လီကျစ်က ပြုံးလျက် ထိုနေရာတွင် ခေတ္တမျှစောင့်နေပြီးနောက် အစေခံပြန်ထွက်လာသည်ကို မြင်လိုက်ရသည်။
"သခင်ကြီးက အခု အားနေပါပြီ။ အမတ်မင်း... ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
လီကျစ်သည် အစေခံ၏ နောက်မှလိုက်၍ အကွယ်တံတိုင်းကိုပတ်ကာ ပထမဆုံး ခြံဝင်းထဲသို့ ဝင်ရောက်သွားသည်။ လီကျစ်က အနောက်ဘက်ဆောင်သို့ တစ်ချက်လှမ်းကြည့်လိုက်ရာ သေချာပေါက်ပင် လူအနည်းငယ်စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ သူက ကြားဖြတ်ဝင်လာခဲ့ခြင်းပင်။
ဧည့်ခန်းမကြီးထဲသို့ ဝင်ရောက်လာသောအခါ အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပိန်ပါးသောမျက်နှာရှိသည့် အဘိုးအိုတစ်ဦး မျက်လုံးမှိတ်ကာအနားယူလျက် အထက်နေရာတွင် ထိုင်နေသည်ကို လီကျစ် မြင်လိုက်ရသည်။ လီကျစ်၏ အမည်ကတ်ပြားကို ဖွင့်ဖတ်ပြီးဖြစ်ကာ ဘေးရှိ လက်ဖက်ရည်စားပွဲပေါ်တွင် တင်ထားသည်။
အဘိုးအိုမှာ အရပ်မရှည်ဘဲ အလွန်ပိန်ပါးသည်။ သူ၏ မျက်နှာကို ရိတ်သင်ထားဟန်တူပြီး မုတ်ဆိတ်မွေး အရိပ်အယောင်မျှပင်မတွေ့ရပေ။ ရှည်လျားပြီး ကျဉ်းမြောင်းသော သူ၏ မျက်လုံးများမှာ ချိုင့်ဝင်နေကာ နက်ရှိုင်းသော နှာခေါင်းဘေးမှ ပါးရေတွန့်ကြောင်းနှစ်ခုက နှာခေါင်းအောက်ခြေအထိ ဆင်းလာသည်။
ဤသူကား ဩဇာတိက္ကမ အလွန်ကြီးမားလှသော တုန်းလင်ဂိုဏ်း၏ ခေါင်းဆောင် ချန်ချန်ယီပင် ဖြစ်လေသည်။
လီကျစ်သည် ဧည့်ခန်းမကြီးထဲတွင် ခေတ္တမျှရပ်နေလိုက်သည်။ အဘိုးအိုက မျက်လုံးမဖွင့်သေးသည်ကိုမြင်သောအခါ သူက အောက်ကျို့စွာအရိုအသေပေးလိုက်ပြီး…
"ကျွန်တော်မျိုးက ထန်းကျင်းက စစ်ဘက်ရေးရာ အမတ်ငယ် လီကျစ်ပါ။ ဆရာကြီးတုန်းကျန့်ကို လာရောက်ဂါရဝပြုတာပါ"
ထိုစကားကို ကြားသောအခါမှသာ ချန်ချန်ယီက မျက်လုံးဖွင့်လာသည်။
အဘိုးအို မျက်လုံးဖွင့်လိုက်သည်နှင့် ထက်မြက်သောအကြည့်နှစ်ချက်က သူ့အပေါ် ကျရောက်လာသည်ကို လီကျစ် ခံစားလိုက်ရပြီး အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ ချန်ချန်ယီသည် အမတ်ရာထူးမှ ထွက်ခွာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း တုန်းလင်ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ကြီးမားသောဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားဆဲဖြစ်ကာ သူ၏ အမူအရာတိုင်းတွင် အထက်လူကြီးတစ်ဦး၏ အရှိန်အဝါများပါဝင်နေသည်။
ချန်ချန်ယီက လီကျစ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ထိုင်ရန် မဖိတ်ခေါ်ပေ။ သူက…
"မင်း ငါ့ကို ဘာလာလုပ်တာလဲ"
လီကျစ်က အိမ်စေများကို လက်ဆောင်သေတ္တာများ ကမန်းကတန်း ယူလာခိုင်းလိုက်ပြီး…
"ဆရာကြီးကို လေးစားလာခဲ့တာကြာပါပြီ။ ဒီနေ့တော့ ဆရာကြီးအတွက် တန်ဖိုးမရှိတဲ့ လက်ဆောင်လေးနည်းနည်း ပြင်ဆင်လာခဲ့ပါတယ်။ တခြားရည်ရွယ်ချက်မရှိပါဘူး"
လီကျစ်က လက်ဆောင်သေတ္တာများကိုဖွင့်လိုက်ရာ ဂျင်ဆင်း၊ သမင်ချိုနှင့် သူ၏ ဖန်ထည်ပစ္စည်း နှစ်စုံတို့ကို ချန်ချန်ယီ မြင်တွေ့သွားစေသည်။
ဂျင်ဆင်းနှင့် သမင်ချိုတို့ကိုတော့ ချန်ချန်ယီက တစ်ချက်သာကြည့်ပြီး အကြည့်လွှဲသွားသည်။ သို့သော် ဖန်ထည်ပစ္စည်း နှစ်စုံကမူ သူ၏ အာရုံကို ဖမ်းစားသွားသည်။ သူက မတ်တတ်ရပ်ကာ ပိုးချည်သေတ္တာထဲမှ ဝိုင်ခွက်ငယ်တစ်ခွက်ကို ထုတ်ယူ၍ သေချာစွာ ကြည့်ရှုလိုက်သည်။ ချန်ချန်ယီက…
"ဒါက အနောက်နိုင်ငံကလာတဲ့ အရောင်အဆင်းမရှိတဲ့ဖန်လား။ ဒီဖန်ထည်နှစ်စုံကို အနောက်နိုင်ငံကနေ သယ်လာဖို့ဆိုတာ အလွန်ခက်ခဲမှာပဲ။ ဒီပစ္စည်းတွေက ငွေသျှူး တစ်ရာ နှစ်ရာလောက် တန်မယ်ထင်တယ်"
လီကျစ်က ခေါင်းယမ်းလိုက်ပြီး…
"ဒါက ကျွန်တော်မျိုးရဲ့ အလုပ်ရုံကနေ ထုတ်လုပ်ထားတဲ့ အရောင်အဆင်းမရှိတဲ့ ဖန်ပါ။ တစ်စုံကို ငွေသျှူးသုံးဆယ် ဈေးသတ်မှတ်ထားလို့ နှစ်စုံကို ငွေသျှူး ခြောက်ဆယ်ပဲ ကျပါတယ်"
"ဒါက မင်းထုတ်လုပ်ထားတဲ့ အရောင်အဆင်းမရှိတဲ့ ဖန် ဟုတ်လား"
"မှန်ပါတယ်ခင်ဗျာ"
ချန်ချန်ယီက လီကျစ်ကို သေချာပြန်ကြည့်လိုက်ပြီး…
"မင်းရဲ့ ဖန်က အဲဒီလောက် ဈေးပေါနေတော့ ဘယ်မှာရောင်းတာလဲ"
လီကျစ်သည် ဤမေးခွန်းကိုစောင့်နေခဲ့ခြင်းဖြစ်ရာ…
"ထန်းကျင်းက လီမိသားစုဆိုင်မှာရောင်းပါတယ်။ ထန်းကျင်းမှာ စုံစမ်းကြည့်လိုက်ရင် ရနိုင်ပါတယ်"
ချန်ချန်ယီက ပြုံးလိုက်ပြီး ပိုးချည်သေတ္တာ၏ အဖုံးကိုလှန်ကြည့်လိုက်ရာ အဖုံး၏ ကျောဘက်တွင်စုတ်တံဖြင့် အကြီးကြီးရေးသားထားသော…
"ထန်းကျင်းရှိ လီမိသားစုမှ ထုတ်လုပ်သည်။ တစ်စုံလျှင် ငွေသျှူး သုံးဆယ်" ဟူသော စာတန်းကို တွေ့လိုက်ရသည်။
လူကြီးသူမများမှာ အတွေ့အကြုံများ၍ ပါးနပ်သည်ဟုဆိုကြသည့်အတိုင်း ချန်ချန်ယီ မည်မျှ ပါးနပ်သနည်း။ ခေတ္တမျှစဉ်းစားပြီးနောက် လီကျစ်၏ ရည်ရွယ်ချက်ကို သူ ရိပ်မိသွားပြီး…
"စိတ်ဝင်စားစရာပဲ"
ထိုစကားကို မည်သို့ ပြန်ပြောရမည်ကို မသိသဖြင့် လီကျစ် မှင်တက်သွားသည်။
"စိတ်ဝင်စားစရာပဲ" ဟု ပြောပြီးနောက် ချန်ချန်ယီက အခြားပိုးချည်သေတ္တာတစ်ခုထဲမှ ဖန်လက်ဖက်ရည်ခွက်တစ်ခွက်ကို ထုတ်ယူကာ စတင်ကြည့်ရှုပြန်သည်။
"ပစ္စည်းတွေက တကယ်ကောင်းတာပဲ။ ကြည်လင်တောက်ပနေတာပဲ"
ခေတ္တမျှ ကြည့်ရှုပြီးနောက် ချန်ချန်ယီက ဖန်လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်ပြီး ခပ်အေးအေးပင်…
"ကောင်းပြီလေ... ငါ နားလည်ပါပြီ။ မင်း သွားလို့ရပြီ"
ကြော်ငြာရန်အတွက် သူ့ကို အသုံးချနေသည့်ရည်ရွယ်ချက်ကို ချန်ချန်ယီ ရိပ်မိသွားမှန်း သိလိုက်ရသောအခါ လီကျစ် စိုးရိမ်ပူပန်သွားသည်။ သို့သော် အဘိုးအိုက ခုလေးတင် "စိတ်ဝင်စားစရာပဲ" ဟု ပြောကာ သူ၏ ထုတ်ကုန်ကိုချီးကျူးခဲ့သဖြင့် သူ၏ လုပ်ရပ်အတွက် ဒေါသထွက်ပုံမရဘဲ သူ့အတွက် အသက်ဝင်သောကြော်ငြာတစ်ခု ဖြစ်ပေးရမည်ကိုပင် ကျေနပ်နေပုံရသည်။ တွေးတောပြီးနောက် လီကျစ်က ကမန်းကတန်းအရိုအသေပေးလိုက်ပြီး အိမ်စေများနှင့်အတူ ချန်ချန်ယီ၏ စံအိမ်မှ ထွက်ခွာလာခဲ့သည်။
ထိုနေ့ညနေပိုင်းတွင် တရားရေးအမတ်မင်းကြီးနှင့် အရှေ့ဘက်နန်းဆောင်၏ နန်းရင်းဝန်ဖြစ်သူ ချန်ရှီရှန်း သည် ခရီးပန်းလာဟန်ဖြင့် ချန်ချန်ယီ၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။
အရှေ့ဘက်နန်းဆောင်၏ နန်းရင်းဝန်ဆိုသည်မှာ မင်မင်းဆက်နန်းတွင်းအမတ်များ၏ ရာထူးတစ်ခုဖြစ်သည်။ မင်မင်းဆက် နှောင်းပိုင်းကာလတွင် နန်းတွင်းအမတ်စနစ်ကိုကျင့်သုံးခဲ့သည်။ အစပိုင်းတွင် နန်းတွင်းအမတ်များသည် ဧကရာဇ်မင်းမြတ်၏အကြံပေးခြင်းနှင့် အမိန့်တော်များကို မူကြမ်းရေးဆွဲခြင်းအတွက်သာဖြစ်ပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိပေ။ သို့သော် မင်မင်းဆက် နှောင်းပိုင်းတွင် နယ်ဘက်အရာရှိများ၏ ဩဇာအာဏာကျယ်ပြန့်လာခဲ့သည်။ နန်းတွင်းအမတ်များသည် ပြင်ပတွင် နယ်ဘက်အရာရှိများ၏ ခေါင်းဆောင်များဖြစ်လာကြပြီး အတွင်းပိုင်းတွင် 'လက်မှတ်ထိုး အတည်ပြုခြင်း' အာဏာကိုပိုင်ဆိုင်ကာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်လာနိုင်သဖြင့် တဖြည်းဖြည်းနှင့် အမည်ခံသာမကလုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသော အမတ်ချုပ်ကြီးများ ဖြစ်လာကြသည်။
ချန်ရှီရှန်းနှင့် ချန်ချန်ယီတို့မှာ အလွန်ရင်းနှီးကြပြီး ရက်အနည်းငယ်ခြားတစ်ခါ တွေ့ဆုံလေ့ရှိသည်။ ယနေ့တွင် ချန်ရှီရှန်းသည် လက်ဗလာဖြင့် ချန်ချန်ယီ၏ စံအိမ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ချန်ချန်ယီ၏ တံခါးစောင့်အစေခံက ချန်ရှီရှန်းကို မြင်သောအခါ ကမန်းကတန်းပင် ဧည့်ခန်းမကြီးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ခေတ္တအကြာတွင် ချန်ချန်ယီက အနောက်ဘက်ခြံဝင်းမှ ဝင်လာပြီး ချန်ရှီရှန်းကို နှုတ်ဆက်ကာ ထိုင်လိုက်သည်။ ထိုင်ပြီးနောက် ချန်ချန်ယီက သူ၏ မိသားစုဝင်များကို…
"လက်ဖက်ရည်ခွက်သစ်နဲ့ နန်းရင်းဝန်ကို ဧည့်ခံလိုက်"
ဘေးတွင်ရပ်နေသောအစေခံက ကမန်းကတန်းခေါင်းညိတ်ကာ လက်ဖက်ရည်ပြင်ဆင်ရန် သွားသည်။
ချန်ရှီရှန်းက ချန်ချန်ယီကို ကြည့်ကာ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
"ချန်ချန်ယီ... ဧကရာဇ်မင်းမြတ်က သစ္စာဖောက်အမတ်ချုပ်ကြီးကို မျက်နှာသာပေးနေတုန်းပဲ။ ကျွန်တော်တို့ သူ့ကို ဖြုတ်ချနိုင်မှာ မဟုတ်ဘူး"
သူရည်ညွှန်းလိုက်သော သစ္စာဖောက်အမတ်ချုပ်ကြီးဆိုသည်မှာ နန်းရင်းဝန် ဝမ်ချန်အန်း ပင်ဖြစ်သည်။
ထိုအခါ ချန်ချန်ယီက ပြုံးလိုက်ပြီး...
"ဒီလောကမှာ ဖြုတ်ချလို့မရတဲ့လူဆိုတာ ရှိလို့လား"
ချန်ရှီရှန်းက ဆက်၍…
"အရင်တုန်းက ဖုန်းယန်မှာရှိတဲ့ ဧကရာဇ်ဂူဗိမာန်ဖျက်ဆီးခံခဲ့ရတယ်။ အဲဒီကိစ္စမှာ သစ္စာဖောက်အမတ်ချုပ်ကြီး ဝမ်ချန်အန်းနဲ့ အကျင့်ပျက်အမတ် ဝမ်ယင်းရှုံးတို့က ဖုန်းယန်ပြည်နယ်ဘုရင်ခံ ယန်ယီဖုန်းနဲ့ စစ်ဆေးရေးမှူး ဝူကျန်းယင်းတို့ကို ကာကွယ်ပေးခဲ့ကြတယ်။ 'ဝမ်ယင်းရှုံးနဲ့ ဝမ်ချန်အန်းတို့ ပူးပေါင်းပြီး တိုင်းပြည်ကို လှည့်စားနေတယ်' ဆိုတဲ့ စွပ်စွဲချက်နဲ့ အမတ် ကျန်အာရှို့နဲ့ ဟူကျန်းတို့ကိုအသုံးချပြီး တိုင်တန်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ ဧကရာဇ်မင်းမြတ်က ဒေါသထွက်သွားပြီး စွပ်စွဲတဲ့ ကျန်အာရှို့နဲ့ ဟူကျန်းတို့ပဲ ရာထူးချခံလိုက်ရတယ်"
တကယ့်အဖြစ်မှန်မှာ ယခုနှစ်အစောပိုင်း၊ ၃ လပိုင်း ၁၅ ရက်နေ့က ဓားပြများ ဖုန်းယန်ကို သိမ်းပိုက်ကာ မင်မင်းဆက်၏ ဧကရာဇ်ဂူဗိမာန်ကိုဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ ဤသည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်ဖြစ်သောကြောင့် ဖုန်းယန်ပြည်နယ်ဘုရင်ခံ ယန်ယီဖုန်းနှင့် စစ်ဆေးရေးမှူး ဝူကျန်းယင်းတို့တွင် အဓိကတာဝန်ရှိသည်။
ဧကရာဇ်ချုံကျန်း၏ ပြင်းထန်သော စိတ်သဘောထားအရဆိုလျှင် ထိုသူနှစ်ဦးကို သေချာပေါက် ခေါင်းဖြတ်ကွပ်မျက်ရမည်ဖြစ်သည်။
သို့သော် ယန်ယီဖုန်းနှင့် ဝူကျန်းယင်းတို့သည် ဝမ်ချန်အန်း၊ ဝမ်ယင်းရှုံးတို့နှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ကြသည်။ ထို့ကြောင့် ဝမ်ချန်အန်းနှင့် ဝမ်ယင်းရှုံးတို့သည် ဖုန်းယန်ဂူဗိမာန် ကျဆုံးကြောင်းအစီရင်ခံစာကို ချက်ချင်းမတင်ပြဘဲ လျှို့ဝှက်ဖုံးကွယ်ထားခဲ့ကြသည်။ မြို့တော်သို့ ဖုန်းယန်ကို ပြန်လည်သိမ်းပိုက်နိုင်ကြောင်း သတင်းစကားရောက်ရှိလာချိန်မှသာ ထိုအစီရင်ခံစာ နှစ်စုံလုံးကိုဧကရာဇ်ထံ တစ်ပြိုင်နက်တည်းတင်ပြခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဧကရာဇ်အနေဖြင့် ဂူဗိမာန်ကို ပြန်လည်ရရှိကြောင်း အစီရင်ခံစာကိုမြင်သောအခါ ဒေါသပြေသွားကာ ပြည်နယ်ဘုရင်ခံနှင့် စစ်ဆေးရေးမှူးတို့ကို ကွပ်မျက်ခြင်းမှကင်းလွတ်ခွင့်ပေးလိမ့်မည်ဟု မျှော်လင့်ခြင်းကြောင့်ဖြစ်သည်။
ဝမ်ချန်အန်းနှင့် ဝမ်ယင်းရှုံးတို့၏ ဤလုပ်ရပ်သည် နန်းတွင်းစည်းမျဉ်းများကို သိသိသာသာ ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် တုန်းလင်ဂိုဏ်းသားများက ဤရှားပါးသောအခွင့်အရေးကို ဆုပ်ကိုင်ကာ နန်းရင်းဝန် ဝမ်ချန်အန်းနှင့် နန်းတွင်းအမတ် ဝမ်ယင်းရှုံးတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။
အမတ်ကျန်အာရှို့နှင့် ဟူကျန်းတို့မှာ အမတ်ငယ်လေးများသာဖြစ်ပြီး တုန်းလင်ဂိုဏ်းက အခြေအနေကို အကဲစမ်းရန်အတွက် ရှေ့တန်းတင် အသုံးချခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဤအချိန်၌ ဧကရာဇ်မင်းမြတ်သည် ဝမ်ချန်အန်းကို အားကိုးယုံကြည်နေဆဲဖြစ်ရာ အမတ်ချုပ်ကြီးနှစ်ဦးကို ရဲရဲဝံ့ဝံ့စွပ်စွဲရဲသည့် အဆိုပါအမတ်ငယ်လေးများအပေါ် အလွန်အမင်း အမျက်ထွက်ခဲ့လေသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးကို ရာထူးမှထုတ်ပယ်ခြင်း အဆင့်လျှော့ချခြင်းများဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့သည်။
ဧကရာဇ်၏ အမျက်တော်ကြောင့် ချန်ရှီရှန်းမှာ အလွန်ကြောက်လန့်သွားခဲ့သော်လည်း ချန်ချန်ယီကမူ အနည်းငယ်မျှပင်တုန်လှုပ်ခြင်းမရှိခဲ့ပေ။ ချန်ချန်ယီသည် နန်းတွင်းနိုင်ငံရေး လှိုင်းတံပိုးများကို နှစ်ပေါင်းများစွာဖြတ်သန်းလာခဲ့သူပီပီ နိုင်ငံရေးလှည့်ကွက်များတွင် အတွေ့အကြုံရင့်ကျက်နေပြီဖြစ်ကာ ကန့်လန့်ကာနောက်ကွယ်မှ အခြေအနေအရပ်ရပ်ကို အကဲခတ်ရုံဖြင့် ချက်ချင်းထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေသည်။
ချန်ချန်ယီက ခပ်အေးအေးပင်…
"သစ္စာဖောက်အမတ်ချုပ်ကြီးကို စွပ်စွဲခဲ့တဲ့ အမတ်တွေဖြစ်တဲ့ ကျန်အာရှို့နဲ့ ဟူကျန်းတို့ အခု ဘယ်လိုနေကြလဲ"
"သူတို့နှစ်ယောက်က ကျွန်တော်တို့အတွက်အလုပ်လုပ်ပေးရင်း ဧကရာဇ်ကို ဒေါသထွက်စေခဲ့လို့ ဧကရာဇ်က သူတို့ကို ယာယီရာထူးချထားတယ်။ အပေါ်ယံကြည့်ရင်တော့ သူတို့က နစ်နာသွားတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ သူတို့က နာမည်ကောင်းရသွားတာပဲ။ မုန်တိုင်းစဲသွားတာနဲ့ သူတို့ကို ပြန်လည်ရာထူးတိုးပေးဖို့ အခွင့်အရေးရှာရမှာပေါ့။ အခုလောလောဆယ် ရာထူးချခံထားရပေမယ့် နှစ်ယောက်စလုံးက အခြေအနေကိုနားလည်ပြီး ဘာမကျေနပ်မှုမှ မပြကြဘူး"
ချန်ချန်ယီက ပြုံးလျက်…
"ဩဇာအာဏာမရှိတဲ့ အမတ်ငယ်နှစ်ယောက်က အမတ်ချုပ်ကြီးကိုစွပ်စွဲတာတောင် ဧကရာဇ်က သူတို့ကိုမသတ်သလို နန်းတွင်းကြိမ်ဒဏ်လည်းမပေးဘူးဆိုတော့… ဒီကိစ္စမှာ မြင်ရတာထက် ပိုနက်နဲတဲ့ အကြောင်းရင်းတွေ ရှိနေတာ သေချာတယ်"
ချန်ချန်ယီ၏ စကားကိုကြားသောအခါ ချန်ရှီရှန်း၏ ဉာဏ်အလင်းပွင့်သွားကာ မျက်လုံးများ အရောင်လဲ့သွားသည်။
***