ကျန်းမင်က ကျိုယန် တောင်ထွတ်ပေါ်တွင် ရပ်နေရင်း ထိုက်ယန် ခန်းမဆောင်ထဲ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကြည့်ရှုနေ၏။ လင်းလုံ တစ်ယောက် ပြဿနာ အကြီးကြီး ရှာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမက အကျိုးအကြောင်း သင့်တင့်စွာ ဖြေရှင်းသွားခဲ့သဖြင့် သူ စိတ်သက်သာရာ ရသွားခဲ့သည်။
"ဒီအဘိုးကြီးက တကယ် သေရမှာ ကြောက်တာပဲ" ယွဲ့ချန် တစ်ယောက် ထိတ်လန့်နေသော မျက်နှာထားဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်လျှင် ကျန်းမင် ဆွံ့အသွားပြီး ခေါင်းခါယမ်းလိုက်မိသည်။
လင်းဟန်နှင့် ဟွေရှင်းတို့ ရောက်လာပြီး ပင်မ ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်သွားချိန်တွင်တော့ ကျန်းမင်က တိတ်တဆိတ် လှောင်ပြုံး ပြုံးလိုက်လေပြီ။
လင်းဟန်နှင့်အတူ ပါလာသော အစောင့်အရှောက်က လင်းဟန် လွင့်စင်သွားသည်ကို မြင်ပြီးနောက် ဝင်ရောက် တိုက်ခိုက်ရန် ပြင်လိုက်၏။ သို့သော် ကျိုယန်ဂိုဏ်းရှိ တိုက်ခိုက်ရေး ရုပ်သေးရုပ်က မတ်တပ် ထရပ်လာပြီး ဓားချီစွမ်းအင် လှိုင်းများကို ထုတ်လွှတ်ကာ ထိုအစောင့်အရှောက်အား ဖိနှိပ်ထားလိုက်သဖြင့် သူ အနည်းငယ်မျှပင် မလှုပ်ဝံ့တော့ချေ။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ဓာတ်ကြီးငါးပါး လင်းလုံလည်း အနားယူဆောင်လေးသို့ ပြန်လည် ရောက်ရှိလာတော့သည်။
"ဒီမှာပဲ ခဏနေခဲ့ဦး... ငါ အပြင်ခဏ သွားစရာ ရှိတယ်" ကျန်းမင်က ရှင်းပြပြီးနောက် လေထဲတွင် ပျောက်ကွယ်သွား၏။ ဓာတ်ကြီးငါးပါး လင်းလုံမှာ အနောက်ဘက်သို့သာ လှမ်းကြည့်နေနိုင်တော့သည်။
"ခေါင်းဆောင်ကျန်းက လျှို့ဝှက်ချက်တွေ အများကြီး ဖုံးကွယ်ထားတာပဲ" ချန်ရိမင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြုံး၍ ခေါင်းခါလိုက်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သူ ရိပ်မိနေခဲ့သည်မှာ ကြာပြီဖြစ်ကာ ယခုမှ သူ့ ခန့်မှန်းချက်များ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းပင်။ သိပ်မကြာမီမှာပင် ချန်ရိမင် တစ်စုံတစ်ရာကို သတိထားမိသွားပြီး "ခေါင်းဆောင်ကျန်းက ကျိုယန်ဂိုဏ်းကနေ ဘယ်တုန်းကမှ မထွက်ခွာဖူးသလောက်ပဲ... ဒီနေ့ ဘာတွေများ ဖြစ်နေလို့လဲ" ဟု ရေရွတ်မိသည်။
သူ မှတ်မိသလောက် ဆိုလျှင် ကျန်းမင်က ဂိုဏ်းထဲမှ တစ်ခါမှ ထွက်မသွားဖူးပေ။ သူက နှစ်ပေါင်း သန်းချီအောင် အောင်းနေမည့်သူဟု ဆိုလျှင်ပင် ချဲ့ကားရာ မကျလှချေ။ ယခု ညီမလေး ပြန်ရောက်လာပြီ ဖြစ်သဖြင့် သူမနှင့် အတူတကွ ပျော်ပျော်ရွှင်ရွှင် နေသင့်သော်လည်း ရုတ်တရက် နေရာမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သည် မဟုတ်ပါလား။ ဤသည်မှာ သိသိသာသာကို ပုံမှန် မဟုတ်ပေ။
ဓာတ်ကြီးငါးပါး လင်းလုံက ဘာမှ ပြန်မဖြေဘဲ အဝေးသို့သာ ငေးကြည့်နေလိုက်၏။
ကျန်းမင်က ကျိုယန်ဂိုဏ်းမှ ထွက်ခွာလာပြီး အနောက်ဘက် မိုင်သောင်းချီ ကွာဝေးသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်... စုစုပေါင်း လူသုံးယောက် ရှိနေပြီး အားလုံးက သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ထားကြသည်။
သူတို့က ပတ်ဝန်းကျင်ကို ထူးဆန်းစွာ အကဲခတ်နေကြ၏။ တစ်ချိန်တည်းမှာပင် သူတို့ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ ကောင်းကင်နှင့် မြေကြီး၏ သဘာဝတရားနှင့် သဟဇာတ မဖြစ်သကဲ့သို့ ရှိနေသော်လည်း တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောယှက် ပေါင်းစပ်နေကြသည်။ တကယ့်ကို ထူးဆန်းသော မြင်ကွင်းတစ်ခုပင်။ ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ဖွင့်၍ သူတို့ အကြောင်းကို ရှာဖွေ ကြည့်ရှုလိုက်သည်။
အမည် - ဖေးလုံ
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - အဆင့် ၇ (မူလဝိညာဉ် အဆင့်)
နောက်ခံ - ကိုးထောင့်လောက၏ ဖေး မျိုးနွယ်စု။ (မှတ်ချက်။ သံသရာ ခန်းမဆောင်၏ အကျိုးခံစားခွင့်ရှိသူ၊ ကောင်းကင်နဂါး အဖွဲ့ဝင်များထဲမှ တစ်ဦး။)
ဆက်ဆံရေး - သုည
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - မူလက သာမန် လူသားတစ်ယောက် ဖြစ်သော်လည်း ကောင်းကင် သံသရာ ခန်းမဆောင်၏ အကျိုးခံစားခွင့်ရှိသူ အဖြစ် မတော်တဆ ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။ သူက သံသရာ ခန်းမဆောင်မှ တစ်ဆင့် တာဝန်များကို ပြီးမြောက်ရန် အဆုံးမဲ့ ကောင်းကင်လောက များစွာသို့ ဆင်းသက်ခဲ့ပြီး ဆုလာဘ်များ ရယူခဲ့သည်။ မရေမတွက်နိုင်သော တာဝန်များမှ တစ်ဆင့် သူ့ ကျင့်ကြံခြင်း အဆင့်မှာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး အခြားသော အကျိုးခံစားခွင့်ရှိသူ များစွာ၏ ယုံကြည်မှုကို တဖြည်းဖြည်း ရရှိလာကာ နောက်ဆုံးတွင် ကောင်းကင်နဂါး အဖွဲ့ကို တည်ထောင်နိုင်ခဲ့သည်။
ယခင် တာဝန်တွင် ပြင်းထန်သော အသေအပျောက်များနှင့် ရင်ဆိုင်ခဲ့ရသဖြင့် အဖွဲ့ဝင် သုံးဦးသာ ကျန်ရစ်တော့သည်။
ယခုအခါ သူတို့၏ စွမ်းအင်များ ပြန်လည် ပြည့်ဝလာစေရန် ပိုမို လွယ်ကူသော တာဝန်တစ်ခုကို လက်ခံခဲ့ကြ၏။ တာဝန်မှာ ကျိုယန်ဂိုဏ်းမှ ယွဲ့ချန်အား သုံးရက်အတွင်း ကယ်တင်ပြီး ချင်းပြည်နယ် အပြင်ဘက်သို့ ဘေးကင်းစွာ ပို့ဆောင်ပေးရန် ဖြစ်သည်။
သူတို့ ဤလောကသို့ ရောက်ရှိလာချိန်တွင် ငြင်းပယ်ခံရခြင်းမှ ကင်းဝေးစေရန် ကောင်းကင်နှင့် မြေကြီး၏ အငွေ့အသက်များဖြင့် အရင်ဆုံး ပေါင်းစပ်ကြပြီးနောက် ဆက်လက် မလှုပ်ရှားမီ သတင်းအချက်အလက်များ စတင် စုဆောင်းကြပေလိမ့်မည်။
"သေစမ်း... သူတို့က အဆုံးမဲ့ ကောင်းကင်လောက တွေကနေ လာတာလား... သံသရာ ခန်းမဆောင်တွေ... အကျိုးခံစားခွင့်ရှိသူတွေ ဟုတ်လား" ကျန်းမင် အံ့အားသင့်သွားရ၏။
အထွတ်အထိပ် စေတီ ထွက်ပေါ်လာခြင်းကပင် အလုံအလောက် အံ့ဩစရာ ကောင်းနေပြီ ဖြစ်ရာ ယခု သံသရာ ခန်းမဆောင် ဆိုတာကြီးက ထပ်ရှိနေသေးသည် မဟုတ်ပါလား။ ထို့အပြင် ယင်းက အဆုံးမဲ့ ကောင်းကင်လောကများ ထံသို့ပင် ဆင်းသက်နိုင်သေးသည်တဲ့လား။ ကျန်းမင် တစ်ယောက် အရာအားလုံး ဗြောင်းဆန်နေပြီဟု စတင် ခံစားလာရသည်။
သူက ကျန်နှစ်ယောက်၏ အခြေအနေများကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ ထိုနှစ်ယောက်မှာလည်း သူထင်ထားသည့် အတိုင်းပင် သံသရာ ခန်းမဆောင်၏ အကျိုးခံစားခွင့်ရှိသူများနှင့် ကောင်းကင်နဂါး အဖွဲ့ဝင်များ ဖြစ်နေကြသည်။ သူတို့ နှစ်ယောက်လုံး၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အဆင့် ၇ တွင် ရှိနေကြ၏။
ကျန်းမင် မျက်လုံးများ မှေးစင်းသွားပြီး သူ့ အသိစိတ်က စိတ်ကူးယဉ် ပုံရိပ်ယောင် လောကထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားကာ အထူး ကွန်ရက်တစ်ခု အတွင်းသို့ စိမ့်ဝင်သွားပြီးနောက် ထိုသုံးယောက်၏ အသံလုံ အစီအရင် အတွင်းသို့ ဝင်ရောက်သွားလေပြီ။
"ငါတော့ ဒီလောကရဲ့ အငွေ့အသက်နဲ့ လုံးဝ ပေါင်းစပ်သွားပြီ... ငြင်းပယ်ခံရတဲ့ ခံစားချက် တခုမှ မရှိတော့ဘူး" ဖေးလုံက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။ "ထျန်းရှင်း၊ ဇွေဟူ... မင်းတို့ နှစ်ယောက်ရော ဘယ်လိုနေလဲ"
"ငါလည်း ပြီးပြီ" ထျန်းရှင်းက ပြန်ဖြေလိုက်၏။ သူ့လက်ထဲတွင် မှန်တစ်ချပ် ထွက်ပေါ်လာပြီး အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်လာကာ မန္တန်အက္ခရာများက မှန်ထဲမှနေ၍ လေဟာနယ် အတွင်းသို့ ပန်းထွက်လာတော့သည်။ "ဒါက အဆင့်(၁၀)ကျင့်ကြံခြင်း စွမ်းအားကိုတောင် ခံနိုင်ရည်ရှိတဲ့ ပြီးပြည့်စုံတဲ့ လောက တစ်ခုပဲ... မဟုတ်သေးဘူး... ရှာဖွေလို့ မရတဲ့ နက်ရှိုင်းတဲ့ လျှို့ဝှက် အလားအလာတွေလည်း ရှိနေနိုင်သေးတယ်"
"ငါလည်း ပြီးသွားပြီ" ဇွေဟူက ပြန်ဖြေသည်။ သူ့တွင် တောင့်တင်း သန်မာသော ခန္ဓာကိုယ် ရှိပြီး မျက်နှာပေါ်ရှိ ကျားသစ်အစင်းကြောင်းများက ရက်စက် ကြမ်းကြုတ်မည့် ပုံစံမျိုးကို ပေးစွမ်းနေ၏။ "ပြီးပြည့်စုံတဲ့ လောက တစ်ခုမှာ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ အများကြီး ရှိနေမှာ သေချာတဲ့အတွက် ငါတို့ တာဝန် ပြီးတဲ့အထိ သိုသိုသိပ်သိပ် နေရလိမ့်မယ်... ဒါပေမဲ့ ဒီတစ်ခါ တာဝန်က အဆင့်တစ်လေးပဲလေ... ငါတို့ ခွန်အားနဲ့ဆို ပြီးမြောက်ဖို့ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး... ဒီတာဝန်ကို အပြီးသတ်ပြီး ဒီလောကနဲ့ ပေါင်းစပ်သွားတဲ့ အခါကျရင် ငါတို့ ဒီမှာပဲ အပန်းဖြေကြတာပေါ့... အရင်တစ်ခေါက် သွားခဲ့တဲ့ လောကက အရမ်းကို ရက်စက်လွန်းတယ်"
"ငါလည်း အရင်လောကမှာ အရမ်း ပင်ပန်းခဲ့ရလို့ အခုထိတောင် အပြည့်အဝ ပြန်မကောင်းသေးဘူး... အစ်ကိုကြီး... ငါတို့ တာဝန် ပြီးသွားရင် သေချာလေး အနားယူကြမလား" ထျန်းရှင်းက ပြုံးရင်း ပြောလာသည်။ "ဒီလောကမှာ သိုင်းပညာရှင်တွေ အများကြီး ရှိမှာ သေချာတယ်... ငါလည်း ငါ့ရဲ့ အူတိုင် စွမ်းအားကို မြှင့်တင်ဖို့ ပါရမီရှင် တချို့ကို ဖမ်းပြီး မီးဖိုလို အသုံးပြုချင်သေးတယ်"
"တာဝန်ကို ပြီးအောင်လုပ်မယ်၊ နောက်ဆုတ်မယ်၊ ပြီးရင် အခွင့်အရေးတွေ ရှာဖွေပြီး အကျိုးအမြတ်တွေ ရယူကြမယ်... အကျိုးအမြတ် လုံလုံလောက်လောက် ရပြီးမှ အနားယူလည်း နောက်မကျပါဘူး... လာ... သွားပြီး အကဲခတ်ကြည့်ကြရအောင်" ဖေးလုံက ပြန်ဖြေလိုက်၏။
သူတို့ စူးစမ်းလေ့လာရန် ပြင်ဆင်နေစဉ် သူတို့ သုံးယောက်လုံး၏ စိတ်ထဲတွင် တူညီသော အသံတစ်သံ ပဲ့တင်ထပ်လာတော့သည်။
"ဒင်... သတိပေးချက်။ မျှော်လင့်မထားသော အခြေအနေများကြောင့် တာဝန်၏ အန္တရာယ် အဆင့်သည် အဆင့်နှစ်သို့ မြင့်တက်သွားပါသည်။"
"ဒင်... ပြင်ပ အခြေအနေများ၏ သက်ရောက်မှုကြောင့် တာဝန်၏ အန္တရာယ် အဆင့်သည် အဆင့်သုံးသို့ မြင့်တက်သွားပါသည်။"
"ဒင်... တားဆီး၍မရသော စွမ်းအားများ၏ သက်ရောက်မှုကြောင့် တာဝန်၏ အန္တရာယ် အဆင့်သည် အထွတ်အထိပ်အဆင့် သို့ မြင့်တက်သွားပါသည်။"
သတိပေးချက်များကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြ၏။ ကျန်းမင်ကလည်း ထိုအခိုက်အတန့်လေးမှာပင် ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။
အခြား လောကတစ်ခု ဆင်းသက်လာသည့် အလား ပုံရိပ်ယောင် တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး သူတို့ သုံးယောက်လုံးကို ချည်နှောင်လိုက်ရာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။
သူတို့ စိတ်ထဲတွင် ပဲ့တင်သံများ ကြားလိုက်ရပြန်သည်။
"ဒင်... တာဝန်ကို ဖျက်သိမ်းလိုက်ပါသည်။ အတင်းအကြပ် ပြန်လည် ပို့ဆောင်ခြင်းကို စတင်နေပါသည်။"
ထိုသတိပေးချက်ကို ကြားပြီးနောက် သုံးယောက်လုံး သက်ပြင်း ချနိုင်သွားကြသည်။ ယင်းမှာ သာမန် အဆင့်တစ် တာဝန် တစ်ခုသာ ဖြစ်သင့်သည် မဟုတ်ပါလား။ ရုတ်တရက် အမြင့်ဆုံး အဆင့်အထိ တက်သွားချိန်တွင် သူတို့မှာ လန့်သေလုမတတ် ဖြစ်သွားခဲ့ရ၏။ သူတို့ သုံးယောက်အတွက်တော့ ဤမျှ မြင့်မားသော အဆင့်ရှိသည့် တာဝန်များတွင် သေချာပေါက် သေဆုံးရဖို့သာ ရှိလေသည်။
ကံကောင်းစွာဖြင့် သူတို့ ရောက်ရောက်ချင်း တာဝန်၏ အန္တရာယ် အဆင့် မြင့်တက်သွားသည်ကို သတိပြုမိသည်နှင့် သေဘေးမှ လွတ်မြောက်နိုင်ရန် အတင်းအကြပ် ပြန်လည် ပို့ဆောင်ပေးသည့် စနစ်ကို ဖွင့်လှစ်ခဲ့ကြသည်။ သို့သော် ဤမျှ ကြီးမားသော အန္တရာယ်က ဘယ်ကနေ ရောက်လာတာလဲ။ သူတို့ တိုက်ခိုက်ခံရလျှင်တောင် ရန်သူ့ အရိပ်အယောင်လေးကိုပင် မမြင်ခဲ့ရချေ။
ထိုအချိန်တွင် ကျန်းမင်၏ မျက်လုံးများ မှေးစင်းသွားပြီး လေထဲသို့ လက်ဝှေ့ယမ်းလိုက်ရာ စာအုပ် တစ်အုပ်က သူ့ လက်ထဲသို့ တည့်တည့် ရောက်ရှိလာတော့သည်။
ထိုပြင်ပလူ သုံးယောက်မှာ သူတို့ စိတ်ထဲတွင် သွေးကဲ့သို့ နီရဲနေသော စာတန်းများနှင့်အတူ အလျင်စလို သတိပေးချက် တစ်ခုကို ကြားလိုက်ရလေပြီ။
"ဒင်... အတင်းအကြပ် ပြန်လည် ပို့ဆောင်ခြင်းကို အတင်းအဓမ္မ ဖြတ်တောက်လိုက်ပါသည်။"
"ဒင်... တားဆီး၍မရသော စွမ်းအားများ၏ သက်ရောက်မှုကြောင့် ကိုယ်ပိုင် ကာကွယ်ရေး ယန္တရားကို ဖွင့်လှစ်လိုက်ပါသည်။"
"ဒင်... အကျိုးခံစားခွင့်ရှိသူများ၏ သတင်းအချက်အလက်များ ပေါက်ကြားမှုကို ကာကွယ်ရန် ကိုယ်ပိုင် ဖျက်ဆီးရေး ယန္တရားကို အတင်းအကြပ် ဖွင့်လှစ်လိုက်ပါပြီ။ ဝိညာဉ်များကို ဖျက်ဆီးပြီး မှတ်ဉာဏ် အရိပ်အယောင် အားလုံးကို ဖျောက်ဖျက်ပစ်ပါမည်။"
"ဒင်... ဖေးလုံ၊ ထျန်းရှင်း၊ ဇွေဟူ။ အကျိုးခံစားခွင့်ရှိသူ သုံးဦး။ သံသရာ ခန်းမဆောင်က သင်တို့၏ လက်ရှိ အခြေအနေကို မှတ်တမ်းတင်ထားပြီး ဖြစ်ပါသည်။ သင်တို့ ယခု သေဆုံးနိုင်ပါပြီ။"
ထိုသုံးယောက်၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ဖြစ်သွားကြတော့သည်။
ထို့နောက် သူတို့၏ ဝိညာဉ်များမှာ သူတို့ထံတွင် ရှိနေသော အခြား အထူး ပစ္စည်းများနှင့်အတူ ချက်ချင်း ဖျက်ဆီးခံလိုက်ရလေပြီ။
သူ့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်း တစ်ခုလုံးကို ကြည့်ရင်း ကျန်းမင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့၏။
ထိုနေရာ တစ်ဝိုက်တွင် ပုန်းကွယ်နေသော ကြောက်မက်ဖွယ် အငွေ့အသက် တစ်ခုကို သူ ခံစားလိုက်ရသည်။ ထိုအငွေ့အသက်က သူ့ တည်ရှိမှုကို လွယ်ကူစွာ ဖျောက်ဖျက်ပစ်နိုင်စွမ်း ရှိပေသည်။ ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ပြန်သိမ်း၍ စနစ်ဖြင့် အလျင်အမြန် ပုန်းအောင်းကာ နောက်ဆုတ်လိုက်တော့သည်။
သူ ပုန်းအောင်းလိုက်သည်နှင့် ခြေရာခံ၍မရသော လှိုင်းဂယက် တစ်ခုက နေရာ တစ်ခုလုံးကို လွှမ်းခြုံသွားကြောင်း ခံစားလိုက်ရ၏။ ယင်းက ဘာကိုမျှ ရှာမတွေ့ခဲ့ပုံရပြီး အလျင်အမြန် ပြန်လည် ဆုတ်ခွာသွားလေပြီ။
ကျန်းမင် ကျိုယန် တောင်ထွတ်သို့ ပြန်ရောက်လာချိန်တွင် သူ့ မျက်နှာမှာ တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
"အစ်ကိုကြီး... ခုနက ဘာတွေ ဖြစ်ခဲ့တာလဲ" ဓာတ်ကြီးငါးပါး လင်းလုံက မေးလာသည်။
သူမ အနေဖြင့် စောစောက ကျန်းမင် တစ်ခုခု လုပ်ခဲ့ကြောင်း ခံစားနေရ၏။ သေးငယ် သိမ်မွေ့လွန်းလှသော်လည်း သူမက သတိထားမိခဲ့သည် မဟုတ်ပါလား။ ချန်ရိမင်ကလည်း သူ့ကို စိုးရိမ်တကြီး လှမ်းကြည့်နေသည်။
"ဘာမှ မဖြစ်ပါဘူး... စိတ်မပူပါနဲ့" ကျန်းမင်က ထိုင်ခုံပေါ်တွင် ထိုင်ရင်း ပြုံး၍ ပြောလိုက်သည်။ သူက လင်းလုံ ပြင်ဆင်ထားပေးသော လက်ဖက်ရည်ကို ကြည့်ပြီး တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။
"ကောင်းပြီလေ... ငါလည်း သွားပြီး ကျင့်ကြံလိုက်ဦးမယ်" ချန်ရိမင်က ကျန်းမင်၏ အမူအရာ ထူးဆန်းနေသည်ကို သတိပြုမိသည်။ ကျန်းမင်က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို သူတို့အား မပြောပြချင်သဖြင့် သူ ဆက်ပြီး အနှောင့်အယှက် မပေးသင့်ကြောင်း သိနေ၏။ သူက လက်သီးကို ဆုပ်၍ သူ့ အိမ်ဘက်သို့ ပြန်ထွက်လာခဲ့သည်။
'ကျန်းမင်ရဲ့ ခွန်အားက လင်းလုံထက် မြင့်နေလောက်ပြီ... ဒါမှမဟုတ် အများကြီးကို ပိုမြင့်နေတာလည်း ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ကျင့်ကြံခြင်းက အရမ်းကို ဆိုးရွားလွန်းပါတယ်လေ' ချန်ရိမင်က ခါးသီးစွာ ပြုံးလိုက်ပြီး သူ့ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေတော့သည်။
အနားယူဆောင်လေး အောက်တွင် လင်းလုံက ကျန်းမင်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး မေးခွန်းများ ပြည့်နှက်နေသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်လာ၏။
"ငါ ပြောပြလို့ မရဘူး... တကယ် ပြောပြလို့ မရတာ" ကျန်းမင်က ခေါင်းခါပြသည်။
တကယ်လို့ သူတို့ ဒီအကြောင်းကို ဆွေးနွေးဖြစ်ပါက ညီမလေးကို စိုးရိမ် ပူပန်စေရုံသာ ရှိပေလိမ့်မည်။ သူမ မသိတာက ပိုကောင်း၏။ ကျန်းမင် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ကျန်းမင် တစ်ယောက် ဇွေဟူနှင့် ထိုနှစ်ယောက်၏ စကားဝိုင်းကို ကြားခဲ့ချိန်တွင် လူသားလမ်းစဉ် မှတ်တမ်းမှ တစ်ဆင့် သူတို့၏ အခြေအနေ အပြောင်းအလဲများကိုပါ စစ်ဆေးခဲ့သည်။ သူတို့ ထွက်ပြေးတော့မည်ကို မြင်လိုက်ရသဖြင့် တွေဝေခြင်း အလျဉ်းမရှိဘဲ သူတို့ကို ဖမ်းဆီးကာ မှတ်ဉာဏ်များကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသုံးယောက် သူတို့၏ စိတ်ထဲတွင် သံသရာ ခန်းမဆောင်၏ သတိပေးချက်ကို ကြားလိုက်ရချိန်တွင် အဖြစ်အပျက် တစ်ခုလုံးကို လူသားလမ်းစဉ် မှတ်တမ်းကလည်း မှတ်တမ်းတင်ထားခဲ့၏။
သူတို့ ရောက်လာသည့် နေရာသို့ အတင်းအကြပ် ပြန်လည် ပို့ဆောင်ခံရတော့မည်ကို ကျန်းမင် သဘောပေါက်သွားချိန်တွင် လူသားလမ်းစဉ် မှတ်တမ်းကို အသုံးပြု၍ သံသရာ ခန်းမဆောင်နှင့် သူတို့၏ ဆက်သွယ်မှုကို ဖြတ်တောက်ရန် ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့သည်။
ထိုပြင်ပလူများ၏ ဝိညာဉ်များကို လုံးဝ ဖျက်ဆီးပစ်ပြီး သဲလွန်စ အားလုံးကို ဖျောက်ဖျက်ပစ်မည့် ကိုယ်ပိုင် ဖျက်ဆီးရေး ယန္တရား ဖွင့်လှစ်လာလိမ့်မည်ဟု သူ အနည်းငယ်မျှပင် မျှော်လင့်မထားခဲ့ချေ။
'သံသရာ ခန်းမဆောင်... သူတို့က ပင်မ နတ်ဘုရားတွေလား... ဒါမှမဟုတ် အထွတ်အထိပ် စေတီနဲ့ ဆင်တူတဲ့ အရာ တစ်ခုခုများလား'
'နောက်ဆုံး ခံစားလိုက်ရတဲ့ လှိုင်းဂယက်က စုံစမ်းထောက်လှမ်းတာမျိုး ဖြစ်လောက်ပေမဲ့ ငါ့စနစ်က တားဆီးပေးလိုက်လို့ ငါ့ကို ရှာမတွေ့သွားတာပဲ'
လူသားလမ်းစဉ် မှတ်တမ်းက သူတို့ရဲ့ ဆက်သွယ်မှုကိုတောင် ဖြတ်တောက်နိုင်တယ်ပေါ့'
အခြေအနေကို နားလည်နိုင်ရန် ကြိုးစားနေစဉ် ကျန်းမင်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွားတော့သည်။
ယနေ့တွင် သံသရာ ခန်းမဆောင်၏ အကျိုးခံစားခွင့်ရှိသူများ ထွက်ပေါ်လာခဲ့လေပြီ။ ဤကဲ့သို့ ထပ်မံ ဖြစ်ပွားလာမည်ကို ကျန်းမင် စိုးရိမ်နေမိပြီး သူ ပြင်ဆင်ထားဖို့ လိုအပ်ပေသည်။
End
***