ကျန်းမင်က ရှီမင်ကွမ်ဟိုင်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ့ ကိုယ်ပေါ်ရှိ ကံကြမ္မာ ကြိုးမျှင်များကို သတိထားမိသွား၏။ ထိုအထဲမှ တစ်ချောင်းမှာ အလွန်တရာ ထူထဲနေပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ အဝေးရှိ ကျုံးပြည်နယ်နှင့် ဆက်သွယ်ထားသည်။
"ဒါက မဟာကျိုးမင်းဆက်ရဲ့ တတိယမင်းသားနဲ့ ဆက်သွယ်ထားတဲ့ ကံကြမ္မာကြိုးပဲ ဖြစ်ရမယ်... မင်းက ငါ့ညီမလေးကိုတောင် မျက်စိကျရဲမှတော့... ငါမင်းကို အရင်ဆုံး ပညာပေးရမှာပေါ့"
ကျန်းမင်က ကံကြမ္မာ စွမ်းအားများကို လက်ထဲတွင် စုစည်းလိုက်ပြီးနောက် ထိုကံကြမ္မာကြိုးမှတစ်ဆင့် တတိယမင်းသားထံသို့ ပစ်လွှတ်လိုက်လေပြီ။
သူ့ဘေးတွင် ရပ်နေသော ဓာတ်ကြီးငါးပါး လင်းလုံက ထိုအပြုအမူကို သတိထားမိသွားချိန်တွင် မျက်လုံးများ မှေးစင်းသွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
'ဒါက ကံကြမ္မာ တာအိုများလား... သူက ဒီလို တာအိုမျိုးကိုတောင် နားလည်ထားမယ်လို့ မထင်ထားခဲ့ဘူး... သူ ဘယ်လို အခွင့်အရေးမျိုးနဲ့များ ကြုံတွေ့ခဲ့ရလို့ ငါ့ကို လျှို့ဝှက်ချက်တွေ ဒီလောက်တောင် ဖုံးကွယ်ထားရတာလဲ'
လင်းလုံ အလွန်တရာ အံ့အားသင့်သွားရ၏။
အကယ်၍ သူမသာ ကျန်းမင်ကို အရင်က မစမ်းသပ်ခဲ့ဖူးပါက သူမကဲ့သို့ပင် နောက်တစ်ကြိမ် ပြန်လည် မွေးဖွားလာသူဟု ထင်မှတ်မိပေလိမ့်မည်။
"ဘာလုပ်နေတာလဲ" ချန်ရိမင်က မေးလာသည်။
"ပိုးကောင် တစ်ကောင် ရှိနေလို့ပါ" ကျန်းမင် ပြန်ဖြေလိုက်၏။ ထို့နောက် သူက လှည့်၍ ခြံဝင်းထဲသို့ ပြန်ဝင်သွားတော့သည်။
လင်းလုံ အနေဖြင့် သူ အခုလေးတင် လုပ်လိုက်သည့် အရာကို သတိထားမိသွားမှန်း သူ သေချာပေါက် သိနေသည်။ ချန်ရိမင် အတွက်တော့... သူ မသိသင့်သည့် အရာအချို့ ရှိနေသေးသည် မဟုတ်ပါလား။
"တကယ်လား... ငါတော့ ဘာပိုးကောင်မှ မတွေ့ပါဘူး" ချန်ရိမင်က ရေရွတ်လိုက်သည်။
ကျန်းမင် ပြောင်းလဲသွားမှန်း သူ သိထားပြီး သူ့အား တစ်စုံတစ်ရာ ဖုံးကွယ်ထားကြောင်းလည်း ရိပ်မိနေ၏။ သို့သော် ကျန်းမင်က မပြောပြလိုသရွေ့ သူလည်း ဆက်မေးနေမည် မဟုတ်ပေ။
ရှီမင်ကွမ်ဟိုင်မှာ ထိုက်ယန်တောင်ထွတ်သို့ ရောက်ခါစပင် ရှိသေးသော်လည်း သူ့နှလုံးသားက ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားသည်။ ချူယန်တောင်ထွတ်ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်ပြီးနောက် ဂိုဏ်းချုပ်ကို ရှာဖွေရန် အလျင်အမြန် ထွက်ခွာသွားလေပြီ။
ကျုံးပြည်နယ်၊ မဟာကျိုးမင်းဆက်။
တော်ဝင်မြို့တော်၏ အလယ်ဗဟိုရှိ တတိယမင်းသား နန်းတော်အတွင်း...
နန်းတော်ကြီးမှာ ကြီးမား ခမ်းနားလှပြီး နေရာအနှံ့တွင် အင်မော်တယ် အလင်းတန်းများ တလက်လက် တောက်ပနေ၏။ မြင့်မြတ်သော တေးသွားသံများကို နေရာတိုင်းတွင် ကြားနိုင်ပြီး ဤနေရာရှိ အစေခံ အများစုမှာ ရွှေအမြူတေ အဆင့်များ ဖြစ်ကြသည်။ အားလုံးမှာ နတ်သမီးများသဖွယ် လှပကြပြီး တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင် အလှတရားများ ပိုင်ဆိုင်ထားကြသည်။
အပြင်လောကတွင်တော့ သူတို့အား အလှပိုင်ရှင်များဟု သတ်မှတ်ကြမည် ဖြစ်သော်လည်း ဤနန်းတော်ထဲတွင်မူ အစေခံများသာ ဖြစ်ကြချေသည်။
နန်းတော်တစ်ခုလုံးကို အလှဆင် ပစ္စည်းမျိုးစုံဖြင့် ပြည့်ကျပ်နေအောင် ပြင်ဆင်ထားပြီး အများစုမှာ မှော်ပစ္စည်းများ ဖြစ်ကြသည်။ အချို့က လေပြေများ မှုတ်ထုတ်ပေးနေပြီး အချို့မှာမူ အေးစက်သော လေများကို ထုတ်လွှတ်ကာ အရောင်အမျိုးမျိုးဖြင့် တောက်ပလို့နေသည်။
အခန်း၏ အနက်ရှိုင်းဆုံး နေရာရှိ တိမ်လိပ်ကုတင်ပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ ထိုသူမှာ အခြားသူ မဟုတ်၊ မဟာကျိုးမင်းဆက်၏ တတိယမင်းသားပင်။ ရွယ်တူများကြားတွင် ထူးချွန်သော ပါရမီရှင် တစ်ယောက်အဖြစ် နာမည်ကျော်ကြားပြီး အချို့ကဆိုလျှင် သူ့အား အင်မော်တယ် တစ်ပါး ဖြစ်လာနိုင်သည့် အလားအလာ ရှိသည်ဟုပင် ဆိုကြသည်။
သူ့အနောက်တွင် ပုံရိပ်တစ်ခု ရှိနေပြီး အနီးကပ် သွားကြည့်မှသာ ထိုအရာမှာ သုခဘုံ ပုံရိပ်ယောင်မှန်း သဘောပေါက်နိုင်မည် ဖြစ်သည်။
မင်းသားတစ်ပါး အနေဖြင့် သုခဘုံ အဆင့်ထိ ကျင့်ကြံနိုင်ရန်မှာ အလွန် ရှားပါးလှ၏။ သို့သော် ရုတ်တရက် သူက နာကျင်စွာ အော်ဟစ်လိုက်တော့သည်။ သူ့ကိုယ်ပေါ်ရှိ အင်မော်တယ် အလင်းတန်းများ ဗြောင်းဆန်သွားပြီး သူ့ကို ကာကွယ်ထားသော စွမ်းအားအမျိုးမျိုးက ပေါက်ကွဲထွက်သွားကာ နန်းတော်တစ်ခုလုံးကို ကြေမွသွားစေသည်။
နောက်ဆုံးတွင် မှန်တစ်ချပ် ထွက်ပေါ်လာသည်။ ယင်းမှာ အဆင့်မြင့် တာအိုလက်နက် တစ်ခုပင်။
ဒိုင်း...
မှန်ကြေးမုံမှာ အက်ကွဲသွားပြီး နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားချေပြီ။
တတိယမင်းသား၏ မျက်နှာပေါ်တွင်လည်း ပြတ်ရှဒဏ်ရာ တစ်ခု ရရှိသွားခဲ့၏။ ထိုဒဏ်ရာက နှာခေါင်းကို ဖြတ်၍ မျက်လုံးများအထိ ထိုးဖောက်သွားပြီး သွေးများ အဆက်မပြတ် စီးကျနေတော့သည်။
"ဘယ်သူ လုပ်တာလဲ"
တော်ဝင်နန်းတော်၏ အနက်ရှိုင်းဆုံး နေရာမှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဓားစွမ်းအင် တစ်ခုက လေထဲသို့ ပျံသန်းလာပြီး ကံကြမ္မာကြိုးကို ပိုင်းဖြတ်လိုက်၏။ ထိုလူက စွမ်းအင်များ မည်သည့်နေရာသို့ သွားနေသည်ကို ခြေရာခံရန် ပြင်လိုက်ချိန်တွင် အခွင့်အရေး လွတ်သွားပြီး ပစ်မှတ်ကို ဆုံးရှုံးသွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် တတိယမင်းသား၏ နန်းတော်ထက်၌ လူရိပ်အချို့ ထွက်ပေါ်လာကြသည်။ သူတို့က အောက်ဘက်ရှိ ချိုင့်ခွက်ကြီးကို မှုန်ကုပ်နေသော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြ၏။
သူတို့ ရောက်ရှိနေသည်မှာ မဟာကျိုးမင်းဆက်၏ တော်ဝင်မြို့တော်တွင် ဖြစ်သည်။ ဤနေရာ၌ အစွမ်းထက်သော သိုင်းပညာရှင် များစွာ ရှိနေသည့်အပြင် နေရာတခုလုံးကို အစီအရင်များ၊ ဝင်္ကပါများ အထပ်ထပ်ဖြင့် ကာကွယ်ထားသည် မဟုတ်ပါလား။ သို့တိုင်အောင် တိုက်ခိုက်သူက အတားအဆီး အားလုံးကို ဖြတ်ကျော်ပြီး တတိယမင်းသားကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။
ထိုသူက မည်သူပင် ဖြစ်ပါစေ... ဤသည်မှာ တော်ဝင်နန်းတော်အတွက် အရှက်ရစေသော ကိစ္စဟု သူတို့ ခံစားလိုက်ရပြီး တတိယမင်းသား မျက်နှာပေါ်ရှိ ဒဏ်ရာကို မြင်လိုက်ရချိန်တွင် သူတို့၏ အမူအရာများမှာ ပို၍ပင် ဆိုးရွားသွားတော့သည်။
ထိုဒဏ်ရာတွင် တာအိုစွမ်းအားများ ကပ်ငြိနေသောကြောင့် ကုသရန် ခွန်အားများစွာ စိုက်ထုတ်ရပေမည်။
"ဒီကိစ္စကို အဆုံးတိုင်အောင် စုံစမ်းရမယ်" နန်းတော်ထဲရှိ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
…
အရှေ့ဘက်ဒေသ၊ ချူယန်တောင်ထွတ်။
"မဟာကျိုးမင်းဆက် ဆိုတဲ့ နာမည်က အလကား ရထားတာတော့ မဟုတ်ဘူးပဲ... သူတို့ဆီမှာ ကံကြမ္မာ စွမ်းအားကိုတောင် ခုခံနိုင်တဲ့ အစီအရင် ရှိနေတာကိုး... ဒါတင် မကသေးဘူး... တတိယမင်းသားဆီမှာ သူ့ကို ကာကွယ်ပေးမယ့် ပစ္စည်းတွေ အများကြီး ရှိနေသေးတယ်... သူ့ကို ရှင်းပစ်ချင်ရင် ဒီထက်မက အများကြီး ပိုလိုလိမ့်မယ် ထင်တယ်... ဘာပဲဖြစ်ဖြစ် အချိန်တွေ အများကြီး ကျန်ပါသေးတယ်လေ... လောလောဆယ်တော့ သူ့ကို ခဏလောက် အသက်ဆက်ရှင်ခွင့် ပေးထားလိုက်ဦးမယ်" ကျန်းမင်က ရေရွတ်လိုက်၏။
သူ အနေဖြင့် နောက်ထပ် တစ်ကြိမ် ထပ်မံ တိုက်ခိုက်နိုင်သေးကြောင်း ပြောစရာပင် မလိုသော်လည်း တစ်ဖက်လူများ သတိထားမိသွားပြီ ဖြစ်သောကြောင့် ယခုအခါတွင် ပို၍ ခက်ခဲသွားပေလိမ့်မည်။
ပုံရိပ်ယောင်နှင့် ပတ်သက်၍တော့... သူက တတိယမင်းသားနှင့် လူချင်း မတွေ့ဖူးသေးသောကြောင့် ယခုချက်ချင်း သတ်ပစ်လျှင်ပင် ထိုသူ၏ အကြောင်းကို လေ့လာနိုင်မည် မဟုတ်ချေ။
"သူတို့က ကံကြမ္မာ စွမ်းအားကနေတစ်ဆင့် ငါ့တည်နေရာကို အတိအကျ ရှာနိုင်မလား မသိဘူး... အဲ့လိုလုပ်ဖို့ အရမ်း ခက်ခဲလိမ့်မယ် ဆိုပေမဲ့ ကံကြမ္မာ တာအိုကို ကျွမ်းကျင်တဲ့ သိုင်းပညာရှင်တွေ အတွက်ကတော့ ကလေးကစားစရာ တစ်ခုလို ဖြစ်နေမှာပဲ"
"ဖိုဂိုဏ်းက ကံကြမ္မာ တာအိုမှာ ကျွမ်းကျင်တယ်... ငါသာ သူတို့အပေါ် ဒီလို တိုက်ခိုက်မှုမျိုး သုံးနိုင်ရင် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမှာပဲ"
ကျန်းမင်က သူ့အတွေးများကို ဖျောက်ဖျက်လိုက်ပြီး အမိုးပေါ်ရှိ အနားယူဆောင်လေးထဲ ဆင်းသက်လိုက်သည်။
ချန်ရိမင်က သူ့နောက်သို့ လိုက်မလာခဲ့ပေ။ သို့သော် ယွဲ့ချန်မှာ ယင်မိစ္ဆာဂိုဏ်းမှ လူတစ်ယောက် ဖြစ်ကြောင်း သူ့ဆရာအား ပြောပြသင့်သည်ဟု ကျန်းမင် ခံစားမိသည်။
ကျောက်သား အဆောက်အအုံထံ ရောက်ရှိချိန်တွင် သူ့မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်နေ၏။ သူက အဆောင်တစ်ခုကို ဆွဲထုတ်၍ စကားအချို့ ပြောကြားပြီးနောက် လွှင့်တင်လိုက်တော့သည်။
အနားယူဆောင်လေး အောက်တွင်...
"အစ်ကိုကြီး... အခုလေးတင် ထျန်တာဖုန်းက နောက်ဆုတ်ချင်နေပေမဲ့ ရှီမင်ကွမ်ဟိုင်က တစ်ခုခု လုပ်လိုက်လို့ ကျွန်မကို ဒေါသထွက်အောင် လုပ်မိသွားတာ" ဓာတ်ကြီးငါးပါး လင်းလုံက ကျန်းမင်ထံ အနည်းငယ် ကိုင်းညွတ်၍ ပြောလာသည်။ "ထျန်တာဖုန်းက ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်မှန်းနဲ့ ဂိုဏ်းချုပ် နေရာအတွက် ကျွန်မနဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရှိမှန်း ရှီမင်ကွမ်ဟိုင် သိနေမှာ သေချာတယ်... ဒါဆို သူက ဘာလို့ အဲ့လို လုပ်ချင်ရသေးတာလဲ... ဘာပဲဖြစ်ဖြစ် သူက အပြင်လောကမှာ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာလေ... တကယ်လို့ သူ့ခံစားချက်တွေနဲ့ ရည်ရွယ်ချက်တွေကို ဘယ်လို ဖုံးကွယ်ရမလဲဆိုတာ မသိခဲ့ရင် သူ သေနေတာ ကြာလောက်ပြီပေါ့"
"သူ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခံထားရတာ" ကျန်းမင်က ပြန်ဖြေလိုက်၏။
"ရှင်" လင်းလုံ အံ့အားသင့်သွားသည်။
'ရှီမင်ကွမ်ဟိုင် တခြားလူတွေရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာမျိုး မှတ်တောင် မမှတ်မိတော့ဘူး'
သို့သော် သူမက အလျင်အမြန်ပင် လက်ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေ အရာအားလုံးမှာ သူမ၏ ယခင်ဘဝနှင့် များစွာ ကွဲပြားနေပြီ ဖြစ်သောကြောင့် ထိုအရာကို ထူးဆန်းသည်ဟု မထင်တော့ချေ။
'ပါရမီရှင် အများအပြားကို အနိုင်ယူပြီးနောက်ပိုင်း ငါက အာရုံစိုက်မှု အရမ်း ခံလာရလို့ နေမှာပါ... သူတို့ အကုန်လုံးက ငါ့လျှို့ဝှက်ချက်ကို သိချင်နေကြလို့ ရှီမင်ကွမ်ဟိုင်ကို ထိန်းချုပ်ပြီး ငါ့ကို အမှောင်ထဲကနေ စောင့်ကြည့်ခိုင်းထားတာပဲ ဖြစ်ရမယ်'
"ဟုတ်တယ်... ငါ ကံကြမ္မာကြိုးကနေတစ်ဆင့် နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ဒဏ်ရာရအောင် လုပ်လိုက်ပြီ... သူ့ကို မသတ်နိုင်ခဲ့ပေမဲ့ သတင်းအချက်အလက် တချို့တော့ ရလိုက်တယ်... သူက မဟာကျိုးမင်းဆက်ရဲ့ တော်ဝင်မိသားစုကနေ ထိန်းချုပ်ထားတာ ဖြစ်ရမယ်"
"မဟာကျိုးမင်းဆက်... ခဏလေးနေပါဦး... အစ်ကိုကြီးက သူနဲ့ ဒီလောက်ဝေးနေတာကို ဘယ်လိုလုပ် ဒဏ်ရာရအောင် လုပ်လိုက်တာလဲ... အဲ့ဒါကို ထပ်လုပ်လိုက်ပြန်ပြီလား"
"ငါက မင်းနဲ့ မတူဘူးလို့ ဘယ်နှခါလောက် ပြောရမလဲ... ငါ့ဆီမှာ အဲ့လိုမျိုး မရှိပါဘူးဆိုနေ"
"ဝန်ခံလိုက်ပါ အစ်ကိုကြီးရယ်... ကျွန်မက အစ်ကိုကြီးကို ရယ်စရာလုပ်မှာမှ မဟုတ်တာ"
"ဟက်"
တောင်အောက်ရှိ သာမန်လူများ နေထိုင်ရာ မြို့တစ်မြို့တွင်...
ဂူဟိုင်က ယင်ယွဲ့နှင့်အတူ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ လက်ဖက်ရည် သောက်သုံးနေသည်။ စင်မြင့်ထက်တွင် ပုံပြင်ပြောနေသော အဘိုးအို တစ်ဦး ရှိနေပြီး သူတို့နှစ်ယောက်လုံး အချိန်ကောင်းလေး တစ်ခုကို ဖြတ်သန်းနေကြ၏။
"ရှင်က ချူယန်တောင်ထွတ်ရဲ့ ပထမ နေရာကို ရထားသူလေ... ရှင် ပြန်မသွားလို့ ဘာမှမဖြစ်ဘူး သေချာရဲ့လား" ယင်ယွဲ့က မေးလာသည်။
"စိတ်မပူပါနဲ့... ဘာမှ မဖြစ်ပါဘူး... လင်းလုံလည်း အများကြီး ကြီးပြင်းလာပါပြီ... အခုဆို မဟာဧကရာဇ် တစ်ပါးတောင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ငါသေချာပေါက် ပြောရဲတယ်... ဒါ့အပြင် ကျန်းမင်ကလည်း ထက်မြက်ပြီး ရင့်ကျက်နေပြီပဲ... သူက အခြေအနေ တိုင်းကို ပြဿနာမရှိ ဖြေရှင်းနိုင်ပါတယ်"
"အင်း... ရှင့်စကားလည်း ဟုတ်တာပါပဲ... ဘာပဲဖြစ်ဖြစ် ဒီကိစ္စပြီးရင် ဂိုဏ်းက တပည့်တွေ ထပ်လက်ခံတော့မှာနော်... ဒီတစ်ခါတော့ ရှင် ငြင်းမှာ မဟုတ်ဘူးမလား"
"ငါက ပထမ နေရာကို ကျန်းမင်ဆီ လွှဲပေးတော့မှာ... အဲ့ဒါက သူ တာဝန်ယူရမယ့် ကိစ္စလေ"
"ကျန်းမင်... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က တော်တော်လေး နိမ့်နေသေးတယ်လေ... ရှင် သေချာရဲ့လား... သူ အခြေအနေကို မထိန်းချုပ်နိုင်မှာ စိုးရိမ်မိတယ်"
"သူ့ကို အထင်မသေးပါနဲ့... ငါလည်း သူ့ကျင့်ကြံခြင်း အဆင့် နိမ့်တယ်လို့ပဲ ထင်ခဲ့တာ... ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ပိုပိုပြီး ခံစားလာရတယ်... ပြီးတော့ ငါ ပြန်သွားတုန်းက ရီယွဲ့ဂိုဏ်းရဲ့ သူတော်စင် သမီးတော်က သူ့ကို ရိုရိုသေသေ ဆက်ဆံတာ တွေ့ခဲ့ရတယ်... အဲ့ဒီ သူတော်စင် သမီးတော်တွေ၊ သူတော်စင် သားတော်တွေက ဘယ်လောက်တောင် မောက်မာပြီး ဂုဏ်မောက်တတ်ကြလဲ ဆိုတာ မင်းလည်း သိမှာပါ... ဒါကြောင့် သူမက အဲ့လို ဆက်ဆံဖို့ ဆိုတာ လုံးဝ ဖြစ်နိုင်ချေ မရှိဘူး... အဲ့ဒါကြောင့် ကျန်းမင် တစ်ယောက် အချိန်တစ်လျှောက်လုံး သူ့ခွန်အားကို ဖုံးကွယ်ထားတယ်လို့ ငါ သေချာပေါက် ပြောရဲတယ်"
"အင်း... ရှင်ပြောတာလည်း မှန်နိုင်ပါတယ်လေ"
သူတို့ စကားပြောနေစဉ် အလင်းတန်း နှစ်ခုက သူတို့စိတ်ထဲ ဝင်ရောက်လာပြီးနောက် အမူအရာများ ပြောင်းလဲသွားကြတော့သည်။
"ဘာ... လင်းလုံက ထျန်တာဖုန်းကို သတ်လိုက်တယ်... သူက ဟောင်ယန် တောင်ထွတ်ရဲ့ ခေါင်းဆောင် တပည့် မဟုတ်ဘူးလား... ဒါတော့ ဆိုးပြီ... အခုချက်ချင်း ဂိုဏ်းကို ပြန်ကြစို့"
"စိတ်အေးအေး ထားပါဦး... ဒီကိစ္စက သံသယ ဖြစ်စရာ ကောင်းနေတယ်လို့ မခံစားရဘူးလား... လင်းလုံက ထျန်တာဖုန်းကို ဘယ်လိုလုပ် သတ်မှာလဲ... သူ့အကြောင်း ငါသိသလောက် ဆိုရင် သူက ထျန်တာဖုန်း ဆိုတာ ဘယ်သူမှန်းတောင် သိမှာ မဟုတ်ဘူး... အဲ့တော့ သူ့ကို ဘယ်လိုလုပ် သတ်မှာတဲ့လဲ"
"ဒါလည်း ဟုတ်တာပဲ... လင်းလုံက ချူယန်တောင်ထွတ်ကနေ ထွက်ခဲပါတယ်... ထျန်တာဖုန်းက အဲ့ကိုသွားပြီး သူ့ကို ဒေါသထွက်အောင် လုပ်လို့ သတ်ပစ်လိုက်တာပဲ ဖြစ်ရမယ်... ရှီမင်ကွမ်ဟိုင်ကရော ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိနေတာလား"
"ငါလည်း အဲ့လိုပဲ ထင်တယ်... သူ ပြန်ရောက်လာ ကတည်းက ပြဿနာတွေ အများကြီး ဖန်တီးနေခဲ့တာ... သူက ဂိုဏ်းချုပ် ဖြစ်ချင်နေပြီး လင်းလုံက သူ့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေမှာ သေချာတယ်... ဒါကြောင့် လင်းလုံကို အမြန်ဆုံး ရှင်းပစ်ဖို့ လိုအပ်နေတာပေါ့"
"ဒါကတော့ ဆိုးပြီ... ဘာပဲဖြစ်ဖြစ် ကိုယ့်လူကို ပြန်သတ်တာက ဂိုဏ်းရဲ့ စည်းကမ်းကို ဖောက်ဖျက်တာပဲလေ... တကယ်လို့ ဂိုဏ်းချုပ်က ဘာမှမလုပ်ဘူး ဆိုရင် လူအုပ်ကြီးကို ငြိမ်သက်သွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး... တကယ်လို့ သူက လင်းလုံကို အပြစ်ပေးလိုက်မယ် ဆိုရင်ရော... သူမမှာ အလားအလာတွေ အများကြီး ရှိပြီး ဂိုဏ်းကို နောက်ထပ် နှစ်တစ်ထောင်လောက် ဆက်ရပ်တည်နိုင်အောင် လုပ်ပေးနိုင်မယ့် တစ်ဦးတည်းသော သူပဲလေ"
"ဒါကြောင့် ငါတို့က ဒီမှာပဲနေပြီး လက်ဖက်ရည် ဆက်သောက်နေသင့်တာပေါ့"
"တကယ်လို့ သူက လင်းလုံကို တကယ် အပြစ်ပေးလိုက်ရင်ကော"
"သူက လင်းလုံကို တကယ် အပြစ်ပေးမယ် ဆိုရင်တောင် မင်းစိုးရိမ်စရာ မလိုပါဘူး... ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးလေ... ဒါ့အပြင် ကျန်းမင် တစ်ယောက်ရော ဘာတွေ လှုပ်ရှားလာမလဲ ဆိုတာကို ငါ မြင်ချင်သေးတယ်... တကယ်လို့ အခြေအနေတွေ လက်လွတ်စပယ် ဖြစ်သွားပြီ ဆိုရင်တော့ ငါတို့ ပြန်သွားကြတာပေါ့"
"ရှင်က သူတို့ဆရာလေ... သူတို့ဘာသာသူတို့ ဖြေရှင်းခိုင်းမလို့လား... ရှင် ပြောင်းလဲသွားပြီ ဂူဟိုင်... အရင်တုန်းက ရှင် ဒီလိုမျိုး မဟုတ်ပါဘူး"
"အင်း... ငါလည်း အသက်ကြီးနေပြီလေ... မျိုးဆက်သစ်တွေက သူတို့ဘာသာ ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်"
"ကျွန်မက ကလေးတစ်ယောက်လောက် လိုချင်နေတာ... ဒါပေမဲ့ ရှင့်ပုံစံကို ကြည့်ပြီးနောက်တော့ ကျွန်မရဲ့ ရွေးချယ်မှုကို ပြန်စဉ်းစားသင့်ပြီ ထင်တယ်"
"ဖူး..." ဂူဟိုင် လက်ဖက်ရည်များ ပန်းထုတ်လိုက်မိသည်။ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာ တစ်ခုလုံး နီရဲသွားတော့၏။
ချူယန်တောင်ထွတ်။
ကျန်းမင်က ကြိုးကြာငှက်မှတစ်ဆင့် စာတစ်စောင် လက်ခံရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် လူအများအပြား သူတို့ကို စောင့်ကြည့်နေကြောင်းလည်း ခံစားလိုက်ရ၏။
"ဂိုဏ်းချုပ်က ငါတို့ကို တွေ့ချင်တယ်တဲ့... ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတော့ သိပ်စိတ်မချဘူး"
"ကျွန်မကိုသာ လွှဲထားလိုက် အစ်ကိုကြီး... ကျွန်မ ဖြေရှင်းလိုက်မယ်"
"ဟုတ်ပြီ... မင်း အစွမ်းကုန် ကြိုးစားပြီး သူတို့နဲ့ စကားပြောကြည့်သင့်တယ်"
"တကယ်လို့ သူတို့က ကျွန်မရဲ့ ရှင်းပြချက်ကို နားမထောင်ဘူး ဆိုရင်ကော"
"အဲ့လို ဖြစ်လာရင်တောင် မင်း စိတ်အေးအေး ထားရမယ်... လူတွေကို လျှောက်သတ်မနေနဲ့... အဲ့ဒါက ငါတို့ဆရာကို အခက်တွေ့စေလိမ့်မယ်... အချုပ်ပြောရရင်တော့ အခြေအနေကို ကြည့်ပြီးသာ တုံ့ပြန်လိုက်ပေါ့"
"ဟုတ်ကဲ့ပါ"
ဓာတ်ကြီးငါးပါး လင်းလုံက ရယ်မောလိုက်ပြီး ထိုက်ယန်တောင်ထွတ်ဆီသို့ ထွက်ခွာသွားလေပြီ။
End
***