လီကျစ်သည် အရေးပါသောပုဂ္ဂိုလ်ကြီးများ၏ အမူအရာများကိုကြည့်ရင်း ရှေ့သို့ဦးစွာ ထွက်လာခဲ့သော ဝါရင့်တပ်မှူးကြီးဘက်သို့ကြည့်ကာ လက်အုပ်ချီလျက်…
"အထက်လူကြီးမင်းရဲ့ နာမည်ကို သိခွင့်ပြုပါ"
ဝါရင့်တပ်မှူးကြီးက လီကျစ်ကို တစ်ချက်ကြည့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
သူ၏ဘေးရှိ လူလတ်ပိုင်း တပ်မှူးကြီးတစ်ဦးက အသံကျယ်ကျယ်ဖြင့်…
"လူငယ်လေး... သတိထားစမ်း… မင်းကို စကားပြောနေတာ လျောင်တုန်းဒေသရဲ့ စစ်သေနာပတိချုပ်၊ ဒုတိယအဆင့် အရာရှိ ကျူခွမ် ပဲ"
ဒီဝါရင့်တပ်မှူးကြီးက အလွန်ရာထူးကြီးမားသော အမတ်ကြီးတစ်ဦး ဖြစ်နေသည်ကိုး။
လီကျစ်က ဝါရင့်တပ်မှူးကြီးကို လက်အုပ်ချီကာ…
"အထက်လူကြီးမင်း... အကယ်၍ ကျွန်တော်မျိုးရဲ့တပ်ဖွဲ့တွေက ထူးထူးခြားခြား အင်အားတောင့်တင်းပြီး ဓားပြတွေကိုတိုက်ခိုက်ရာမှာ အောင်မြင်မှုတွေရလာရင်ကော ဘယ်လိုလုပ်မလဲ"
မျက်လုံးမှိတ်ထားသော ဝါရင့်မှူးကြီးက…
"မင်းလို ဒုတိယတပ်မှူးကြီးတစ်ယောက်ရဲ့ တပ်ဖွဲ့က ဘယ်လိုလုပ်ပြီး ထူးခြားနိုင်မှာလဲ"
ထိုစကားကို ကြားသောအခါ တမ်မှူးကြီးများက ကျူခွမ်၏ စကားကို သဘောတူသည့်ဟန်ဖြင့် လှောင်ရယ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လီကျစ်က…
"ကျွန်တော်မျိုးရဲ့ စစ်သည်တစ်ထောင်က ရန်သူ့ ဝါရင့်ခြေလျင်သူပုန်နှစ်ထောင်ကို သတ်နိုင်ရင်ကော"
ထိုစကားကိုကြားသောအခါ ကျူခွမ်က မျက်လုံးဖွင့်လာပြီး လီကျစ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ ခေတ္တအကြာတွင် သူက အေးစက်စက် ရယ်မောလိုက်သည်။
ကျူခွမ် ရယ်မောသည်ကို မြင်သောအခါ ရွက်ဖျင်တဲကြီးအတွင်းရှိ စစ်ဘက်ရေးရာ အမတ်များကလည်း ဝိုင်းဝန်းရယ်မောကာ အချင်းချင်း ဆွေးနွေးလိုက်ကြသည်။
"နှစ်ထောင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နှစ်ထောင်ရဲ့ အသတ်ခံရဖို့က ပိုဖြစ်နိုင်ချေရှိတယ်"
"သူ့တပ်ဖွဲ့ အသတ်ခံရရုံတင်မကဘူး... သူပုန်အဖွဲ့တွေက ငါတို့တပ်ဖွဲ့ရဲ့ တပ်ဖြန့်မှုကိုပါ ဖျက်ဆီးပစ်ပြီး တခြားတပ်ဖွဲ့တွေရဲ့ ဘေးတိုက်စစ်ကြောင်းတွေဟာလည်း အကာအကွယ်မဲ့ ဖြစ်သွားစေလိမ့်မယ်"
"ဒီကောင်က တော်တော်မောက်မာတာပဲ… ဒုတိယတပ်မှူးကြီးတစ်ယောက်ကများ ရန်သူနှစ်ထောင်ကို သတ်မယ်လို့ ကြွားဝံ့တယ်ပေါ့လေ"
"ထန်းကျင်းက နှိမ်နင်းရေးကူညီဖို့ အရူးတစ်ယောက်ကို စေလွှတ်လိုက်တာပဲ"
လီကျစ်က အသက်ပြင်းပြင်းရှူလိုက်ပြီး အသံကျယ်ကျယ်ဖြင့်…
"အားလုံးပဲ သိကြလား။ ဒီကိုလာတဲ့လမ်းမှာ ကျွန်တော်မျိုးရဲ့တပ်ဖွဲ့တွေက လော့ယန်မှာ မြင်းစီးဓားပြ နှစ်ထောင်ကျော်နဲ့ ထိပ်တိုက်တွေ့ခဲ့တယ်။ ကျွန်တော်မျိုးရဲ့ တပ်ဖွဲ့တွေက ဓားပြတွေကို ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့ပြီး ခေါင်းနှစ်ရာကိုတောင် သိမ်းဆည်းရမိခဲ့တယ်"
ထိုစကားကို ကြားသောအခါ ဗဟိုတပ်စခန်းရွက်ဖျင်တဲအတွင်းရှိ တပ်မှူးကြီးများအားလုံး တိတ်ဆိတ်သွားကြသည်။
ဒုတိယတပ်မှူးကြီး တစ်ယောက်တည်းနဲ့… မြင်းစီးသူရဲနှစ်ထောင်နဲ့ တွေ့တာတောင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်ဟုတ်လား။ ခေါင်း နှစ်ရာတောင်ရခဲ့တယ်ပေါ့။ ဒါက ဟာသလုပ်နေတာလား။ ဓားပြမြင်းစီးသူရဲတွေဆိုတာ အထင်သေးလို့ရတာမဟုတ်ဘူး။ အားနည်းတဲ့ ဒုတိယတပ်မှူးကြီးတစ်ယောက်ရဲ့ တပ်ဖွဲ့က ဘယ်လိုလုပ်ပြီး သူတို့ကို ခုခံနိုင်မှာလဲ။
ခေတ္တအကြာတွင် လူများက တဖြည်းဖြည်း စတင်ပြောဆိုလာကြသည်။
"လော့ယန်က သနားစရာ ပြည်သူတွေပါလား"
ထိုစကားကို ပြောလိုက်သည်နှင့် အခြားစစ်ဘက်ရေးရာအမတ်များကလည်း စတင်ဆူညံလာကြသည်။
"ဒီကောင်က စစ်ဘက်အောင်မြင်မှုတွေရဖို့အတွက် အပြစ်မဲ့ပြည်သူတွေကို သတ်ပြီး အောင်ပွဲခံဖို့ ကြိုးစားနေတာပဲ"
"ဒုတိယတပ်မှူးကြီး တစ်ယောက်က မျက်နှာပန်းလှဖို့အတွက် အပြစ်မဲ့ပြည်သူတွေကို သတ်ပြီး အောင်ပွဲခံဖို့အထိတောင် လုပ်ရက်တယ်ပေါ့လေ"
"ထန်းကျင်းက စစ်ဘက်ရေးရာအမတ်တွေမှာ တော်တော်လေးကောင်းတဲ့ နည်းလမ်းတွေ ရှိတာပဲ"
လီကျစ်က သူ၏ အင်အားကို သက်သေပြချင်သော်လည်း အခြေအနေကို ပိုဆိုးသွားစေခဲ့သည်။
ဤအမတ်ကြီးများသည် လီကျစ်က ဓားပြများကိုသတ်နိုင်မည်ဟု မယုံကြည်ကြဘဲ လီကျစ်သည် သာမန်ပြည်သူများကိုသတ်ဖြတ်ကာ ရန်သူများကို သတ်ဖြတ်ခဲ့ကြောင်း သူတို့၏ ခေါင်းများကို လိမ်လည်တင်ပြနေခြင်းဖြစ်သည်ဟုသာ ထင်မှတ်ကြသည်။ မင်မင်းဆက် နှောင်းပိုင်းကာလတွင် စစ်ဘက်ရေးရအမတ်များ၏ ကိုယ်ကျင့်တရားပျက်ပြားမှုကြောင့် အပြစ်မဲ့ ပြည်သူများကိုသတ်ဖြတ်ကာ အောင်ပွဲခံခြင်းမှာ မဆန်းတော့ပေ။ သို့သော် ၎င်းမှာ နောက်ဆုံးတွင် ညစ်ညမ်းသောလုပ်ရပ်တစ်ခုသာဖြစ်ပြီး ထုတ်ဖော်ပြောဆိုပါက အထင်သေးခံရမည်ဖြစ်သည်။ ဤအချိန်တွင် တပ်မှူးကြီးများသည် လီကျစ်၏ အင်အားကိုသာမက သူ၏ စရိုက်လက္ခဏာကိုပါ အထင်အမြင်သေးသွားကြပြီဖြစ်သည်။
စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး လုရှန်းရှန်းပင်လျှင် လီကျစ်က မြင်းစီးသူရဲ နှစ်ထောင်ကျော်ကို ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့သည်ဆိုခြင်းကို မယုံကြည်ပေ။ လီကျစ်ကို ချီးကျူးရန် ငြင်းဆိုရုံသာမက လီကျစ် တင်ပြထားသော ခေါင်းနှစ်ရာကိုပင် စစ်ဆေးကြည့်ရှုရန် စိတ်မဝင်စားပေ။ လီကျစ်နှင့် စကားပြောရန် စိတ်မပါတော့သဖြင့် သူက သက်ပြင်းချကာ…
"တော်လောက်ပြီ… မင်း ထွက်သွားလို့ရပြီ။ တပ်မှူးကြီးတို့... ဆွေးနွေးမှုကို ဆက်လုပ်ကြရအောင်"
လီကျစ်သည် ဤစစ်သူကြီးများ၏ အထင်အမြင်သေးမှုကို အပြည့်အဝခံစားလိုက်ရသဖြင့် အလွန်မကျေမနပ်ဖြစ်သွားသည်။ အထူးသဖြင့် သူတင်ပြထားသော ခေါင်းနှစ်ရာကို အောင်ပွဲခံရန်အတွက် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ပေါ့ပေါ့ဆဆ ပယ်ချလိုက်ခြင်းက လီကျစ်ကို အလွန်ဒေါသထွက်သွားစေသည်။
သို့သော် လီကျစ်သည် မိမိတပ်ဖွဲ့၏အင်အားကို သိရှိထားပြီး စစ်မြေပြင်သို့ ရောက်သည်နှင့် သူ၏ စစ်မှန်သောစွမ်းရည်များကို ပြသနိုင်မည်ဖြစ်ကြောင်းသိထားသည်။ တင်းမာသော မျက်နှာထားဖြင့် လီကျစ်သည် ရွက်ဖျင်တဲကြီး၏ အစွန်ဆုံးသို့ဆုတ်ခွာသွားပြီး တပ်မှူးကြီးများ တန်းစီနေသည့် နေရာ၏ အဝေးဆုံးထောင့်တွင် ရပ်နေလိုက်သည်။
လီကျစ်၏ဘေးတွင်ရှိသော တပ်မှူးတစ်ဦးကမူ လီကျစ်နှင့် တစ်တန်းတည်း ရပ်နေရခြင်းကို ရွံရှာနေပုံရသည်။ လီကျစ် ချဉ်းကပ်လာသည်ကိုမြင်သောအခါ သူက ကမန်းကတန်း ခြေလှမ်းအနည်းငယ် ခွာသွားလေသည်။
ရက်အနည်းငယ်ဆက်တိုက် လီကျစ်သည် စစ်ဘက်ရေးရာအမတ်များ၏ အတန်းအဆုံးတွင် တစ်ယောက်တည်း ရပ်နေခဲ့ပြီး မည်သူကမျှ သူ့ကို ဂရုမစိုက်ကြပေ။ စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး လုရှန်းရှန်းနှင့် တပ်မှူးကြီးများ၊ ဒုတိယတပ်မှူးကြီးများသည် ရန်သူကိုမည်သို့ရင်ဆိုင်ရမည်ကို ဆွေးနွေးကြပြီး အချေအတင်ငြင်းခုံမှုများမှာ ပြင်းထန်လှသည်။ လီကျစ်မှာ ရာထူးနိမ့်ကျသဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရပေ။ သို့သော် သူတို့၏ ဆွေးနွေးမှုများကို နားထောင်ခြင်းဖြင့် လီကျစ်သည် လက်ရှိ ရန်သူနှင့် မဟာမိတ်အခြေအနေများကို ယေဘုယျအားဖြင့် နားလည်သွားခဲ့သည်။
လက်ရှိတွင် ဘုရင့်တပ်စခန်းအနီးတွင် အခြေချနေသော ဓားပြသုံးဖွဲ့ ရှိသည်။ ၎င်းတို့မှာ ချွမ်းဝမ် ၊ ချွမ်းကျန်း လီကျစ်ချန် နှင့် လောင်ဟွေ့ဟွေ့ မာရှိုယင်း တို့ဖြစ်သည်။
မြောက်ဘက်တွင် ချွမ်းဝမ်နှင့် လီကျစ်ချန် ဟူသော ဓားပြနှစ်ဖွဲ့ ရှိသည်။
ချွမ်းဝမ်သည် ဓားပြများ၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏ အဖွဲ့တွင် စုစုပေါင်းနောက်လိုက် ကိုးသောင်း ရှိသည်။ ကင်းထောက်မြင်းစီးတပ်သားများ၏ အတည်ပြုချက်အရ ၎င်းတို့အထဲတွင် ငတ်မွတ်နေသော စစ်သည်လေးသောင်း၊ ဝါရင့်သူပုန် ခြေလျင်တပ်သား တစ်သောင်းခွဲနှင့် မြင်းစီးတပ်သား ငါးထောင် ပါဝင်သည်။ ငတ်မွတ်နေသော စစ်သားများမှာ ဓားပြများ၏ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံထားရသော သာမန်ပြည်သူများဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်သာရှိကာ အမြောက်စာအဖြစ်အသုံးပြုခံရသည်။ ဝါရင့်သူပုန် ခြေလျင်တပ်သားများမှာ ဓားပြများ၏ အဓိကအင်အားစုဖြစ်ပြီး နှစ်ပေါင်းများစွာ ဓားပြလုပ်လာခဲ့သော ဝါရင့်အဖွဲ့များဖြစ်ကာ အတော်အတန် တိုက်ခိုက်ရေးစွမ်းရည်ရှိကြသည်။ မြင်းစီးတပ်သားများမှာမူ ဓားပြများ၏ အထူးတပ်ဖွဲ့ဖြစ်ပြီး များသောအားဖြင့် မြင်းများစွာပိုင်ဆိုင်ကြကာ လေကဲ့သို့မြန်ဆန်စွာ လှုပ်ရှားနိုင်ပြီး အထင်ကြီးလောက်သော တိုက်ခိုက်ရေးစွမ်းရည် ရှိကြသည်။
ချွမ်းကျန်းသည် နာမည်ကြီး လီကျစ်ချန်ပင် ဖြစ်သည်။ သို့သော် ဤအချိန်တွင် လီကျစ်ချန်သည် ဓားပြများ၏ ခေါင်းဆောင်မဖြစ်သေးဘဲ ဓားပြအဖွဲ့အစည်း ၇၂ ခုနှင့် အဖွဲ့ ၁၃ ဖွဲ့ထဲမှ တစ်ဖွဲ့သာ ဖြစ်သေးသည်။ သူ၏ လက်အောက်တွင် နောက်လိုက် ခုနစ်သောင်းရှိပြီး ၎င်းတို့အထဲတွင် ငတ်မွတ်နေသော စစ်သည် သုံးသောင်း၊ ဝါရင့်သူပုန် ခြေလျင်တပ်သား တစ်သောင်းသုံးထောင်နှင့် မြင်းစီးတပ်သား လေးထောင် ပါဝင်သည်။
အရှေ့ဘက်တွင် မာရှိုယင်း ဦးဆောင်သော ဓားပြတစ်ဖွဲ့ ရှိသည်။
မာရှိုယင်းသည် ကောင်း နှင့် လီ တို့လောက် အင်အားမကြီးမားသော်လည်း တိုက်ပွဲတွင် ပြင်းထန်စွာတိုက်ခိုက်တတ်ပြီး ဓားပြ ၁၃ ဖွဲ့အနက် အင်အားကြီးမားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ကင်းထောက်မြင်းစီးတပ်သားများ၏ အစီရင်ခံစာအရ သူ၏ လက်အောက်တွင် နောက်လိုက် သုံးသောင်းရှိပြီး ၎င်းတို့အထဲတွင် ငတ်မွတ်နေသော စစ်သည် တစ်သောင်းသုံးထောင်၊ ဝါရင့်သူပုန် ခြေလျင်တပ်သား ငါးထောင်နှင့် မြင်းစီးတပ်သား သုံးထောင် ပါဝင်သည်။
ရူကျိုး တွင် စုစည်းထားသော တာ့မင်ဘုရင့်တပ်ဖွဲ့တွင် လူနှစ်သောင်းကိုးထောင် ပါဝင်သော ကယ်ဆယ်ရေးတပ်ဖွဲ့ ၁၅ ဖွဲ့ ရှိပြီး ၎င်းတို့အထဲတွင် ခြေလျင်တပ်သား နှစ်သောင်းလေးထောင်နှင့် မြင်းစီးတပ်သား ငါးထောင် ပါဝင်သည်။
သုံးရက်တိုင်တိုင် ဆွေးနွေးပြီးနောက် လုရှန်းရှန်းနှင့် ရာထူးကြီးမားသော စစ်ဘက်ရေးရာ အမတ်အချို့သည် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး ဘုရင့်တပ်ဖွဲ့၏ နည်းဗျူဟာကို ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းမှာ မာရှိုယင်း၏ တပ်ဖွဲ့များကို ထိန်းချုပ်ဟန့်တားရန် အင်အားအနည်းငယ်ကို အသုံးပြုပြီးနောက် ပင်မတပ်ဖွဲ့ကို အသုံးပြု၍ ချွမ်းဝမ်နှင့် လီကျစ်ချန်၏ တပ်ဖွဲ့များကို တိုက်ရိုက်တိုက်ခိုက်ရန် ဖြစ်သည်။ ဘုရင့်တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဓားပြများထက် ပိုမိုအားကောင်းသဖြင့် မာရှိုယင်း၏ တပ်ဖွဲ့များကို ထိန်းချုပ်ဟန့်တားထားနိုင်ပြီး ကောင်းနှင့် လီတို့ကို ကူညီမပေးနိုင်သရွေ့ ဘုရင့်စစ်သည် နှစ်သောင်းကျော်သည် ကောင်းနှင့် လီတို့၏ ဓားပြနှစ်ဖွဲ့ကို အပြတ်အသတ် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။
သို့သော် လောင်ဟွေ့ဟွေ့ မာရှိုယင်းကို ထိန်းချုပ်ဟန့်တားရန် မည်သူ့ကို တာဝန်ပေးမည်ဆိုသည့် ပြဿနာအပေါ်တွင် ဆွေးနွေးမှု ရပ်တန့်သွားခဲ့သည်။
မာရှိုယင်းကို ထိန်းချုပ်ဟန့်တားရခြင်းမှာ မကောင်းသောတာဝန်တစ်ခုဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ မာရှိုယင်းတွင် ခြေလျင်တပ်သား ငါးထောင်နှင့် မြင်းစီးတပ်သား သုံးထောင်ရှိပြီး အတော်အတန် တိုက်ခိုက်ရေးစွမ်းရည်ရှိသည်။ မည်သည့် ကယ်ဆယ်ရေးတပ်ဖွဲ့မဆို ဘုရင့်စစ်သည် နှစ်ထောင် သုံးထောင်ခန့်စေလွှတ်၍ ရန်သူကိုရင်ဆိုင်ပါက သူ့ကို အမှန်တကယ် ဟန့်တားထားနိုင်သော်လည်း ပေးဆပ်ရမည့် တန်ဖိုးမှာများလှသည်။ ၎င်းမှာ လူရာပေါင်းများစွာ သို့မဟုတ် ထောင်နှင့်ချီ၍ စတေးရခြင်းမျိုးဖြစ်လာနိုင်သည်။ ထို့ပြင် ဤကဲ့သို့သော ခက်ခဲသည့် တိုက်ပွဲမျိုးသည် များသောအားဖြင့် အလွန်ခက်ခဲကြမ်းတမ်းပြီး ပင်မတပ်ဖွဲ့က ကောင်းနှင့် လီတို့ကို အနိုင်ယူသည်အထိ တောင့်ခံထားနိုင်လျှင်တောင်မှ ရန်သူကိုထိန်းချုပ်ဟန့်တားရသော တပ်ဖွဲ့များအနေဖြင့် စစ်ဘက်ရေးရာ အောင်မြင်မှုများစွာရရှိမည်မဟုတ်သလို သူပုန်တပ်ဖွဲ့များ၏ ခေါင်းများကိုလည်း များများစားစား သိမ်းဆည်းရမိမည် မဟုတ်ပေ။
ထို့ထက်ပို၍ သူပုန်အဖွဲ့ ရှစ်ထောင်ကို အင်အားအနည်းငယ်ဖြင့် ရင်ဆိုင်ရာတွင် သတိမထားမိဘဲ သူပုန်အဖွဲ့များက သူတို့၏ တပ်များကို ချိုးဖောက်သွားပါက ပြိုကွဲမှုဆီသို့ ဦးတည်သွားမည်ဖြစ်ပြီး သူတို့၏ အသက်များပင် ချမ်းသာရာရမည် မဟုတ်ပေ။
ဤကဲ့သို့သော ကျေးဇူးတင်မခံရသည့် တာဝန်မျိုးကို မည်သူကမျှ မယူလိုကြပေ။ လုရှန်းရှန်းက စစ်ဘက်ရေးရာအမတ်များကို မိမိသဘောဆန္ဒအလျောက် တာဝန်ယူရန်မေးမြန်းခဲ့သည်။ စစ်ဘက်ရေးရာအမတ်တစ်စုမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေကြပြီး မည်သူတစ်ဦးတစ်ယောက်မှ ရှေ့ထွက်၍ တာဝန်မယူကြပေ။
လုရှန်းရှန်းက မုတ်ဆိတ်မွေးကိုသပ်ကာ သက်ပြင်းချလျက်…
"ဒီလိုအခြေအနေမျိုးမှာ ဧကရာဇ်မင်းမြတ်အတွက်အမှုထမ်းပြီး ထောက်တိုင်တစ်ခုအဖြစ် ဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့သူ တစ်ယောက်မှ မရှိဘူးလား"
တပ်မှူးကြီးများသည် တစ်ယောက်ပြီးတစ်ယောက် မျက်လွှာချထားကြပြီး မည်သူမျှ စကားမပြောကြပေ။
ထိန်းချုပ်ဟန့်တားရေးတပ်ဖွဲ့အဖြစ် မည်သူမျှတာဝန်မယူလိုသည်ကို မြင်သောအခါ လျောင်တုန်း ဒေသ၏ စစ်သေနာပတိချုပ် ကျူခွမ်က…
"စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးခင်ဗျာ... ဒီနည်းဗျူဟာက ငါတို့ရဲ့ ပင်မတပ်ဖွဲ့ကို စုစည်းပြီး တိုက်ခိုက်နိုင်တာမို့ ဓားပြတွေကို မြန်မြန်ဆန်ဆန် အနိုင်ယူနိုင်ပေမယ့် ထိန်းချုပ်ဟန့်တားရေး တပ်ဖွဲ့အပေါ် တောင်းဆိုချက်ကအရမ်းမြင့်မားနေပါတယ်… ကျွန်တော်မျိုးတို့ လက်အောက်ငယ်သားတွေက တာဝန်ကိုရှောင်လွှဲနေတာ မဟုတ်ပါဘူး။ ထိန်းချုပ်ဟန့်တားမှု ကျရှုံးပြီး လောင်ဟွေ့ဟွေ့ရဲ့ အပြတ်အသတ်ချေမှုန်းမှုကို ခံရမှာကို တကယ်ကိုစိုးရိမ်နေကြတာပါ။ တခြား ဗျူဟာတွေကို စဉ်းစားသင့်သလား"
လုရှန်းရှန်းက မကျေမနပ်ဖြစ်စွာဖြင့်…
"ဒီဗျူဟာက အယောင်ဆောင်ဘုရင် ချွမ်းဝမ်ကို အပြတ်အသတ်အနိုင်ယူနိုင်ပြီး တခြားဓားပြတွေကို ဟန့်တားနိုင်တယ်။ ငါတို့ ဘုရင့်တပ်ဖွဲ့ရဲ့ အသံကိုကြားရုံနဲ့ သူတို့ကို တုန်လှုပ်သွားစေနိုင်ပြီး အနာဂတ်တိုက်ပွဲတွေအတွက် များစွာအထောက်အကူ ဖြစ်စေလိမ့်မယ်။ အဲဒီလိုမှမဟုတ်ဘဲ သူတို့ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ လိုက်တိုက်နေမယ်ဆိုရင် ဓားပြတွေကိုဘယ်တော့မှ အပြီးတိုင် နှိမ်နင်းနိုင်မှာလဲ။ ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်က တပ်မှူးကြီးတစ်ယောက် ဓားပြတွေ လက်ချက်နဲ့ သေဆုံးသွားခဲ့လို့ တစ်နိုင်ငံလုံးက ဘုရင့်တပ်ဖွဲ့တွေ ကြောက်လန့်သွားကြတယ်။ လက်ရှိမှာ စစ်ဖွဲ့ရဲ့ စိတ်ဓာတ်တွေကျဆင်းနေပြီး တချို့ဘုရင့်စစ်သသည်တွေဆိုရင် ဓားပြတွေကိုတောင် မရင်ဆိုင်ရဲကြဘူး။ အကယ်၍ ငါတို့က ချွမ်းဝမ်ကို အပြတ်အသတ် အနိုင်ယူပြီး ဒီနေရာမှာ ဂုဏ်သတင်း မတည်ဆောက်နိုင်ဘူးဆိုရင် ဓားပြနှိမ်နင်းရေးအစီအစဉ်ကြီး အောင်မြင်ဖို့ခက်ခဲလိမ့်မယ်"
လုရှန်းရှန်း၏ စကားကိုကြားသောအခါ စစ်ဘက်ရေးရာအမတ်များအားလုံး တိတ်ဆိတ်သွားကြသည်။ လက်ရှိ အစိုးရတပ်ဖွဲ့တွင် အင်အားကြီးမားစွာ စုစည်းထားသော်လည်း ၎င်း၏ စိတ်ဓာတ်မှာ အမှန်တကယ်ကျဆင်းနေပြီး ဂုဏ်သတင်း တည်ဆောက်ရန် လိုအပ်နေပေသည်။
သို့သော် စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး၏ ဗျူဟာမှာကောင်းမွန်သော်လည်း ပင်ပန်းဆင်းရဲပြီး ကျေးဇူးတင်မခံရသည့် တာဝန်တစ်ခုကို လုပ်ဆောင်ရန် မည်သူက ဤမျှကြီးမားသော အန္တရာယ်ကို စွန့်စားလိုမည်နည်း။ ဤသည်မှာ သာမန်ကျေးဇူးတင်မခံရသည့် တာဝန်မျိုးမဟုတ်ပေ။ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် တပ်ဖွဲ့များသာ ဤတာဝန်ကို ယူနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်မရှိပါက လောင်ဟွေ့ဟွေ့၏ အပြတ်အသတ်ချေမှုန်းမှုကိုခံရခြင်းမှာ မိမိအသက်ကို ဆုံးရှုံးရခြင်းပင် ဖြစ်ပေမည်။
လုရှန်းရှန်းက မုတ်ဆိတ်မွေးကိုသပ်ကာ တိတ်ဆိတ်စွာ ခေါင်းငုံ့နေကြသော စစ်ဘက်ရေးရာ အမတ်များကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ရှေ့ထွက်ပြီး လောင်ဟွေ့ဟွေ့ကို ထိန်းချုပ်ဟန့်တားရန် အမှန်တကယ်ဆန္ဒရှိသူ တစ်ဦးမျှ မရှိတော့ဘူးလား။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လုရှန်းရှန်းက သက်ပြင်းချကာ စကားပြောရန် ပြင်လိုက်စဉ် ရွက်ဖျင်တဲကြီး၏ အနောက်ဘက်ဆုံးမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျွန်တော်မျိုးရဲ့ တပ်ဖွဲ့တွေက ဒီထိန်းချုပ်ဟန့်တားရေး တပ်ဖွဲ့အဖြစ်တာဝန်ယူဖို့ ဆန္ဒရှိပါတယ်"
***