ဇီလင်းလုံ၏ မှိုင်းညို့နေသော အကြည့်များကို မြင်လိုက်ရချိန်တွင် ယွဲ့ချန် အရာအားလုံးကို သဘောပေါက်သွားလေပြီ။ သူ မသေချင်သောကြောင့် တွေဝေခြင်း အလျဉ်းမရှိဘဲ ဒူးထောက် ချလိုက်တော့သည်။ မည်သို့ပင်ဆိုစေ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင် ဂုဏ်သိက္ခာနှင့် မာနဆိုသည်မှာ ဘာမှ မဟုတ်တော့ချေ။
ယွဲ့ချန် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချကာ…'ငါက အသက်ရှင်ချင်ယုံလေးပါ... ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ’
လူတိုင်းက ရှီမင်ကွမ်ဟိုင် သေဆုံးသွားသည်ထက် သူတို့ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် ပို၍ အံ့အားသင့်သွားကြသည်။
လောင်ယန် တောင်ထွတ်၏ ခေါင်းဆောင်က သက်ပြင်း တစ်ချက်ချ၍ ယွဲ့ချန် အနီးသို့ လျှောက်သွားကာ သူ့ ချီစွမ်းအင်များကို ချိတ်ပိတ်လိုက်သည်။ သူက ချန်ရိမင်မှ တစ်ဆင့် ယွဲ့ချန်၏ နောက်ခံအား သိထားပြီးသား ဖြစ်၏။
"ဘာတွေ ဖြစ်နေတာလဲ" ဂိုဏ်းချုပ်က မေးလိုက်သည်။ အကြောင်းရင်းကို မသိသော်လည်း ဤကိစ္စနှင့် ပတ်သက်၍ သူ့စိတ်ထဲ မကောင်းသော ခံစားချက် တစ်ခု ရနေလေပြီ။
မည်သို့ပင်ဆိုစေ ကြီးမားသော ကိစ္စ တစ်ခုခု မဖြစ်ပွားဘဲ တောင်ထွတ် ခေါင်းဆောင် တစ်ယောက် ဒူးထောက်ကျသွားမည် မဟုတ်ပါလား။
ဇီလင်းလုံကမူ စကားတစ်ခွန်းမှ မဟဘဲ သူမ နေရာတွင်သာ ရပ်နေလိုက်သည်။
လူတိုင်း၏ အာရုံက ယွဲ့ချန် အပေါ်သို့ ကျရောက်သွားကြ၏။
"အစ်ကိုကြီး" ယွဲ့ချန်က ခါးသီးစွာ ရယ်မောလိုက်သည်။ သူက ဇီလင်းလုံကို အရင်ကြည့်၍... "မင်း ငါ့ကို ဘယ်လိုလုပ် သိသွားတာလဲ... ဘယ်တုန်းကတည်းက သိနေတာလဲ"
"ကြာပါပြီ" ဇီလင်းလုံက ပြန်ဖြေလိုက်၏။ " မီးကို စက္ကူနဲ့ ထုပ်ထားလို့မှ မရတာ... ဒီလောကကြီးမှာ လျှို့ဝှက်ချက် ဆိုတာ မရှိပါဘူး... ဒါပေမဲ့ ရှင်ကိုယ်တိုင် ဖွင့်ပြောလာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
"ငါ နောင်တရပါတယ်... တကယ်ကို နောင်တရတာပါ... နေ့ရောညပါ နှိပ်စက်ခံနေရသလို ခံစားခဲ့ရတယ်... ညဘက်တွေဆို အိပ်လို့တောင် မပျော်ဘူး... ကိုယ့်လိပ်ပြာကိုယ် မလုံဖြစ်နေခဲ့တာ... အခု မင်း ငါ့ကို ဖော်ထုတ်လိုက်တော့ စိတ်သက်သာရာ ရသွားသလိုတောင် ခံစားရတယ်... တခြားလူတွေ ငါ့နောက်ခံကို သိသွားမှာ ကြောက်ရွံ့ပြီး အမြဲတမ်း စိုးရိမ်ပူပန်နေရတဲ့ ဘဝမျိုးနဲ့ မနေချင်တော့လို့ ငါ့ဘာသာ ဝန်ခံဖို့ ဆုံးဖြတ်လိုက်တာပါ" ယွဲ့ချန်က ရှင်းပြလာသည်။ သူ့မျက်လုံးများက နီရဲနေပြီး အသံမှာလည်း အက်ရှလို့နေ၏။
"အရင်တုန်းက ယင်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ငါ့ကို ကယ်တင်ခဲ့တာပါ... သူက ငါ့ကို တပည့်အဖြစ် လက်ခံခဲ့ပြီး ဘယ်လို လုပ်လိုက်မှန်း မသိပေမဲ့ ငါ့ကို ကျိုယန်ဂိုဏ်းထဲ ရောက်လာအောင် သွင်းပေးခဲ့တယ်... သူတို့ရဲ့ ထောက်ပံ့မှုတွေနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက အဆမတန် တိုးတက်လာခဲ့တာပေါ့... အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့ပြီး နောက်ဆုံးမှာ တောင်ထွတ် ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့တယ်"
ဂိုဏ်းချုပ် အလွန်အမင်း အံ့အားသင့်သွားရ၏။
လောင်ယန် တောင်ထွတ်၏ ခေါင်းဆောင်မှလွဲ၍ ကျန်ရှိသူများ အားလုံးလည်း မှင်သက်သွားကြသည်။
တောင်ထွတ် ခေါင်းဆောင် တစ်ယောက်က မိစ္ဆာဂိုဏ်းမှ လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်ကြချေ။
ဂိုဏ်းချုပ်က မှုန်ကုပ်နေသော မျက်နှာထားဖြင့် ယွဲ့ချန် အနီးသို့ ချဉ်းကပ်သွားသည်။ "ဒါဆို အဲ့ဒီနှစ်က ချူယန် တောင်ထွတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စက မင်း လက်ချက်ပေါ့"
"ဟုတ်ပါတယ်"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်အား လိုအပ်လို့ပေါ့... အရာအားလုံးကို ထိန်းချုပ်ချင်လို့လေ"
ယွဲ့ချန်၏ စကားများကို ကြားပြီးနောက် ဂိုဏ်းချုပ်က မျက်လုံးများကို မှိတ်ချလိုက်သည်။
"မင်းနဲ့ငါ အတူတူ ကြီးပြင်းလာခဲ့ကြတာလေ... အခက်အခဲပေါင်း များစွာကို ဖြတ်ကျော်ခဲ့ကြတယ်... နတ်ဆိုးတွေ အများကြီးကို အတူတကွ နှိမ်နင်းခဲ့ကြတယ်... အဖွဲ့တစ်ဖွဲ့အနေနဲ့ ကမ္ဘာကြီးကို လေ့လာ စူးစမ်းခဲ့ပြီး အေးအတူ ပူအမျှ အသက်ရှင်သန်လာခဲ့ကြတာ... အခုကျမှ မင်းက ယင်မိစ္ဆာဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်နေတယ်လို့ ငါ့ကို ပြောနေတာလား"
ဂိုဏ်းချုပ်မှာ အလွန်အမင်း ဝမ်းနည်းသွားေတာ့၏။
သူ အခုလေးတင် တပည့် တစ်ယောက် ဆုံးရှုံးခဲ့ရပြီး ယခုလည်း ညီအစ်ကိုရင်း ကဲ့သို့ ချစ်ရသူ တစ်ယောက်ကို ထပ်မံ ဆုံးရှုံးရတော့မည် မဟုတ်ပါလား။
သူ ဆက်မေးရန် ပြင်လိုက်ချိန်တွင် လူတစ်ယောက် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာလေသည်။
ကျိုယန်ဂိုဏ်းမှ တပည့်တစ်ယောက် အလျင်စလို ပြေးဝင်လာပြီး ဂိုဏ်းချုပ်ကို စိုးရိမ်တကြီး တင်ပြလာ၏။ "ချင်းယွင်ဂိုဏ်းရဲ့ သူတော်စင် သားတော် လင်းဟန် ရောက်လာပါတယ်... သူက ဒီကို အလည်လာတာ ဆိုလို့ ကျွန်တော်လည်း တောင်ပေါ်ကို ခေါ်လာခဲ့တာပါ... ဂိုဏ်းချုပ်ဆီ သတင်းပို့ဖို့ လုပ်နေတုန်း သူက ခန်းမဆောင်ထဲ အတင်း ဝင်လာတယ်... ကျွန်တော် တားလို့ မရလိုက်ဘူး"
"သူ့ကို အပြစ်မတင်ပါနဲ့ ဂိုဏ်းချုပ်" လင်းဟန်က ဝင်ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ခိုတွဲနေ၏။ "ကျိုယန်ဂိုဏ်းထဲမှာ ယင်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန် လူတစ်ယောက် ရှိနေသေးတယ်လို့ ကြားလိုက်ရလို့ ကျွန်တော်လည်း မနေနိုင်တော့ဘဲ ကိုယ်တိုင် ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ"
"အမိတာဘ" ဟွေရှင်းကလည်း ခန်းမဆောင်ထဲ ဝင်လာရင်း ရေရွတ်လိုက်သည်။ "မိစ္ဆာဂိုဏ်းက လူတိုင်းက ရိုးတွင်းခြင်ဆီထိ ယုတ်မာကြတာချည်းပဲ... သူတို့က အရှေ့ဘက် ဒေသကို ဖျက်ဆီးခဲ့သလို အနောက်ဘက် ဒေသမှာလည်း ဗြောင်းဆန်အောင် လုပ်ခဲ့ကြတယ်... ခွင့်လွှတ်လို့ မရတဲ့ ကြီးမားတဲ့ ပြစ်မှုကြီးကို ကျူးလွန်ခဲ့ကြတာပါ"
ဂိုဏ်းချုပ် ဒေါသထွက်သွားပြီး ကျန်ရှိသူများ၏ မျက်နှာများလည်း မှောင်မိုက်သွားကြတော့သည်။
"တောင်းပန်ပါတယ်... ဒါပေမဲ့ ဒါက ကျိုယန်ဂိုဏ်းရဲ့ အတွင်းရေး ကိစ္စမို့လို့ ချက်ချင်း ပြန်ထွက်သွားပေးပါ" ဂိုဏ်းချုပ်က တင်းမာသော လေသံဖြင့် အမိန့်ပေးလိုက်၏။
"အင်း... အဲ့ဒါကတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ယင်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန်တွေနဲ့ ပတ်သက်လာပြီ ဆိုရင်တော့ ဒါက အတွင်းရေး ကိစ္စ မဟုတ်တော့ဘူးလေ... အရှေ့ဘက် ဒေသက လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်သွားပြီ" လင်းဟန်က ခဏတာ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောသည်။ "မဟုတ်သေးဘူး... ဒီလိုပြောရမယ်... ဒါက လောကကြီး တစ်ခုလုံးက လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်သွားပြီ"
"မှန်ပါတယ်" ဟွေရှင်းက ဝင်ပြောရင်း ခေါင်းညိတ် ထောက်ခံသည်။
ထိုအချိန်တွင် သူတို့နှစ်ယောက် ပူးပေါင်းသွားကြလေပြီ။
"ဂိုဏ်းချုပ် ယန်ယန်... ယင်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန် တစ်ယောက်ကို ကာကွယ်ပေးမလို့လား" လင်းဟန်က အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်၏။ "ဒီနေရာက ယင်မိစ္ဆာဂိုဏ်းရဲ့ ပုန်းခိုရာ နေရာတွေထဲက တစ်ခု ဖြစ်နေလို့များလား"
"ပါးစပ် ပိတ်ထားစမ်း" တုန်းဖန်လီက ဟိန်းဟောက်စကားဆိုသည်။ "မင်းက ချင်းယွင်ဂိုဏ်းရဲ့ သန့်ရှင်းသော သားတော် ဖြစ်နေရင်တောင် ငါတို့ကို ဒီလို အလွယ်တကူ ရွှံ့ပက်လို့ မရဘူး... အခု ချက်ချင်း ဒီကနေ ထွက်သွားစမ်း"
"ဒီနေရာကနေ ချက်ချင်း ထွက်သွားကြ" ရှောင်ယန် တောင်ထွတ်၏ ခေါင်းဆောင် ဟောင်ချန်က မတ်တပ် ထရပ်လိုက်၏။ သူ့ မျက်လုံးများထဲတွင် ဒေါသတရားများ ပြည့်နှက်နေသည်။
သူက မူလဝိညာဉ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူက စကားနည်းသူ တစ်ယောက် ဖြစ်သော်လည်း စကားပြောရန် ဆုံးဖြတ်လိုက်တိုင်း ပြတ်သားစွာ ပြောဆိုတတ်သူပင်။
"ဟက်" လင်းဟန်က ရယ်မောလိုက်ကာ… "ခင်ဗျားတို့ရဲ့ လျှို့ဝှက်ချက်ကို သိသွားလို့ ဒေါသထွက်နေကြတာလား... အခု ဘာလုပ်ကြမလဲ... ကျွန်တော်တို့ နှစ်ယောက်လုံးကို သတ်ပစ်မလို့လား"
သူက ကျိုယန်ဂိုဏ်း၏ လျှို့ဝှက်ချက်ကို စုံစမ်းရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သူ ရောက်ရောက်ချင်း ခန်းမဆောင်ကြီး အတွင်းမှ စကားများကို ကြားရလိမ့်မည်ဟု အနည်းငယ်မျှပင် မျှော်လင့်မထားခဲ့သဖြင့် အလွန်အမင်း ဝမ်းသာသွားခဲ့၏။
'ဒါက... ဒါက တကယ့်ကို ကောင်းတာပဲ... တကယ်ကို အခွင့်အရေးကောင်းပဲ... သူတို့ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီ ဆိုတော့ ကျိုယန်ဂိုဏ်းကို ငါလုပ်ချင်သလို လုပ်လို့ရပြီ... ဇီလင်းလုံကိုတောင် ငါ့ဘက်ပါအောင် သိမ်းသွင်းနိုင်လောက်တယ်... ဒီနေ့က ငါ့အတွက် ကံကောင်းတဲ့နေ့ပဲ ဖြစ်ရမယ်'
ရွှမ်း...
ဟောင်ချန်က ဓားကို ဆွဲထုတ်လိုက်သော်လည်း လင်းဟန်မှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။
"မလုပ်နဲ့ ဟောင်ချန်" ဂိုဏ်းချုပ်က အလျင်အမြန် ရှေ့တိုးသွားပြီး ဟောင်ချန်ကို တားဆီးလိုက်သည်။ သူက ဒေါသကို မြိုသိပ်ကာ ထိုလူနှစ်ယောက်ကို ကြည့်၍... "ကျေးဇူးပြုပြီး ကျိုယန်ဂိုဏ်းထဲကနေ ချက်ချင်း ထွက်သွားပေးပါ"
"ဂိုဏ်းချုပ် ယန်ယန်... ကျွန်တော်က အခု ချင်းယွင်ဂိုဏ်းကို ကိုယ်စားပြုနေတာပါ" လင်းဟန်က မေးစေ့ကို မော်၍ မောက်မာစွာ ပြောလိုက်၏။
"အဲ့တော့... နင်က ဘာလိုချင်တာလဲ" လင်းလုံက ရှေ့သို့ လျှောက်လာသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ခိုတွဲနေ၏။
"ဒါက ကျွန်တော် လိုချင်တာ မဟုတ်ပါဘူး... ခင်ဗျားတို့ လိုချင်တာပါ" လင်းဟန်က ပြန်ပြောသည်။ "ကျိုယန်ဂိုဏ်းက ယင်မိစ္ဆာဂိုဏ်းရဲ့ လူတစ်ယောက်ကို ကာကွယ်ပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ဒီကိစ္စကို ကြားရရင် ဘယ်သူမှ ငြိမ်နေမှာ မဟုတ်ဘူးလို့ ထင်တယ်"
လင်းလုံက သူ့ကို လျစ်လျူရှု၍ ဂိုဏ်းချုပ်ကို ကြည့်ကာ... "သူ့ကို သတ်လိုက်လို့ ရမလား"
လင်းဟန်၏ အမူအရာ ပြောင်းလဲသွားတော့သည်။
ဇီလင်းလုံ၏ ခွန်အားနှင့် ရက်စက်မှု အကြောင်းကို သူ ကောင်းကောင်း သိထားသည် မဟုတ်ပါလား။
အတိတ်က ပါရမီရှင်များစွာကို သတ်ဖြတ်၊ အနိုင်ယူခဲ့စဉ်က သူမ မည်သို့မျှ တုံ့ဆိုင်းနေခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူမ သတ်မည်ဟု ပြောလျှင် တကယ် လုပ်လိမ့်မည် ဖြစ်ကြောင်း သူ သေချာပေါက် သိနေသည်။
'ဒါပေမဲ့ ဒီနေရာက ကျိုယန်ဂိုဏ်းရဲ့ ခန်းမဆောင်ကြီးလေ... သူမ ဒီနေရာမှာ ငါ့ကို သတ်ရဲမှာ မဟုတ်ပါဘူး' လင်းဟန်က စိတ်ထဲမှ တွေးလိုက်၏။
ဂိုဏ်းချုပ်က ခါးသီးစွာ ပြုံးလိုက်ရသည်။
'သူ့ကို သတ်မယ်... ငါသာ သူ့ကို သတ်နိုင်ရင် သတ်ပစ်တာ ကြာလှပြီပေါ့... မင်း မေးလာတဲ့အထိတောင် စောင့်နေမှာ မဟုတ်ဘူး... ဒါ့အပြင် သူက ချင်ယွင်ဂိုဏ်းကို ကိုယ်စားပြုနေတာလေ... တကယ်လို့ ငါတို့ အခု သူ့ကို သတ်လိုက်ရင် ချင်ယွင်ဂိုဏ်းနဲ့ စစ်ခင်းသလို ဖြစ်သွားမှာပေါ့... ညဘက်ကျမှ လုပ်ကြမလား'
သို့သော် သူ ဘာမှမပြောနိုင်မီမှာပင် ဇီလင်းလုံက လင်းဟန်ဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားလေပြီ။
"ကျိုယန်ဂိုဏ်းရဲ့ ခန်းမဆောင်ကြီးထဲကို ခွင့်ပြုချက်မရှိဘဲ အတင်း ဝင်လာရုံတင် မကဘူး... အမှန်တရားကို လိုရာဆွဲတွေးပြီး ငါတို့ကို ရွှံ့ပက်ရဲသေးတယ်ပေါ့လေ... ငါနင့်ကို အခု ချက်ချင်း ဒီနေရာမှာတင် သတ်ပစ်သင့်တာ"
ဖြောင်း...
လင်းဟန် တစ်ယောက် ပြင်ဆင်ထားခဲ့သည့်တိုင် ဇီလင်းလုံ၏ ရိုက်ချက်ကြောင့် လေထဲသို့ လွင့်စင်သွားပြီး သွေးစက်များ ပြန့်ကျဲသွားတော့သည်။
"နင်လည်း အတူတူပဲ... နင်တို့ ဒီကို ဘာလာလုပ်လဲ ဆိုတာ ငါမသိဘူး ထင်နေတာလား... နင်တို့က ငါတို့ နယ်မြေကို လုယူဖို့ လာတာလေ... အဲ့တော့ နင့်ကိုလည်း ဒီမှာ ကြိုဆိုမှာ မဟုတ်ဘူး... ထွက်သွားစမ်း"
ဇီလင်းလုံက ဟွေရှင်းကို ပါးရိုက်၍ ခန်းမဆောင် အပြင်ဘက်သို့ ပစ်ထုတ်လိုက်၏။
"သူတော်စင် သားတော်... ခေါင်းဆောင် တပည့်... အဓိပ္ပာယ် မရှိတာတွေ... နောက်တစ်ခါ ဒီကို လုံးဝ ပြန်မလာခဲ့နဲ့... တကယ်လို့ ပြန်လာရင် နင်တို့ အကုန်လုံးကို သတ်ပစ်မယ်" ဇီလင်းလုံက ပြောရင်း သူမ ကျောဘက်တွင် ဓားစွမ်းအင် ငါးခုကို ထွက်ပေါ်လာစေသည်။ ထို့နောက် လင်းဟန်နှင့် ဟွေရှင်းထံ ပစ်လွှတ်လိုက်ရာ သူတို့နှစ်ယောက်လုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး မီတာ ရာချီ အဝေးသို့ လွင့်စင်သွားကြတော့သည်။
နောက်ဆုံးတွင်တော့ သူမ သူတို့ကို မသတ်ခဲ့ပေ။ မည်သို့ပင်ဆိုစေ ယခုအချိန်မှာ သတ်ဖြတ်ရန် အချိန်ကောင်း မဟုတ်ချေ။
တပည့်များ အားလုံး ထွက်လာကြပြီး ဇီလင်းလုံကို အားကျ လေးစားစွာ ကြည့်နေကြသည်။ သို့သော် တောင်ထွတ် ခေါင်းဆောင်များကမူ ခါးသီးစွာ ပြုံးလိုက်ကြ၏။
"လင်းလုံ... သူတို့နှစ်ယောက်လုံးက တော်ဝင်မြေက တပည့်တွေလေ... တကယ်လို့ သူတို့ ပူးပေါင်းပြီး နောက်ပိုင်း ငါတို့ကို လာတိုက်ခိုက်ရင် ဘယ်လိုလုပ် ကာကွယ်ကြမလဲ" ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... တကယ်လို့ သူတို့ လာခဲ့ရင်တောင် အကုန်လုံးကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ချက် ရှိပါတယ်" ဇီလင်းလုံက ပြန်ဖြေလိုက်၏။ ထို့နောက် အခြား တစ်ဖက်သို့ လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ရာကို သတိပြုမိသွားသဖြင့် မျက်မှောင် အနည်းငယ် ကြုံ့မိသွားသည်။
"ဘာပဲဖြစ်ဖြစ် ဘာမှ စိတ်မပူပါနဲ့ ဂိုဏ်းချုပ်" သူမ စိတ်ထဲရှိ သံသယကို ဖိနှိပ်လိုက်ပြီးနောက် ပြောလိုက်သည်။
စကားပြောပြီးသည်နှင့် ချူယန် တောင်ထွတ်ဘက်သို့ ပျံသန်း ထွက်ခွာသွားလေပြီ။
'ဘာမှ စိတ်မပူရဘူး ဟုတ်လား... နောက်နေတာလား... ငါ မင်းကို မနိုင်လို့သာပေါ့ မဟုတ်ရင် အပြစ်ပေးတာ ကြာလှပြီ... တော်ဝင်မြေ နှစ်ခုကို ရန်စလိုက်တဲ့ အကျိုးဆက်ကို မင်း သိရဲ့လား'
ဂိုဏ်းချုပ်မှာ တွေးလေတွေးလေ ငိုချင်လာလေပင်။
"အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဂိုဏ်းချုပ်" လောင်ယန် တောင်ထွတ်၏ ခေါင်းဆောင်က မေးလာသည်။
"ဘာလုပ်ရမလဲ... ငါတို့ အခု ဘာမှ လုပ်လို့ မရတော့ဘူး" ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း ပြန်ဖြေလိုက်၏။
ထို့နောက် သူက လက်ဝှေ့ယမ်း၍ ကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်လိုက်သည်။
ခန်းမဆောင်ထဲ ပြန်ဝင်လာပြီးနောက် ယွဲ့ချန်ကို လှမ်းကြည့်လိုက်ရာ သူ့ ကိုယ်ပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။ ယွဲ့ချန်၏ နှလုံးသားမှာ အောက်ခြေထိ ထိုးဆင်းသွားပြီး... "ကျွန်... ကျွန်တော် အရာအားလုံး ပြောပြပြီးပြီလေ... ကျွန်တော့်ကို သတ်ချင်နေတုန်းပဲလား"
ကျိုယန်ဂိုဏ်း အပြင်ဘက်တွင် လင်းဟန်က နက်ရှိုင်းသော ချိုင့်ခွက်ကြီးထဲမှ ထရပ်လိုက်သည်။ နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်ပြီး သူ့ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေလေပြီ။
သူတော်စင် သားတော် တစ်ယောက် အနေဖြင့် သူ ဤသို့ တစ်ခါမှ ဆက်ဆံမခံခဲ့ရဖူးချေ။
"အကြီးအကဲ" သူက လေထဲသို့ အော်ဟစ်လိုက်၏။ "ခုနက ဘာလို့ ကျွန်တော့်ကို မကူညီခဲ့တာလဲ"
"ငါသာ ခုနက ထွက်လာခဲ့ရင် ငါတို့ နှစ်ယောက်လုံး အဲ့ဒီမှာ သေသွားလောက်ပြီ... ဘာပဲဖြစ်ဖြစ် ဒီကနေ အရင် ထွက်သွားကြတာပေါ့" အကြီးအကဲ တစ်ယောက်က လင်းဟန် ရှေ့တွင် ထွက်ပေါ်လာပြီး တင်းမာသော မျက်နှာထားဖြင့် ပြောလာသည်။ သူက လင်းဟန်ကို ဆွဲဖမ်း၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် သူက ဆက်ပြောသည်။ "ခုနက ငါ့ကို ချိန်ရွယ်ထားတဲ့ ဓားစွမ်းအင် တစ်ခု ရှိနေခဲ့တယ်... ငါသာ တစ်ခုခု လှုပ်ရှားလိုက်ရင် သေချာပေါက် သေသွားမှာပဲ"
"ကျိုယန်ဂိုဏ်းထဲမှာ ခင်ဗျားကို သတ်နိုင်တဲ့သူ ရှိနေတယ် ဟုတ်လား" လင်းဟန်က အံ့အားသင့်စွာ မေးလိုက်သည်။ သို့သော် သူ အလျင်အမြန် သတိပြန်ဝင်လာပြီး... "ဒါများ သူတို့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်များ ဖြစ်နေမလား"
အကြီးအကဲက ပြန်မဖြေခဲ့ပေ။
ရုတ်တရက် သူ တစ်စုံတစ်ရာကို ခံစားမိသွားပြီး အခြား တစ်ဖက်သို့ လှမ်းကြည့်လိုက်၏။ မျက်မှောင်ကြုတ်သွားသော်လည်း ထိုအရာကို ဂရုမစိုက်တော့ဘဲ ဆက်လက် ပြေးလွှားနေလိုက်သည်။
"အမိတာဘ... ဒီနေရာက တကယ့်ကို ဘီလူးသရဲတွေနဲ့ ပြည့်နေတဲ့ နေရာပဲ"
ဟွေရှင်းက မတ်တပ် ထရပ်သည်။ လင်းဟန်ကို ခဏတာ ကြည့်ပြီးနောက် သူလည်း ထွက်ခွာသွားတော့သည်။
ချူယန် တောင်ထွတ်ပေါ်တွင် ကျန်းမင်က အဝေးသို့ လှမ်းကြည့်နေ၏။ သူက လင်းဟန် သို့မဟုတ် ဟွေရှင်းကို ကြည့်နေခြင်း မဟုတ်ပေ။ အခြား တစ်ဖက်ရှိ တောင်တန်းကို ကြည့်နေခြင်း ဖြစ်သည်။
လင်းလုံရော လင်းဟန်ကို ခေါ်သွားသည့် အကြီးအကဲပါ ထိုနေရာ၌ တစ်စုံတစ်ရာကို ခံစားမိခဲ့သော်လည်း သေချာ မသိခဲ့ကြပေ။ သို့သော် ကျန်းမင်ကမူ အလွန် ရှင်းလင်းစွာ ခံစားမိနေသည်။
ထိုနေရာတွင် လူတစ်ယောက် ရှိနေ၏။
သူ့ထံတွင် ထူးဆန်းသော အငွေ့အသက်များ ရှိနေပြီး ကောင်းသော ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ကြောင်း ကျန်းမင် သေချာပေါက် သိနေတော့သည်။
End
***