရှင်းနေတယ်ဆိုတာ ငါ မသိဘူး မထင်နဲ့။ နွေဦးပေါက်လာရင် ဒီကောင်လေး လက်ထဲမှာ လယ်မြေ ဧက ၁၀၀၀ လောက် ရှိလာတော့မှာလေ။ အဲ့ဒီထဲကနေ ငါက ဧက ၆၀၀ လောက် တောင်းတာ ဘာဖြစ်လို့လဲ?"
"ဒါဆို ငါတို့ရဲ့ တခြားပရောဂျက်တွေက အရေးမကြီးတော့ဘူးလား?"
"မင်းတို့မှာ တခြား စမ်းသပ်လယ်ကွင်းတွေ အများကြီး ရှိနေတာပဲ။ တခြားနေရာကို ပြောင်းသွားလိုက်ပေါ့။"
"ငါတို့က ဒီမှာ ဓာတ်ခွဲခန်းတွေတောင် ဆောက်ပြီးနေပြီ။"
"ငါတို့ ပိုက်ဆံထုတ်ပေးမယ်။ အဲ့ဒီနေရာတစ်ခုလုံးကို ငါတို့ ဝယ်လိုက်မယ်။ မင်းတို့သာ ဈေးခေါ်လိုက်။ မြင်းထိန်းအဘိုးကြီး ပီမာဝမ် (မျောက်မင်း ဆွန်းဝူခုန်း၏ နတ်ပြည်ရှိ ရာထူးငယ်) ... ဒီမြေပဲက ငါတို့အတွက် ဘယ်လောက်တောင် အရေးကြီးသလဲ ဆိုတာကို မင်းလည်း အသိဆုံးပဲ။"
အဘိုးကြီး နှစ်ယောက်မှာ အင်္ကျီလက်မောင်းများကို ပင့်တင်ကာ လက်ပါတော့မည့် အခြေအနေအထိ ရန်ဖြစ်နေကြလေပြီ။
ဘေးနားရှိ လူငယ်များမှာ ဤမြင်ကွင်းကိုကြည့်ပြီး အလွန်တရာ အံ့အားသင့်နေကြသည်။ အထူးသဖြင့် အဝေးမှ ကြည့်နေသော ကျောင်းသားများမှာ လောင်ဝမ်တွင် ဤမျှလောက် တိုက်ခိုက်လိုစိတ်များ ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။ ရှုချင်မှာလည်း အနည်းငယ် ထိတ်လန့်သွားပြီး၊ ချင်စုစုမှာ အဘိုးကြီး နှစ်ယောက်ကို လာတားပေးရန် စူးရို့ရို့ထံသို့ အပြေးအလွှား သွားခေါ်ရတော့သည်။
နောက်ဆုံးတွင် လင်းယန်က မတ်တပ်ထရပ်ကာ အဘိုးကြီး နှစ်ယောက်ကို ဆွဲခွာလိုက်ရသည်။
"အဘိုးစူးက ဧက ၆၀၀ လုံး စိုက်ချင်တယ်ဆိုမှတော့... ကျွန်တော်က ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။"
အဘိုးစူးမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။
"ဒါမှ လူစကား ပြောတာပေါ့။ ကောင်လေး... မင်းကို ငါ အထင်မမှားခဲ့ဘူးပဲ။"
လောင်ဝမ်ကတော့ အလွန် စိုးရိမ်တကြီး ဖြစ်သွားပြီး-
"ကောင်လေးလင်း! မင်းက သူ့မြေးမလေးရဲ့ ပြုစားတာကို ခံလိုက်ရပြီလား? ဒီမှာ ငါ့ကျောင်းသားတွေ၊ ပါမောက္ခတွေ အများကြီး ရှိတယ်နော်။ ရှေးခေတ်က ဧကရာဇ်မင်းတွေ မိဖုရားရွေးတာတောင် မင်း ဒီလောက် အများကြီး မြင်ဖူးမှာ မဟုတ်ဘူး!" ဟု အော်ပြောလိုက်သည်။
အဘိုးစူးက မာနတခွဲဝဲဖြင့် လည်ပင်းကိုမော့ကာ ပြန်ပက်လိုက်သည်။
"ဘယ်သူကများ ငါ့မြေးမလေး ရို့ရို့ နဲ့ လာယှဉ်နိုင်မှာလဲ? ငါ အခုပဲ ဆုံးဖြတ်ချက် ချပေးလိုက်မယ်။ မင်းတို့နှစ်ယောက် နေ့ကောင်းရက်သာ ရွေးပြီး တန်းလက်ထပ်လိုက်ကြ! ငါ့ စူးအိမ်တော်က ပိုင်ဆိုင်မှုတွေ အကုန်လုံးကို သတို့သမီး လက်ဖွဲ့အဖြစ် ထည့်ပေးလိုက်မယ်။ မနက်ဖြန်ဆိုရင်ပဲ ရက်ရာဇာ ဖြစ်နေပြီမို့ အရမ်းကောင်းတယ်။"
"စူးတာ့ချန်! မင်းက ကိုယ့်မြေးမလေးကိုတောင် ပြန်ရောင်းစားနေတာလား!" ဟု လောင်ဝမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ချီးပဲ! ငါက ကောင်လေးလင်းကို သဘောကျလွန်းလို့။"
"မင်းမေ..."
လင်းယန်သာ အလယ်မှ ဝင်မတားထားလျှင် အဘိုးကြီး နှစ်ယောက် အမှန်တကယ် လက်ပါသွားလောက်ပြီ ဖြစ်သည်။ လင်းယန်လည်း ချက်ချင်း စကားဖြတ်ပြောလိုက်ရသည်။
"ဒါပေမဲ့... ကျန်တဲ့ မျိုးစေ့တွေက ဧက ၆၀၀ စာအတွက် မလောက်တော့ဘူး။"
အဘိုးစူးမှာ ရုတ်တရက် အူကြောင်ကြောင် ဖြစ်သွားတော့သည်။ လောင်ဝမ်လည်း အခြေအနေကို သဘောပေါက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ လင်းယန်ကို ကြည့်နေသည့် သူ၏ မျက်လုံးများထဲတွင် 'ငါ့တပည့်လေး တော်လိုက်တာ' ဆိုသည့် အဓိပ္ပာယ်များ ပေါ်လွင်နေသည်။ ဤလှည့်ကွက်က သူ့ထက်ပင် သာလွန်နေသေးသည်။
နောက်ဆုံးတွင် အဘိုးစူးက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မေးလိုက်သည်။
"ကောင်လေး... မင်းဆီမှာ ဘယ်လောက်စာ ကျန်သေးလဲ?"
လင်းယန် ခေတ္တ စဉ်းစားဟန် ပြုလိုက်ပြီး-
"အကုန်လုံး ပေါင်းရင်တောင် ဧက ၃၀၀ စာ မပြည့်တော့ဘူး။ ဒီနေရာမှာတော့ ဧက ၂၀၀ လောက်ပဲ စိုက်လို့ရမယ်။ ကျန်တဲ့ မျိုးစေ့တွေကို ခင်ဗျားတို့ ယူသွားပြီး တခြားနေရာတွေမှာ ခွဲပြီး စမ်းသပ်စိုက်ပျိုးကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုတော့... ဒီနေရာက လယ်မြေ တော်တော်များများက မြေပဲစိုက်ဖို့ သိပ်မသင့်တော်လို့ပါ။"
အဘိုးစူး အနည်းငယ် စဉ်းစားသွားပြီးနောက် နောက်ဆုံးတွင် လက်ခံလိုက်သည်။
"ကောင်းပြီလေ! ဧက ၂၀၀ ဆိုလည်း ဧက ၂၀၀ ပေါ့! ကျန်တဲ့ မျိုးစေ့တွေ အကုန်လုံးကို ငါတို့ကို ပေးလိုက်။ ငါတို့ဘာသာ သွားစိုက်ဖို့ နည်းလမ်းရှာလိုက်မယ်။"
ထိုအခါ လောင်ဝမ်က ပြုံးစိစိဖြင့် ဝင်ပြောလိုက်သည်။
"ငါတို့များ ကူညီပေးရဦးမလား? လယ်စိုက်တဲ့နေရာမှာ ငါတို့က ပညာရှင်တွေလေ။"
"မလိုပါဘူး။ စစ်တပ်ထဲက လူစွမ်းကောင်းတွေက မင်းတို့ထက် မနည်းပါဘူး" ဟု ပြန်ပြောလိုက်ပြီးနောက် အဘိုးစူးက လေးနက်သော လေသံဖြင့် ဆက်ပြောသည်။
"ဒါပေမဲ့ ဒီမြေပဲကိစ္စက တော်တော်လေး အရေးကြီးတယ်။ ငါ ဒီကို တပ်ခွဲတစ်ခုကို ခေါ်လာခဲ့တယ်။ ဒီညနေဆို ရောက်လိမ့်မယ်။ အခုကစပြီး ကောင်လေးလင်းရဲ့ လယ်စိုက်တဲ့ အလုပ်တွေကို သူတို့ ကူညီပေးလိမ့်မယ်။ ပြီးတော့ မင်းရဲ့ လုံခြုံရေးကိုလည်း သူတို့ပဲ တာဝန်ယူပေးလိမ့်မယ်။
နောက်ထပ် ကိစ္စတစ်ခုက... မင်း စိုက်ထားတဲ့ တခြားသီးနှံတွေကိုလည်း ငါ့ကို နည်းနည်းလောက် ခွဲပေးပါဦး။ စစ်တပ်ထဲမှာ သုံးလို့ရမလား စမ်းကြည့်ချင်လို့။"
လင်းယန်၏မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားရသည်။
'တပ်ခွဲ တစ်ခုလုံးကို တိုက်ရိုက် ခေါ်လာတာလား? လူအယောက် ၁၀၀ လောက် ရှိမှာပေါ့! ငါ့ကို လာကာကွယ်ပေးတာလား... ဒါမှမဟုတ် စောင့်ကြည့်ဖို့ လာတာလား ဆိုတာတောင် ခွဲမရတော့ဘူး' ဟု သူ တွေးလိုက်မိသည်။
မည်သို့ပင်ဆိုစေ မြေပဲဆီကို လေယာဉ်ဆီအဖြစ် သုံးနိုင်သည်ဆိုသည့်ကိစ္စမှာ နိုင်ငံတော် အဆင့် လျှို့ဝှက်ချက်တစ်ခု ဖြစ်သွားပြီ မဟုတ်လား။ ၎င်းသည် လုံးဝကို သီးသန့်ဖော်စပ်နည်း ဖြစ်သည်။ အပြင်သို့ မပေါက်ကြားအောင် သေချာပေါက် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားမည်သာ ဖြစ်သည်။ မကြာမီမှာပင် လင်းယန်လည်း သတင်းမထုတ်ပြန်ရအမိန့်ကို လက်ခံရတော့မည်မှာ သေချာသည်။ လူအများစု၏အမြင်တွင် လေယာဉ်ဆီထဲသို့ မြေပဲဆီ ရောစပ်အသုံးပြုသည်ဆိုခြင်းမှာ အလွန် ရယ်စရာကောင်းပြီး ယုံတမ်းစကားဆန်သော ကိစ္စတစ်ခု ဖြစ်နေသောကြောင့်ပင်။
နောက်ဆုံးတွင် အဘိုးစူးက လင်းယန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ကောင်လေး... မင်း စစ်တပ်ထဲ ဝင်ဖို့ စိတ်ဝင်စားလား? မင်းကို ဒုဗိုလ်ရာထူး တန်းပေးမယ်။ ဒီမြေပဲခင်းတွေကို သေချာစီမံအုပ်ချုပ်ပေးနိုင်ရင် ရပြီ။"
လင်းယန်က အမြန်လက်ကာပြလိုက်သည်။ သူ ဤစစ်ရထားလုံးကြီးပေါ်သို့ အတက်မခံနိုင်ပေ။ အဘိုးစူး၏ လက်အောက်ခံ စစ်သားဖြစ်သွားလျှင် နောင်တစ်ချိန်တွင် အဘိုးစူးအတွက် အခမဲ့ အလုပ်လုပ်ပေးရမည့် ဘဝသို့ ရောက်သွားမည် မဟုတ်လား?
"စစ်တပ်ထဲ ဝင်တယ်ဆိုတာက အရမ်း အလေးအနက်ထားပြီး စဉ်းစားရမယ့် ကိစ္စလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ကတော့ လယ်စိုက်ရတာကိုပဲ ပိုသဘောကျပါတယ်။"
"ဒါဆိုလည်း ဒီအတိုင်း သတ်မှတ်လိုက်ပြီ။ မင်းရဲ့ ဒုဗိုလ် ယူနီဖောင်းနဲ့ ရာထူးတံဆိပ်ကို ဒီညနေ တစ်ခါတည်း ယူလာခဲ့ပေးမယ်။ တခြား ဘာမှ လုပ်စရာမလိုဘူး၊ မြေပဲခင်းတွေကို သေချာ ကြည့်ထားပေးရင် ရပြီ။ လစာအနေနဲ့ကတော့ တစ်လကို ယွမ် ၄,၀၀၀ ရမယ်။ ဒုဗိုလ်ရာထူးရဲ့ ခံစားခွင့်တွေ အကုန်လုံး အပြည့်အဝ ရမယ်။"
လင်းယန် အကြောင်သား ဖြစ်သွားတော့သည်။
'သောက်ကျိုးနည်း... တစ်လ ယွမ် ၄,၀၀၀ တဲ့လား! ငါ့ပိုင်ဆိုင်မှုက ယွမ် ဘီလီယံ (၁၀ ဘီလီယံ) ကျော်နေပြီလေ။ အဲ့ဒီ ယွမ် ၄,၀၀၀ လေးကိုများ ငါက မက်နေရမှာလား? ဒါပေမဲ့ အဘိုးစူးပုံစံကို ကြည့်ရတာ... ငါနဲ့ တိုင်ပင်ဆွေးနွေးချင်တဲ့ပုံစံ လုံးဝ မပေါ်ဘူး'
ကျင်းယွမ်ဟန်ရဲ့သားနဲ့ သူက ဘာများကွာတော့လို့တုန်း။ အဘိုးကြီးက နှစ်ယောက်စလုံးကို စစ်တပ်ထဲသို့ အတင်း ပစ်ထည့်လိုက်သည်သာ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူက ဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်သွားခြင်းပင်။ သို့သော် ရုန်းကန်သင့်သည့် အချိန်တွင်တော့ ရုန်းကန်ရမည်သာ ဖြစ်သည်။
"အဘိုးစူး... ဒီကိစ္စကို ကျွန်တော် သဘောမတူနိုင်ဘူး။ မြေပဲခင်းတွေကို ကျွန်တော် ကြည့်ပေးပါ့မယ်။ ဒါပေမဲ့ ရာထူးကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး။"
လောင်ဝမ်ကလည်း ချက်ချင်း ဝင်ရောက် ကန့်ကွက်လေသည်။
"သူက ငါတို့ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပါမောက္ခ။ ခင်ဗျား လုယူချင်တိုင်း လုယူသွားလို့ မရဘူး!"
"ပီမာဝမ်... ခင်ဗျား ဘေးဖယ်နေစမ်းပါ။ ဒါက ငါတို့ရဲ့ မိသားစု အတွင်းရေးကိစ္စ။ မင်း ဝင်ပါစရာ မလိုဘူး!"
လောင်ဝမ်မှာ ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။
"အရှက်လေး ဘာလေးလည်း ရှိဦး! သူတို့နှစ်ယောက် လက်ထပ်ရသေးတာလည်း မဟုတ်ဘဲနဲ့!"
"ဘာဖြစ်လဲ? မင်း စွမ်းနိုင်ရင်လည်း ငါ့ကို ပြဖို့ မြေးမလေး တစ်ယောက်လောက် ဖန်တီးကြည့်လေဗျာ!"
လောင်ဝမ် လုံးဝ သည်းမခံနိုင်တော့ပေ။ သူက တစ်သက်လုံး သိပ္ပံပညာအတွက်သာ အချိန်ပေး မြှုပ်နှံခဲ့သူ မဟုတ်လား။
"ချမလား?"
"ဘယ်သူက ကြောက်နေလို့လဲ!"
***