ဖန့်ကျားရွာသို့ အထူးဧည့်သည်များ ရောက်ရှိလာခဲ့သည်။
ပြည်နယ်ဘုရင်ခံ ဟယ်ရှီရှို့သည် သူ၏ တူဖြစ်သူ ရွှီမင်ချယ်၊ ထန်းကျင်း လက်ဝဲတပ်ဖွဲ့မှ တပ်မှူးကြီး နှင့် အခြား အမတ်အချို့နှင့်အတူ ဖန့်ကျားရွာသို့ ခမ်းနားကြီးကျယ်စွာ ရောက်ရှိလာခဲ့သည်။
ဖန့်ကျားရွာသို့ ဝင်ရောက်လာသည်နှင့် ဟယ်ရှီရှို့နှင့်အဖွဲ့သည် သန့်ရှင်းသပ်ရပ်နေသော လမ်းမများကိုမြင်တွေ့ရပြီး အံ့သြမှင်တက်သွားကြသည်။ မင်မင်းဆက်ကြီးရှိ မြို့ရွာအားလုံးတွင် အမှိုက်များနှင့် မစင်များ ပုံနေတတ်သော်လည်း မည်သည့်မြို့မှ ဖန့်ကျားရွာလောက် မသန့်ရှင်းကြပေ။ အမှိုက်နှင့် မစင်များမရှိရုံသာမက လမ်းမများပေါ်တွင် ရေဆိုးများ ရေအိုင်များလည်းမရှိဘဲ လမ်းများမှာ ဖြောင့်တန်းညီညာကာ နှစ်ဖက်စလုံးတွင် ရေနုတ်မြောင်းများ ဖောက်လုပ်ထားသည်။
ဤကဲ့သို့သော မြို့လေးတွင်နေထိုင်ရသည်မှာ မည်မျှသာယာလိုက်မည်နည်း။ လီကျစ်သည် ငွေရှာတတ်ရုံသာမက မြို့ပြစီမံခန့်ခွဲမှုတွင်လည်း ကျွမ်းကျင်မှုအချို့ရှိနေကြောင်း ဟယ်ရှီရှို့ နားလည်သွားသည်။
လမ်းတစ်လျှောက်တွင် စည်ကားနေသောဈေးအချို့ကလည်း ဟယ်ရှီရှို့နှင့် အဖွဲ့ကို အချိန်အတော်ကြာ ရပ်တန့်ကြည့်ရှုသွားစေခဲ့သည်။ ထိုဈေးများတွင် ကြက်၊ ဘဲ၊ ငါး၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများမှအစ အပ်၊ အပ်ချည်၊ ကုန်စုံ၊ ကြွေထည်၊ ဆားနှင့် သံ အစရှိသည်တို့အထိ အရာအားလုံးကိုရောင်းချကြသည်။ ဤမျှစည်ကားသော ဈေးများမှာ ထန်းကျင်းမြို့ရှိ ဈေးများထက်ပင် သာလွန်နေသေးသည်။
ထို့ပြင် မြို့မြောက်ပိုင်းရှိ သိပ်သည်းလှပသော အိမ်ရာငယ်များက ဟယ်ရှီရှို့နှင့်အဖွဲ့ကို ပို၍ပင် အံ့သြသွားစေခဲ့သည်။ လီကျစ်သည် ဖန့်ကျားရွာတွင် များပြားသောတည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သူတို့သိထားသော်လည်း ဤမျှတိုတောင်းသောအချိန်အတွင်း ပြည်သူများ နေထိုင်ရန် လှပသောအိမ်များစွာကို တည်ဆောက်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ပေသည်။
ထန်းကျင်းမြို့ရှိ သတင်းအချက်အလက်နားစွန့်နေသူတိုင်းက လီကျစ်သည် ဟယ်ရှီရှို့၏ ဆွေမျိုးဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ယခု လီကျစ်၏ အောင်မြင်မှုများကို မြင်တွေ့ရသောအခါ ဤမျှအရည်အချင်းရှိသော လူငယ်လေးတစ်ဦးကို ဆွေမျိုးအဖြစ်သတ်မှတ်ခံရခြင်းမှာ မဆိုးလှကြောင်းနှင့် သူ့အတွက် ကြီးမားသောဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးနိုင်ကြောင်း ဟယ်ရှီရှို့ ခံစားလိုက်ရသည်။ ဖန့်ကျားရွာ တည်ဆောက်ခြင်းသည်လည်း ဟယ်ရှီရှို့၏ ရာထူးသက်တမ်းအတွင်း နိုင်ငံရေးအောင်မြင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
လှည့်လည်ကြည့်ရှုပြီးနောက် ဟယ်ရှီရှို့သည် ဖန့်ကျားရွာအလယ်ဗဟိုရှိ ဒုတိယတပ်မှူး ရုံးတော်သို့ ရောက်ရှိလာခဲ့သည်။ အသစ်စက်စက် တည်ဆောက်ထားသောရုံးတော်ကြီးကို ကြည့်ရင်း ဟယ်ရှီရှို့သည် အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။
"သူက လူငယ်လေးပဲရှိသေးတာကိုး။ ရုံးတော်အသစ်တောင် ဆောက်လိုက်သေးတယ်"
ကိုယ်ရံတော်များက ပြည်နယ်ဘုရင်ခံ မြို့ထဲသို့ဝင်ရောက်လာကြောင်း သတင်းပို့ထားပြီးဖြစ်သဖြင့် ဟယ်ရှီရှို့ ရုံးတော်အဝင်ဝသို့ ရောက်ရှိလာသည်နှင့် လီကျစ် ထွက်ပေါ်လာခဲ့သည်။ သူက အမတ်များကိုနှုတ်ဆက်ကာ ဧည့်ခန်းမကြီးတွင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
"ပြည်နယ်ဘုရင်ခံမင်းကြီး ရောက်လာတာကိုး… ကျွန်တော်မျိုး ကြိုဆိုဖို့ပျက်ကွက်ခဲ့ပါတယ်။ အစ်ကိုကြီး ရွှီ လည်း ပါလာတာကိုး… ကြွပါ... ကြွပါခင်ဗျာ"
ဟယ်ရှီရှို့က အမတ်များကို ဦးဆောင်၍ ရုံးတော်၏ ဧည့်ခန်းမကြီးထဲသို့ ဝင်သွားခဲ့သည်။
ယနေ့တွင် ရွှီမင်ချယ်မှလွဲ၍ ကျန်အမတ်များအားလုံးမှာ လီကျစ်ထက် အသက်ကြီးသူများ ဖြစ်သဖြင့် လီကျစ်သည် အနိမ့်ဆုံးနေရာတွင်သာ ထိုင်ရလေသည်။
ဟယ်ရှီရှို့က အစေခံယူလာပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ပြုံးလျက်…
"လီကျစ်... မင်း တည်ဆောက်ထားတဲ့ဒီမြို့က တော်တော်လေးကောင်းတာပဲ"
"ပြည်နယ်ဘုရင်ခံမင်းကြီးက မြှောက်ပြောနေပါပြီ"
"မြို့တည်ဆောက်တဲ့နေရာမှာ မင်းရဲ့စွမ်းဆောင်ရည်တွေက အသိအမှတ်ပြုစရာပါပဲ။ သုံးနှစ်တစ်ကြိမ် အကဲဖြတ်တဲ့အခါ မင်းရဲ့ အောင်မြင်မှုအဖြစ် ဖန့်ကျားမြို့သစ် တည်ဆောက်ခြင်းကို ငါ ထည့်သွင်းပေးမယ်။ အဲဒီအခါကျရင် ရာထူးတိုးတာတွေ… ဆုချီးမြှင့်တာတွေ သေချာပေါက် ရလာမှာပေါ့"
လီကျစ်က လက်အုပ်ချီကာ…
"ကျေးဇူးတင်ပါတယ် ပြည်နယ်ဘုရင်ခံမင်းကြီး"
ထိုသို့ပြောပြီးနောက် ဟယ်ရှီရှို့က မုတ်ဆိတ်မွေးကိုသပ်ကာ…
"ဒီနေ့ ငါလာခဲ့တာ မင်းကို အရေးကြီးတဲ့တာဝန်တစ်ခု ပေးအပ်ချင်လို့ပဲ"
"အမိန့်ရှိပါ အမတ်မင်းကြီး"
ဟယ်ရှီရှို့က ရွှီမင်ချယ်ကို ကြည့်ကာ…
"မင်ချယ်... မင်းပဲ သူ့ကို ပြောပြလိုက်ပါ"
ရွှီမင်ချယ်က ခေါင်းညိတ်ကာ လီကျစ်ကိုကြည့်၍…
"ညီငယ်... မင်းသိတဲ့အတိုင်းပဲ... ပထမလတုန်းက ဓားပြတွေ ဖုန်းယန်မှာစုရုံးပြီး ဧကရာဇ်ဂူဗိမာန်ကို ဖျက်ဆီးခဲ့ကြလို့ ဧကရာဇ်မင်းမြတ် အရမ်းဒေါသထွက်နေတယ်။ အခု ဧကရာဇ်မင်းမြတ်က ဓားပြတွေကိုဝိုင်းဝန်းနှိမ်နင်းဖို့ အရပ်ရပ်ကတပ်ဖွဲ့တွေကိုစုစည်းပြီး သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အမြစ်ပြတ်ချေမှုန်းဖို့အမိန့်ပေးထားတယ်။ တပ်ဖွဲ့ကိုးခုက အထူးတပ်ဖွဲ့တွေသာမကဘဲ ငါတို့ ထန်းကျင်းလိုဒေသတွေကပါ နှိမ်နင်းရေးမှာကူညီဖို့ တပ်ဖွဲ့တွေ စေလွှတ်ရမယ်"
သူက ခေတ္တရပ်လိုက်ပြီး…
"ပြည်နယ်ဘုရင်ခံမင်းကြီးက အထပ်ထပ်စဉ်းစားပြီးသွားပြီ။ ငါတို့ ထန်းကျင်းတပ်ဖွဲ့က ကမ်းရိုးတန်းကာကွယ်ရေး တာဝန်ရှိနေလို့ တခြားတပ်ဖွဲ့တွေကို ရွှေ့ပြောင်းလို့မရဘူး။ အဲဒါကြောင့် ဒီတစ်ခါ နှိမ်နင်းရေးမှာ ကူညီဖို့ ညီငယ်ကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်"
လီကျစ် မှင်တက်သွားပြီး…
"ကျွန်တော်မျိုးက ဘယ်နေရာကိုသွားပြီး နှိမ်နင်းရေး ကူညီရမှာလဲ"
ရွှီမင်ချယ်က…
"ဒီတစ်ခါ ကယ်ဆယ်ရေးနဲ့ နှိမ်နင်းရေး လုပ်ဆောင်နေတဲ့ အရှေ့ဘက်က တပ်ဖွဲ့တွေအားလုံးက ဟူကွမ်း ပြည်နယ်ဘုရင်ခံ လုရှန်းရှန်း ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတယ်"
လုရှန်းရှန်း ဟုတ်လား။ လီကျစ်သည် အချိန်ခရီးမသွားမီက ဤသူ၏အမည်ကို ကြားဖူးခဲ့ကြောင်းသတိရလိုက်သည်။ သူသည် မင်မင်းဆက်နှောင်းပိုင်းကာလတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပုံရသော်လည်း နောက်ပိုင်းတွင် သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့သည်။
လီကျစ် ခေတ္တမျှစဉ်းစားလိုက်ပြီး သူလို အမတ်ငယ်လေးတစ်ယောက်ကို ဟယ်ရှီရှို့က ဘာကြောင့် နှိမ်နင်းရေးကူညီရန် စေလွှတ်ရသနည်းဟု တွေးတောနေမိသည်။
"ပြည်နယ်ဘုရင်ခံမင်းကြီး... ကျွန်တော်မျိုးက တပ်မှူးငယ်တစ်ယောက်မျှသာဖြစ်ပြီး လက်အောက်မှာ စစ်သား ၁၂၀ လောက်ပဲရှိပါတယ်။ ဘာကြောင့်များ ကျွန်တော်မျိုးက နှိမ်နင်းရေး သွားကူညီရမှာလဲ"
ဟယ်ရှီရှို့က ပြုံးကာ…
"မင်းမှာ ပုံမှန်စစ်သည် ၁၂၀ ပဲ ရှိပေမယ့် မင်းလက်အောက်မှာ ကိုယ်ရံတော်တစ်ထောင်ကျော် ရှိတယ်လို့ကြားတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကတောင် မင်းက ကိုယ်ရံတော်တစ်ရာကျော်ကို ဦးဆောင်ပြီး တောင်ပေါ်ဓားပြဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့တာပဲ။ မင်းရဲ့ ကိုယ်ရံတော်တွေက တော်တော်လေး အင်အားကြီးတယ်ဆိုတာ ငါသိပါတယ်။ မင်းဆီမှာ အမြောက်တွေတောင် ရှိတယ်လို့ ကြားတယ်။ မင်းရဲ့ ကိုယ်ရံတော် တစ်ထောင်ကျော်နဲ့ ထန်းကျင်းကို ကိုယ်စားပြုပြီး စစ်ချီသွားရင် ငါတို့ ထန်းကျင်းအတွက် မျက်နှာပန်းလှတာပေါ့"
ထိုစကားကိုကြားသောအခါ လီကျစ် မှင်တက်သွားပြီး ပြည်နယ်ဘုရင်ခံသည် သူ၏ လှုပ်ရှားမှုများကို အလွန်စောင့်ကြည့်နေဆဲဖြစ်ကာ သူ့ထံတွင် အမြောက်များရှိကြောင်းကိုပင် သိထားသည်ဟု တိတ်တဆိတ်တွေးလိုက်မိသည်။
ရွှီမင်ချယ်က လီကျစ်ကို ကြည့်ကာ…
"ညီငယ်... ဒါက အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ တပ်ဖွဲ့ကြီးတွေစုရုံးပြီး အင်အားအလုံးအရင်းနဲ့ ဖိအားပေးနေတော့ ဓားပြတွေ သေချာပေါက်ကျဆုံးမှာပဲ။ ဓားပြနှိမ်နင်းရေးမှာ မင်းသာစွမ်းစွမ်းတမံဆောင်ရွက်နိုင်ရင် ပြန်လာတဲ့အခါရာထူးတိုးတာတွေ ဆုချီးမြှင့်တာတွေ သေချာပေါက်ရလာမှာပဲ။ ယောက်ျားကောင်းတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ဧကရာဇ်မင်းမြတ်အတွက် အသုံးချပြီး ကြီးကျယ်တဲ့အောင်မြင်မှုတွေ ရယူဖို့အတွက်ပဲလေ။ တစ်နေ့လုံး အိမ်ထဲမှာပဲ ဘယ်လိုလုပ်ထိုင်နေလို့ရမလဲ"
လီကျစ်က ဟယ်ရှီရှို့ကို ကြည့်ကာ…
"အမတ်မင်းကြီးက ဆုံးဖြတ်ပြီးပြီလား"
ဟယ်ရှီရှို့က…
"ဒီနေ့ ဖန့်ကျားရွာကို လာတာက ဒီကိစ္စကို မင်းကို အသိပေးဖို့ပဲ"
ထိုစကားကို ကြားသောအခါ လီကျစ်သည် သူ၏ လက်အောက်ရှိ အင်အားများကို စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။ သေနတ်အလုပ်ရုံသည် သေနတ်များကို အဆက်မပြတ်ထုတ်လုပ်နေပြီး သေနတ် ၁,၂၀၀ အထိ ပြုလုပ်ပြီးဖြစ်သည်။ စစ်သည်များက အကန့်အသတ်ရှိသော သေနတ်များကို အလှည့်ကျအသုံးပြု၍ ပစ်မှတ်လေ့ကျင့်ခဲ့ကြပြီး ယခုအခါ ကိုယ်ရံတော်တစ်ထောင်ခန့်သည် သုံးလကြာ ပစ်ခတ်လေ့ကျင့်ပြီးဖြစ်သည်။ အမြောက်တပ်ဘက်တွင်လည်း စစ်သား ၂၀၀ က အမြောက်ပစ်ခတ်မှုကို နှစ်လကြာ လေ့ကျင့်ပြီးဖြစ်ရာ ဤစစ်ဆင်ရေးအတွက် လူ ၁,၃၀၀ ကျော်ကို သူ ဦးဆောင်သွားနိုင်သည်။ သူ၏ တပ်ဖွဲ့တွင် အင်အားပြင်းထန်သော လက်နက်များ ရှိသဖြင့် လူ ၁,၃၀၀ ကို လူထောင်ပေါင်းများစွာကဲ့သို့ အသုံးပြုနိုင်ပေသည်။
သူက ခေါင်းညိတ်ကာ လက်အုပ်ချီလျက်…
"ဒါဆိုရင်လည်း အမိန့်တော်အတိုင်း စစ်ချီထွက်ပါ့မယ်"
ဟယ်ရှီရှို့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ချေ။
တပ်မှူးကြီးနှင့် အခြားအမတ်များကလည်း ယခုတစ်ကြိမ် ဧကရာဇ်မင်းမြတ်၏ အမိန့်မှာ သတ်မှတ်ရက်အတွင်း ဓားပြများကိုနှိမ်နင်းရန် တင်းကျပ်ကြောင်းသိထားကြပြီး ဓားပြများ သေချာပေါက်ကျဆုံးမည်ဟု ယုံကြည်ထားကြသည်။ ပြည်နယ်ဘုရင်ခံက လီကျစ်ကို တမင်တကာ မြေတောင်မြှောက်ပေးကာ စစ်ဘက်ရေးရာအောင်မြင်မှုများရယူရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟုသာ သူတို့ ထင်မှတ်ကြပြီး ကမန်းကတန်းရှေ့ထွက်ကာ တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြသည်။
"ဒုတိယတပ်မှူးရဲ့ အောင်ပွဲခံ အပြန်ခရီးကို ငါတို့ ထန်းကျင်းကနေ စောင့်မျှော်နေပါ့မယ်"
"ဒီတစ်ခါ ဓားပြနှိမ်နင်းရေးမှာ ဒုတိယတပ်မှူးကြီး သေချာပေါက်အောင်မြင်မှုတွေ ရလာမှာပဲ… အဲဒီအခါကျရင် တပ်မှူးကြီးရာထူးက သေချာပေါက် သူ့အတွက်ပဲ ဖြစ်လာမှာပါ"
လီကျစ်က ဤအမတ်များကို လက်အုပ်ချီကာ…
"ဒါဆိုရင်လည်း အားလုံးရဲ့ကောင်းချီးစကားတွေကိုပဲ အားကိုးရတော့မှာပေါ့"
ပြည်နယ်ဘုရင်ခံ၏ အမိန့်ကိုရရှိပြီးနောက် လီကျစ်သည် စစ်ချီထွက်ရန် ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့သည်။
ပထမဆုံးလုပ်ရမည့်အရာမှာ မြင်းများဝယ်ယူရန်ဖြစ်သည်။ လီကျစ်တွင် မြင်းဒါဇင် အနည်းငယ်သာရှိပြီး တပ်ဖွဲ့များ ဟူကွမ်းသို့ ချီတက်ရန်အတွက် လုံလောက်မှုမရှိပေ။ ကင်းထောက်များအတွက် မြင်းများလိုအပ်သလို ထောက်ပံ့ရေးတပ်သားများအတွက်လည်း မြင်းများ လိုအပ်ပြီး အမြောက်တင်လှည်းများကို ဆွဲရန်အတွက်လည်း မြင်းများလိုအပ်သည်။ လီကျစ်သည် ဤတစ်ကြိမ်စစ်ချီရာတွင် ခြောက်ပေါင်ဒါအမြောက် အလက်လေးဆယ် ယူဆောင်သွားရန် စီစဉ်ထားရာ ဝန်တင်မြင်း ၁၆၀ လိုအပ်မည်ဖြစ်ပြီး ကင်းထောက်များအတွက် စစ်မြင်း ၁၀၀၊ သတင်းပို့သမားများအတွက် စစ်မြင်း ဆယ်ကောင်ကျော်နှင့် ထောက်ပံ့ရေး အလုပ်ကြမ်းသမားများအတွက် ဝန်တင်မြင်း ၄၀၀ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် လီကျစ်သည် ဝန်တင်မြင်း ၅၆၀ နှင့် စစ်မြင်း တစ်ရာကျော် ထပ်မံဝယ်ယူရန် လိုအပ်ပေသည်။
လီကျစ်သည် မြို့တော်အနီးတစ်ဝိုက်ရှိ ခရိုင်များနှင့် မြို့နယ်အသီးသီးတွင် မြင်းများဝယ်ယူရန် ကိုယ်ရံတော်များကိုစေလွှတ်ခဲ့ပြီး ဒေသတွင်းရှိ မြင်းကောင်းများအားလုံးကို အကုန်အစင် ဝယ်ယူခဲ့သည်။
မြင်းများရရှိပြီးနောက် လီကျစ်သည် ဟူကွမ်းသို့ မြင်းမြန်ဖြင့် သတင်းပို့သမားသုံးဦးကို ချက်ချင်း စေလွှတ်ကာ လုရှန်းရှန်းနှင့် ဆက်သွယ်စေခဲ့ပြီး လီကျစ်၏တပ်ဖွဲ့များ ဟူကွမ်းသို့ လာရောက်မည့်သတင်းကို အကြောင်းကြားစေခဲ့သည်။
လီကျစ်သည် ဖန့်ကျားရွာတွင်လည်း အလုပ်ကြမ်းသမားများကိုစုဆောင်းခဲ့ပြီး ထောက်ပံ့ရေး အလုပ်ကြမ်းသမား ၅၀၀ ကို တစ်လလျှင် ငွေသုံးသျှူးဖြင့် ငှားရမ်းခဲ့သည်။
မြင်းများဝယ်ယူပြီး ထောက်ပံ့ရေးတပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက် လီကျစ်သည် မိမိ၏တပ်ဖွဲ့များကို ဖန့်ကျားရွာအနီးတစ်ဝိုက်တွင် မြင်းများကိုအသုံးပြု၍ ရက်အနည်းငယ်ကြာ ကွင်းဆင်းချီတက် လေ့ကျင့်မှုများပြုလုပ်စေခဲ့ပြီး ချီတက်စဉ် ရုတ်တရက်တိုက်ခိုက်ခံရပါက တုံ့ပြန်ပုံကိုလည်း လေ့ကျင့်စေခဲ့သည်။ မည်သည့်ပြဿနာမျှမတွေ့ရသောအခါ လီကျစ်သည် ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။
***