အထွတ်အထိပ်စေတီအတွင်း ကောင်းကင်ကျောက်တိုင်များ အရှေ့၌။
ကျန်းမင်က သစ်သားကျောက်တိုင် ဥပဒေသများကို နားလည်သဘောပေါက်သွားခဲ့လေပြီ။ သစ်သားဥပဒေသများကို မူလဥပဒေသများဟုလည်း ခေါ်ဆိုကြ၏။ ထိုသည်က ဥပဒေသအားလုံး၏ ပထမဆုံး ဥပဒေသ ဖြစ်ရုံသာမက သက်ရှိစွမ်းအင် အားလုံး၏ အရင်းအမြစ်လည်း ဖြစ်ပေသည်။
သူ့ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်များကြောင့် အများဆုံး (၃၀) ရာခိုင်နှုန်းခန့်သာ နားလည်သဘောပေါက်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အန္တိမအဆင့် သိုင်းပညာရှင် တစ်ယောက်သာ တာအိုကို အပြည့်အဝ နားလည်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
မူလဝိညာဉ်အဆင့်တွင် လူတစ်ယောက်က သူ့ကိုယ်ပိုင် မူလဝိညာဉ်ကို ဖွဲ့စည်းနိုင်သည်။ သုခဘုံအဆင့်တွင် လူတစ်ယောက်၏ အသိစိတ်က ပိုမိုကျယ်ပြန့်လာမည် ဖြစ်ပြီး အန္တိမအဆင့်၌ တာအိုကို စတင် နားလည်သဘောပေါက်ခြင်းပင်။
သို့သော် ကျန်းမင်က ထိုကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခဲ့သည်မှာ ကြာမြင့်နေခဲ့ချေပြီ။
ယေဘုယျအားဖြင့် ပြောရလျှင် အသိစိတ်ပင်လယ်ထဲရှိ သုခဘုံ ဟင်းလင်းပြင်မှာ မည်မျှပင် ကြီးမားကျယ်ပြန့်နေပါစေ အစစ်အမှန် မဟုတ်ပေ။ သို့သော် ကျန်းမင်က ကမ္ဘာကြီးတစ်ခု ဖြစ်တည်လာစေရန် အခြေခံကျသော ဓာတ်ကြီးငါးပါး၊ ယင်နှင့်ယန်၊ အလင်းနှင့်အမှောင်၊ အစစ်အမှန် ပုံရိပ်ယောင်၊ အချိန်နှင့် ဟင်းလင်းပြင် အစရှိသည့် ဥပဒေသများကို နားလည်သဘောပေါက်ထားပြီး ဖြစ်၏။ ထို့ကြောင့် သူက အနှောင်အဖွဲ့များကို ချိုးဖျက်ပြီး သုခဘုံ ဟင်းလင်းပြင်အား တကယ့် ကမ္ဘာအစစ်တစ်ခု အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။
တိကျသော ရှုထောင့်တစ်ခုမှ ကြည့်လျှင် ဥပဒေသတစ်ခုကို နားလည်သဘောပေါက်ပြီးနောက် လူတစ်ယောက်ကို အန္တိမအဆင့်င်အဖြစ် သတ်မှတ်နိုင်ပေသည်။ လက်ရှိတွင် ကျန်းမင်က သုခကမ္ဘာ ဟင်းလင်းပြင်ကို ပြီးပြည့်စုံအောင် ဖန်တီးလိုက်ရုံဖြင့် အန္တိမအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် ကျင့်ကြံမှုဆင့်များမှာ ယခုအခါ အရေးမကြီးတော့ပေ။
မူလကမ္ဘာကြောင့်လား သို့မဟုတ် သူ့ စိတ်စွမ်းအားများ ပိုမို အားကောင်းလာသောကြောင့်လား မသိသော်လည်း အလင်းဝင်ခြင်း လုပ်ငန်းစဉ်ကို မည်သည့် အခက်အခဲမှ မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ပြီး သစ်သားတာအို၏ (၉၀) ရာခိုင်နှုန်းကို အောင်မြင်စွာ နားလည်သဘောပေါက်ခဲ့လေပြီ။
ဆက်လက် ကြိုးစားနိုင်သေးသော်လည်း ယခုအချိန်တွင် ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။
မူလကမ္ဘာအတွင်း ကျန်းမင်က ခန္ဓာကိုယ်တစ်ခုကို ဖန်တီးလိုက်ပြီး ကောင်းကင်ယံတွင် ရပ်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ ငေးကြည့်နေမိ၏။
တောင်တန်းများက စိမ်းလန်းနေပြီး မြေပြင်မှာ သစ်တောများဖြင့် ပြည့်နှက်နေကာ မြစ်များမှာလည်း စိမ်းလန်းသော မှော်ပင်များဖြင့် ဖုံးလွှမ်းနေသည်။ သူကြည့်လိုက်သမျှ နေရာတိုင်းတွင် စိမ်းလန်းသော အရောင်များကိုသာ မြင်တွေ့နေရ၏။ နေနှင့်လပင်လျှင် အစိမ်းရောင် တောက်ပနေသေးသည်။
ထိုမျှမက လေထုထဲမှ ပြင်းထန်သော သက်ရှိစွမ်းအင် တစ်ခုကိုလည်း ခံစားနေရပေသည်။
"ဒါက တာအို တစ်ခုတည်းကိုပဲ ကျွမ်းကျင်ထားတဲ့ ရလဒ်လား" ကျန်းမင်က စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် သူက မတ်တပ်ရပ်ပြီး မီးတောက်တာအိုကို နားလည်သဘောပေါက်ရန် မီးတောက် ကောင်းကင်ကျောက်တိုင်ဆီသို့ ရောက်လာခဲ့သည်။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး ရက်အနည်းငယ် ကြာသွားခဲ့လေပြီ။
"သစ်၊ မီး၊ မြေ၊ သတ္တု၊ ရေ... အကုန်လုံးရဲ့ (၉၀) ရာခိုင်နှုန်းကို ငါ နားလည်သွားပြီပဲ... ဒါ တကယ်ကို မယုံနိုင်စရာပဲ"
သူ့အမြန်နှုန်းကို သူကိုယ်တိုင်ပင် အံ့အားသင့်နေမိသည်။ သို့သော် ယင်နှင့်ယန်၊ အလင်းနှင့်အမှောင်တို့တွင်မူ မည်သည့် တိုးတက်မှုမှ မရရှိသေးပေ။
"ဒီအတိုင်း ဆက်သွားရအောင်"
ကျန်းမင်က ရပ်တန့်မနေဘဲ အလင်း ကောင်းကင်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။
အချိန်များ နှေးကွေးစွာ ကုန်ဆုံးနေပြီး သူက ကောင်းကင်ကျောက်တိုင် တစ်ခုမှ နောက်တစ်ခုသို့ အဆက်မပြတ် ကူးပြောင်းနေခဲ့၏။
ထိုအတောအတွင်း ယဲ့ချင်ရှန်းမှာ သူမ၏ အထူးစွမ်းရည်များကို ကနဦး နားလည်သဘောပေါက်မှု ပြီးဆုံးသွားခဲ့လေပြီ။ သူမက ကျန်းမင်အား ကြည့်ပြီး အံ့အားသင့်သွားသည်။ သူက ယခုအခါ ပိုမို အစွမ်းထက်လာကြောင်း သတိပြုမိလိုက်၏။ သူ ထုတ်လွှတ်နေသော အငွေ့အသက်များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူမ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားရတော့သည်။
"အခု သူ့ဆီမှာ အမှတ်ဘယ်လောက်တောင် ရှိနေပြီလဲ မသိဘူး... အမှတ်တွေ များလေလေ နောက်တစ်ဆင့်ကို တက်သွားတဲ့အခါ သူ ပိုအစွမ်းထက်လာလေလေပဲ... သူ တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ" ယဲ့ချင်ရှန်းက အာမေဋိတ်သံဖြင့် ဆိုလိုက်သည်။
ထိုအချိန်မှာပင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသူမှာ တုန်ဖန်းချန်းရှီပင်။
"နင် မြန်မြန် ပြန်ရောက်လာတာပဲ" ယဲ့ချင်ရှန်းက ပြုံး၍ ပြောလိုက်သည်။
"အစ်မတို့ ဒီမှာ ရှိနေသေးလို့ တော်သေးတာပေါ့"
တုန်ဖန်းချန်ရှီးက ပတ်ပတ်လည်ကို အကဲခတ်ရင်း ပြောလာသည်။ ကျန်းမင်က ကောင်းကင်ကျောက်တိုင် အရှေ့တွင် ထိုင်နေသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး ချိုသာစွာ ပြုံးပြ၍... "အစ်မယဲ့... ညီမ အစ်မကို အရမ်း လွမ်းနေတာ"
"ချစ်စရာလေးပါလား"
ယဲ့ချင်ရှန်းက ရယ်မောလိုက်ပြီး... "ချန်းရှီ... နင် ကမ္ဘာမှာ ကန့်သတ်ချက်တွေကို ကျော်လွန်သွားတဲ့ သူတွေ ရှိလား... အောက်ခြေကမ္ဘာတွေကနေ တက်လာတဲ့ သူတွေလိုမျိုးလေ"
"ရှိတာပေါ့... အများကြီးပဲ... တချို့က သာမန်ကမ္ဘာတွေကနေ လာကြတာ ဖြစ်ပြီး တချို့ကတော့ ကမ္ဘာငယ်လေးတွေကနေ လာကြတာ... ဒါပေမဲ့ အလယ်အလတ် ကမ္ဘာတွေကနေ လာတယ်ဆိုတာတော့ တစ်ခါမှ မကြားဖူးဘူး... အဖေ ပြောပြဖူးတာတော့ အလယ်အလတ် ကမ္ဘာတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ သူတွေက သူတို့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီးသွားရင် မူလရင်းမြစ်လို့ ခေါ်တဲ့ နေရာတစ်ခုဆီ တက်သွားကြတယ်တဲ့... အဲ့ဒီနေရာက ကမ္ဘာအားလုံးရဲ့ အရင်းအမြစ်ပဲ... အဖေက အဲ့ဒီနေရာကို အရင်က ရောက်ဖူးပေမဲ့ အရမ်း အန္တရာယ်များလွန်းလို့ ကိုယ့်ကမ္ဘာမှာပဲ နေသင့်တယ်လို့ ပြောတယ်"
"ကမ္ဘာအားလုံးရဲ့ အရင်းအမြစ် ဟုတ်လား"
"ဟုတ်တယ်"
"ဒါဆို အထွတ်အထိပ်စေတီကလည်း အဲ့ဒီကနေ လာတာပေါ့"
"ကျွန်မ အဖေ့ကို မေးဖူးပေမဲ့ အဖေကလည်း ဘာမှ မသိဘူးလို့ ပြောတယ်... ပြီးတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး ဆက်မစုံစမ်းဖို့လည်း တားမြစ်ထားတယ်"
သူတို့နှစ်ယောက် စကားပြောနေစဉ် ကျန်းမင် မျက်လုံးများ ဖွင့်လာသည်။ သူက သူတို့ဆီ လျှောက်လာပြီး မေးလိုက်၏။ "ကမ္ဘာအားလုံးရဲ့ အရင်းအမြစ် ဟုတ်လား... အဲ့ဒါက ဒဏ္ဍာရီထဲက ပရမ်းပတာ ပင်လယ်ကြီးများ ဖြစ်နေမလား"
"အစ်ကိုကျန်း"
တုန်ဖန်းချန်းရှီက ဝမ်းသာအားရ အော်ခေါ်လိုက်ပြီး... "ကျွန်မလည်း သေချာတော့ မသိဘူး... အဖေက မူလရင်းမြစ် အကြောင်း သိပ်မပြောပြဘူး... ပြီးတော့ အဲ့ဒီအကြောင်းကို လိုက်ပြောပြသင့်တယ်လို့လည်း ပြောတယ်... ကျွန်မတို့ နေရာမှာ အဲ့ဒီအကြောင်း ပြောတာက တားမြစ်ထားတဲ့ ကိစ္စတစ်ခုလို ဖြစ်နေပေမဲ့ ဒီရောက်နေမှတော့ ရှင်တို့ကို ကျွန်မ ပြောချင်တာ အကုန် ပြောလို့ ရတာပေါ့"
"ညီမလေးက ငါတို့ကို တကယ့် သူငယ်ချင်း အစစ်တွေလို သဘောထားတာပဲ" ကျန်းမင်က ရယ်မောလိုက်သည်။
"ဒါပေါ့... ကျွန်မ ပိုသိလာလေလေ ကျွန်မကိုယ်ကျွန်မ သေးငယ်သွားသလို ခံစားရလေလေပဲ... ကျွန်မကိုယ်ကျွန်မ ကမ္ဘာရဲ့ ထိပ်ဆုံးမှာ ရှိနေပြီလို့ ထင်ခဲ့ပေမဲ့ အပေါ်ကို မော့ကြည့်လိုက်တော့မှ ကျွန်မက ချောင်းလေး တစ်ချောင်းကိုပဲ ဖြတ်ကူးရသေးတာ ဖြစ်နေတယ်... ပြီးတော့ မြစ်ကြီးတွေ၊ ရေကန်တွေ၊ ပင်လယ်တွေ၊ ကြယ်တာရာ ပင်လယ်တွေ၊ စကြဝဠာ ပင်လယ်တွေ၊ တာအို ပင်လယ်ကြီးတွေတောင် ရှိသေးတယ်"
"ဟားဟား..." ယဲ့ချင်ရှန်းမှာ မနေနိုင်တော့ဘဲ ရယ်မောမိသည်။ "တာအို ပင်လယ်ကြီးတွေ ဟုတ်လား... အစ်ကိုကျန်... အစ်ကိုက ဘယ်လောက်တောင် လုံခြုံမှု မရှိဘူးလို့ ခံစားနေရတာလဲ... အစ်ကို့ကိုယ်အစ်ကို တကယ်ကို အထင်သေးလွန်းနေပြီ"
"ငါက သေရမှာ ကြောက်တယ်လေ" ကျန်းမင်က ထိုင်ချလိုက်သည်။ "ငါက သာမန်ဘဝလေး တစ်ခုကိုပဲ လိုချင်တာ... နေရောင်ခြည်၊ လေပြေညှင်းနဲ့ အရသာရှိတဲ့ အစားအစာ မျိုးစုံကို ခံစားချင်တာ... ဒါပေမဲ့ လက်တွေ့ဘဝက ခွင့်မပြုဘူးလေ... ရှုပ်ထွေးတဲ့ ပြဿနာ မျိုးစုံက ကိုယ့်ဆီ အုံခဲလာပြီး ရှေ့ဆက်တိုးဖို့ ဖိအားပေးနေတယ်... ဒါမှမဟုတ် တခြားလူတွေရဲ့ အသက်ကို ယူဖို့တောင် အတင်းအကျပ် ခိုင်းစေနေသလိုပဲ"
"အစ်ကို ပြောတာ မှန်တယ်" ယဲ့ချင်ရှန်းက ထောက်ခံလိုက်သည်။ "ကျွန်မက အရင်တုန်းက မင်းသမီး တစ်ပါးပါ... ဘာကိုမှ ပူပန်စရာ မလိုခဲ့ဘူး... ဒါပေမဲ့ မိသားစုမှာ ပြဿနာတချို့ ဖြစ်ခဲ့လို့ အရွယ်ရောက်အောင် ကြီးပြင်းပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး... အသက်ရှင်ဖို့အတွက် ရှေ့ဆက်တိုးပြီး သိုင်းပညာတွေ လေ့ကျင့်ကာ တခြားလူတွေရဲ့ အသက်ကို ယူခဲ့ရတယ်... ကျွန်မ လက်တွေက သွေးတွေနဲ့ စွန်းထင်းနေပြီး ကျွန်မ အောက်မှာလည်း ကျွန်မ သတ်ခဲ့တဲ့ လူတွေရဲ့ အရိုးတွေ အပြည့်ပဲ... ဒီလိုဘဝမျိုးကို ရွံမုန်းပေမဲ့ တခြား ရွေးချယ်စရာမှ မရှိတာ... ရှေ့ကို ဆက်သွားဖို့ကလွဲပြီး ကျွန်မရဲ့ အနာဂတ်က ဘယ်မှာရှိလဲဆိုတာတောင် မမြင်နိုင်ဘူး"
"တကယ်ပဲ အဲ့လောက်တောင် ခက်ခဲတာလား... ကျွန်မကတော့ လုံးဝ နားမလည်နိုင်ဘူး" တုန်ဖန်းချန်းရှီက ဝင်ပြောလိုက်သည်။ "ဒါပေမဲ့ ရှင်တို့ရဲ့ နေထိုင်မှု ပုံစံကိုတော့ နည်းနည်း အားကျမိသား... ဘာလို့လဲဆိုတော့ ရှင်တို့က နေရာတစ်ခုတည်းမှာ ပိတ်လှောင်ခံထားရတာ မဟုတ်ဘူးလေ"
"မင်းက ငါတို့ရဲ့ နေထိုင်မှု ပုံစံကို အားကျသလို ငါတို့ကလည်း နင့်ရဲ့ နေထိုင်မှု ပုံစံကို အားကျနေတာပဲ... ငါတို့ ကမ္ဘာမှာ စကားပုံတစ်ခု ရှိတယ်... တစ်ဖက်ကမ်းက မြက်ခင်းက ပိုစိမ်းတယ်တဲ့... ငါတို့က အမြဲတမ်း ကိုယ်ကျွမ်းဝင်နေတဲ့ အရာတွေကို တန်ဖိုးထားဖို့ ခက်ခဲပြီး နောက်ဆုံးတော့ အဲ့ဒီအရာတွေရဲ့ အလှတရားကို လျစ်လျူရှုမိသွားတတ်ကြတယ်" ကျန်းမင်က ရှင်းပြလိုက်သည်။ "ချန်းရှီ... တကယ်တော့ မင့်ဘဝကို ပိုပြီး အရောင်အသွေး စုံလင်အောင် လုပ်လို့ ရပါတယ်"
"တကယ်လား" တုန်ဖန်းချန်းရှီ၏ မျက်လုံးများ တောက်ပလာသည်။
"လော့ဟန်ဆီက ဘာမှ မတောင်းဘူးလား"
"ကျွန်မ မတောင်းရဲဘူး"
"အဲ့လို ခံစားနေစရာ မလိုပါဘူး... အထွတ်အထိပ်စေတီထဲမှာ သူ့ကို နှစ်ခါလောက် တွေ့ဖူးတယ်... သူက နင်နဲ့ သိကျွမ်းချင်နေတာ... ကြည့်... ဒါတွေက ငါ သူ့ဆီက ရထားတာတွေပဲ"
ကျန်းမင်က ပြောရင်း တက်ဘလက် တစ်လုံး၊ ကွန်ပျူတာ တစ်လုံးနှင့် ပရိုဂျက်တာ တစ်ခုတို့ကို ထုတ်ယူလိုက်သည်။ သူက ကွန်ပျူတာကို ဖွင့်၍ ရုပ်ရှင်ကား တစ်ကားကို ပြသလိုက်၏။
"ဒါကို ရုပ်ရှင်လို့ ခေါ်တယ်... သူ့ကမ္ဘာမှာ ဒီလို ရုပ်ရှင်ကားတွေ အများကြီး ရှိတယ်... ဒါကြောင့် ကြည့်စရာ မရှိဘူးဆိုပြီး စိတ်ပူစရာ မလိုဘူး... ဒါ့အပြင် အားလပ်ချိန်တွေကို ကုန်ဆုံးဖို့ ဂိမ်းတွေလည်း အများကြီး ရှိသေးတယ်" ကျန်းမင်က ရှင်းပြလိုက်သည်။
"ဝိုး..." တုန်ဖန်းချန်းရှီ၏ မျက်လုံးများ ပို၍ပို၍ တောက်ပလာတော့သည်။ "ကျွန်မက စားစရာ၊ သောက်စရာ ဒါမှမဟုတ် ကစားစရာ အရုပ်လေးတွေလောက်ပဲ တောင်းခဲ့တာ... ဒါတွေကမှ တကယ့် ပစ္စည်းကောင်းတွေပဲ"
"မင့်အတွက် အလုပ်ဖြစ်မယ့် ပစ္စည်းတွေပေါ့" ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။
"နင် ဒါတွေကို ခဏခဏ မဆော့သင့်ဘူးနော်" ယဲ့ချင်ရှန်းက ထိုအရာများ မည်သည်တို့မှန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သဖြင့် ခေါင်းခါယမ်းရင်း သတိပေးလိုက်သည်။
"အစ်မယဲ့... ကျွန်မဘဝက ဘယ်လောက်တောင် ပျင်းစရာ ကောင်းလဲဆိုတာ အစ်မ မသိပါဘူး... ရှင်တို့နဲ့ တွေ့ပြီးမှပဲ ကျွန်မဘဝက နည်းနည်း ပိုစိတ်ဝင်စားစရာ ကောင်းလာတာ... ဒီပစ္စည်းတွေနဲ့ဆိုရင်တော့ ကျွန်မဘဝက ပိုပြီး အရောင်အသွေး စုံလင်လာတော့မှာ သေချာတယ်"
တုန်ဖန်းချန်းရှီက လေထဲတွင် နှစ်ပတ် သုံးပတ်ခန့် လှည့်ပတ်ပျံသန်းရင်း ပြောလိုက်သည်။
ထို့နောက် သူမက မည်းနက်နေသော မျိုးစေ့တစ်စေ့ကို ထုတ်ယူ၍ ယဲ့ချင်ရှန်းထံ ပစ်ပေးလိုက်၏။
"အစ်မယဲ့... ဒါကို မျိုးခံမျိုးစေ့လို့ ခေါ်တယ်... အစ်မနဲ့ အရမ်း သင့်တော်မယ် ထင်လို့ ကျွန်မ အစ်မကို ပေးတာ"
"ဒါက..." ယဲ့ချင်ရှန်းက မျိုးစေ့ကို အကဲခတ်ကြည့်လိုက်ရာ ထိုအထဲတွင် သိပ်သည်းလှသော တာအိုစည်းချက်များ ရှိနေကြောင်း သတိပြုမိသွားသဖြင့် သူမ၏ အမူအရာ ပြောင်းလဲသွားတော့သည်။ ခဏတာ တွေဝေပြီးနောက် သူမက မတ်တပ်ရပ်၍ တုန်ဖန်းချန်းရှီအား အရိုအသေပေးလိုက်ပြီး... "ဒါက နင့်အတွက် ဘာမှ မဟုတ်ပေမဲ့ ကျွန်မအတွက်တော့ အများကြီး အဓိပ္ပာယ် ရှိပါတယ်... ကျေးဇူးအများကြီးတင်ပါတယ် ချန်ရှီးရယ်... ဒါကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"
"အစ်မယဲ့ သဘောကျရင် ပြီးတာပါပဲ" တုန်ဖန်းချန်းရှီက ပျော်ရွှင်စွာ ပြောလာသည်။
ထို့နောက် သူမက နှလုံးသားပုံသဏ္ဍာန် စွမ်းအင်သလင်းကျောက် တစ်ခုကို ထုတ်ယူလာခဲ့သည်။ "အစ်ကိုကျန်း... ဒါက ကမ္ဘာ့နှလုံးသားပါ... သာမန်ကမ္ဘာ တစ်ခုကို သန့်စင်ပြီးနောက် ရလာတဲ့ အနှစ်သာရပေါ့... ကျွန်မတို့ရဲ့ လောကတာအိုနဲ့ အရမ်း သင့်တော်လို့ အစ်ကို့ကို ယူစေချင်တယ်"
တုန်ဖန်းချန်းရှီက ပြောရင်း ကမ္ဘာ့နှလုံးသားကို ကျန်းမင်ထံ ကမ်းပေးလိုက်သည်။
ကျန်းမင်က အလျင်အမြန် ခေါင်းခါယမ်း၍... "ဒါက ငါ့အတွက် အရမ်း များလွန်းပါတယ်"
ဘုရားရေ... ဒါက ကမ္ဘာကြီး တစ်ခုလုံးနော်... သူက ဘယ်လိုလုပ် ဒီတိုင်းကြီး ပေးနိုင်ရတာလဲ။
"ယူလိုက်ပါ အစ်ကိုကျန်ရယ်... ရင်းနှီးမြှုပ်နှံမှု တစ်ခု အနေနဲ့ သဘောထားလိုက်ပါ" တုန်ဖန်းချန်းရှီက ဖျောင်းဖျလာသည်။ "အဖေ ပြောဖူးတာတော့ အစ်ကို့လို သာမန်ကမ္ဘာ တစ်ခုမှာ လောကတာအိုကို ဖော်ဆောင်နိုင်တဲ့ သူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သေမသွားရင် ကြီးမားတဲ့ အောင်မြင်မှုတွေ ရဖို့ ကံပါလာပြီးသားတဲ့... အစ်ကို့ရဲ့ အလားအလာက ကျွန်မထက် အများကြီး ပိုကြီးမားတယ်... အစ်ကို့ရဲ့ လောကတာအိုက အစ်ကိုကိုယ်တိုင် ဖော်ဆောင်ထားတာ ဖြစ်ပေမဲ့ ကျွန်မကတော့ တခြားလူတွေရဲ့ အကူအညီ လိုအပ်တယ်လေ... အပြင်ပန်းကြည့်ရင် တူတယ် ထင်ရပေမဲ့ နှစ်ခုကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိတယ်... အဖေက အခု ကျွန်မ အစ်ကို့ကို ကူညီထားရင် အနာဂတ်ကျရင် ကြီးမားတဲ့ အကျိုးအမြတ်တွေ ပြန်ရနိုင်တယ်လို့ ပြောတယ်... ဒါကြောင့် ယူလိုက်ပါ... ပြီးတော့ ကျွန်မတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား"
"အေးပါကွာ... ဒါဆိုလည်း ယူရတာပေါ့" ကျန်းမင်မှာ ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့သဖြင့် လက်ခံလိုက်ရတော့သည်။
တုန်ဖန်းချန်းရှီမှာ အလွန် ဝမ်းသာသွား၏ ။
သူတို့ သုံးယောက်သား အတူတကွ ထိုင်၍ ရုပ်ရှင် ကြည့်ကြသည်။ ဇာတ်ဝင်ခန်း အများစုမှာ ယဲ့ချင်ရှန်း၏ ပါးပြင်များကို နီရဲလာစေတော့သည်။ သူမက ကျန်မးင်အား အခါအားလျော်စွာ ခိုးကြည့်နေမိပြီး သူမ နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက် တစ်ခုက ထကြွလာလေပြီ။
တုန်ဖန်းချန်းရှီ အတွက်တော့ သူမ၏ ပါးပြင်များ နီရဲနေပြီး မျက်လုံးများမှာလည်း ပြူးကျယ်နေတော့သည်။
ကျန်းမင်၏ ခေါင်းထဲတွင် အတွေးများစွာ ဝင်ရောက်လာသော်လည်း အားလုံးကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရတော့သည်။
***