ကျန်းမင် တစ်ယောက် သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပုံရိပ်မြောက်မြားစွာက သူ့ခေါင်းထဲ ဖြတ်ပြေးသွားသော်လည်း အတတ်နိုင်ဆုံး တည်ငြိမ်ဟန် ဆောင်ထားရ၏။
ယဲ့ချင်ရှန်း၏ ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားပြီး နောက်သို့ပင် လှည့်မကြည့်ရဲချေ။
တုန်ဖန်းချန်းရှီ၏ ပါးပြင်များမှာမူ နီရဲလျက်။
သူတို့နှစ်ယောက်လုံး ရုပ်တုများအလား ငြိမ်သက်စွာ ထိုင်နေကြပြီး လေထုထဲတွင် အနေရခက်သော အငွေ့အသက်များက ဖုံးလွှမ်းလာခဲ့လေပြီ။
"အခု ငါ့ဆီမှာ ကမ္ဘာ့နှလုံးသား ရှိနေပြီဆိုတော့ ငါ့ရဲ့ အတွင်းကမ္ဘာကို ပြီးပြည့်စုံအောင် လုပ်လို့ရပြီ... ငါ အခုသွားပြီး ကျင့်ကြံလိုက်ဦးမယ်... ဆက်ပြီး မစောင့်နိုင်တော့ဘူး"
ကျန်းမင်က ပြောရင်း ထောင့်တစ်နေရာသို့ သွားကာ သူတို့နှစ်ယောက်ကို ကျောခိုင်း၍ ထိုင်ချလိုက်တော့သည်။
ဟူး...
မိန်းကလေး နှစ်ယောက်လုံး တစ်ချိန်တည်းမှာပင် သက်ပြင်းချလိုက်မိကြသည်။ သူတို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ရာ လုပ်ရပ်တူညီနေကြောင်း သတိပြုမိသွားသဖြင့် အနည်းငယ် ကြောင်အသွားကြ၏။ ထို့နောက် ရယ်မောရင်း အချင်းချင်း ပိုမို နီးကပ်စွာ တိုးထိုင်လိုက်ကြသည်။
အသံလုံသော အကာအကွယ် တစ်ခုက သူတို့ပတ်လည်တွင် ထွက်ပေါ်လာပြီး အခါအားလျော်စွာ စကားပြောလိုက်၊ ရယ်မောလိုက် လုပ်နေကြပေသည်။
ကျန်းမင် အနေဖြင့် သူတို့ ဘာတွေ ပြောနေကြသည်ကို မကြားနိုင်တော့ပေ။
သူကလည်း တကယ်တမ်း ကျင့်ကြံနေခြင်း မဟုတ်။ ထိုအစား သူတို့နှစ်ယောက်လုံး၏ အခြေအနေကို စစ်ဆေးလိုသဖြင့် လူသားလမ်းစဉ် မှတ်တမ်းကို ဖွင့်လှစ်လိုက်ခြင်းပင်။
အမည် - တုန်ဖန်းချန်းရှီ
လူမျိုး - လူသား
ကျင့်ကြံခြင်း အခြေခံ - သုခဘုံအဆင့်
နောက်ခံ - ရွှမ်ဟွမ် မဟာစကြဝဠာ၏ အရှေ့ပိုင်း ကောင်းကင်ဘုရင်၏ သမီးတော်
ဆက်ဆံရေး - ၈၂
မွေးရာပါ ပါရမီ - အင်မော်တယ် (မွေးရာပါ သူတော်စင် တာအို ခန္ဓာကိုယ်)
အခြေအနေ - သာမန်ကမ္ဘာတွင် လောကတာအိုကို ရွေးချယ်ခဲ့သော လူတစ်ယောက် ရှိကြောင်း ဖခင်ဖြစ်သူအား ပြောပြခဲ့ရာ သူမ၏ ဖခင်မှာ များစွာ တုန်လှုပ်သွားခဲ့သည်။ သာမန်ကမ္ဘာမျိုးတွင် ထိုကဲ့သို့သော လူမျိုး ထွက်ပေါ်လာရန် မဖြစ်နိုင်သလောက် ရှိသော်လည်း တကယ်လို့ ထွက်ပေါ်လာခဲ့ပါက ကြီးမားသော အောင်မြင်မှုများကို သေချာပေါက် ရရှိလိမ့်မည် မဟုတ်ပါလား။ ဖခင်ဖြစ်သူက ထိုလူ၏ စရိုက်လက္ခဏာကို ဆက်လက် မေးမြန်းခဲ့ရာ သူမက သဘောထား ပြည့်ဝပြီး ကောင်းမွန်သည့် လူကောင်းတစ်ယောက် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ထိုလူမှာ အဖွဲ့၏ စီမံခန့်ခွဲသူ ဖြစ်ကြောင်း ပြောပြလိုက်ချိန်တွင် သူမဖခင်က သူ့အား မိတ်ဆွေဖွဲ့ရန်နှင့် အင်အား မကြီးမားလာခင် အချိန်လေးအတွင်း ကူညီပေးရန် မှာကြားခဲ့၏။ ထို့အပြင် ကမ္ဘာ့နှလုံးသားကိုပါ ပေးအပ်ခဲ့ပြီး လက်ဆောင်အဖြစ် ပေးရန် စေခိုင်းခဲ့သည်။
အထွတ်အထိပ်စေတီထဲ ဝင်ရောက်ပြီးနောက် ထိုလက်ဆောင်ကို ကျန်းမင်အား ပေးအပ်ခဲ့ရာ ကျန်းမင်က အဆင့်မြင့် နည်းပညာသုံး ပစ္စည်းအချို့ကို ထုတ်ပေးခဲ့သည်။
ရုပ်ရှင်နှင့် ပတ်သက်ပြီး လော့ဟန်ထံမှ သူမ ကြားဖူးခဲ့၏။ ကြည့်ရသည်မှာ သိပ်တော့ မဆိုးလှသော်လည်း သူမ နားမလည်နိုင်သော အရာများစွာ ရှိနေဆဲပင်။ အမျိုးသားနှင့် အမျိုးသမီးက ဘာကြောင့် ဖက်နေကြတာလဲ။ ဘာလို့ တစ်ယောက် နှုတ်ခမ်းကို တစ်ယောက် ကိုက်နေကြတာလဲ။ ဒါ နမ်းနေကြတာလား။
သူမအတွက်တော့ ဆက်ကြည့်ရန် လွန်ကဲလွန်းနေသဖြင့် မျက်လုံးများကို မှိတ်ထားချင်စိတ် ပေါက်လာသည်။ သို့သော် ကျန်းမင်က သူမဘေးတွင် ထိုင်နေသည်လေ။ မျက်လုံးမှိတ်ထားလိုက်လျှင်ဖြစ်စေ၊ သို့မဟုတ် ရုပ်ရှင်အပေါ် စိတ်ဝင်စားမှု ပြသလိုက်လျှင်ဖြစ်စေ ကျန်းမင်၏ အမြင်တွင် အထင်လွဲသွားမည်လားဟု သူမ စိုးရိမ်နေမိ၏။
ဘာလုပ်ရမှန်း မသိတော့ဘဲ သွေးများ ဆူပွက်လာသလို ခံစားနေရသည်။
စုံတွဲနှစ်ယောက် အနမ်းများထဲ နစ်မျောနေသည်ကို မြင်သောအခါ သူမကိုယ်တိုင်လည်း စမ်းသပ်ကြည့်ချင်စိတ်များ ပေါက်လာရသည်။
ကျန်းမင်ကို လှမ်းကြည့်လိုက်ရင်း သူ့ နှုတ်ခမ်းပုံစံလေးက လှပလွန်းသဖြင့် အရသာ ချိုမြိန်မည်ဟု တွေးတောနေမိ၏။ ထိုစဉ် ယဲ့ချင်ရှန်းမှာလည်း သူမနှင့် အခြေအနေ တူညီနေကြောင်း သတိထားမိလိုက်သည်။
သူတို့ ဘာလုပ်နေကြတာလဲ... ကလေး ယူတော့မလို့လား... ငါ အနာဂတ်မှာ ကလေးလိုချင်ရင်ကော အဲ့လို လုပ်ရမှာလား... အီး... ရွံစရာကြီး... တခြား ယောကျ်ားတွေ ငါ့ကို လာထိတာမျိုး အဖြစ်မခံနိုင်ပါဘူး... ဒါပေမဲ့ အစ်ကိုကျန်သာ ဆိုရင်တော့... ဘုရားရေ ဘုရားရေ... ဒါ အရမ်းကို ရှက်စရာ ကောင်းလွန်းတယ်... ဆက်မတွေးသင့်တော့ဘူး။
ကျန်းမင် ထွက်သွားသည်ကို မြင်ပြီးနောက် သူမ အနည်းငယ် စိတ်ပျက်သွားမိသည်။ ထို့နောက် ယဲ့ချင်ရှန်းအနား ပိုတိုးသွားပြီး သူတို့နှစ်ယောက် စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်သည်။
ကျန်းမင်၏ မျက်ခုံးများ ပင့်တက်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး တစ်ခု ချိတ်ဆွဲသွား၏။
ဝှစ်...
လူသားလမ်းစဉ် မှတ်တမ်းက နောက်တစ်ကြိမ် လှန်ဖွင့်သွားပြန်သည်။
အမည် - ယဲ့ချင်ရှန်း
အခြေအနေ - ဒါက နမ်းတာလား...... တကယ်ကို ရွံစရာကြီးပဲ... တခြား ယောကျ်ားတွေရဲ့ ညစ်ပတ်နေတဲ့ လက်တွေ ငါ့ခန္ဓာကိုယ်ကို လာထိတာမျိုး ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး... ဒါကို လူတွေရှေ့ ဘယ်လိုများ ထုတ်ပြရဲရတာလဲ။
နေဦး... ငါက ဘာလို့ ဆက်ကြည့်ချင်နေရတာလဲ...
ဘုရားရေ... ငါ ဘာတွေ ဖြစ်နေတာလဲ... ကျစ်... အစ်ကိုကျန်းက ငါ့ဘေးမှာ ထိုင်နေတာကို... မျက်လုံးမှိတ်ထားလိုက်ရင် ငါ့ကို လွယ်တဲ့ မိန်းမတစ်ယောက်လို့ ထင်သွားမလား။
အား... တကယ်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ... ခန္ဓာကိုယ်ကြီးက ပိုပို ပူလာပြီး နှလုံးခုန်သံတွေလည်း မြန်လာပြီ... ငါ တစ်ခုခု ပြုစားခံလိုက်ရတာလား... ခေါင်းထဲမှာ အစ်ကိုကျန်နဲ့ အဲ့လို လုပ်နေတဲ့ မြင်ကွင်းတွေတောင် ပေါ်လာပြီ...
ဘုရားရေ ဘုရားရေ... ငါ ဘာဖြစ်နေတာလဲ... ဟူး... နောက်ဆုံးတော့ သူ ထွက်သွားပြီပဲ... ဒါပေမဲ့ ငါ့နှလုံးသား နက်ရှိုင်းတဲ့ နေရာကနေ ဘာလို့ စိတ်ပျက်တဲ့ ခံစားချက်မျိုး ခံစားနေရတာလဲ... သူ့ကို ဖက်ထားဖို့ တောင်းဆိုနေတဲ့ အသံတစ်ခုက ငါ့အထဲမှာ ရှိနေတယ်...
ကျန်းမင် တစ်ယောက် နှာခေါင်းသွေးပင် လျှံထွက်လုမတတ် ဖြစ်သွားရတော့သည်။
"အင်း... ဒါက အံ့ဩစရာပဲ"
သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်လာစေရန် အချိန်အတော်ကြာ ယူလိုက်ရ၏။ ထို့နောက် ကမ္ဘာ့နှလုံးသားကို သိမ်းဆည်းလိုက်ပြီး ပရဒိသု ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။
သူ သုခဘုံ ဟင်းလင်းပြင်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာ့နှလုံးသားမှ ပြင်းထန်သော အလင်းတန်းများ ဖြာထွက်လာပြီး သဘာဝ စွမ်းအားများက သူ့ပတ်လည်ရှိ လေထုထဲသို့ ပေါင်းစပ်ဝင်ရောက်လာတော့သည်။
မရေမတွက်နိုင်သော တာအို သံကြိုးတန်းများက လေဟာပြင်ထဲတွင် ထွက်ပေါ်လာကာ ကောင်းကင်၊ မြေပြင်၊ နေနှင့် လတို့ကို ဖောက်ထွင်းသွားလေပြီ။
ကျန်းမင်က မဟာတာအို အနန္တစွတန်ခိုးရှင်ကျမ်းကို အလျင်အမြန် သက်ဝင်လှုပ်ရှားစေလိုက်ပြီး ကမ္ဘာ့နှလုံးသားမှ ထွက်ပေါ်လာသော စွမ်းအားများကို စုပ်ယူလိုက်သည်။
ဥပဒေသများနှင့် စည်းမျဉ်းများစွာ ဖွဲ့စည်းနေစဉ် သုခကမ္ဘာမှာလည်း ပီပြင်သော ပုံသဏ္ဍာန် ထွက်ပေါ်လာချေပြီ။
ထိုအတောအတွင်း ကျန်းမင်၏ စိတ်စွမ်းအားနှင့် ချီစွမ်းအင်တို့မှာ ကြီးမားသော တိုးတက်မှုများ ရရှိလာခဲ့သည်။ သူ့ခန္ဓာကိုယ်ပင်လျှင် ပြန်လည် ဖွဲ့စည်းတည်ဆောက်ခံရပြီး အဆင့်မြင့်တက်လာနေ၏။
ကျန်းမင်မှာ ကျင့်ကြံခြင်းထဲတွင် လုံးလုံးလျားလျား နစ်မျောနေခဲ့ပြီး သူရရှိလိုက်သော အကျိုးကျေးဇူးမှာ သူထင်မှတ်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။ ပြီးပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်တည်ရန် ဓာတ်ကြီးငါးပါး၊ ယင်နှင့်ယန် အစရှိသော မတူညီသည့် တာအို (၃,၀၀၀) ၏ ထောက်ပံ့မှု လိုအပ်ပေသည်။
သူက တာအို အခု (၂၀) ခန့်ကိုသာ နားလည်သဘောပေါက်ထားသေး၏။ ထိုပမာဏမှာ အလွန် နည်းပါးလှသည်။ အတွင်းကမ္ဘာ ပီပြင်လာသည်နှင့်အမျှ အခြားသော တာအိုများ အလိုအလျောက် ထွက်ပေါ်လာမည် ဖြစ်သော်လည်း အချိန်များစွာ ပေးရပေလိမ့်မည်။
သို့သော် ကမ္ဘာ့နှလုံးသား၏ အကူအညီဖြင့် သူက စွမ်းအားများကို သန့်စင်စုပ်ယူလိုက်ချိန်တွင် တာအို သံကြိုးတန်း (၃,၀၀၀) က ၎င်းထဲမှ ထွက်ပေါ်လာခဲ့သည်။ မပြည့်စုံသေးသော်ငြား သုခ ကမ္ဘာ၏ လစ်ဟာနေမှုများကို ဖြည့်ဆည်းပေးရန် လုံလောက်သည်ထက်ပင် ပိုနေပြီး အချိန်များစွာ သက်သာသွားစေခဲ့၏။
ထိုမျှမက ကမ္ဘာ့နှလုံးသား၏ အနှစ်သာရက သူ့သုခကမ္ဘာဆီသို့ အဆုံးအစမရှိသော သဘာဝစွမ်းအား စီးကြောင်းကိုပါ ထောက်ပံ့ပေးခဲ့သေးသည်။ ထို့ကြောင့် သူ့အနေဖြင့် ချီများကို တစတစ စုဆောင်းနေစရာ မလိုတော့ပေ။
တစ်နေ့တွင်တော့ ကျန်းမင် မျက်လုံးများ ပွင့်လာပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
"ချန်းရှီ၊ ချင်းရှန်... ငါ အဆင့်တက်သွားပြီ... ဒါကြောင့် နောက်တစ်ဆင့်ကျမှ ပြန်တွေ့ကြတာပေါ့"
စကားဆုံးသည်နှင့် သူ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းက သူ့ခေါင်းထဲ အသံတစ်သံ ဝင်ရောက်လာခဲ့ခြင်းပင်။
(ကျန်းမင်... မင်းက အခု အဆင့် (၉) ကျွမ်းကျင်သူ ဖြစ်သွားပြီ... ဒါကြောင့် မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်... တကယ့် လက်တွေ့ဘဝကို ပြန်မလား၊ ဒါမှမဟုတ် အထွတ်အထိပ်စေတီရဲ့ အဆင့် (၇) ကို ဝင်ရောက်ဖို့ စမ်းသပ်မှု ခံယူမလား)
ထိုအရာက သူ့ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
ကျင့်ကြံနေစဉ် အတွင်းမှာပင် သူ့သုခကမ္ဘာမှာ မတော်တဆ ရင့်ကျက်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့၏။ ဤသည်မှာ သုခဘုံအဆင့် သိုင်းပညာရှင် တစ်ယောက်၏ ကန့်သတ်ချက် ဖြစ်ပြီး သူက တာအို အချို့ကိုပါ နားလည်သဘောပေါက်ထားပြီ ဖြစ်သောကြောင့် သဘာဝကျကျပင် အန္တိမအဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။
"ငါ ကောင်းကင်လှေကားနဲ့ ကောင်းကင် တိုက်ပွဲစင်မြင့်ကိုတောင် မစမ်းကြည့်ရသေးဘူး" ကျန်းမင်က သက်ပြင်းချလိုက်သည်။
သူ့ အခြေအနေကို တုန်ဖန်းချန်းရှီနှင့် ယဲ့ချင်ရှန်းတို့အား အသိပေးပြီးနောက် စမ်းသပ်မှုကို ခံယူရန် ရွေးချယ်လိုက်ရာ မည်သည့် အခက်အခဲမျှမရှိဘဲ အဆင့် (၇) သို့ ရောက်ရှိသွားတော့သည်။
တုန်ဖန်းချန်းရှီမှာ ဆိုဖာပေါ်တွင် တီဗီကြည့်ရင်း သရေစာ စားနေဆဲပင်။ ရုတ်တရက် သူမ ခေါင်းဆတ်ခနဲ မော့ကြည့်လိုက်သော်လည်း တစ်ခွန်းမှပင် မပြောရသေးခင် ကျန်းမင်က ပျောက်ကွယ်သွားခဲ့ချေပြီ။
တုန်ဖန်းချန်းရှီက အာမေဋိတ်သံဖြင့်…
"ဒါ... ဒါက အရမ်း မြန်လွန်းတယ်"
"အစ်ကိုကျန်းမို့လို့လို့ပဲ ပြောရတော့မယ်" ယဲ့ချင်ရှန်းက ဝင်ပြောလာသည်။ "ကျရှုံးမှာကို မကြောက်ဘဲ စမ်းသပ်မှုကို ခံယူရဲတဲ့ သတ္တိမျိုးက သူ့ဆီမှာပဲ ရှိတာ"
"ဟုတ်တယ်... အဖေတောင် သူ့ရဲ့ ပါရမီကို တော်တော်လေး အထင်ကြီးနေတာ" တုန်ဖန်းချန်းရှီက ခေါင်းညိတ်၍ ဆက်ပြောသည်။ "ကမ္ဘာ့နှလုံးသားကို စုပ်ယူနေတုန်း အရှိန်လွန်သွားတာ ဖြစ်ရမယ်... အစ်ကိုကျန်း ဆိုတော့လည်း ဒီလိုပဲ ဖြစ်မှာပေါ့... ကျွန်မကတော့ ကျွန်မထဲက ကမ္ဘာ့နှလုံးသားရဲ့ သဘာဝ စွမ်းအားတွေကို အပြည့်အဝ စုပ်ယူနိုင်ဖို့ အချိန်နည်းနည်း လိုသေးတယ်... ကျွန်မ ပြန်သွားပြီး အစ်ကိုကျန်းနဲ့ မြန်မြန် ပြန်တွေ့ဖို့ နောက်တစ်ဆင့်ကို အမြန်ဆုံး တက်နိုင်အောင် အဖေ့ကို အချိန် အရှိန်မြှင့်တင်တဲ့ မှော်ပညာ သုံးပေးဖို့ ပြောရမယ်"
ယဲ့ချင်ရှန်း၏ နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားရ၏။
ကျစ်... သူမဆီမှာ ကမ္ဘာ့နှလုံးသား ရှိနေရုံတင် မကဘူး သူမဖခင်က အချိန် အရှိန်မြှင့်တင်တဲ့ မှော်ပညာကိုပါ သုံးနိုင်သေးတယ် ဟုတ်လား... လောကကြီးက ဘာလို့ ဒီလောက်တောင် မတရားရတာလဲ။
"ကောင်းပြီလေ... ငါကတော့ ဒီမှာပဲနေပြီး ရုပ်ရှင် ကားအနည်းငယ်လောက် ကြည့်လိုက်ဦးမယ်" ယဲ့ချင်ရှန်းက ပြောလိုက်သည်။ "ပြီးရင် ကျင့်ကြံဖို့ ပြန်သွားမယ်... နောက်တစ်ဆင့်ကျမှပဲ ပြန်တွေ့ကြတာပေါ့"
"နောက်တစ်ဆင့်ကျမှ တွေ့မယ် အစ်မယဲ့... တစ်ခုခု လိုအပ်ရင် ပြောနော်"
"စိတ်မပူပါနဲ့... ပြောပါ့မယ်"
သူတို့နှစ်ယောက် ခဏတာ စကားစမြည် ပြောဆိုပြီးနောက် တုန်ဖန်းချန်းရှီ ထွက်ခွာသွားလေသည်။
ယဲ့ချင်ရှန်းက ရုပ်ရှင်ကို အမြန်ရစ်လိုက်ပြီး အနမ်းအခန်း ရောက်မှသာ ရပ်တန့်လိုက်၏။ ထို့နောက် သူမက တရားထိုင်သည့် ပုံစံဖြင့် ထိုင်ချလိုက်ပြီး ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်တော့သည်။
အချိန် အရှိန်မြှင့်တင်တဲ့ မှော်ပညာ ဟုတ်လား... ဒီနေရာကလည်း အဲ့လို လုပ်နိုင်တာပဲ မဟုတ်လား။
"မျိုခံမျိုးစေ့ကို အရင် စုပ်ယူမယ်... ပြီးရင် ကောင်းကင်ကျောက်တိုင်၊ ကောင်းကင်လှေကား၊ ကောင်းကင် တိုက်ပွဲစင်မြင့်... နောက်ဆုံးကျမှ တာအိုသန်းချီ ပုံရိပ်ဇယားကွက်ကို သွားမယ်" ယဲ့ချင်ရှန်းမှာ အရာအားလုံးကို အစီအစဉ် ချထားပြီး ဖြစ်သည်။
"အဲ့ဒါတွေ ပြီးရင်တော့ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်မယ်... ပြီးရင် အစ်ကိုကျန်းကို သွားရှာပြီး ရုပ်ရှင် အတူတူ ကြည့်မယ်..."
သူမ ရုတ်တရက် တောင့်တင်းသွားပြီး သူမ၏ အတွေးများလည်း ရပ်တန့်သွားတော့သည်။
ငါ ဘာတွေများ လျှောက်တွေးနေတာလဲ။
End
***