လီကျစ်သည် လက်မှုပညာရှင်များအား ဖန်ထည်ပစ္စည်းများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်စေခဲ့သလို ဤအဆင့်မြင့်ထုတ်ကုန်ကို ဈေးကွက်တင်ရန်အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ဤခေတ်ကာလအတွင်း မင်မင်းဆက်ကြီးတွင် အရောင်အဆင်းမရှိဘဲကြည်လင်နေသော ဖန်ထည်ပစ္စည်းများဆိုသည်မှာ ရှားပါးလှပေသည်။ ဗင်းနစ်မှ ဥရောပကုန်သည်များကဲ့သို့သော သူများက ကြည်လင်သောဖန်ထည်များကို ထုတ်လုပ်နိုင်သော်လည်း ၎င်းမှာ အနောက်နိုင်ငံများတွင်ပင် ဈေးကြီးသော ဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေသဖြင့် ကုန်ကျစရိတ်မှာ အလွန်မြင့်မားလှသည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် လာရောက်ရောင်းချပါက အမြတ်အစွန်းရရန်ပင် ခက်ခဲနိုင်ပေသည်။
ဒုတိယအချက်အနေဖြင့် ဥရောပမှ မင်မင်းဆက်သို့ဖန်ထည်များ သင်္ဘောဖြင့်တင်ပို့ရာတွင် အလွန်ခက်ခဲလှသည်။ ပင်လယ်ပြင်ရှိ ပြင်းထန်သောလေတိုက်ခတ်မှုနှင့် လှိုင်းတံပိုးများကြောင့် သင်္ဘောများလှုပ်ယမ်းကာ ဖန်ထည်များ အလွယ်တကူကျိုးပဲ့ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် မင်မင်းဆက်ကြီးတွင် အရောင်အဆင်းမရှိသောကြည်လင်သည့် ဖန်ထည်ပစ္စည်းများကို မြင်တွေ့ရခဲခြင်းဖြစ်သည်။
ရှားပါးပြီး အသုံးပြုသူနည်းပါးသောကြောင့် ဝယ်လိုအားမှာလည်း အားနည်းလှသည်။ အကယ်၍ လီကျစ်က ဖန်ခွက်များကို သူ၏ ဆိုင်တွင်သာ ခင်းကျင်းရောင်းချပါက တစ်လလုံးနေမှ ဖန်ခွက်အနည်းငယ်သာ ရောင်းရပေလိမ့်မည်။
ထို့ကြောင့် လီကျစ်က မင်မင်းဆက်မှပြည်သူများအား သူ၏ ထုတ်ကုန်ကို စမ်းသပ်အသုံးပြုခွင့်ပေးပြီး ၎င်း၏ကောင်းကျိုးများကို နားလည်သဘောပေါက်စေရန် ကိုယ်တိုင်ဦးဆောင်၍ လှုပ်ရှားရန်ဆုံးဖြတ်လိုက်သည်။
အသေးစိတ်ပြောရလျှင် လီကျစ်သည် လေးစားခံရသောပုဂ္ဂိုလ်များကို ဖန်ထည်ပစ္စည်းများ လက်ဆောင်ပေးရန်ဆုံးဖြတ်ခဲ့သည်။ ထိုသို့ပေးလိုက်ပါက သူတို့သည် ထိုဖန်ထည်များကို အခြားသူများရှေ့တွင် အသုံးပြုကြမည်ဖြစ်ပြီး ထိုမှတစ်ဆင့်ဖန်ထည်ပစ္စည်းများ ဝယ်ယူခြင်းဆိုသည့် ခေတ်ရေစီးကြောင်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။
လေးစားခံရသော ပုဂ္ဂိုလ်များဆိုရာတွင် လက်ရှိဧကရာဇ်မင်းမြတ်မှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ဧကရာဇ်မင်းမြတ်မှာ အမြဲတမ်းခြိုးခြံချွေတာတတ်ပြီး ဇိမ်ခံပစ္စည်းများကို မနှစ်သက်ကြောင်း လူတိုင်းသိထားကြသည်။
ဧကရာဇ်မင်းမြတ်၏ထံ ဆက်သလိုက်သော ဖန်ထည်ပစ္စည်းများသည် ဘေးဖယ်ထားခံရပြီး တစ်နှစ်လျှင် တစ်ကြိမ် နှစ်ကြိမ်ခန့်သာ အသုံးပြုခံရနိုင်ချေရှိသည်။
ထို့ကြောင့် မည်သူ့ကိုပေးသင့်သနည်း။ လီကျစ်သည် မင်မင်းဆက်သို့ရောက်ရှိလာသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သဖြင့် အမတ်လောကအကြောင်းကို အနည်းငယ်နားလည်ထားပြီးဖြစ်သည်။ နန်းရင်းဝန်နှင့် တုန်းလင်ဂိုဏ်း၏ခေါင်းဆောင် ချန်ချန်ယီကို သူ သတိရလိုက်သည်။ နန်းရင်းဝန်မှာ လက်ရှိ အမတ်ချုပ်ဖြစ်သဖြင့် ကျယ်ပြန့်သော ဩဇာလွှမ်းမိုးမှုရှိပေသည်။ သူသာ အသုံးပြုလိုက်ပါက အခြားသူများကလည်း သေချာပေါက် လိုက်လံအသုံးပြုကြမည်ဖြစ်သည်။
တုန်းလင်ဂိုဏ်း၏ခေါင်းဆောင် ချန်ချန်ယီမှာ လက်ရှိတွင် အိမ်၌အလုပ်လက်မဲ့ ဖြစ်နေသော်လည်း သူ၏ တပည့်များနှင့် လက်အောက်ငယ်သားဟောင်းများမှာ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့လျက်ရှိပြီး သူ့ကို ထူးခြားသောဩဇာလွှမ်းမိုးမှုတစ်ခု ပေးစွမ်းနိုင်သောကြောင့် သူသည်လည်း အခြားသင့်လျော်သော ရွေးချယ်မှုတစ်ခုဖြစ်ပေသည်။
အခြားလက်ခံရရှိမည့်သူများအတွက်မူ လီကျစ်သည် ရာထူးကြီးမားသော အမတ်များကိုသာ ရွေးချယ်၍ ဖန်ခွက်များ ပေးအပ်ရန်ဆုံးဖြတ်ခဲ့သည်။
ဤရာထူးကြီးမားသောအမတ်များက ဖန်ထည်များကို စတင်အသုံးပြုလိုက်သည်နှင့် ရာထူးငယ်သောအမတ်များနှင့် သူဌေးကုန်သည်များကလည်း သေချာပေါက် လိုက်လံအသုံးပြုကြမည် ဖြစ်သည်။
၅လပိုင်းကုန်ခါနီးတွင် လီကျစ်သည် အသစ်စက်စက်ပြုလုပ်ထားသော ဖန်လက်ဖက်ရည်ခွက် ဆယ်စုံနှင့် ဖန်ဝိုင်ခွက် ဆယ်စုံတို့ကိုယူဆောင်ကာ လက်ဆောင်ပေးရန်အတွက် မြို့တော်သို့ ထွက်ခွာလာခဲ့သည်။
မြို့တော်တွင် လူဦးရေ တစ်သန်းကျော်ရှိပြီး ထန်းကျင်းမြို့ထက် များစွာပိုမိုများပြားသည်။
လီကျစ်သည် မြို့တော်သို့ ချုံရန်တံခါးမှတစ်ဆင့်ဝင်ရောက်ခဲ့ပြီး မြို့တော်ကိုဝန်းရံထားသော အတွင်းမြို့ရိုးမှာ မီတာဆယ်ကျော်မြင့်မားကာ မြို့တံခါးအထက်တွင် လေးထပ်မြင့်သော တံခါးစောင့်ရဲတိုက်ကြီးရှိသည်ကို မြင်တွေ့လိုက်ရသည်။
မြို့ရိုးအပြင်ဘက်တွင် လေးထောင့်ပုံစံအပြင်သို့ထွက်နေတဲ့ ခံတပ်ငယ်တွေကို တည်ဆောက်ထားပြီး မီတာအနည်းငယ်ခြားတိုင်း လှံကိုင်ထားသောစစ်သည်များ မတ်တတ်ရပ်နေကာ အလွန်တရာ ခန့်ညားထည်ဝါလှသည်။
သို့သော် မြို့တော်၏ သန့်ရှင်းရေးမှာ ဤခေတ်ကာလရှိ အခြားသော မင်မင်းဆက်မြို့များကဲ့သို့ပင် ဆိုးရွားလှသည်။ မြို့တံခါးထဲသို့ မဝင်ရသေးမီမှာပင် လီကျစ်သည် ပြင်းထန်သော အပုပ်နံ့ကို ရလိုက်သည်။
မြို့တံခါးထဲသို့ဝင်လိုက်သည်နှင့် အနံ့မှာပိုမိုပြင်းထန်လာသည်။ မြို့လမ်းမများ၏ တစ်ဖက်တစ်ချက်စီတွင် တောင်းရမ်းစားသောက်သူများကို နေရာအနှံ့တွေ့ရပြီး လမ်းမများပေါ်တွင် ရေဆိုးများစီးဆင်းနေကာ လမ်းထောင့်များတွင်အမှိုက်များနှင့် မစင်များပုံနေပြီး ဖော်ပြ၍မရနိုင်လောက်အောင် ရှုပ်ပွနေသည်။
လမ်းပေါ်ရှိ ခရီးသွားများမှာလည်း စုတ်ပြတ်ကာပိန်ချုံးနေကြပြီး ဧကရာဇ်မင်းမြတ်၏ ခြေတော်ရင်းရှိ စီးပွားရေးမှာလည်း မကောင်းမွန်ကြောင်း ရှင်းလင်းစွာပြသနေသည်။
မြင်းစီးကာ ကိုယ်ရံတော်များနှင့် ရထားလုံးတစ်စီးပါလာသော လီကျစ်သည် ညစ်ပတ်နေသော လမ်းမများကို ဂရုတစိုက်ဖြတ်သန်းသွားပြီး မြို့အရှေ့ပိုင်းရှိ တည်းခိုခန်းကြီးတစ်ခုတွင် ဦးစွာနေရာချလိုက်သည်။
တည်းခိုရန်နေရာရပြီးနောက် လီကျစ်သည် လက်ဆောင်များသွားရောက်ပေးအပ်ရန် ထွက်လာခဲ့သည်။
သူက ကိုယ်ရံတော်နှစ်ယောက်ကိုခေါ်ကာ ဖန်လက်ဖက်ရည်ခွက်နှင့် ဝိုင်ခွက်တစ်စုံစီ ဂျင်ဆင်းနှင့် သမင်ချိုသေတ္တာအချို့ကိုသယ်ဆောင်စေပြီး နန်းရင်းဝန်၏အိမ်ကို လမ်းမေးကာ သွားခဲ့သည်။
အတော်လေးသန့်ရှင်းသော လမ်းတစ်လမ်းအတိုင်းလျှောက်လာပြီးနောက် လီကျစ်သည် နန်းရင်းဝန်၏ စံအိမ်ကိုရှာတွေ့ခဲ့သည်။ ၎င်းမှာ ခြံဝင်းသုံးခုပါရှိသော အိမ်တစ်လုံးဖြစ်ပြီး အတော်လေး သပ်ရပ်လှပသော်လည်း အမတ်ချုပ်ကြီးတစ်ဦး၏ စံအိမ်အတွက်မူ အနည်းငယ် ကျဉ်းမြောင်းနေပုံရသည်။
တံခါးကြီးကိုပိတ်ထားပြီး အလုပ်လက်မဲ့အနည်းငယ်က အနီးအနားတွင်ရပ်နေကြသည်။ ခြံဝင်းတစ်ခုလုံး၏အဝင်ဝမှာ အလွန်တိတ်ဆိတ်နေပြီး ဧည့်သည်များစွာမရှိပုံရသည်။
လီကျစ်က ရှေ့သို့လျှောက်သွားပြီး ဘေးပေါက်တံခါးကိုခေါက်လိုက်သည်။ မည်သို့ပင်ဆိုစေ အမတ်ချုပ်ကြီး၏တံခါးကို ခေါက်ရခြင်းဖြစ်သောကြောင့် လီကျစ်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
အချိန်အတော်ကြာ စောင့်နေသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မကြားရပေ။
လီကျစ်က ထပ်ခေါက်ရန်တုံ့ဆိုင်းနေစဉ် အနီးအနားရှိ အလုပ်လက်မဲ့များက ရယ်မောကာ…
"အမတ်ချုပ်ကြီးရဲ့ စံအိမ်က တစ်နေ့လုံး ဧည့်သည်တစ်ယောက်မှ မလာဘူးလေ။ တံခါးမှူး ဝမ်ချီ တစ်ယောက် အိပ်ပျော်နေတာနေမှာပေါ့… အမတ်မင်း... ခပ်ပြင်းပြင်းလေးသာ ခေါက်လိုက်ပါ"
လီကျစ် မှင်တက်သွားပြီးနောက် ဘေးပေါက်တံခါးရွက်ကို ပို၍ပြင်းပြင်းထန်ထန် ခေါက်လိုက်သည်။
သေချာပေါက်ပင် လူတစ်ယောက်က ဘေးပေါက်တံခါးကိုဖွင့်ပေးလိုက်သည်။ အိပ်မှုန်စုံမွှားဖြစ်နေသော အစေခံတစ်ဦးက တံခါးအတွင်းမှခေါင်းပြူထွက်လာပြီး လီကျစ်ကို ကြည့်ကာ…
"ဘာကိစ္စလဲ"
လီကျစ်က ကမန်းကတန်းပင် သူ၏ အမည်ကတ်ပြားကို ကမ်းပေးလိုက်ပြီး…
"ကျွန်တော်မျိုး ထန်းကျင်းမြို့က အမတ်ငယ် လီကျစ်ပါ။ အမတ်ချုပ်ကြီးအတွက် လက်ဆောင်လေးနည်းနည်းပါလာလို့ပါ။ တံခါးမှူးအနေနဲ့ ကျွန်တော်မျိုးရဲ့အမည်ကတ်ပြားနဲ့ လက်ဆောင်တွေကို အထဲကိုပို့ပေးပါဦး"
ထိုသို့ပြောပြီးနောက် လီကျစ်က ရင်ဘက်ထဲမှ ငွေငါးသျှူးကိုထုတ်ယူကာ အစေခံ၏ လက်ထဲသို့ ခိုးထည့်ပေးရန် ကြိုးစားလိုက်သည်။
သို့သော် တံခါးစောင့်အစေခံက လျှပ်စစ်ရှော့ခ်မိသွားသကဲ့သို့ နောက်သို့ဆုတ်သွားပြီး…
"ကျွန်တော့်ကို ငွေမပေးပါနဲ့။ ကျွန်တော် ငွေလက်ခံတာကို သခင်ကြီးသိသွားရင် ကျွန်တော့်ကို အိမ်ကနေ နှင်ထုတ်ပစ်လိမ့်မယ်"
လီကျစ်မှာ မတတ်သာတော့ဘဲ သူ၏ အမည်ကတ်ပြားနှင့် လက်ဆောင်များထည့်ထားသော ပိုးချည်သေတ္တာများကိုသာ ပေးအပ်လိုက်ရသည်။
အစေခံက လီကျစ်၏ အမည်ကတ်ပြားကိုလက်ခံယူလိုက်သော်လည်း လီကျစ်၏ လက်ဆောင်ပိုးချည်သေတ္တာများကိုမူ လက်မခံပေ။ သူက တံခါးကိုပိတ်ကာ ခြံဝင်းထဲသို့ ဝင်သွားလေသည်။
လီကျစ်မှာ ဝမ်မိသားစု အစေခံ၏ အပြုအမူကြောင့် အနည်းငယ်တွေဝေသွားပြီး အနီးအနားရှိ အလုပ်လက်မဲ့များကို တစ်ချက်ပြန်ကြည့်လိုက်သည်။ အလုပ်လက်မဲ့များက ရယ်မောကာ…
"အမတ်ချုပ်ကြီးရဲ့ စံအိမ်မှာ ထူးဆန်းတာတွေအများကြီးရှိတယ်။ ပထမအချက်ကတော့ သူက လက်ဆောင်တွေကို ဘယ်တော့မှလက်မခံတာပဲ။ အမတ်မင်း... ခင်ဗျား လာရတာ အလကားဖြစ်သွားပြီ"
ဒါတော့ သိပ်မကောင်းလှဘူးဟု လီကျစ် တိတ်တဆိတ်တွေးလိုက်မိသည်။
သေချာပေါက်ပင် လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်အကြာတွင် ဘေးပေါက်တံခါး ပြန်ပွင့်လာသည်။ တံခါးစောင့်အစေခံမှာ အနည်းငယ်ပို၍ နိုးကြားလာပုံရပြီး လီကျစ်ကို ကြည့်ကာ…
"သခင်ကြီးက ဒီနေ့အလုပ်များနေလို့ ဧည့်သည်မတွေ့ဘူးတဲ့။ ခင်ဗျား ပြန်လိုက်တော့"
လီကျစ်က ကမန်းကတန်းဖြင့်…
"ကျွန်တော်မျိုးဆီမှာ လက်ဆောင်လေး နည်းနည်းပါလာလို့ပါ။ ကျေးဇူးပြုပြီး တံခါးမှူးက နန်းရင်းဝန်ဆီကို ပို့ပေးပါဦး"
တံခါးစောင့်အစေခံက လက်ကာပြလိုက်ပြီး…
"မင်မင်းဆက်ကြီးရဲ့ အမတ်ချုပ်ကြီးက လက်ဆောင်တွေ လက်မခံဘူးဆိုတာ မင်း မသိဘူးလား။ ပြန်လိုက်တော့"
ထိုသို့ပြောပြီးနောက်အစေခံက ဘေးပေါက်တံခါးကို ဆောင့်ပိတ်လိုက်ပြီး ထပ်မဖွင့်ပေးတော့ချေ။
လီကျစ်တစ်ယောက် အရေးမစိုက်ခံရသဖြင့် အနည်းငယ်ညည်းတွားပြီးနောက် နန်းရင်းဝန်အား ထိုမျှလောက် အကြင်နာကင်းမဲ့ရသလောဟု စိတ်ထဲမှဆဲရေးလိုက်မိသည်။ သူလို အမတ်ငယ်လေးတစ်ယောက်ကို အထင်သေးနေတာများလား။ လီကျစ် လာရကျိုးမနပ်ဖြစ်သွားသဖြင့် တံခါးကိုပင် ကန်ပစ်ချင်စိတ်ပေါက်သွားသည်။ သို့သော် မည်မျှပင်မကျေမနပ်ဖြစ်စေကာမူ ဤနန်းရင်းဝန်ကို သွားရောက်ပတ်သက်၍မရကြောင်း လီကျစ် သိထားသဖြင့် လက်ဆောင်များကိုယူကာ ပြန်လှည့်လာခဲ့ရသည်။
လီကျစ်၏ ပထမဆုံး လက်ဆောင်ပေးသည့် အစီအစဉ်မှာ အဆင်မပြေဖြစ်သွားခဲ့သည်။ သူက စိတ်ကိုပြန်လည်စုစည်းကာ လမ်းတစ်လျှောက်လမ်းမေးရင်း တုန်းလင်ဂိုဏ်း၏ ခေါင်းဆောင် ချန်ချန်ယီ၏ အိမ်ဆီသို့ ဦးတည်သွားခဲ့သည်။
မြို့အနောက်ပိုင်းရှိ သပ်ရပ်သောလမ်းကြားတစ်ခုထဲသို့ ဝင်ရောက်လာသောအခါ လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ခမ်းနားထည်ဝါသော စံအိမ်ကြီးများကို လီကျစ် တွေ့လိုက်ရသည်။
လမ်းကြားအဆုံးအထိ လျှောက်သွားပြီးနောက် ချန်ချန်ယီ၏ စံအိမ်ကို သူ ရှာတွေ့ခဲ့သည်။
အိမ်တွင် အလုပ်လက်မဲ့ဖြစ်နေပြီး အမတ်ရာထူးမရှိသော်လည်း ချန်ချန်ယီ၏ စံအိမ်မှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။ တံခါးစောင့်ရဲတိုက်တွင် ထုပ်တန်းများကိုထွင်းထုကာ နဂါးရုပ်များ ရေးဆွဲထားပြီး တံခါးဝတွင် ကြီးမားသောကျောက်ခြင်္သေ့ကြီးနှစ်ကောင်က အစွယ်များထုတ်ကာ အသက်ဝင်လှပစွာ ရပ်နေကြရာ နန်းရင်းဝန်၏ အမတ်ချုပ်ကြီးစံအိမ်ထက်ပင် များစွာ ပိုမိုခမ်းနားနေသည်။
မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း တံခါးဝတွင် အလုပ်လက်မဲ့တစ်ဦးက ဟိုဟိုဒီဒီ ကြည့်ရှုရင်း ရပ်နေသည်။
လီကျစ်က တံခါးကို ခေါက်လိုက်ရာ တံခါးမှူးတစ်ဦး ဖွင့်ပေးလိုက်သည်။
လီကျစ်က သူ၏ အမည်ကတ်ပြားကို ကမ်းပေးလိုက်ပြီး ပြုံးလျက်…
"ကျွန်တော်မျိုး ထန်းကျင်း စစ်ဘက်ရေးရာ အမတ်ငယ် လီကျစ်ပါ။ သခင်ကြီး ချန်ချန်ယီကို တွေ့ခွင့်တောင်းချင်လို့ပါ"
တံခါးမှူးက လီကျစ်ကို အထက်အောက်အကဲခတ်ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်ကာ…
"သခင်ကြီးက ဒီနေ့ အရမ်းအလုပ်များနေတယ်"
တံခါးမှူးက အရမ်းအလုပ်များနေတယ် ဟူသောစကားလုံးကို တမင်တကာ ဆွဲဆန့်ပြောလိုက်သဖြင့် လီကျစ်က သူ၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားသည်။ သူက ရင်ခွင်ထဲမှ ငွေနှစ်သျှူးကို ကမန်းကတန်း ထုတ်ယူကာ အစေခံထံသို့ ကမ်းပေးလိုက်သည်။
ငွေကိုလက်ခံရရှိပြီးနောက် အစေခံက တည်ကြည်သောမျက်နှာထားဖြင့်…
"ဒါဆိုရင် အမတ်မင်း ရောက်နေတဲ့အကြောင်း သွားပြောပေးပါ့မယ်… ဒါပေမဲ့ တခြား ဧည့်သည်နှစ်ဖွဲ့လည်း စောင့်နေပါသေးတယ်။ အမတ်မင်း... ကျွန်တော်နဲ့အတူ အနောက်ဘက်ဆောင်ကို လိုက်ခဲ့ပြီး စောင့်နေပေးပါ"
လီကျစ် မှင်တက်သွားပြီး ထိုနေရာတွင်အချိန်မဖြုန်းချင်သဖြင့် အစေခံထံသို့ နောက်ထပ် ငွေနှစ်သျှူး ထပ်ပေးလိုက်သည်။ ငွေကို လက်ခံရရှိသောအခါ အစေခံကပြုံးကာ…
"အမတ်မင်း... ဒီမှာပဲ စောင့်နေပါ။ ကျွန်တော်အထဲဝင်ပြီး အမတ်မင်းရဲ့ အမည်ကတ်ပြားကို အခုပဲ သွားပို့ပေးပါ့မယ်"
***