ထျန်းလင်း၏ မျက်လုံးများမှာ သူမ၏ အနာဂတ်မြင်ကွင်းအစွမ်း ပွင့်လာသည်နှင့်အမျှ တောက်ပလာတော့သည်။
သူမ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ နောက်ထပ် သုံးစက္ကန့်အကြာတွင် လီယောင်းသည် သူမ၏ နောက်ကျောဘက်မှ ရုတ်တရက် ပေါ်လာပြီး ကျောရိုးတည့်တည့်ကို ဓားဖြင့် ထိုးလိမ့်မည်။ တစ်ချိန်တည်းမှာပင် ရှန်းယွီက သူ၏ အမှတ်အသားဖြစ်သော ဟင်းလင်းပြင်လက်ဝါးဖြင့် ရှေ့တည့်တည့်မှ တိုက်ခိုက်လာပြီး နောက်ဆုံးစက္ကန့်တွင်မှ ဓားချက်အဖြစ် ချက်ချင်း ပြောင်းလဲလိုက်လိမ့်မည်။
သူမ ပြုံးလိုက်မိကာ “ဒါက ရိုးရှင်းလွန်းတယ် ကလေးတွေ”
လီယောင်း ပေါ်လာတော့မည့် အချိန်အတိအကျတွင် ထျန်းလင်းက ဝေ့ယမ်းကာ လှည့်လိုက်ပြီး ပြေးဝင်လာမည့် ဓားသွားကို လက်ဗလာဖြင့် ဖမ်းဆွဲရန် ပြင်ဆင်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူမ၏ နောက်ထပ်လက်တစ်ဖက်ကို နောက်သို့ဆန့်ထုတ်ကာ ရှန်းယွီ၏ တိုက်ကွက်ကို ခုခံရန် အသင့်ပြင်လိုက်၏။
သို့သော် သူမ၏လက်မှာ ဟင်းလင်းပြင် အလွတ်ကြီးကိုသာ ဆုပ်ကိုင်မိသွားတော့သည်။
"ဟင်..."
လီယောင်းက ထိုနေရာတွင် ရှိမနေခဲ့ပေ။
ယင်းအစား အစစ်အမှန် တိုက်ကွက်မှာ အပေါ်တည့်တည့်မှ ကျဆင်းလာခြင်းပင်။ လီယောင်း
နှင့် ရှန်းယွီတို့ နှစ်ဦးစလုံးသည် အပေါ်မှနေ၍ အတူတကွ ဒိုင်ဗင်ထိုးဆင်းလာပြီး သူတို့၏ လက်နက်များကို အသင့်ပြင်ထားကြသည်။ ထျန်းလင်းမှာ အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ ထိုတိုက်ကွက်ကို အနိုင်နိုင် ရှောင်တိမ်းလိုက်ရသည်။
လီယောင်းသည် သူမ ရပ်နေခဲ့သော နေရာတွင် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းကို ချက်ချင်းပင် အေးခဲပစ်လိုက်သည်။ ရှန်းယွီကမူ ထိုအေးခဲနေသော ဟင်းလင်းပြင်ကို သူ၏ ဟင်းလင်းပြင်လက်ဝါးဖြင့် ဆက်တိုက် ရိုက်ခွဲပစ်လိုက်တော့သည်။
"ဒါကြီးက ဘာကြီးတုန်း…."
သူမ ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိသည်။
သူမ၏ အနာဂတ်မြင်ကွင်းက နောက်တစ်ကြိမ် ထပ်မံပွင့်လာပြန်သည်။ ယခုတစ်ခေါက်တွင်မူ နောက်ထပ် ဖြစ်ပေါ်လာမည့် အစီအစဉ်ကို သူမ အတိအကျ မြင်လိုက်ရပြန်သည်။ ရှန်းယွီက ဘယ်ဘက်မှနေ၍ တိုက်ခိုက်ဟန်ပြလုပ်နေစဉ် လီယောင်းက ညာဘက်မှ တိုက်ခိုက်လိမ့်မည်။ ထို့နောက် ရှန်းယွီက ဟင်းလင်းပြင်နယ်ပယ်ကို အသုံးချကာ တိုက်ပွဲအလယ်မှာပင် သူတို့နှစ်ဦး၏ တည်နေရာကို ချိန်းလိုက်လိမ့်မည်။
ထျန်းလင်းသည် သူမ မြင်တွေ့ခဲ့သည့်အတိုင်း တန်ပြန်တိုက်စစ်ဆင်ရန် နေရာယူလိုက်သည်။ သူမသည် ညာဘက်မှ ဝင်လာမည့် လီယောင်း၏ တိုက်ကွက်ကို ရင်ဆိုင်ရန် လှည့်လိုက်ပြီး ဓားကို ဖမ်းဆွဲရန် ပြင်လိုက်ပြန်သည်။
သို့သော် လီယောင်းမှာ ညာဘက်မှ မဟုတ်ဘဲ ဘယ်ဘက်မှနေ၍ ရောက်ရှိလာခဲ့ပြန်သည်။
ရှန်းယွီက နောက်ကျောဘက်မှနေ၍ အလစ်အငိုက် ရိုက်နှက်လိုက်ပြန်သည်။
ထျန်းလင်းမှာ သူမ၏ ဆံနွယ်အချို့ ဖြတ်တောက်ခံရလုနီးပါး ဖြစ်သည်အထိ ကံသီစွာဖြင့် ရှောင်တိမ်းလိုက်ရသည်။
"ဒါ... ဒါ မဖြစ်နိုင်တာ"
သူမ၏လက်ကို သူမ ပြန်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမ၏ အနာဂတ်
မြင်ကွင်းသည် ယခင်က တစ်ခါမျှ မလွဲချော်ခဲ့ဖူးချေ။
သူမသည် စွမ်းအားကို ပိုမိုအသုံးပြု၍ နောက်တစ်ကြိမ် ထပ်မံကြိုးစားလိုက်ပြန်သည်။ အနာဂတ်မြင်ကွင်းမှာ ပင်ကိုယ်စွမ်းရည်တစ်ခု ဖြစ်သော်လည်း သူမ၏ အချိန်ဆိုင်ရာ နားလည်မှုများကို အသုံးပြု၍ ၎င်းကို ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်သည်။ ယခုတစ်ခေါက်တော့ သေချာပေါက်...
ယခုတစ်ကြိမ်တွင် လီယောင်းက ရှေ့တည့်တည့်သို့ အားပါးတရ ထိုးနှက်လာမည်ဖြစ်ပြီး ရှန်းယွီက အောက်ပိုင်းကို ဝေ့ယမ်းတိုက်ခိုက်လိမ့်မည်။ သူမသည် အသေးစိတ်အချက်အလက်တိုင်းနှင့် ကြွက်သားလှုပ်ရှားမှုတိုင်းကိုပါ မြင်နေရသည်။
ထျန်းလင်းသည် ရှန်းယွီ၏ အောက်ပိုင်းတိုက်ကွက်ကို ခုန်ကျော်ပြီး လီယောင်း၏ ဓားချက်ကို ဖမ်းဆွဲရန် တန်ပြန်စစ်ဆင်ရေးအတွက် ပြင်ဆင်လိုက်သည်။
သို့သော် လီယောင်းမှာ ဓားဖြင့် ဘေးတိုက်လှီးဖြတ်ကာ ဝင်ရောက်လာပြီး ရှန်းယွီကမူ အပေါ်စီးမှနေ၍ တိုက်ခိုက်လာခဲ့ပြန်သည်။
ထျန်းလင်းမှာ ရှောင်တိမ်းရင်း ရင်ခုန်သံများ မြန်လာတော့သည်။ ဤကလေးနှစ်ယောက်ကို ကိုင်တွယ်ရသည်မှာ အလွန်တရာ ခက်ခဲလှသည်မဟုတ်သော်လည်း တစ်မျိုးကို မျှော်လင့်ထားပြီး အခြားတစ်မျိုး ဖြစ်လာသောအခါ သူမ၏ အာရုံခံစားမှုများမှာ တကယ်ကို ကမောက်ကမ ဖြစ်ကုန်ရသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သူမ၏ အနာဂတ်မြင်ကွင်းမှာ အားသာချက်မဟုတ်တော့ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာတော့သည်။
ရှန်းယွီ၏ အပေါ်စီးမှ ရိုက်နှက်မှုကို သူမ ရှောင်တိမ်းလိုက်စဉ်မှာပင် ထိုအရှိန်ကို အသုံးချကာ ရှန်းယွီကို ဖမ်းဆွဲလိုက်ပြီး အနားသို့ ပြေးဝင်လာသော လီယောင်းထံသို့ ပစ်ပေါက်လိုက်သည်။
"စီနီယာအစ်ကိုကြီး"
လီယောင်းက အော်ဟစ်လိုက်ရင်း သူ့ကိုဖမ်းရန် သူမ၏တိုက်စစ်ကို ချက်ချင်းရပ်လိုက်ရသည်။ သူတို့နှစ်ဦးစလုံးမှာ ထိုပစ်ပေါက်လိုက်သော အရှိန်ကြောင့် နောက်သို့ လွင့်စင်သွားကြ၏။
"ဗရမ်းဗတာနိယာမလား"
ထျန်းလင်းက တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ရေရွတ်လိုက်သည်။
သူမက လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ချောင်းများပတ်လည်တွင် ရွှေရောင်
စွမ်းအင်များ စတင်ဝဲလည်လာတော့သည်။
"အခုမှ အခြေအနေကို သဘောပေါက်တော့တယ်။ မင်းက ဗရမ်းဗတာနိယာမကို ဒီလောက်အထိ နားလည်ထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
ဗရမ်းဗတာနိယာမသည် ကျပန်းဖြစ်နိုင်ခြေအပေါ်တွင် များစွာအခြေခံပြီး ဖြစ်နိုင်ခြေများကို နှောင့်ယှက်နိုင်သည်။ ထို့ကြောင့်ပင် သူမ၏ ကြိုတင်ဟောကိန်းများမှာ အကောင်အထည် မပေါ်လာခြင်းဖြစ်ပြီး ဗရမ်းဗတာနိယာမက သူမ ဖတ်ရန်ကြိုးစားနေသော အနာဂတ်ကို ဖျက်ဆီးနေခြင်းပင်။
"ဘာပဲဖြစ်ဖြစ်... ကိစ္စမရှိပါဘူး"
သူမ ကိုယ့်ဘာသာ တွေးလိုက်သည်။
"ပြဿနာရဲ့ အရင်းအမြစ်ကို ငါ သိသွားပြီဆိုတော့ အရင်လို ဖြစ်တော့မှာ မဟုတ်ဘူး"
မသေမျိုးစွမ်းအင်လုံလောက်မှုမရှိခြင်းကြောင့် အချိန်နိယာမကို တိုက်ရိုက်အသုံးမပြုနိုင်သော်လည်း သူမအနေဖြင့် အချိန်နယ်ပယ်ကိုမူ အသုံးပြုနိုင်သေးသည်။ သူမ၏လက်အတွင်းရှိ ရွှေရောင်စွမ်းအင်များမှာ ရှေ့သို့ ဝေ့ယမ်းလိုက်သည်နှင့်အမျှ ပိုမိုတောက်ပလာတော့သည်။
ဟင်းလင်းပြင်အတွင်း၌ အချိန်နယ်ပယ်မှာ စတင်ကျယ်ပြန့်လာသည်။ သူမ ဖန်တီးလိုက်သော အချိန်စွမ်းအင်များကို ဟင်းလင်းပြင်က ငတ်မွတ်စွာ ဝါးမြိုနေသည်ကို သူမ ခံစားရသော်လည်း သူမကမူ ပြုံးလိုက်ရုံသာရှိပြီး ဟင်းလင်းပြင်က သူမ၏ ဖန်တီးမှုကို မလိုက်နိုင်တော့သည်အထိ စွမ်းအားကို ပိုမိုမြှင့်တင်လိုက်သည်။
ငါ့ရဲ့ အချိန်နိယာမကို အပြည့်အဝ ကျွမ်းကျင်မှုနဲ့ဆို နိုင်မှာသေချာတယ်။
သူမက ယုံကြည်မှုအပြည့်ဖြင့် တွေးလိုက်သည်။
ဒီကလေးရဲ့ နယ်ပယ်ကို ငါမနှိမ်နင်းနိုင်ဘူးဆိုရင် ဘယ်သူမှလည်း နှိမ်နင်းနိုင်မှာ မဟုတ်တော့ဘူး။
"စီနီယာအစ်ကိုကြီး... အဆင်ပြေရဲ့လား"
လီယောင်းက ရှန်းယွီကို ထူပေးရင်း မေးလိုက်သည်။
"အင်း... ကျေးဇူးပဲ"
သူက ပြန်ဖြေလိုက်သော်လည်း သူ၏မျက်နှာအမူအရာမှာ တင်းမာနေဆဲပင်။
ထျန်းလင်း၏ နယ်ပယ် ကျယ်ပြန့်လာသည်ကို ကြည့်ရင်း ရှန်းယွီ၏ ဦးနှောက်က အပြင်းအထန် အလုပ်လုပ်နေသည်။ ဒါက အန္တရာယ်ရှိသည်။ အကယ်၍ သူမ ဤအတိုင်းသာ ဆက်သွားနေလျှင် သူ၏ ဟင်းလင်းပြင်နယ်ပယ်ကို အမှန်တကယ် ဖောက်ထွက်သွားနိုင်ပြီး သူတို့၏ အစီအစဉ်တစ်ခုလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။ သူ့တွင် အရန်အစီအစဉ်ရာနှင့်ချီ၍ ရှိနေသော်လည်း ၎င်းတို့ကို အသုံးမပြုရဖို့သာ သူ ဆန္ဒရှိသည်။
သူသည် လက်ကိုမြှောက်လိုက်ပြီး သူမ၏နယ်ပယ်ကို တိုက်ရိုက်ရင်ဆိုင်ရန် သူ၏ အချိန်နယ်ပယ်ကို စတင်ဖြန့်ကျက်လိုက်သည်။ နယ်ပယ်နှစ်ခုမှာ ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် ပွတ်တိုက်အားပြိုင်နေကြတော့သည်။
"အိုး... မင်းလည်း ဒါကို သုံးတတ်တာလား။ မင်းက စက္ကန့်တိုင်းမှာ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတာပဲ"
ထျန်းလင်းက သူမ၏ နှုတ်ခမ်းများတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လွင်လျက် ပြောလိုက်သည်။
"ဒါက မင်းကို ငါ ပိုပြီး လိုချင်လာအောင် လုပ်နေတာပဲ။"
ထိုခဏမှာပင် လီယောင်းသည် သူမ၏ နောက်ကျောဘက်၌ ပေါ်လာပြီး ထျန်းလင်း၏ လည်ပင်းကို ဓားဖြင့် အားပါးတရ လွှဲယမ်းလိုက်သည်။
ထျန်းလင်းကမူ အလျင်စလိုမရှိဘဲ လှည့်ကြည့်လိုက်သည်။
"သဝန်တိုမနေပါနဲ့။ မင်းကိုလည်း ငါ လိုချင်ပါတယ်"
ထိုသို့ပြောကာ ဓားသွားကို လက်ဗလာဖြင့် ဖမ်းဆွဲလိုက်သည်။ သူမ ဝတ်ဆင်ထားသော အနက်ရောင် ဝတ်စုံအကျပ်မှာ ရုတ်တရက် ပေါက်ပြဲသွားပြီး အနက်ရောင် ရေဘဝဲလက်တံရာပေါင်းများစွာမှာ လီယောင်းကို ပတ်နှောင်ရန် တစ်ဟုန်ထိုး ပြေးထွက်လာတော့သည်။
လက်တံများက လီယောင်းနှင့် ထိတွေ့တော့မည့် ဆဲဆဲတွင် သူမသည် ပျောက်ကွယ်သွားပြီး ရှန်းယွီ၏ ဘေးနားတွင် ပြန်လည်ပေါ်လာခဲ့သည်။
"ဘယ်လိုလဲ"
လီယောင်းက အလောတကြီး မေးလိုက်သည်။
"အရမ်း အစွမ်းထက်လွန်းတယ်။ ငါ မထိန်းချုပ်နိုင်တော့ဘူး။ ဒီအတိုင်းသာဆိုရင်..."
ရှန်းယွီ စကားမဆုံးသေးခင်မှာပင် သူ၏ စိတ်ထဲ၌ အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။
[ဒါဆို ငါလည်း ဝိုင်းကူပေးရမှာပေါ့]
ဧကရီ၏ အသံက ဟိန်းထွက်လာသည်။
ချက်ချင်းပင် ဟင်းလင်းပြင်နယ်ပယ်၏ အထက်တွင် ကြီးမားလွန်းလှသော ရွှေရောင်နာရီကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုနာရီကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထျန်းလင်း၏ အချိန်နယ်ပယ်မှာ တရိပ်ရိပ် ပြန်လည်ကျုံ့ဝင်သွားတော့သည်။ သူမ၏ ပတ်ပတ်လည် မီတာအနည်းငယ်အတွင်းသို့ ရောက်သွားသည်အထိ နယ်ပယ်က ဖိသိပ်ခံလိုက်ရသည်ကို ကြည့်ရင်း သူမ မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရသည်။
"ဒါ ဘာကြီးလဲ ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
...
ထျန်းလင်းသည် ကျုံ့ဝင်သွားသော သူမ၏ အချိန်နယ်ပယ်ကို ပြန်လည်ကျယ်ပြန့်လာစေရန် အတင်းအဓမ္မ ဖိအားပေး တွန်းထုတ်နေသည်။
သို့သော် သူမ ရှိသမျှ စွမ်းအားအကုန် သုံးနေသော်လည်း သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည် မီတာအနည်းငယ်ထက် ပို၍ ကျယ်မလာတော့ချေ။
သူမသည် အထက်တွင် လွင့်မျောနေသော ကြီးမားသည့် ရွှေရောင်နာရီကြီးကို မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။ ၎င်းသည် အချိန်ဆိုင်ရာ စွမ်းရည်တစ်ခုဖြစ်ကြောင်း သူမ အာရုံခံမိသည်။ နိယာမအဆင့်ထိ မရောက်သေးသော်လည်း အလွန်တရာ အစွမ်းထက်လှသည်။
ငါ့ရဲ့ အချိန်နယ်ပယ်ကိုတောင် ကန့်သတ်နိုင်တဲ့ အချိန်စွမ်းရည်မျိုးကို ဘယ်သူက ထုတ်သုံးနိုင်တာလဲ။
သူမ တွေးတောနေမိ၏။
သူမသည် ဤနိယာမကို အပြည့်အဝ ကျွမ်းကျင်ပြီးသားသူ ဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်
နိုင်ရန်မှာ သူမထက်ပင် အချိန်ဆိုင်ရာ နားလည်မှုပိုမိုမြင့်မားသူမှသာ ဖြစ်နိုင်သည်။
ဒါပေမဲ့... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက အချိန်နိယာမကို ပိုင်စိုးပြီး နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သူလေ။
သူမထက် သာလွန်သော နားလည်မှုရှိသူဆိုသည်မှာ မရှိနိုင်ပေ။
သူမထက် ပိုမိုနားလည်နိုင်ရန်မှာ တစ်သက်လုံး အချိန်နိယာမကိုသာ ထိုင်၍ လေ့လာနေသူမျိုးမှသာ ဖြစ်ပေလိမ့်မည်။
"မင်းရဲ့ အချိန်ဆိုင်ရာ နားလည်မှုက တကယ်ကို မြင့်မားတာပဲ။ သူမရဲ့ နယ်ပယ်ကိုတောင် နှိမ်နင်းနိုင်တယ်ပေါ့"
ရှန်းယွီက အထင်ကြီးလေးစားသော လေသံဖြင့် ပြောလိုက်သည်။
[ဒီလိုပါပဲ...]
ဧကရီက စိတ်မပါသလို ပြန်ဖြေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ၏ စီနီယာအစ်မဖြစ်သူက ဤအရာကို အတင်းအကျပ် လေ့လာခိုင်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူမ သိပ်စိတ်မဝင်စားဘဲ အပျော်သဘောလောက်သာ လေ့လာခဲ့ခြင်းပင်။
ဧကရီက သူမ၏ အာရုံကို လီယောင်းထံသို့ လွှဲလိုက်သည်။
[ဘာပဲဖြစ်ဖြစ်... ဒါက ယာယီအစီအစဉ်ပဲ။ ငါ့မှာ ဒါကို အကြာကြီး ထိန်းထားနိုင်ဖို့ စွမ်းအင် အလုံအလောက် မရှိဘူး။ မင်းတို့ ဒါကို အပြတ်ရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ရှာမှဖြစ်မယ်]
သူမက ပြောလိုက်သည်။
"အပြတ်ရှင်းဖို့"
လီယောင်းက မရေရာသော လေသံဖြင့် ထပ်ပြောလိုက်သည်။
သူတို့ တကယ်လုပ်နိုင်ပါ့မလားဟု သူမ တွေးနေမိ၏။ အချိန်နယ်ပယ် အားသာချက် မရှိတော့လျှင်တောင်မှ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကွာခြားချက်မှာ အလွန်ကြီးမားလွန်းနေဆဲပင်။
[မှန်တယ်]
ဧကရီက ပြောလိုက်သည်။
ထို့နောက် သူမ ပြုံးလိုက်ကာ [ဒါကို လုပ်နိုင်မယ့် နည်းလမ်း ငါ့မှာရှိတယ်]
"ဘယ်လိုနည်းလဲဟင်"
လီယောင်းက စိတ်ဝင်တစား မေးလိုက်သည်။
[ငါ မင်းကို နိယာမတစ်ခုကို ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးမယ်]
***