ကျိုယန် ခန်းမဆောင်ကြီး အတွင်း...
ဂူဟိုင်နှင့် ယင်ယွဲ့တို့မှလွဲ၍ ကျန်ရှိသော တောင်ထွတ် ခေါင်းဆောင်များ အားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ရှီမင်ကွမ်ဟိုင် ကဲ့သို့သော တောင်ထွတ် အသီးသီးမှ ခေါင်းဆောင် တပည့်များနှင့် အကြီးအကဲ အနည်းငယ်လည်း တက်ရောက်လာကြ၏။
ဟွေရှင်းကမူ အနားယူရန် သူ့ အခန်းသို့ ပြန်သွားခဲ့လေပြီ။
"လူကြီးမင်းတို့" ဟောင်ယန် တောင်ထွတ်၏ ခေါင်းဆောင် ကောရှောင်က နေရာမှ ထရပ်ပြီး ခန်းမဆောင်၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်သည်။ သူက ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ပြီးနောက်...
"ဂိုဏ်းချုပ်... ကျွန်တော်တို့ ကျိုယန်ဂိုဏ်းကြီး တည်ထောင်ခဲ့တာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သလို အမြဲတမ်းလည်း တရားမျှတပြီး စည်းကမ်း ရှိခဲ့ပါတယ်... အဲ့ဒါကြောင့်လည်း ဂိုဏ်းကြီးက ကြီးပွား တိုးတက်လာပြီး ဒီနေ့ခေတ်အထိ လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ခဲ့တာပါ... ကျွန်တော် ပြောတာ မမှားဘူး မဟုတ်ပါလား"
ယန်ယန်က သူ ဘာပြောချင်နေမှန်း သိသဖြင့် ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။ "သေချာတာပေါ့"
"ဒါဆိုရင်လည်း ကောင်းပါပြီ" ကောရှောင်က ဆက်ပြောသည်။ "ထျန်တာဖုန်းက ကျွန်တော့်ရဲ့ ခေါင်းဆောင် တပည့်ပါ... တစ်နည်းအားဖြင့် ပြောရရင် သူက ဒုတိယ တောင်ထွတ် ခေါင်းဆောင်ပါပဲ... ဒါပေမဲ့ ဒီနေ့ ချူယန် တောင်ထွတ်မှာ ဇီလင်းလုံရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်... ဂိုဏ်းချုပ်က သူ့ကို ဘယ်လို အရေးယူဖို့ စီစဉ်ထားပါသလဲ"
ကျီယန် တောင်ထွတ်၏ ခေါင်းဆောင် ယွဲ့ချန်မှာမူ အာရုံစိုက် မခံရစေရန် ခေါင်းကို ငုံ့ထားလိုက်သည်။
ယင်မိစ္ဆာဂိုဏ်းကြီး တစ်ညတွင်းချင်း ဖျက်ဆီးခံလိုက်ရကြောင်း ကြားချိန်တွင် သူ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့သွားခဲ့၏။ သို့သော် တစ်ဖက်တွင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ မည်သို့ပင်ဆိုစေ သူ ယင်မိုဂိုဏ်းမှ သူလျှို တစ်ယောက် ဖြစ်ကြောင်း မည်သူမျှ သိနိုင်တော့မည် မဟုတ်သဖြင့် ယခုမှစ၍ လူကောင်း တစ်ယောက်အဖြစ် နေထိုင်နိုင်ပြီ မဟုတ်ပါလား။ မိမိ ကိုယ်ကိုယ်သိစိတ်ကို ဆန့်ကျင်ပြီး ဘာမှ လုပ်စရာ မလိုတော့ချေ။
ထိုနေ့မှစ၍ သူက ပို၍ ပေါ့ပေါ့ပါးပါး နေထိုင်လာပြီး ပြဿနာ အားလုံးနှင့် ဝေးဝေး ရှောင်နေခဲ့သည်။
ယခင်ကဆိုလျှင် ဤကဲ့သို့ ကိစ္စမျိုးတွင် သေချာပေါက် ဝင်ပါမိမည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ ပြဿနာ အားလုံးနှင့် ကင်းကင်းရှင်းရှင်းသာ နေချင်တော့၏။
တုန်ဖန်းလီက မတ်တပ် ထရပ်ပြီး မှတ်ချက်ပြုလိုက်သည်။ "ကျွန်တော် ဂူဟိုင်ကို မနှစ်မြို့ဘူး ဆိုပေမဲ့ လင်းလုံက တကယ်ကို ပါရမီပါတဲ့ မိန်းကလေး တစ်ယောက်ပါ... ကျုံးပြည်နယ်နဲ့ အရှေ့ဘက် ဒေသက ပါရမီရှင်တွေ အားလုံးကို အနိုင်ယူနိုင်ခဲ့ရုံသာ မကဘူး... ဒဏ္ဍာရီလာ ထျန်းယွမ်ကျောင်းတော်က အစ်ကိုကြီး ဆိုတဲ့သူတောင် သူမရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူးလေ... သူမဆီမှာ တကယ်ကို အလားအလာ ကောင်းတွေ အများကြီး ရှိပါတယ်"
သူက ခဏတာ ရပ်တန့်လိုက်ပြီး… "ပိရွှေဂိုဏ်းက ကျွန်တော်တို့ကို လာတိုက်ခိုက်တုန်းကလည်း ဇီလင်းလုံက ရှေ့တန်းကို ထွက်ပြီး အစွမ်းအထက်ဆုံး သိုင်းပညာရှင် အများစုကို အနိုင်ယူပေးခဲ့တာပါ... မူလဝိညာဉ် အဆင့် သိုင်းပညာရှင်နဲ့ သူတို့ရဲ့ ဂိုဏ်းချုပ်ကိုတောင် သတ်ပစ်ခဲ့သေးတယ်... အဲ့ဒီနောက် မိုးကြိုးနတ်ဘုရားရဲ့ အင်မော်တယ် ရတနာသိုက်ထဲ ဝင်သွားပြီး အခွင့်အရေးကောင်းတွေ ရလာခဲ့သေးတယ်... အခုချိန်ဆို သူမ ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ ဘယ်သူ သိနိုင်မှာလဲ... သူမက ကျိုယန်ဂိုဏ်းရဲ့ အမာခံ အင်အားစု တစ်ခုလို့ ကျွန်တော် သေချာပေါက် ပြောရဲတယ်... သူမသာ မရှိရင် ကျွန်တော်တို့ ဂိုဏ်းလည်း မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားလိမ့်မယ်"
"ဒါ့အပြင် သူမရဲ့ အပြုအမူတွေကို ကြည့်ရသလောက်..." တုန်ဖန်းလီက ဆက်ပြောသည်။ ယခင်က ဇီလင်းလုံ၏ စော်ကားမှုကို ခံခဲ့ရသော်လည်း သူက သူမအား အမှန်တကယ် လေးစားနေမိ၏။ "သူမက ကျောင်းယန် တောင်ထွတ်ကလွဲရင် တခြားနေရာတွေကို သွားခဲသလို တခြားလူတွေနဲ့လည်း ရန်ဖြစ်ခဲပါတယ်"
"ကျွန်တော် ဘာပြောချင်လဲ ဆိုတာ ခင်ဗျားတို့ အားလုံး နားလည်ကြရဲ့လား"
"သူမက ကိုယ့်နေရာမှာပဲကိုယ်နေပြီး ကိုယ့်ကိစ္စကိုယ် ဂရုစိုက်ရင်း ကျင့်ကြံချင်နေရုံလေးပါ"
"ဒီနေ့ ထျန်တာဖုန်းကို ဘာလို့ သတ်ခဲ့ရလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့..." သူက ရှီမင်ကွမ်ဟိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ "ဒီနေ့ မင်းတို့တွေ ချူယန် တောင်ထွတ်ကို ဘာလို့ သွားခဲ့ကြတာလဲ... ပြီးတော့ အဲ့ဒီမှာ ဘာတွေ ဖြစ်ခဲ့လဲ... ဘာပဲဖြစ်ဖြစ် ဇီလင်းလုံက အကြောင်းပြချက် မရှိဘဲ ထျန်တာဖုန်းကို သတ်လိမ့်မယ်လို့ ကျွန်တော် မယုံဘူး... ကျွန်တော် ပြောစရာ ရှိတာကတော့ ဒါပါပဲ"
သူ စကားပြောပြီးသည်နှင့် ပြန်ထိုင်လိုက်၏။
အကယ်၍ ကျန်းမင်သာ ဤနေရာတွင် ရှိနေပါက သေချာပေါက် လက်မထောင် ပြမိပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဇီလင်းလုံက သူ့အပေါ် မကောင်း လုပ်ခဲ့သည့်တိုင် သူက စိတ်ထဲ မထားဘဲ အဓိက အချက်များကိုသာ အာရုံစိုက်နေခဲ့သည် မဟုတ်ပါလား။ ဇီလင်းလုံက ထျန်တာဖုန်းအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲမနေချေ။ သူမ၏ ပါရမီ၊ ဂိုဏ်းမှ လူတိုင်းကို မည်သို့ ကယ်တင်ခဲ့ပုံနှင့် ချူယန် တောင်ထွတ်မှ မည်မျှ ရှားရှားပါးပါး ထွက်ခွာလေ့ ရှိပုံတို့ကို ထောက်ပြခဲ့သည်။ သူမကဲ့သို့ နူးညံ့ပြီး အေးအေးချမ်းချမ်း နေတတ်သူ တစ်ယောက် အနေဖြင့် အကြောင်းပြချက် မရှိဘဲ ဒေါသအလျောက် လူသတ်လိမ့်မည် မဟုတ်ပေ။
ကျန်ရှိသော တောင်ထွတ် ခေါင်းဆောင်များလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ကောရှောင်၏ မျက်နှာမှာ မှုန်ကုပ်သွား၏။ သူက ရှီမင်ကွမ်ဟိုင်ကို ကြည့်၍... "ငါတို့ကို အဖြစ်အပျက် အားလုံး အသေးစိတ် ပြောပြစမ်း"
ရှီမင်ကွမ်ဟိုင်က သူ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်အရ လုပ်စရာ မလိုသော်လည်း လူအုပ်ကို ဦးညွှတ် အရိုအသေပြုကာ… "ဒီနေ့ ဖိုဂိုဏ်းရဲ့ ခေါင်းဆောင် တပည့် ဟွေရှင်းက ကျွန်တော်တို့ဆီ အလည်လာတဲ့အတွက် ကျွန်တော်လည်း သူ့ကို ကြိုဆိုဖို့ ရွယ်တူတွေ အကုန်လုံးကို ဖိတ်ခေါ်ခဲ့ပါတယ်... ဒါပေမဲ့ ချူယန် တောင်ထွတ်က လူတွေကတော့ လာဖို့ ငြင်းဆန်ခဲ့တယ်... ဟွေရှင်းက ညီမလေး လင်းလုံ အကြောင်း အများကြီး ကြားဖူးထားတဲ့အတွက် တွေ့ချင်တယ်လို့ ပြောလာတာနဲ့ ကျွန်တော်လည်း သူတို့ကို ချူယန် တောင်ထွတ်ကို ခေါ်သွားခဲ့တယ်... ဒါပေမဲ့ ကျန်းမင်နဲ့ ဇီလင်းလုံက အပြင်ထွက်ပြီး ကြိုဆိုဖို့ ငြင်းဆန်ခဲ့တယ်လေ... ညီလေးထျန်းက သူတို့ အပြုအမူကို သည်းမခံနိုင်တော့ဘဲ ဆူပူ ကြိမ်းမောင်းလိုက်တာပါ... ဇီလင်းလုံက သူ့ကို လက်ဝါး တစ်ချက်တည်းနဲ့ လွင့်စင်သွားအောင် ရိုက်ထုတ်ပြီး သတ်ပစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
သူက အဖြစ်အပျက် အားလုံးကို ပြောပြလိုက်သော်လည်း အကြောင်းအရာ အများအပြားကိုမူ ချန်လှပ်ထားခဲ့သည်။
ထိုအချိန်တွင် ဇီလင်းလုံ ထွက်ပေါ်လာ၏။
"ဂိုဏ်းချုပ်၊ အကြီးအကဲတွေနဲ့ ဦးလေးတို့... ဇီလင်းလုံ လာရောက် ဂါရဝပြုပါတယ်" သူမက ဦးညွှတ် နှုတ်ဆက်ရင်း ပြောလိုက်သည်။
ထို့နောက် သူမက လက်ဝှေ့ယမ်းလိုက်ရာ ရေဖြင့် ပြုလုပ်ထားသော မှန်တစ်ချပ် ထွက်ပေါ်လာသည်။ ထျန်တာဖုန်းနှင့် အခြားသူများ ချူယန် တောင်ထွတ်သို့ ဆင်းသက်လာချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက မှန်ပြင်ထက်တွင် ထင်ဟပ်လာတော့သည်။
ရှီမင်ကွမ်ဟိုင် မျက်မှောင်ကြုတ်သွား၏။
"အံ့ဩစရာပဲ... လင်းလုံ... မင်း ဒီလို ထူးခြားတဲ့ စွမ်းရည်မျိုးကို ဘယ်တုန်းက တတ်မြောက်သွားတာလဲ" တုန်ဖန်းလီက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
လူတိုင်းက မှန်ထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ကြည့်ရှု နားဆင်နေကြသည်။ မကြာမီမှာပင် မှန်ကြေးမုံ ပြန်လည် ပျောက်ကွယ်သွား၏။
"ဂိုဏ်းချုပ်... ကျွန်မ သွားခွင့်ပြုပါဦး" ဇီလင်းလုံက လှည့်၍ ထွက်ခွာရန် ပြင်လိုက်သည်။
"အဲ့ဒီမှာ ရပ်လိုက်စမ်း" ကောရှောင်က အော်ဟစ်လိုက်၏။
"ဘာကိစ္စ ရှိသေးလို့လဲ" ဇီလင်းလုံက အမူအရာ ကင်းမဲ့သော မျက်နှာဖြင့် လှည့်ကြည့်လာသည်။
"ထျန်တာဖုန်းက မင်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့တာ မှားတယ် ဆိုပေမဲ့ မင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး သူ့ကို မသတ်သင့်ဘူး... မင်းက ဂိုဏ်းရဲ့ စည်းကမ်းတွေကို လျစ်လျူရှုပြီး သူ့ကို သတ်ပစ်ခဲ့တာပဲ" ထို့နောက် ကောရှောင်က ယန်ယန်ကို ကြည့်၍ ဆက်ပြောသည်။
"ဂိုဏ်းချုပ် အနေနဲ့ ဒီကိစ္စကို ဘာမှ အရေးမယူတော့ဘူးလား... တကယ်လို့ ဂိုဏ်းချုပ်ကသာ ဘာမှ မလုပ်ဘူးဆိုရင် စည်းကမ်းတွေ ရှိနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ... ဂိုဏ်းကို ဘယ်လို အုပ်ချုပ်တော့မလဲ... လူတိုင်း ဂိုဏ်းချုပ် စကားကို နားထောင်လာအောင် ဘယ်လို လုပ်တော့မလဲ"
"ဦးလေးကော ပြောတာ မှန်ပါတယ်" ရှီမင်ကွမ်ဟိုင်က ဝင်ပြောသည်။ "ကောင်းတဲ့ အလုပ်အတွက် ဆုချီးမြှင့်သင့်သလို ပြစ်မှုအတွက်လည်း အပြစ်ပေးသင့်ပါတယ်... ဒါမှ ဂိုဏ်းကြီး အရှည်တည်တံ့ ခိုင်မြဲမှာပါ"
ဂိုဏ်းချုပ်က ရှီမင်ကွမ်ဟိုင်ကို စူးစိုက်ကြည့်ရင်း တိတ်ဆိတ်သွား၏။
"ကောင်းပြီလေ... ဒါဆိုရင်လည်း" ဇီလင်းလုံက ရှီမင်ကွမ်ဟိုင်ဘက်သို့ လှည့်ကြည့်၍ ပြုံးလိုက်သည်။ "ရှီမင်ကွမ်ဟိုင်... ဒီနေရာမှာ ရပ်နေဖို့ မင်းမှာ အရည်အချင်း ရှိတယ်လို့ ဘာကများ တွေးထင်စေတာလဲ"
"ဘာ... အဲ့ဒါ ငါက ထိုက်ယန် တောင်ထွတ်ရဲ့ ခေါင်းဆောင် တပည့် ဖြစ်နေလို့ပေါ့" ရှီမင်ကွမ်ဟိုင်က ပြန်ဖြေလိုက်သည်။ သို့သော် သူ့ဝမ်းဗိုက်ထဲမှ မကောင်းသော ခံစားချက် တစ်ခု ထိုးတက်လာ၏။
ကျန်ရှိသူများ အားလုံးက ဇီလင်းလုံကို နားမလည်နိုင်စွာ ကြည့်နေကြသည်။ ဤနေ့တွင် သူမ ပြင်းထန်သော အပြစ်ပေးမှု ခံရမည် မဟုတ်ကြောင်း သူတို့လည်း သဘောပေါက်ထားကြသည်။
"ဟက်" ဇီလင်းလုံက လှောင်ပြောင်လိုက်သည်။ "ခုနက အားလုံးပဲ ကိုယ့်မျက်စိနဲ့ကိုယ် မြင်ခဲ့ကြတယ် မဟုတ်လား... ထျန်တာဖုန်းက ကျွန်မ ခြိမ်းခြောက်လိုက်လို့ ငြိမ်ကျသွားပြီကို နောက်ဆုံးကျမှ ဘာလို့ ရုတ်တရက် အမူအရာ ပြောင်းသွားရတာလဲ... ထူးဆန်းတယ်လို့ မထင်ကြဘူးလား... အဲ့ဒီတုန်းကတော့ ကျွန်မ သိပ်မတွေးမိခဲ့ဘူး... ဒါပေမဲ့ နောက်ပိုင်းမှ တစ်ခုခု မှားနေတယ်လို့ ခံစားရလို့ စုံစမ်းကြည့်လိုက်တာ... ဘာတွေ့ခဲ့ရလဲ သိကြလား"
"ရှီမင်ကွမ်ဟိုင်... မင်းဘာသာ ပြောမလား ဒါမှမဟုတ် ငါကပဲ ပြောပေးရမလား" ဇီလင်းလုံက မေးလိုက်၏။
"မင်းပြောချင်တာက ညီလေးထျန်း ရုတ်တရက် အမူအရာ ပြောင်းသွားတာ ငါ့ကြောင့်လို့ ဆိုလိုချင်တာလား" ရှီမင်ကွမ်ဟိုင်က ခေါင်းခါ၍ ရယ်မောလိုက်သည်။ "သူ အဲ့လို ရူးသွပ်သွားတာ မင်းကြောင့်လေ... မင်းက သူ့ကို ဒေါသထွက်အောင် လုပ်လိုက်တော့ သူလည်း အရှက်ကွဲသွားတယ်လို့ ခံစားလိုက်ရတာ... သူ့ဒေါသကို မထိန်းနိုင်တော့လို့ အဲ့လို လုပ်ခဲ့တာပဲ... ဒါ့အပြင် သူ ပြောတာ ဘာမှားနေလို့လဲ... သူက ဂိုဏ်းချုပ်ကို သွားတိုင်မယ်လို့ ပြောယုံလေး ရှိသေးတာကို မင်းက သူ့ကို ချက်ချင်း သတ်ပစ်လိုက်တယ်... မင်းက အစွမ်းထက်နေလို့ ဘယ်သူမှ တရားဥပဒေ အရ အရေးမယူနိုင်ဘူးလို့ တကယ် ထင်နေတာလား"
"အချိန်ကုန်လိုက်တာ" ဇီလင်းလုံက လက်စွပ်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ "ဂိုဏ်းချုပ်... သူ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခံထားရတယ်"
"ဘာ" ဂိုဏ်းချုပ်မှာ ထိုင်ခုံမှ ဆတ်ခနဲ ထရပ်လိုက်၏။
ကျန်ရှိသူများ အားလုံးလည်း အံ့အားသင့်သွားကြသည်။ ရှီမင်ကွမ်ဟိုင် အနေဖြင့် အစပိုင်းတွင် လန့်ဖြန့်သွားသော်လည်း ထို့နောက် မျက်လုံးများ တောက်ပလာပြီး ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ငါက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခံထားရတယ် ဟုတ်လား... ဒါက ငါကြားဖူးသမျှထဲမှာ ရယ်စရာ အကောင်းဆုံးပဲ... ဇီလင်းလုံ... မင်းက အပြစ်တွေ အကုန်လုံး ငါ့အပေါ် ပုံချချင်တယ် ဆိုရင်တောင် ဒီထက်ကောင်းတဲ့ အကြောင်းပြချက်လေး ရှာသင့်တယ်... ငါက နှလုံးသားဝိညာဉ် အဆင့် သိုင်းပညာရှင် တစ်ယောက်လေ... ဘယ်သူက ငါ့စိတ်ကို ထိန်းချုပ်နိုင်မှာလဲ... ပြီးတော့ ငါ့ပုံစံက ထိန်းချုပ်ခံထားရတဲ့ ပုံ ပေါက်နေလို့လား"
"ရိုးရိုးလေးပါ... ဂိုဏ်းချုပ်ကို မင်းရဲ့ ဝိညာဉ်ကို စစ်ဆေးခွင့် ပေးလိုက်ယုံပဲ" ဇီလင်းလုံက ပြောသည်။
ရှီမင်ကွမ်ဟိုင်က ခေါင်းခါရင်း…
"လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက် ဆိုတာ ရှိပါတယ်... ငါလည်း အတူတူပဲ... ငါက ဂိုဏ်းချုပ်ရဲ့ တပည့် ဖြစ်နေရင်တောင် ငါ့ဝိညာဉ်ကို စစ်ဆေးခွင့် ပေးမှာ မဟုတ်ဘူး... ဒါပေမဲ့ တကယ်လို့ မင်းသာ တခြားလူတွေကို မင်းဝိညာဉ်ကို စစ်ဆေးခွင့် ပေးမယ်ဆိုရင် ငါလည်း အတူတူ လုပ်ပေးမယ်"
"အကြောင်းပြချက် ကောင်းတယ်... ကံမကောင်းစွာနဲ့ အဲ့ဒါက ငါ့အတွက်တော့ အသုံးမဝင်ဘူး" ဇီလင်းလုံက အေးစက်စွာ နှာမှုတ်လိုက်သည်။ ရုတ်တရက် အရောင်အသွေး စုံလင်သော အလင်းတန်းများ သူမ ကျောဘက်မှ ထွက်ပေါ်လာပြီး ကြိတ်ဆုံပြား တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှီမင်ကွမ်ဟိုင် အပေါ်သို့ ကျဆင်းလာတော့သည်။
"လူဒီလောက် များတာတောင် ငါ့ကို ဒီလို လုပ်ရဲတယ်ပေါ့လေ... ငါ့ကို လွှတ်စမ်း" ရှီမင်ကွမ်ဟိုင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ ရုန်းထွက်ရန် ကြိုးစားသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ကြောင်း သိသွားသည်။
ဒြပ်စင်ငါးပါး အလင်းတန်းက ရှီမင်ကွမ်ဟိုင်၏ လှုပ်ရှားမှုများနှင့် ချီစွမ်းအင်များကို ချိတ်ပိတ်ထားလိုက်လေပြီ။
"မင်း တော်တော် ရဲတင်းပါလား ဇီလင်းလုံ... ခန်းမဆောင်ကြီး ထဲမှာ ကိုယ့်လူကို ပြန်သတ်ဖို့ ကြိုးစားနေတာလား" ကောရှောင်က အော်ဟစ်ပြောသည်။
သူ ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်ချိန်တွင် တုန်းဖန်လီက တားဆီး၍…"သူ့ကို သတ်ပမှာ မဟုတ်ဘူး... သူမ ဘာလုပ်မလဲ ဆိုတာ အရင် ကြည့်ကြရအောင်"
"ညီလေးကော... စိတ်အေးအေး ထားပါဦး" လောင်ယန် တောင်ထွတ်၏ ခေါင်းဆောင်က ဝင်ပြောသည်။
နောက်တစ်စက္ကန့်တွင် လူတိုင်း အသက်ရှူမှားသွားကြတော့သည်။
ဇီလင်းလုံက ရှီမင်ကွမ်ဟိုင်အား လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး သူ့ ဝိညာဉ်ကို အပြင်သို့ ထုတ်ယူလိုက်ခြင်းပင်။
နှလုံးသားဝိညာဉ် အဆင့်မှာ မူလဝိညာဉ် အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ဝိညာဉ်မှာ အကာအကွယ် တစ်ခု အတွင်း လုံခြုံစွာ ရှိနေတတ်သည်။
ဇီလင်းလုံ လုပ်ဆောင်နိုင်စွမ်းကို မြင်လျှင် လူတိုင်း အံ့အားသင့်သွားကြ၏။ ထို့နောက် ရှီမင်ကွမ်ဟိုင်၏ ဝိညာဉ် ပတ်လည်တွင် မန္တန်အက္ခရာများဖြင့် ပြုလုပ်ထားသော လှောင်အိမ် တစ်ခု ရှိနေကြောင်း သူတို့ တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ထိုမန္တန်အက္ခရာများက မီးတောက်များ အဖြစ် ပြောင်းလဲသွားတော့သည်။
"အား..."
ရှီမင်ကွမ်ဟိုင် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့ ဝိညာဉ်မှာ လွင့်စင် ပျောက်ကွယ်သွားလေပြီ။
ဝိညာဉ် ပျောက်ကွယ်သွားသည်နှင့် ထိုသူမှာ သေဆုံးသွားခြင်းပင်။ လူတိုင်း သတိပြန်ဝင်လာချိန်တွင် ရှီမင်ကွမ်ဟိုင် သေဆုံးသွားကြောင်း တွေ့လိုက်ရသည်။
"သေစမ်း" ဇီလင်းလုံ မျက်မှောင်ကြုတ်သွား၏။ "ဂိုဏ်းချုပ်... ဒါက ကာကွယ်ရေး ယန္တရား တစ်ခုပဲ... ပေါ်တူပေါ်လာတာနဲ့ သူ့ဘာသာ ဖျက်ဆီးပစ်တာ... ကျွန်မ သူ့ကို မကယ်လိုက်နိုင်ဘူး"
"စိတ်မပူပါနဲ့... မင်း ကောင်းကောင်း လုပ်ခဲ့ပါတယ်" ဂိုဏ်းချုပ်က ပြောလိုက်သည်။
ရှီမင်ကွမ်ဟိုင်ကို ထိုသို့ ဖြစ်အောင် လုပ်ခဲ့သည်မှာ ဇီလင်းလုံ မဟုတ်ဘဲ သူမထက် များစွာ ပိုမို အစွမ်းထက်သော အခြားသူများမှန်း ဂိုဏ်းချုပ် သိနေကြောင်း ပြောစရာပင် မလိုပေ။
"ငါ့တပည့်ကို ဒီလိုလုပ်ရလောက်အောင် ဘယ်သူကများ ဒီလောက် ယုတ်မာရတာလဲ" သူက မေးလိုက်၏။
မည်သို့ပင် ဖြစ်ပျက်ခဲ့ပါစေ ရှီမင်ကွမ်ဟိုင်မှာ သူ အချစ်ရဆုံး တပည့် ဖြစ်သောကြောင့် သေဆုံးသွားသည့် အတွက် သူ အလွန်အမင်း ဒေါသထွက်နေမိသည်။
တစ်ချိန်တည်းမှာပင် သူ စိုးရိမ်ပူပန်နေမိ၏။ မည်သို့ပင်ဆိုစေ သူ့တပည့်ကို ထိန်းချုပ်နိုင်သည့် သူမှာ မည်မျှတောင် အစွမ်းထက်နေမည်နည်း။
"ဂိုဏ်းချုပ်... နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်" ဇီလင်းလုံက ပြုံးရင်း ဇီယန် တောင်ထွတ်၏ ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။
ယွဲ့ချန်၏ နှလုံးသားမှာ လည်ချောင်းဝသို့ ရောက်လုမတတ် ခုန်ပေါက်သွားပြီး မျက်နှာ တစ်ခုလုံး ဖြူလျော့သွားတော့၏။
ဘုန်း...
သူက ကြမ်းပြင်ထက်သို့ ဒူးထောက် လဲကျသွားလေပြီ...
End
***