အပန်းဖြေ ဆောင်ငယ်လေး အတွင်း၌...
“သူတို့ ရောက်လာကြပြီလား... ကြည့်ရတာ သူတို့ ထပ်ပြီး မစောင့်နိုင်တော့တဲ့ပုံပဲ”
ချန်ရိမင်က သရော်လှောင်ပြောင်သော လေသံဖြင့် ပြောလာ၏။ သူက မတ်တပ်ထရပ်၍ ကျန်းမင်အား လှမ်းကြည့်ကာ...
“သူတို့က ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ဘူးဆိုတာ ငါ သေချာပေါက် ပြောရဲတယ်... သူတို့ကို ဘယ်လို လုပ်ကြမလဲ”
“သူတို့ ဘာကိစ္စနဲ့ လာလဲဆိုတာ အရင် ကြည့်ကြတာပေါ့”
ကျန်းမင်က ဖြေဆိုရင်း မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူက လေထဲသို့ ခုန်တက်သွားပြီး ခြံဝင်းထဲသို့ ဆင်းသက်ကာ...
“ဘာပဲဖြစ်ဖြစ် ငါတို့က ဂိုဏ်းတူတွေပဲလေ... သူ့ကို နည်းနည်း အရေးပေးသင့်ပါတယ်”
သူက ဧည့်ခံရေး စင်မြင့်ဆီသို့ မှန်မှန် လျှောက်လှမ်းသွား၏။ တာအိုရင်ပြင်က ၎င်း၏ စွမ်းအားဖြင့် တံခါးတစ်ချပ်ကို ဖန်တီးပေးထားပြီး ထိုလူစု မရောက်လာခင်မှာပင် ဤနေရာရှိ တာအို စည်းချက်များ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ တာအိုရင်ပြင် အတွင်း၌မူ သူကသာလျှင် ဘုရင်တစ်ပါး ဖြစ်ပေသည်။
“ဟား... ဘယ်သူတွေများလဲလို့... ဂျူနီယာ ညီလေးကျန်း... မင်းက ယဉ်ကျေးမှု ဆိုတာ နားမလည်ဘူးလား... မင်းရဲ့ စီနီယာ အစ်ကိုကြီး ရောက်နေတာကို ထွက်မကြိုတဲ့အပြင် သူ့ကို အချိန်အကြာကြီး စောင့်ခိုင်းထားသေးတယ်” ထိုသို့ ပြောဆိုလာသူမှာ အရပ်ပုပု၊ ဝဝကစ်ကစ်နှင့် လူငယ်တစ်ယောက်ပင်။
ထိုသူမှာ သားနားပုံရသည့် ရွှေရောင်ရင့်ရင့် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။ နောက်ကျောဘက်တွင် လက်ပစ်ထားပြီး မျက်နှာပေါ်၌ မာနထောင်လွှားသော အမူအရာက အထင်းသား။
“ထျန်တာဖုန်း... မင်းက အရင်တုန်းကလိုပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတုန်းပဲ... မင်းပါးစပ်ကနေ ကောင်းတဲ့စကား တစ်ခွန်းမှ ထွက်မလာဘူးပဲ”
ကျန်းမင်ဘေးတွင် ရပ်နေသော ချန်ရိမင်က ခနဲ့တဲ့တဲ့ ပြောလိုက်၏။ ထို့နောက် သူက လူအုပ်၏ အရှေ့ဆုံးတွင် ရပ်နေသော လူကို ဦးညွှတ် ဂါရဝပြုလိုက်သည်။
ကျန်းမင်က ထျန်တာဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုသူ မည်သူမှန်း သူ ကောင်းကောင်း သိထား၏။ ထိုသူမှာ ဟောင်ယန် တောင်ထွတ် အကြီးအကဲ၏ တပည့်ကြီး ဖြစ်ပြီး ရွှေအမြုတေ အဆင့်တွင် ရှိနေသူပင်။ သူတို့နှစ်ယောက်မှာ စကားပြောဆိုလေ့ သိပ်မရှိကြချေ။
“ချန်ရိမင်... မင်း တော်တော် ရဲတင်းနေပါလား”
ထျန်တာဖုန်းက ဟိန်းဟောက်လိုက်သော်လည်း အခြေအနေအရ ချန်ရိမင်အား ဤနေရာတွင် ရန်တွေ့နေလျှင် သူ့အတွက် အကျိုးရှိမည် မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူ့ဒေါသများကို အတင်းအကျပ် မျိုသိပ်လိုက်ပြီး ဝတ်ရုံပေါ်မှ ဖုန်များကို ခါထုတ်လိုက်ရင်း...
“ဒီနေ့ ငါတို့ဆီမှာ ဧည့်သည် ရှိနေလို့ မင်းလောက် အဆင့်အတန်းအထိ ဆင်းပြီး မင်းနဲ့ ပြဿနာ မရှာတော့ဘူး”
ထို့နောက် သူက ကျန်းမင်အား လှမ်းကြည့်ကာ...
“မင်းက ဘာရပ်စောင့်နေတာလဲ... မြန်မြန် မင်းရဲ့ စီနီယာ အစ်ကိုကြီးကို ဦးညွှတ်လိုက်စမ်း”
ကျန်းမင်က နောက်ကျောဘက် လက်ပစ်ထားကာ…
“သူရော၊ ငါရောက ကိုယ့်တောင်ထွတ် အသီးသီးရဲ့ တပည့်ကြီးတွေပဲလေ... ငါတို့က တန်းတူ အနေအထားမှာ ရှိနေတာ... ဘာဖြစ်လို့ သူ့ကို ဦးညွှတ်ရမှာလဲ”
“ပြောစရာ တစ်ခုခု ရှိရင် အခုပဲ ပြောလိုက်တော့”
“မိုက်ရိုင်းလိုက်တာ” ထျန်တာဖုန်းက အေးစက်စက် ဟိန်းဟောက်စကား ဆိုလာသည်။ “ဒီမှာ စီနီယာ အစ်ကိုကြီးနဲ့ ဧည့်သည် ရောက်နေတာကို မင်းက ဒီလို အချိုးမျိုး လာချိုးပြနေတယ်ပေါ့... အကြီးအကဲဂူက မင်းကို သူ့တပည့် အဖြစ် လက်ခံခဲ့တာ အံ့သြစရာ မရှိတော့ပါဘူးလေ”
ဖြန်း...
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူက ပါးရိုက်ခံလိုက်ရပြီး မီတာ ရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားတော့သည်။ သူ့ပါးစပ်မှ သွေးများ ယိုကျလာပြီး သွားအချို့ပင် ကျွတ်ထွက်သွားလေပြီ။
ကျန်းမင် ဘေးနားတွင် အလင်းတန်း တစ်ခု စုစည်းလာပြီး ဇီလင်းလုံ ထွက်ပေါ်လာခဲ့၏။ သူမက ထျန်တာဖုန်းအား စိုက်ကြည့်ကာ အေးစက်စက် ဆိုလာသည်။
“နင့်မှာ ငါ့အစ်ကိုကြီးနဲ့ ဆရာကို အဲ့ဒီလို လာပြောရဲတဲ့ သတ္တိ ရှိနေတာ နင်က ပထမဆုံးပဲ... ဟောင်ယန် တောင်ထွတ် အကြီးအကဲရဲ့ မျက်နှာကြောင့် ဒီတစ်ခါတော့ နင့်အသက်ကို ချမ်းသာပေးလိုက်မယ်... ဒါပေမဲ့ နောက်တစ်ခါ အဲ့ဒီလို ထပ်လုပ်ရဲရင်တော့ နင့်ကို ငါ သတ်ပစ်မယ်”
သူမ ကျင့်ကြံခြင်း ပြီးဆုံးကာစ အချိန်လေးတွင် ထျန်တာဖုန်း၏ စကားများကို ကြားလိုက်ရသဖြင့် ဒေါသတကြီး ပေါက်ကွဲသွားရခြင်းပင်။
ကျန်းမင်၏ မျက်နှာသည်လည်း အမူအရာ မကောင်းနေပေ။
“မှန်တယ်... နောက်တစ်ခါ ဆိုရင်တော့ မင်းကို သေချာပေါက် သတ်ပစ်မယ်” ကျန်းမင်က ထောက်ခံစကား ဆိုသည်။
ဓာတ်ကြီးငါးပါး လင်းလုံ၏ မျက်လုံးများ တောက်ပသွားပြီးနောက် သူမက ခေါင်းညိတ်ပြ၏။
သူတို့မှာ ဤတောင်ထွတ်၏ သခင်များ ဖြစ်သည်။ ဧည့်သည်များ အနေဖြင့် ရိုသေလေးစားမှု ပြသပါက တန်းတူ ပြန်လည် ဆက်ဆံပေးမည် ဖြစ်၏။ သို့သော် လာရောက်သူများက မောက်မာသော အချိုးမျိုး လာချိုးပြရဲပါက ၎င်းတို့၏ လုပ်ရပ်အတွက် နောင်တရသွားအောင် သေချာပေါက် လုပ်ပြရပေမည်။
“တော်ကြတော့... လင်းလုံ... ကျန်းမင်”
မျက်နှာထား တင်းမာနေသော ရှီမင်ကွမ်ဟိုင်က ဝင်ဟန့်လိုက်သည်။ သူက သူတို့၏ စီနီယာ အစ်ကိုကြီး ဖြစ်ပြီး ဂိုဏ်းအတွင်း မည်သူကမျှ သူ့ကို အထင်သေးရဲခြင်း မရှိချေ။
ယခုအခါ ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက် အဖြစ် ပြန်လည် ရောက်ရှိလာချိန်တွင် သူက အကြီးအကဲ အများစုထက်ပင် ပိုမို အစွမ်းထက်လာခဲ့လေပြီ။ ထို့ကြောင့် ဂိုဏ်းရှိ တပည့်များ အားလုံးက သူ့အပေါ် အလွန်အမင်း ရိုသေလေးစားကြမည်ဟု မျှော်လင့်ထားခဲ့၏။ အကယ်၍ ထိုသို့ မပြုလုပ်လျှင်တောင် အနည်းဆုံးတော့ သူ့ကို မျက်နှာသာ ပေးသင့်သည် မဟုတ်လော။
သို့တိုင်အောင် ချူယန် တောင်ထွတ်မှ လူများက ဘာတွေများ လုပ်ခဲ့ကြသနည်း။
သူ့ကို ကြိုဆိုခြင်း မရှိသည့်အပြင် မောက်မာသော အချိုးမျိုးတောင် လာချိုးပြနေသေးသည်ကိုး။ သူ အတော်လေးကို ဒေါသထွက်နေမိတော့သည်။
“ငါ နောက်တစ်ခါ ထပ်ပြောမယ်... မင်း ပြောစရာ ရှိတာကို အခု ပြော... မရှိရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ” ကျန်းမင်က ပြတ်သားသော လေသံဖြင့် ဆိုလိုက်၏။
ဝှစ်...
လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာတော့သည်။
အမည် - ရှီမင်ကွမ်ဟိုင်
လူမျိုး - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - ကနဦးဝိညာဉ် အဆင့် (မဟာကျိုး မင်းဆက် တတိယ မင်းသား၏ ရုပ်သေးရုပ်)
နောက်ခံ - ကျိုယန်ဂိုဏ်း ထိုက်ယန် တောင်ထွတ် အကြီးအကဲ၏ တပည့်ကြီး
ဆက်ဆံရေး - အနှုတ် ၇၈
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့်
အခြေအနေ - သူက ကလေးဘဝ ကတည်းက ကျိုယန် ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ ဂိုဏ်းချုပ်က သူ့ အလားအလာကို မြင်တွေ့ခဲ့သဖြင့် တပည့်အဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့၏။ ရွှေအမြူတေ အဆင့်သို့ ရောက်ရှိချိန်တွင် အတွေ့အကြုံများ ရှာဖွေရန် ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။ သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ပြီးနောက် ကျုံးပြည်နယ်သို့ ရောက်ရှိသွားကာ ခရမ်းရောင် နန်းတော် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က မဟာကျိုး မင်းဆက်၏ တတိယ မင်းသားနှင့် အမှတ်မထင် ဆုံတွေ့ခဲ့၏။ တတိယ မင်းသားက သူ့ နောက်ခံကို သိရှိသွားပြီးနောက် အထူးစွမ်းရည် တစ်ခုကို အသုံးပြု၍ သူ့ စိတ်အလိုကို ထိန်းချုပ်ကာ ရုပ်သေးရုပ် အဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူ့ အလားအလာများကို အကုန်အစင် ဖျက်ဆီးပစ်သည့် ရင်းနှီးမှုဖြင့် တစ်နှစ်အတွင်း ကနဦးဝိညာဉ် အဆင့်သို့ အတင်းအကျပ် ဆွဲတင်ပေးခဲ့၏။
ထို့နောက် ဂိုဏ်း၏ အတွင်းရေးနှင့် ဇီလင်းလုံ၏ လျှို့ဝှက်ချက်များကို စုံစမ်းရန် ကျိုယန် ဂိုဏ်းသို့ ပြန်လည် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သူ ပြန်ရောက်လာချိန်တွင် အလွန် ဝမ်းသာသွားပြီး ချူယန် တောင်ထွတ်မှ မည်သူ့ကိုမျှ မတွေ့ရချိန်တွင် ၎င်းမှာ အခွင့်အရေးကောင်း တစ်ခုဟု ခံစားခဲ့ရသည်။ ဟွေရှင်း လာရောက် တွေ့ဆုံချိန်တွင်လည်း ချူယန် တောင်ထွတ်မှ လူများက ထွက်ပေါ်လာခြင်း မရှိချေ။ ဟွေရှင်းက ဇီလင်းလုံနှင့် တွေ့ဆုံရန် ချူယန် တောင်ထွတ်သို့ လာရောက်ဖို့ အကြံပြုလာချိန်တွင် သူ ပို၍ပင် ဝမ်းသာသွားခဲ့လေသည်။
ကျန်းမင် ဆွံ့အသွားရ၏။
တကယ့် သနားစရာ ကောင်ပါလား...
အမှန်တကယ်တော့ သူကိုယ်တိုင်လည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ် ကိုယ်တိုင်ပင်လျှင် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ မူလဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ဂိုဏ်းအတွင်း၌ ကနဦးဝိညာဉ် အဆင့်သို့ ရောက်ရှိနေသူမှာ လက်တစ်ဆုပ်စာမျှသာ ရှိသည် မဟုတ်ပါလား။
သို့သော် ဤကောင်က အပြင်ကို နှစ်အနည်းငယ် ထွက်သွားယုံဖြင့် ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက် အဖြစ် ပြန်ရောက်လာခဲ့သည်။
အစပိုင်းတွင် ကျန်းမင်က ဂရုစိုက်မထားခဲ့သော်လည်း အခြေအနေက ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
'မဟာကျိုး မင်းဆက်က ဆယ့်ရှစ်ယောက်မြောက် မင်းသားတုန်းကလည်း တစ်ခါ... အခု တတိယ မင်းသား ထပ်ပေါ်လာပြန်ပြီလား... သူတို့ အားလုံးက လင်းလုံကို ပစ်မှတ်ထားနေကြတာလား... အင်း... ဟုတ်လောက်တယ်... မဟုတ်ရင် ဒုတိယတန်းစား ဂိုဏ်းငယ်လေး တစ်ခုက လူတစ်ယောက်ကို ရုပ်သေးရုပ် လုပ်တဲ့အထိ သူတို့ အချိန်ကုန်ခံနေစရာ အကြောင်းမရှိဘူး... ကြည့်ရတာ မဟာကျိုး မင်းဆက်က ပြဿနာ လာရှာနေတဲ့ပုံပဲ'
သို့တိုင် ကျန်းမင်မှာ ထိုကိစ္စအတွက် စိုးရိမ်မနေခဲ့ချေ။
အချက်တစ်ချက်မှာ မဟာကျိုး မင်းဆက်က သူတို့နှင့် အလွန် ဝေးကွာလှသော ကျုံးပြည်နယ်တွင် တည်ရှိနေခြင်းပင်။ သူတို့က ကျိုယန် ဂိုဏ်းကို စစ်ကြေညာလာလျှင်ပင် ထိုသူများ အားလုံးကို အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိကြောင်း သူ ယုံကြည်ချက် အပြည့် ရှိနေလေပြီ။
ရှီမင်ကွမ်ဟိုင်၏ မျက်နှာမှာ မှောင်မိုက်နေ၏။ သူ တစ်ခုခု မပြောရသေးခင်မှာပင် ထျန်တာဖုန်း ပြန်ရောက်လာပြီး ဟိန်းဟောက်လိုက်တော့သည်။
“လင်းလုံ... နင်ကများ ငါ့ပါးကို ရိုက်ရဲတယ်ပေါ့လေ... ငါက ဟောင်ယန် တောင်ထွတ်ရဲ့ တပည့်ကြီးကွ... ဒီအထိ တကူးတက လာတာတောင် ငါတို့ကို ထွက်မကြိုတဲ့ ကိစ္စကို ခွင့်လွှတ်ပေးပြီးသား... ဒါပေမဲ့ နင်က ဘယ်လိုလုပ် ငါ့ပါးကို ရိုက်ရဲရတာလဲ... နင်က ကျိုယန် ဂိုဏ်းကို ပုန်ကန်ချင်နေတာလား”
“နင့်ပါးစပ်ကို ပိတ်ထားစမ်း... မဟုတ်ရင် အကျိုးဆက်ကို နင်ကိုယ်တိုင် ခံစားရလိမ့်မယ်” ဓာတ်ကြီးငါးပါး လင်းလုံက ထျန်တာဖုန်းအား လက်ညှိုးထိုး၍ အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသော မျက်နှာထားဖြင့် စကားပြန်သည်။
“ငါ... ငါက...”
ထျန်တာဖုန်းက တစ်ခုခု ထပ်ပြောချင်သော်လည်း အလွန် လန့်ဖြန့်သွားသဖြင့် သူ့ပါးစပ်မှ စကားတစ်ခွန်းမျှ ထွက်မလာတော့ဘဲ ကျောရိုးထဲပင် စိမ့်ခနဲ အေးတက်သွားရ၏။
ဇီလင်းလုံ သူ့ကို သတ်ရဲမည်ဟု မယုံကြည်သော်လည်း တကယ်လို့ သတ်လိုက်လျှင်ကော။ ဇီလင်းလုံမှာ ဂိုဏ်းအတွင်း အလွန် လေးစား တန်ဖိုးထားခံရသူ တစ်ဦး ဖြစ်သည်။ သူမက သူ့ကို သတ်လိုက်လျှင်တောင် မည်သည့် ပြစ်ဒဏ်မျှ ခံရမည် မဟုတ်ပေ။
“မိုက်လိုက်တာ” ချန်ရိမင်က အာမေဋိတ်သံဖြင့် ပြောလိုက်သည်။
အရှေ့မှ လူစုမှာမူ မျက်မှောင်ကြုတ်သွားကြ၏။
ရှီမင်ကွမ်ဟိုင်က သူတို့ကို မှောင်မိုက်သော အကြည့်ဖြင့် ကြည့်ရင်း အဝေးရှိ တစ်စုံတစ်ယောက်ထံသို့ လျှို့ဝှက်စွာ သတင်းစကား ပါးလိုက်သည်။ ဟွေရှင်းက သူ့ဘေးတွင် ပြုံး၍ တိတ်ဆိတ်စွာ ရပ်နေ၏။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိထားမိသွားပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သို့သော် ဘာမှမပြောဘဲ မသိသလိုသာ ဟန်ဆောင်နေလိုက်တော့သည်။
ဓာတ်ကြီးငါးပါး လင်းလုံက ကျန်းမင်ဘက်သို့ လှည့်၍ သွားဖြီးပြသည်။
“ယဉ်ကျေးမှု ရှိစမ်းပါ”
ကျန်းမင်က ဆူပူလိုက်၏။ ရှီမင်ကွမ်ဟိုင် ဘာလုပ်နေသည်ကို သူတို့နှစ်ယောက်လုံး သိနေကြသည်မှာ ဆိုဖွယ်ရာ မရှိတော့။
“ငါက ဟောင်ယန် တောင်ထွတ်ရဲ့ တပည့်ကြီး... ဟောင်ယန် တောင်ထွတ်ကို ကိုယ်စားပြုတဲ့သူကွ... ငါက မင်းတို့နဲ့ အသိပညာတွေ၊ စွမ်းရည်တွေ ဖလှယ်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာ... ဒါပေမဲ့ ငါ့ကို မင်းတို့ လုပ်လိုက်တဲ့ လုပ်ရပ်ကို ကြည့်ဦး... မင်းတို့က ငါ့ပါးကို ရိုက်တယ်... ပြီးတော့ ငါတို့ရဲ့ စီနီယာ အစ်ကိုကြီးကိုလည်း ဂရုမစိုက်ဘူး... မင်းတို့က ဟောင်ယန် တောင်ထွတ်ကို အထင်သေးနေတာလား”
ထျန်တာဖုန်း၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး...
“ဒါတင် မကသေးဘူး... မင်းတို့က ငါ့ကိုတောင် သတ်မယ်လို့ ခြိမ်းခြောက်သေးတယ်... အရင်တုန်းက ချူယန် တောင်ထွတ်က လူတွေ ဂိုဏ်းကို ပုန်ကန်ပြီး လူအများကြီးကို သတ်ဖြတ်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူးလေ... မင်းတို့ အားလုံးက အတူတူတွေချည်းပဲ... မင်းတို့က မိစ္ဆာကောင်တွေပဲ... အတွင်းထဲထိကို ပုပ်ပွနေတဲ့ လူယုတ်မာတွေ... ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ ငါ တိုင်ရမယ်... ငါ သူ့ကို...”
ဖွတ်...
ထျန်တာဖုန်း စကားမဆုံးခင်မှာပင် ဇီလင်းလုံက လက်ကို မြှောက်ကာ သူ့အား ထက်ပိုင်း ပိုင်းချလိုက်သည်။
ရှီမင်ကွမ်ဟိုင်ပင် အံ့အားသင့်သွားရ၏။ ဇီလင်းလုံ တစ်ယောက် လူအများရှေ့၌ ထျန်တာဖုန်းကို တကယ်ကြီး သတ်ပစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့တိုင်အောင် သူ့ မျက်နှာပေါ်တွင် ခပ်ရေးရေး အပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“အမိတာဘာ”
ဟွေရှင်းက ရွတ်ဆိုလိုက်သည်။ ထို့နောက် ခေါင်းငုံ့သွားကာ စကားမဆိုတော့ချေ။
“မင်း... မင်းက ကိုယ့်ဂိုဏ်းသားကို ပြန်သတ်ရဲတယ်ပေါ့” ရှီမင်ကွမ်ဟိုင်က အော်ဟစ်လိုက်၏။ “မင်းတို့တွေ တကယ်ကြီး ဂိုဏ်းကို ပုန်ကန်ချင်နေတာလား... ဒီအကြောင်းကို ဂိုဏ်းချုပ်ဆီ ငါ သွားတိုင်မယ်”
ပြောပြီးသည်နှင့် သူက လေထဲသို့ ခုန်ပျံ၍ ထွက်ပြေးသွားတော့သည်။
ဟွေရှင်းက သူတို့ကို တစ်ချက် ပြုံးပြပြီးနောက် ရှီမင်ကွမ်ဟိုင် နောက်သို့ လိုက်ပါသွားခဲ့၏။
ကျန်ရစ်သော တပည့်များကလည်း သူတို့ကို အေးစက်စက် မျက်နှာထားဖြင့် ကြည့်ကာ ထွက်ခွာသွားကြလေသည်။
“လင်းလုံ... မင်းက... မင်းက လူတွေအများကြီး ရှေ့မှာ တပည့်ကြီး တစ်ယောက်ကို ဘယ်လိုလုပ် သတ်လိုက်ရတာလဲ... ဒါက ပြဿနာ အကြီးကြီး ဖြစ်တော့မှာပဲ” အခြေအနေ၏ ကြီးလေးမှုကို သဘောပေါက်သွားသော ချန်ရိမင်က စိုးရိမ်တကြီး ပြောလာသည်။
တပည့်ကြီး ဆိုသည်မှာ တောင်ထွတ် တစ်ခု၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုပေသည်။ သူတို့ တစ်ခုခု မှားယွင်းခဲ့လျှင်ပင် မည်သူကမျှ မသတ်ဖြတ်သင့်ချေ။ ထို့အပြင် ထျန်တာဖုန်းက ရိုင်းစိုင်းစွာ စကားပြောယုံသာ ရှိသေးသည်။ သူ ဘာမှ အလွန်အကျွံ မလုပ်ရသေးပေ။
“ဒါပေမဲ့ မသေခင်က ထျန်တာဖုန်းရဲ့ ပုံစံက တစ်ခုခုတော့ မှားနေတယ်... သူ့အကြောင်း ငါသိသလောက် ဆိုရင် သူက အဲ့ဒီလို စကားမျိုးတွေ ပြောမယ့်လူ မဟုတ်ဘူး” ချန်ရိမင်က ထပ်ဖြည့်ပြောလိုက်၏။
“စိတ်မပူပါနဲ့... အရာအားလုံး အဆင်ပြေသွားမှာပါ” ကျန်းမင်က ပြုံး၍... “ငါတို့က ကျင့်ကြံချင်ယုံ သက်သက်ပါ... အပြင်က လူတွေနဲ့ ဘာမှ မပတ်သက်ချင်ဘူး... သူတို့ ငါတို့ကို လာမနှောင့်ယှက်ရင် ငါတို့လည်း သူတို့ကို သွားမနှောင့်ယှက်ပါဘူး... ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေလည်း ဒီအချက်ကို နားလည်ပေးမှာပါ”
“တကယ်လို့ နားမလည်ပေးရင်ကော” ဓာတ်ကြီးငါးပါး လင်းလုံက ပြောလာသည်။
“အဲ့ဒီအခါကျရင်တော့ ဘယ်သူက ဆရာလဲ ဆိုတာ သူတို့ကို ပြရယုံပေါ့” ကျန်းမင်က ပြန်ဖြေပေး၏။
ချန်ရိမင်က သူ့ရှေ့ရှိ လူနှစ်ယောက်အား အကူအညီမဲ့စွာ ကြည့်ရင်း ခေါင်းခါယမ်းလိုက်မိသည်။ သူဘာဆက်ပြောရမှန်း မသိတော့သော်လည်း တစ်ခုတည်းသော သူသိသည့် အရာမှာ အမြဲတမ်း သူတို့ဘက်ကနေ ရပ်တည်ပေးသွားမည် ဆိုခြင်းပင်။
“လင်းလုံ... ဒီကိစ္စက ငါတို့အတွက် ပြဿနာ တချို့တော့ ဖြစ်လာမှာ သေချာတယ်... ဒီအခွင့်အရေးကို ယူပြီး ဂိုဏ်းထဲက မပတ်သက်တဲ့ လူတွေကို ရှင်းလင်းပစ်ဖို့ သင့်တော်မယ် ထင်တယ်” ချူယန် တောင်ထွတ်ကို သတိရသွားချိန်တွင် ကျန်းမင်က ပြောပြန်သည်။ “ယွဲ့ချန်နဲ့ တခြားလူတွေက ယင်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန် အင်အားစုတွေပဲ... သူတို့ကို မင်းလက်ထဲ အပ်လိုက်ပြီ”
“အစ်ကိုကြီး အဲ့ဒါကို သိနေတာလား” လင်းလုံက အာမေဋိတ်သံဖြင့် မေးလာသည်။
“သေချာပေါက် သိတာပေါ့... အခု ယင်မိစ္ဆာဂိုဏ်းလည်း မရှိတော့ဘူး ဆိုတော့ သူတို့ကို ဆက်ထားလည်း အသုံးမဝင်တော့ဘူးလေ”
“ဟုတ်ကဲ့” ဓာတ်ကြီးငါးပါး လင်းလုံက ဆိုသည်။ ကျန်းမင် တစ်ယောက် ထိုအကြောင်းကို အစောကတည်းက သိထားမှတော့ ယင်မိစ္ဆာဂိုဏ်း၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန် ယွဲ့ချန်ကို အသက်ရှင်ခွင့် ပေးထားခြင်းသာ ဖြစ်မည်ဟု သူမ တွေးတောလိုက်၏။
သို့သော် ထိုကိစ္စ အားလုံးကို လုံးဝ သိမထားသူ တစ်ယောက်တော့ ရှိနေခဲ့သည်။ ချန်ရိမင် တစ်ယောက် သူတို့၏ စကားဝိုင်းကို ကြားလိုက်ရချိန်တွင် မျက်နှာ ဖြူရော်သွားပြီး...
“ဘာ... ကျီယန် တောင်ထွတ်ရဲ့ အကြီးအကဲက ယင်မိစ္ဆာဂိုဏ်းက ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းမင် ရယ်မောကာ စကားမဆက်တော့ချေ။ ရှီမင်ကွမ်ဟိုင် ထွက်သွားသော အရပ်ဆီသို့ လှမ်းကြည့်ရင်း သူ့ လက်တစ်ဖက်ကို မြှောက်လိုက်လေတော့သည်။
End
***