[ကံကြမ္မာနဲ့ ပတ်သက်ပြီး ငါ့မှာ အကြံတစ်ခုရှိတယ်]
ဧကရီက စကားစလိုက်သဖြင့် လီယောင်းမှာ အာရုံစိုက်သွားရသည်။
[မင်းရဲ့ ကောင်းကင်ဘုံကုသိုလ်ကံကို သုံးပြီး သိမြင်နားလည်မှုကို အဆင့်မြှင့်တဲ့အခါ မင်းဟာ သိမြင်နားလည်ခြင်း အခြေအနေထဲကို ရောက်သွားနိုင်တယ်]
သူမက ရှင်းပြသည်။
[တကယ်လို့ မရောက်သွားဘူးဆိုရင်တောင် ငါ့ရဲ့စွမ်းအားကို သုံးပြီး မင်းကို အဲ့ဒီအခြေအနေထဲရောက်အောင် အတင်းအကျပ် တွန်းပို့ပေးမယ်]
[အဲ့ဒီအခြေအနေမှာ အချက်အလက်တွေ အလုံးအရင်းနဲ့ စီးဝင်လာမှာမို့လို့ စိတ်လွတ်မသွားအောင် သတိထားပါ]
သူမက သတိပေးလိုက်သည်။
[မင်းအနေနဲ့ ကံကြမ္မာတစ်ခုတည်းကိုပဲ အာရုံစိုက်ရမယ်။ ဒီအခွင့်အရေးကို အဆုံးရှုံးမခံနဲ့]
[မင်း ကံကြမ္မာနိယာမကိုလည်း တစ်ချက်လောက် မြင်တွေ့ရနိုင်တယ်။ ဒါပေမဲ့ အခုချက်ချင်း နားလည်အောင်တော့ မကြိုးစားနဲ့ဦး။ ကံကြမ္မာနယ်ပယ်တစ်ခု ဖန်တီးဖို့ကိုပဲ အဓိကထားပါ]
သူမက ညွှန်ကြားသည်။
[နားလည်ရဲ့လား]
လီယောင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါပြီ"
[ကောင်းပြီ မင်းအဆင်သင့်ဖြစ်ရင် စလိုက်ရအောင်]
ဧကရီက ပြောလိုက်သည်။
"အဆင်သင့်ပါပဲ"
လီယောင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
ကျန်ရှိနေသော ကောင်းကင်ဘုံကုသိုလ်ကံများမှာ လီယောင်း၏ သိမြင်နားလည်မှုအတွင်းသို့ ပျောက်ကွယ်သွားသည်နှင့်အမျှ သူမသည် မရေမတွက်နိုင်သော အရောင်အသွေးများဖြင့် ပြည့်နှက်နေသည့် ဟင်းလင်းပြင်တစ်ခုအတွင်း လွင့်မျောနေသည်ကို တွေ့ရှိလိုက်ရသည်။ အရောင်တစ်ခုချင်းစီသည် သဘောတရားတစ်ခုစီကို ကိုယ်စားပြုနေပြီး သူမအား လာရောက်ရိုက်ခတ်နေကြသော်လည်း သူမက ဂရုမစိုက်ဘဲ မျက်လုံးမှိတ်ကာ အာရုံစူးစိုက်လိုက်သည်။
"ဧကရီပြောတာက ငါ ကောင်းကင်ဘုံလမ်းစဉ်နိယာမဆီကနေ စွမ်းအားထုတ်ယူနိုင်တယ်ဆိုတာပဲ"
သူမ တွေးလိုက်သည်။ သူမသည် ထိုနိယာမကို အသက်မသွင်းဘဲ အကဲခတ်ရုံသာ အကဲခတ်
ကြည့်နေမိသည်။ ကောင်းကင်ဘုံလမ်းစဉ်က စနစ်တကျရှိမှုကို ဘယ်လိုမျိုး တည်ဆောက်သလဲဆိုတာကို သူမ အာရုံစိုက်လိုက်သည်။
ကောင်းကင်ဘုံလမ်းစဉ်သည် စည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ၎င်းတို့ကို လိုက်နာစေခြင်းဖြင့် စနစ်တကျရှိမှုကို တည်ဆောက်ခြင်းဖြစ်သည်။ သို့သော် ကံကြမ္မာနိယာမအတွက်မူ စနစ်တကျရှိမှုဆိုသည်မှာ အရာအားလုံး ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း သဘာဝအလျောက် ဖြစ်ပျက်ခြင်းပင်။ စည်းမျဉ်းများဖြင့် အတင်းအကျပ် လုပ်ယူခြင်းမျိုးမဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အစီအစဉ်တကျရှိမှုကို သူမ အာရုံစိုက်ရန် လိုအပ်သည်။
သူမသည် အချိန်အတော်ကြာအောင် အာရုံစူးစိုက်နေခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သူမ ခံစားလိုက်ရသည်။ မျက်လုံးဖွင့်လိုက်ကာ လက်ကို ဆန့်ထုတ်လိုက်ချိန်တွင် အနီရောင်ချည်မျှင်လေးတစ်ခုမှာ သူမ၏ လက်ဖဝါးနားသို့ ချဉ်းကပ်လာပြီး ကခုန်နေတော့သည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ကြီးမားသော ဖိအားတစ်ခုမှာ သူမအပေါ်သို့ သက်ရောက်လာခဲ့သည်။ သူမ၏လက်တွင် ပတ်ထားသော ချည်မျှင်လေးပင်လျှင် ကြောက်ရွံ့တုန်ရီနေသကဲ့သို့ သူမကို ပိုမိုတင်းကျပ်စွာ ပတ်ထားမိသည်။
သူမ မော့ကြည့်လိုက်သောအခါ အဖြူရောင်အဝတ်အစားများသာ ဝတ်ဆင်ထားပြီး သူမနှင့် တစ်ပုံစံတည်းတူကာ ဖြူဖျော့နေသည့် အမျိုးသမီးတစ်ဦးက သူမကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ဧကရီပြောသော ကံကြမ္မာကို တစ်ချက်မြင်တွေ့ခြင်းလားဟု လီယောင်း တွေးတောနေမိသည်။
[ကံကြမ္မာကို မြင်တွေ့တာလား။ မဟုတ်ပါဘူး]
ထိုအမျိုးသမီးက ပြန်ဖြေလိုက်သည်။
သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းမှာ လုံးဝပြောင်းလဲသွားတော့သည်။ ထိုဖြူဖျော့သောအမျိုးသမီးမှာ ယခုအခါ ရေခဲဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ရာဇပလ္လင်ပေါ်တွင် ထိုင်နေပြီး လီယောင်းမှာမူ သူမ၏အောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ရေခဲသံကြိုးများဖြင့် နံရံတွင် ချည်နှောင်ခြင်း ခံထားရသည်။
[ဒါက အကျိုးအကြောင်းနိယာမပဲ]
သူမက ပြောလိုက်သည်။
[သိလား နောက်ထပ် နှစ်ပေါင်း သန်းချီကြာတဲ့အထိ ငါတို့ တွေ့မှာမဟုတ်ဘူးလို့ ငါထင်ထားခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို အံ့ဩအောင် လုပ်နိုင်ခဲ့တယ်]
သူမက လက်ဖဝါးကို ဖြန့်လိုက်ရာ ချည်မျှင်များစွာက သူမကို စတင်ပတ်ရစ်လာကြသည်။
[မင်းသိထားရမှာက ကံကြမ္မာ၊ ဝဋ်ကြွေး၊ ကံနဲ့ အကျိုးအကြောင်းဆိုတဲ့ နိယာမတွေ အားလုံး ဆက်စပ်နေကြတာပဲ။ အဲ့ဒီထဲက တစ်ခုကို မင်းအပြည့်အဝ ကျွမ်းကျင်သွားပြီဆိုရင် ကျန်တာတွေကို အားစိုက်ရုံလေးနဲ့ ရနိုင်တယ်။ အကျိုးအကြောင်းနိယာမရဲ့ ပြယုဂ်ဖြစ်တဲ့ မင်းအနေနဲ့ ဒီနိယာမတွေကို သင်ယူဖို့ ကြိုးစားလိုက်ကတည်းက မင်း ရှုံးနိမ့်သွားခဲ့ပြီ]
လီယောင်းကမူ မည်သည့်အမူအရာမျှမပြဘဲ ထိုထူးဆန်းသောလူမှာ ဘယ်သူလဲဟုသာ စဉ်းစားနေမိသည်။ သူမပြောနေသည်များမှာ လုံးဝနားမလည်နိုင်စရာပင်။
[အာ... ခွင့်လွှတ်ပါ။ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်]
ထိုသို့ပြောကာ သူမက မတ်တပ်ထရပ်လိုက်သည်။
သူမက အနည်းငယ် ဦးညွှတ်လိုက်ပြီး [လူအများစုကတော့ ငါ့ကို ပညာရှိလို့ ခေါ်ကြတယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ကို အမေလို့ ခေါ်လို့ရပါတယ်]
သူမက လီယောင်းကို စိုက်ကြည့်လိုက်သည်။
[နောက်ဆုံးတော့ မင်းက ငါ့ရဲ့ ဖန်တီးမှုတစ်ခုပဲလေ]
ထိုအမျိုးသမီးသည် လီယောင်း၏ ရှေ့မှောက်သို့ ရုတ်ချည်းဆိုသလို ရောက်ရှိလာပြီး အလွန်အမင်း အေးစက်လှသော လက်များဖြင့် သူမ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။
[အို... သိပ်ကို ခန့်ညားထည်ဝါတာပဲ ငါ့ရဲ့ ဖန်တီးမှုလေး။ ပြည့်စုံလိုက်တာ]
နောက်တစ်ကြိမ် ထပ်မံထိတွေ့ရန် ကြိုးစားစဉ်မှာပင် သူမ၏ လက်မှာ ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။
"ကျွန်မကို မထိနဲ့။ ပြီးတော့ ရှင်က ဘယ်သူလဲ။ ရှင်က ကျွန်မအမေ မဟုတ်ဘူး၊"
လီယောင်းက ပြောလိုက်ပြီး ရေခဲသံကြိုးများကို အလွယ်တကူပင် ရုန်းဖယ်လိုက်တော့သည်။
ဖြူဖျော့သောအမျိုးသမီးက သူမ၏ လက်ကို ပြန်ကြည့်လိုက်သည်။
[ဟင်း... ဒါက မျှော်လင့်မထားတဲ့ အရာပဲ။ ငါ နင့်ကို နောက်တစ်ကြိမ် အထင်သေးမိပြန်ပြီ ထင်တယ်]
သူမက ပြုံးလိုက်သည်။
[ဪ... နင့်ရဲ့ လူသားမိဘတွေလား။ သူတို့က ငါ့ရဲ့ ပြည့်စုံတဲ့ ဖန်တီးမှုလေးကို သယ်ဆောင်ပေးရတဲ့ သက်ရှိအိုးအိမ်တွေသက်သက်ပါပဲ]
သူမ၏ အပြုံးက ပို၍ ကျယ်ပြန့်လာသည်။
[နင့်ရဲ့ တကယ့်အမေကို အရိုအသေ မပြုချင်ဘူးလား]
လီယောင်းက ခေါင်းကုတ်လိုက်ရင်း "အန်တီ... ရှင်က ကျွန်မထက်တောင် ပိုရူးနေသေးတာပဲ။ ဘယ်သူကများ သူများကလေးကို ကိုယ်ဖန်တီးထားတာပါဆိုပြီး လျှောက်ပြောနေလို့လဲ" ဟု ပြောလိုက်သည်။
သူမ၏ အမူအရာမှာ ပိုမိုတည်ကြည်သွားပြီး လက်ထဲတွင် ဓားတစ်လက် စတင်ပေါ်ပေါက်လာသည်။ သူမ၏ အရေပြားများမှာလည်း အက်ကွဲစပြုလာတော့သည်။
"ဒါနဲ့... ရှင်က စီနီယာအစ်ကို ပိုင်ဆိုင်တဲ့အရာကို ရှင့်ပိုင်ဆိုင်မှုပါလို့ လာပြောနေတာလား"
သူမက စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
ထိုအမျိုးသမီးမှာ ခေတ္တမျှ မှင်တက်သွားသည်။ ထို့နောက် လီယောင်းထံမှ အကြည့်ကို လွှဲလိုက်ပြီး မေးစေ့ကို ကိုင်ကာ စဉ်းစားနေမိသည်။
"ငါ့ရဲ့ တွက်ချက်မှုတွေ မှားသွားတာလား။ ဒါက ငါ့ရဲ့ ပြည့်စုံတဲ့ ဖန်တီးမှု တကယ်ပဲလား။ သူကြည့်ရတာ သိပ်ပြီး ဉာဏ်ကောင်းပုံမရဘူး၊"
သူမ တွေးတောနေမိသည်။
အတန်ကြာမှ လီယောင်းဘက်သို့ ပြန်လှည့်လာပြီး [ငါ့ရဲ့ ဖန်တီးမှုလေးကို ဘာတွေက နှောင့်ယှက်နေတာလဲဆိုတာ ကြည့်ရသေးတာပေါ့] ဟု ပြောလိုက်သည်နှင့် သူမ၏ လက်မှာ လီယောင်း၏ ဦးခေါင်းအတွင်းသို့ မြုပ်ဝင်သွားတော့သည်။
လီယောင်းသည် သူမကိုယ်သူမ အခြားနေရာတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရပြန်သည်။ သူမသည် နောက်တစ်ကြိမ် သံကြိုးဖြင့် ချည်နှောင်ခြင်း ခံထားရပြီး ထိုအမျိုးသမီးက သူမ၏ ရှေ့တွင် ရပ်နေသည်။
[ဒါက ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အစီအစဉ်လား]
သူမက လူတစ်ဦးပါရှိသည့် အလင်းလုံးလေးတစ်ခုကို ကိုင်ရင်း ရေရွတ်လိုက်သည်။
ထို့နောက် သူမက လီယောင်းဘက်သို့ လှည့်လာကာ [ဒါက နင့်ရဲ့ အနက်ရှိုင်းဆုံး အလိုဆန္ဒလား] ဟု မေးလိုက်သည်။ လီယောင်းကမူ သူမကို ဒေါသတကြီးသာ စိုက်ကြည့်နေမိသည်။
ထိုအမျိုးသမီးက ပြုံးလိုက်ပြီး [ကောင်းပြီလေ မိခင်ကောင်းဆိုတာ သူ့ကလေးတွေ အလိုရှိတာကို ပေးတတ်ရတာပေါ့]
[နင်သာ ငါ့ကို နင့်ရဲ့ ဖန်တီးရှင်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ဒါကို နင့်ကို ပေးမယ်]
"အသိအမှတ်ပြုရမယ် ဟုတ်လား"
လီယောင်းက စကားစလိုက်သည်။
[မှန်တာပေါ့]
အမျိုးသမီးက ပြန်ဖြေသည်။
"ကျွန်မပိုင်တဲ့အရာကို ကျွန်မကို ပြန်ပေးမယ်လို့ ရှင်က ပြောဝံ့သေးတယ်ပေါ့"
လီယောင်းက ပြန်မေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါလာတော့သည်။ ထိုအမျိုးသမီးက ပျာပျာသလဲ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး [ဘာတွေဖြစ်နေတာလဲ] ဟု အံ့ဩနေမိသည်။
"ဒါတွေ ဖြစ်နေတာလေ..."
လီယောင်း၏ အသံမှာ သူမ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။
ထိုအမျိုးသမီး နောက်သို့ လှည့်ကြည့်ရန် ကြိုးစားစဉ်မှာပင် လက်သီးတစ်ချက်နှင့် ပက်ပင်းတိုးသွားတော့သည်။ သူမသည် မီတာအနည်းငယ်ခန့် လွင့်ထွက်သွားသော်လည်း လီယောင်းက ထိုနေရာတွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ပြီဖြစ်သည်။ သူမသည် အမျိုးသမီး၏ ဆံပင်ကို ဆွဲကိုင်ကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။ သူမ၏ လက်ထဲမှ အလင်းလုံးလေးမှာ လိမ့်ထွက်သွားရာ လီယောင်းက လွှားခနဲ ခုန်ဖမ်းလိုက်တော့သည်။
သူမက ထိုအမျိုးသမီးရှိရာသို့ ပြန်ကြည့်လိုက်သော်လည်း ထိုနေရာတွင် မရှိတော့ပေ။ နောက်ကျောဘက်မှ အသံတစ်ခု ကြားလိုက်ရသဖြင့် ချက်ချင်း လှည့်ကြည့်လိုက်ရာ ထိုအမျိုးသမီးသည် အလင်းတန်းတစ်ခုအတွင်း ရပ်နေပြီး သူမကို ပြုံးပြနေသည်။
[ဒီနေ့အတွက် ဆော့ကစားတာ ဒီလောက်ဆို တော်ပြီ။ နောက်မှ ပြန်တွေ့ကြတာပေါ့]
ထိုသို့ပြောကာ အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားခဲ့တော့သည်။
***