ထျန်းလင်းက ရွှေရောင်နာရီကြီးကို မော့ကြည့်ရင်း သူမ၏မျက်လုံးများ စူးရှသွားသည်။
သာမန်လူသားနှစ်ယောက်အနေဖြင့် ဤကဲ့သို့သော နားလည်မှုအဆင့်အတန်းမျိုး အနားသို့ပင် ကပ်နိုင်စရာ အကြောင်းမရှိပေ။
သူမ၏ မျက်လုံးများမှာ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီးနောက် သူမ၏ အခြားသော စွမ်းရည်တစ်ခုကို အသက်သွင်းလိုက်ပြန်သည်။
ဤစွမ်းရည်ဖြင့် သူမသည် ထိုနာရီကြီးထံမှ ထွက်ပေါ်လာသော ရွှေရောင်စွမ်းအင်ကြိုးမျှင်လေးကို လိုက်လံကြည့်ရှုရာ ၎င်းမှာ လီယောင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရ၏။
"သူမက ဒါကို လုပ်နေတာလား"
သူမက ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ဟက်... မဖြစ်နိုင်တာ"
လီယောင်းအနေဖြင့် ဤကဲ့သို့သောအရာမျိုးကို တတ်နိုင်စရာ အကြောင်းမရှိပေ။ ကောင်းကင်ဘုံလမ်းစဉ် ခန္ဓာကိုယ်ဆိုလျှင်ပင် အကန့်အသတ်တော့ ရှိရမည်ပင်။
သူမ၏ အမူအရာမှာ ပိုမိုတည်ကြည် လေးနက်သွားသည်။
"အကယ်၍ လီယောင်းက အဲဒီနာရီကို ထိန်းချုပ်နေသူ မဟုတ်ဘူးဆိုရင်... ဘယ်သူ ဖြစ်နိုင်မှာလဲ။ သူမရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က ကူညီနေတာတော့ အသေအချာပဲ။ အဲဒီလူဟာ ဒီလောကက မဟုတ်ဘဲ အထက်ဘုံက ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် အချိန်နိယာမကို ဒီလောက်အထိ ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ထျန်းလင်းက တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဘုံလမ်းစဉ် ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦးကို မည်သူမျှ သတိမပြုမိဘဲ ဤနေရာတွင် ရှိနေစေမည်မဟုတ်ပေ။ အခြားသူများကလည်း ဤဆုလာဘ်ကြီးကို မျက်စိကျနေကြပုံပင်။
သူမ ခန့်မှန်းရသလောက်ဆိုလျှင် အထက်ဘုံမှ တစ်စုံတစ်ယောက်သည် ဤကမ္ဘာသို့ ဆင်းသက်လာပြီး ဤမိန်းကလေးကို လမ်းညွှန်ပေးနေခြင်းပင်။ ထိုသို့ဖြင့် သူမ အထက်ဘုံသို့ တက်လှမ်းလာသောအခါမှ ကောင်းကင်ဘုံလမ်းစဉ် ခန္ဓာကိုယ်ကို သူတို့အတွက် သိမ်းပိုက်ရန် ကြံစည်နေခြင်းပင်။
သူမသည် လက်နှစ်ဖက်ကို စုကာ ဂါရဝပြုလိုက်ရင်း လီယောင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"ကျင့်ကြံဖော်ရဲ့ နာမည်ကို သိခွင့်ရှိမလား"
သူမက မေးလိုက်သည်။
လီယောင်းနှင့် ရှန်းယွီတို့မှာ ဇဝေဇဝါဖြစ်စွာဖြင့် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။
[သူမက ငါ့ကို ပြောနေတာ]
ဧကရီက သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။
ဧကရီသည် သူမ၏ တည်ရှိမှုကို ရိပ်မိသွားခြင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်ဟု တွေးလိုက်မိသည်။ အမှန်စင်စစ် သူမသည် ဤပုဂ္ဂိုလ်က သူမကို တိုက်ရိုက် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေခြင်း ဟုတ်မဟုတ် သိနိုင်ရန် တမင်တကာ အရိပ်အယောင် ပြခဲ့ခြင်းပင်။
ရှန်းယွီနှင့် လီယောင်းတို့မှာမူ ဤအခြေအနေကြောင့် အံ့အားသင့်သွားကြသည်။ ဧကရီ၏ တည်ရှိမှုကို တစ်စုံတစ်ယောက်က သတိပြုမိသွားခြင်းမှာ ယခုက ပထမဆုံးအကြိမ်ပင်။
[ဒါကိုပဲ ပြောလိုက်...]
ဧကရီက လမ်းညွှန်လိုက်သည်။
"မင်းက ဘယ်လို နတ်ဘုရားမျိုးလဲ"
လီယောင်းက မေးလိုက်သည်။
"ငါက အသူရာနတ်ဘုရားပဲ"
ထျန်းလင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေသည်။
"ဒီနာမည်ကို သုံးရဲတဲ့သူ ရှိသေးတာပဲလား။ မင်းက မိစ္ဆာနတ်ဘုရားနဲ့များ ပတ်သက်နေတာလား"
လီယောင်းက ဆက်မေးလိုက်၏။
"ဟုတ်တယ် မိစ္ဆာနတ်ဘုရားနဲ့ ငါက ညီအစ်ကိုတွေပဲ"
သူမက ပြောလိုက်သည်။
"မင်း သူ့ကို သိပ်ကြည်ပုံမရဘူးနော်"
လီယောင်းက အကဲခတ်လိုက်သည်။
"ဟုတ်တယ်... ငါတို့ညီအစ်ကိုနှစ်ယောက်က ခွဲမရအောင် ရင်းနှီးခဲ့ကြတာ... ငါတို့တွေ..."
သူမ၏ စကားမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ ထို့နောက် ပထမဆုံးအကြိမ် ပြောသကဲ့သို့ ပြန်စပြန်သည်။
သူမသည် ချွတ်ယွင်းချက်ရှိနေသော NPC တစ်ဦးကဲ့သို့ ထိုစကားစုကိုပင် ခဏခဏ ရပ်တန့်လိုက်၊ ပြန်စလိုက်နှင့် ဖြစ်နေတော့သည်။
[နားလည်ပြီ... ဒီလိုကိုး]
ဧကရီက တွေးလိုက်မိသည်။
သူမသည် သက်ပြင်းကို အလေးအနက် ချလိုက်မိသည်။ သူမ၏ သံသယများမှာ မှန်ကန်နေခဲ့ပြီ။ တစ်စုံတစ်ယောက်က ဤဖြစ်ရပ်များအားလုံးကို နောက်ကွယ်မှနေ၍ ကြိုးကိုင်နေခြင်းပင်။ မိစ္ဆာနတ်ဘုရားနှင့် အသူရာနတ်ဘုရားတို့မှာ ပိုမိုကြီးမားသော အစီအမံတစ်ခု၏ အစိတ်အပိုင်းများသာ ဖြစ်ကြသည်။
နတ်ဘုရားတွေကိုတောင် သေစေနိုင်တာလား...။ ဒါတင်မကဘဲ သူတို့ရဲ့ ဝိညာဉ်ကို ပြန်ခေါ်ပြီး အစေခံတွေအဖြစ် ခိုင်းစေနိုင်တဲ့အထိ အစွမ်းထက်နေတာလား။
သူမ ခေါင်းခါယမ်းလိုက်မိသည်။ အသူရာနတ်ဘုရား၏ မှတ်ဉာဏ်များမှာ နှောက်ယှက်ခံထားရပြီး ထျန်းလင်းကိုယ်တိုင်ပင် ထိုသို့ဖြစ်နေသည်ကို မသိရှိနိုင်ချေ။
ရုတ်တရက် ထျန်းလင်း စကားပြောခြင်း လုံးဝရပ်တန့်သွားသည်။ ထို့နောက် အစမှ ပြန်စပြန်သည်။
သူမက မေးလိုက်ပြန်သည်။ ယခင်ပြောခဲ့သော စကားဝိုင်းမှာ လုံးဝမရှိခဲ့သည့်အလားပင်။
ဧကရီသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။ ဤသူမှာ ကြိုးကိုင်သူ မဟုတ်သည့်အပြင် သူမ၏ မှတ်ဉာဏ်များပင် ပုံဖျက်ခံထားရသည်။ သူမနှင့် ထပ်မံစကားပြောနေခြင်းမှာ အချိန်ကုန်ရုံသာ ရှိသည်။
"မင်းလို အမှိုက်မျိုးက ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး"
လီယောင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
ထျန်းလင်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာတော့သည်။
"ငါ့ရှေ့မှာ လာပြီး ဟန်ကြီးပန်ကြီး လုပ်မနေနဲ့ မင်းလည်း ငါ့လိုပဲ မဟုတ်လား။ ဒီလူ့ပြည်လောကကို ဆင်းလာတာက ဒီမိန်းကလေးကို လမ်းပြပေးပြီး အပြင်ရောက်မှ သူမရဲ့ ကောင်းကင်ဘုံလမ်းစဉ် ခန္ဓာကိုယ်ကို ဝါးမြိုဖို့ပဲမလား။ မင်းရဲ့ အကြံပတ်စက်မှုကို ငါမသိဘူးလို့ မမှတ်နဲ့"
သူမက အော်ဟစ်လိုက်သည်။
"ဘာ..."
လီယောင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
"မင်း မသိဘူးလား။ ဟားဟားဟား... ငါတော့ မင်းရဲ့ အကွက်တွေကို ဖော်လိုက်ပြီထင်တယ်" ထျန်းလင်းက အောင်နိုင်သူတစ်ယောက်လို ရယ်မောလိုက်၏။
"ကောင်မလေး... မင်း အဲဒီမိန်းမ ပြောသမျှကို မယုံနဲ့။ ငါ့ကိုပဲ အဲဒီခန္ဓာကိုယ်ကို ပေးလိုက်တာက မင်းအတွက် ပိုကောင်းလိမ့်မယ်"
"အဲဒါ တကယ်ပဲလားဟင်"
လီယောင်းက ဧကရီကို မရေမရာသော လေသံဖြင့် မေးလိုက်သည်။
ဧကရီကမူ ပြုံးရုံသာ ပြုံးနေပြီး "မင်းကော ဘယ်လိုထင်လဲ" ဟု ပြန်မေးလိုက်သည်။ ယခုတစ်ကြိမ်တွင် သူမသည် မည်သည့် အရှိန်အဝါမျှ မသုံးဘဲ သာမန်အတိုင်းသာ ပြောလိုက်ခြင်းဖြစ်သည်။
"ကျွန်မ ထင်တာတော့... အစ်မက အဲဒီလိုလူမျိုး မဟုတ်ပါဘူး"
လီယောင်းက ခိုင်ခိုင်မာမာပင် ဖြေလိုက်သည်။
လီယောင်း၏ ယုံကြည်မှုကြောင့် ဧကရီက နွေးထွေးစွာ ပြုံးပြလိုက်သည်။
[ကဲ... အခု မင်းကို နိယာမကို ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးတော့မယ်]
...
လီယောင်း၏ ဝိညာဉ်ပင်လယ်အတွင်း၌ သူမနှင့် ဧကရီတို့သည် တရားထိုင်သည့် ပုံစံဖြင့် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ လီယောင်းသည် ရှန်းယွီ၏ (၁၀) ခုမြောက် စိတ်ဝိညာဉ်အပိုင်းအစကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထား၏။
"စီနီယာအစ်ကိုကြီး... အဆင်ပြေရဲ့လားဟင်"
သူမက စိုးရိမ်တကြီး မေးလိုက်သည်။ သူမသည် ဧကရီထံမှ နိယာမကို သင်ယူနေရသဖြင့် ပြင်ပလောကတွင် သူမ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေပေလိမ့်မည်။ ထို့ကြောင့် ရှန်းယွီအနေဖြင့် သူမကိုပါ ကာကွယ်ပေးနေရသဖြင့် ပို၍ အခက်တွေ့နေမည်ကို သူမ သိနေသည်။
"အဆင်ပြေပါတယ်... ငါ ထိန်းထားနိုင်တယ်"
ရှန်းယွီက ပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ လီယောင်း၏ အကူအညီမပါဘဲ တိုက်ရိုက်ရင်ဆိုင်ရသည်မှာ တကယ်ကို ခက်ခဲလှသည်ဟု တွေးနေမိသည်။ ယခင်က နှစ်ယောက်ပေါင်း တိုက်ခိုက်စဉ်ကပင် အနိုင်နိုင် ခုခံနေရခြင်းပင်။ ယခုမူ ဒါက တိုက်ပွဲဟုပင် မခေါ်နိုင်တော့ဘဲ သူသည် ဘယ်ပြန်ညာပြန် အရိုက်ခံနေရသည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ထျန်းလင်း၏ လက်သီးက ရှန်းယွီ၏ ရင်ဘတ်ကို ဖောက်ထွက်သွားသော်လည်း သူသည် ချက်ချင်းပင် ပြန်လည်သက်သာလာကာ သူမထံသို့ တစ်ဟုန်ထိုး ပြန်လည်ပြေးဝင်သွားပြန်သည်။
"မင်းက တကယ်ကို စိတ်အနှောင့်အယှက် ပေးလွန်းတာပဲ သိလား"
သူမက ပြောရင်း သူ့ကို ဖမ်းဆွဲကာ လှုပ်ရှားမှုမရှိသော လီယောင်း၏ ခန္ဓာကိုယ်ဆီသို့ ပစ်ပေါက်လိုက်သည်။ သူမ စိတ်ထဲတွင်တော့ ဤကောင်လေးဆီမှ ရတနာကို မည်သို့ယူရမည်မှန်း မသိသေးသဖြင့် သူ့ကို မသတ်နိုင်သေးဘူးဟု တွေးထားသည်။ အမှန်စင်စစ် သူ၏ ပြန်လည်ရှင်သန်နှုန်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် သူမ သတ်ချင်လျှင်ပင် သတ်နိုင်ရန် မလွယ်ကူလှပေ။
ရှန်းယွီ၏ ကိုယ်သည် လီယောင်း၏ ခန္ဓာကိုယ်နှင့် တိုက်မိတော့မည့် ဆဲဆဲတွင် သူသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ထျန်းလင်း၏ နောက်ကျောဘက်၌ ပေါ်လာပြန်သည်။ သို့သော် သူမက လှည့်ပင်မကြည့်ချေ။ သူမ၏ ကျောဘက်မှ အနက်ရောင် ရေဘဝဲလက်တံရာပေါင်းများစွာ ထွက်ပေါ်လာပြီး သူ့ကို ဖမ်းဆွဲလိုက်တော့သည်။ ထို့နောက် သူမက လှည့်လိုက်ပြီး ထိုလက်တံများကို ထိန်းချုပ်ကာ သူ့ကို အနားသို့ ဆွဲခေါ်လိုက်တော့သည်။
"မင်းဆီက ရတနာကို ဘယ်လိုထုတ်ယူရမလဲဆိုတာ ငါပြောပြခဲ့တဲ့ နည်းလမ်းကို မင်းမေ့သွားပြီလား"
သူမက ပြုံးရင်း မေးလိုက်သည်။
ရှန်းယွီသည် ပြီးခဲ့သည့်တစ်ခေါက်က သူမ သူ့ကို နှစ်ကိုယ်တူကျင့်စဉ်ကျင့်ကြံရန် ကြိုးစားခဲ့ပုံကို ပြန်သတိရသွားသည်။
"နေဦး... ခဏလေး ရပ်..."
သူက အသည်းအသန် အော်ဟစ်လိုက်မိသည်။
သို့သော် လက်တံများမှာမူ သူ၏ပတ်ပတ်လည်တွင် ပို၍ တင်းကျပ်လာတော့သည်။
ရှန်းယွီသည် အစောပိုင်းက စကားဝိုင်းကို ပြန်စဉ်းစားမိသည်။
သူမက သူမနှင့် မိစ္ဆာနတ်ဘုရားမှာ ညီအစ်ကိုတွေပါဟု ပြောခဲ့သည်။
"နေပါဦး... မင်းက ယောက်ျားကြီး မဟုတ်ဘူးလား"
သူက မေးလိုက်သည်။
သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရှက်သွေးဖြာသွားသည်။
"မင်း ဒါကို ဘယ်လိုသိတာလဲ"
ထို့နောက် သူမက သူ၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"ကိစ္စမရှိပါဘူး။ ငါတို့လို ကျင့်ကြံခြင်းအဆင့်ရှိတဲ့သူတွေအတွက် ကျား မ ခွဲခြားနေတာက အရေးမကြီးပါဘူး"
သူမ၏ အကြည့်များက ပို၍ ပြင်းထန်လာသည်။
"မင်းရဲ့မျက်လုံးတွေကို ကြည့်ရုံနဲ့ မင်းနဲ့ငါက အကျင့်စရိုက်ချင်း တူတယ်ဆိုတာ ငါပြောနိုင်
တယ်။ ငါ့ကို ဖုံးကွယ်ထားလို့ မရဘူးနော်"
ရှန်းယွီမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ ထို့နောက် သူသည် ရူးသွပ်စွာ ရုန်းကန်
တော့သည်။
"ဘာတွေလဲ ဘာအကျင့်စရိုက်တွေလဲ ဘယ်သူက မင်းနဲ့ အကျင့်ချင်းတူလို့လဲ" သူက အော်ဟစ်ရုန်းကန်သော်လည်း လွတ်မြောက်နိုင်ခြင်း မရှိချေ။
"ရပါတယ်... ကြောက်မနေပါနဲ့"
ထိုသို့ပြောကာ သူမက သူ၏မျက်နှာကို ညင်သာစွာ ကိုင်လိုက်သည်။
လီယောင်း၏ ဝိညာဉ်ပင်လယ်အတွင်း၌မူ "ဟို... ဂျူနီယာညီမလေး... မြန်မြန်လုပ်ပါဦး" ရှန်းယွီ၏ စိတ်ဝိညာဉ်အပိုင်းအစက အလောတကြီး ပြောလိုက်သည်။
လီယောင်းသည်လည်း သူမ၏ ကျင့်ကြံမှုအပေါ် အာရုံစိုက်နိုင်ရန် အတော်လေး ရုန်းကန်နေရသည်။
[မြန်မြန်လုပ်စမ်းပါ... မင်းက ခြေတစ်လှမ်းပဲ လိုတော့တာ။ အာရုံမများပါနဲ့တော့]
ဧကရီက ပြတ်သားစွာ ပြောလိုက်သည်။
"ဒါပေမဲ့ စီနီယာအစ်ကိုကြီးက..."
လီယောင်းက စကားစလိုက်သည်။
ဧကရီက သက်ပြင်းချလိုက်ပြီးနောက် ပိုမိုကောင်းမွန်သော အကြံတစ်ခု ရသွားပုံပင်။
[ဒါက မင်း ဒါကို ကျွမ်းကျင်အောင် သင်ယူသင့်တဲ့ အကြောင်းပြချက်ပဲပေါ့။ အခု မင်း ထွက်သွားရင်လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး]
ဧကရီက ပြောလိုက်သည်။
[မင်းရဲ့ စီနီယာအစ်ကိုကြီးကို ဒီလိုမျိုး အစော်ကားခံရအောင် တကယ်ပဲ လွှတ်ထားတော့မှာလား ငါသာဆိုရင်တော့ ဒီလောက်အထိ အထင်သေးခံရတာကို လုံးဝ သည်းခံမှာမဟုတ်ဘူး]
ဧကရီက မီးလောင်ရာလေပင့် ပို၍ လုပ်ပေးလိုက်သောအခါ လီယောင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ ငွေရောင်သမ်းနေဆဲ ဖြစ်သော်လည်း ယခုမူ ၎င်းတို့မှာ တောက်ပနေပြီး တစ်ဖက်လူကို ဆွဲငင်ဝါးမြိုတော့မည့်အလား လည်ပတ်နေကြသည်။
"ကောင်းကင်ဘုံရဲ့ လမ်းစဉ်ဟာ တစ်ခုတည်းသော လမ်းစဉ်ပဲ..."
သူမက တည်ငြိမ်အေးစက်သော အသံဖြင့် စတင်ရွတ်ဆိုလိုက်တော့သည်။
***