အထွတ်အထိပ် စေတီ၏ အဆင့် (၇) သို့ ရောက်ရှိချိန်တွင် ကျန်းမင်က နီရဲသော ရွှေရောင်များ ဖုံးလွှမ်းနေသည့် ငှက်ခေါင်းနှင့် သတ္တဝါ တစ်ကောင်အား တွေ့ဆုံခဲ့ရ၏။
သူက လူသားလမ်းစဉ် မှတ်တမ်းကို စစ်ဆေးလိုက်ပြီးမှသာ ထိုသတ္တဝါမှာ ရွှေရောင်မိစ္ဆာဟုခေါ်သော လူမျိုးစုမှ ဖြစ်ကြောင်း သိလိုက်ရလေသည်။
အစပိုင်းတွင် ထိုသတ္တဝါက ဤနေရာ၌ လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသော်ငြား ကျန်းမင်မှာ လူသားတစ်ယောက် ဖြစ်ကြောင်း သတိပြုမိသွားချိန်တွင်တော့ ၎င်း၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။
ကျန်းမင်က ခပ်ဟဟ ပြုံးပြလိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုခဲ့ချေ။ သူက တရားထိုင်သည့် ပုံစံဖြင့် ထိုင်ချလိုက်ပြီး သူ့ သုခကမ္ဘာကို စစ်ဆေးကြည့်လိုက်၏။ ကမ္ဘာ့နှလုံးသားကို သန့်စင်စုပ်ယူပြီးနောက် အတွင်းကမ္ဘာ၏ အကျယ်အဝန်းမှာ ကီလိုမီတာ သုံးသန်းအထိ ကျယ်ပြန့်သွားခဲ့ပြီး အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်မှာလည်း ဆက်လက် ဖြစ်ပေါ်နေဆဲပင်။
ဥပဒေသများနှင့် စည်းမျဉ်းများက အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားသည်နှင့် အတွင်းကမ္ဘာက ကြီးမားသော အသွင်ပြောင်းလဲမှု ကြီးတစ်ရပ်ကို ဖြတ်သန်းကာ တကယ့် ကမ္ဘာအစစ် တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် ကျန်းမင်၌ ကမ္ဘာ့နှလုံးသားကို စုပ်ယူထားနိုင်သည့်တိုင် ၎င်းအဆင့်ထိ ရောက်အောင် စွမ်းဆောင်နိုင်မည်လော ဆိုသည့်အပေါ် ယုံကြည်ချက် အပြည့်အဝ မရှိသေးချေ။
အချိန်အနည်းငယ် ကြာပြီးနောက် သူက တာအိုသန်းချီ ပုံရိပ်ဇယားကွက်ဆီသို့ လျှောက်သွားလိုက်သည်။
သူ့ကျင့်ကြံခြင်း အဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး နောက်ထပ် နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသည့်အပြင် တာအို အချို့ကိုလည်း နီးပါး ကျွမ်းကျင်နေခဲ့လေပြီ။ ထို့ကြောင့် သူ့ လက်နက်တိုက်ထဲသို့ အထူးစွမ်းရည် အသစ်အချို့ ထပ်မံဖြည့်တင်းရန် အချိန်တန်ပြီဟု တွေးလိုက်၏။
ယခုအခါ သူက အန္တိမ၏ နှောင်းပိုင်းအဆင့်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
လက်ရှိ အနေအထားအရ သူက တာအို တစ်ခုခုကို အပြည့်အဝ ကျွမ်းကျင်သွားရန်သာ လိုအပ်ပြီး ထိုသို့ဆိုလျှင် အန္တိမ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားမည် မဟုတ်ပါလား။
အထူးစွမ်းရည် အနည်းငယ် ရရှိပြီးနောက် သူက ဓာတ်ကြီးငါးပါး တာအိုနှင့် ယင်ယန် တာအို ကဲ့သို့သော တာအိုများအပေါ် နားလည်မှု ပိုမို နက်ရှိုင်းစေရန် ကောင်းကင်တာအို ကျောက်တိုင်များဆီ လျှောက်လှမ်းသွားခဲ့၏။ ထို့နောက် တာအိုသန်းချီ ဇယားကွက်ဆီသို့ နောက်တစ်ကြိမ် ထပ်မံ ပြန်လာခဲ့ပြန်သည်။
သူက နောက်ထပ် အဆင့်တစ်ခုဆီသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သဖြင့် သူ့ သက်တမ်းမှာလည်း ကြီးမားစွာ တိုးတက်လာခဲ့ရာ အချိန်များ ကုန်ဆုံးသွားခြင်းကို အနည်းငယ်မျှပင် ဂရုစိုက်မနေတော့ချေ။
အတွင်းကမ္ဘာ၏ အထောက်အပံ့ကြောင့် သူ့ သက်တမ်းမှာ အန္တိမအဆင့် တစ်ယောက်ထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ရှည်လျားနေလေပြီ။
နောက်တစ်နှစ်သို့ ရောက်ချိန်တွင် ကျန်းမင်က မတ်တပ်ရပ်၍ ကောင်းကင်လှေကားဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ရွှေရောင် ငှက်လူသားမှာမူ ထိုနေရာတွင် ရှိမနေတော့ပေ။
သူက ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်လှေကားကြီး၌ များစွာသော အပြောင်းအလဲ မရှိသေးကြောင်း သတိပြုမိလိုက်၏။
"ပြီးခဲ့တဲ့ အကြိမ်က ငါ့ရဲ့ စိတ်စွမ်းအားက အဆင့် (၁၁) ကျွမ်းကျင်သူ တစ်ယောက်နဲ့ ညီမျှတယ်... ဒီတစ်ခါတော့ ငါ အဆင့်ဘယ်လောက်အထိ တက်လှမ်းနိုင်မလဲ မသိဘူး"
အဆင့် (၁၁) ကျွမ်းကျင်သူ တစ်ယောက်ကို အင်မော်တယ် အဖြစ် သတ်မှတ်နိုင်သည်ဟု ကျန်းမင် ခန့်မှန်းမိ၏။ ဤအချက်ကို တုန်ဖန်းချန်းရှီက သူ့အား ပြောပြခဲ့ခြင်းပင်။ အင်မော်တယ် နယ်ပယ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်မှသာ ကောင်းကင်ဘုံ၏ ပထမဆုံး စက်ဝန်းထဲသို့ ရောက်ရှိသွားသည်ဟု သတ်မှတ်နိုင်ပေသည်။
ကျန်းမင်က ကောင်းကင်လှေကားပေါ်သို့ ခြေချလိုက်သည်နှင့် သူ့ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားတော့သည်။
ပထမဆုံး ခြေလှမ်းမှာပင် အစောပိုင်း အဆင့် (၁၁) ကျွမ်းကျင်သူ တစ်ယောက်၏ စိတ်စွမ်းအားနှင့် အဆင့်တူညီနေ၏။
သူက တစ်ခဏမျှ အံ့အားသင့်ကာ ငြိမ်သက်သွားပြီးနောက် တစ်လှမ်းချင်းစီ ဆက်လက် တက်လှမ်းသွားလိုက်သည်။
မကြာမီမှာပင် အဆင့် (၈) သို့ ရောက်ရှိသွားပြီး အဆင့် (၉) သို့ ဆက်လက် တက်လှမ်းရန် ပြင်လိုက်ချိန်တွင်တော့ အနည်းငယ် တုန်ယင်သွားရလေပြီ။
ဟူး...
သူက သက်ပြင်း ရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်း လှမ်းချလိုက်၏။
သူ့ ခြေထောက်က အဆင့် (၉) ပေါ်သို့ ကျရောက်သွားသည်နှင့် တပြိုင်နက် ကျန်းမင် တစ်ယောက် သူ့ ဝိညာဉ်အပေါ်သို့ ဓားတစ်လက် စိုက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုတိုက်ခိုက်မှုက အလွန် ပြင်းထန်လွန်းသဖြင့် သူ့ကျောရိုးတစ်လျှောက် စိမ့်ခနဲပင် ဖြစ်သွားရတော့သည်။
ကျန်းမင်၏ နှလုံးသားမှ အလင်းရောင်များ တောက်ပလာပြီး ထိုတိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန် ကာကွယ်မှုပြု၏။
"ထပ်လာခဲ့စမ်း"
သူက မလျှော့သော ဇွဲဖြင့် ဆက်လက် တက်လှမ်းသွားသည်။
အဆင့် (၁၁)၊ အဆင့် (၁၂)...
သူက တစ်ရှိန်ထိုး တက်လှမ်းလာခဲ့ရာ အဆင့် (၁၈) သို့ပင် ရောက်ရှိလာခဲ့ချေပြီ။ ယခုအခါ သူ့ မျက်နှာမှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ် တစ်ခုလုံးလည်း အပြင်းအထန် တုန်ယင်လို့နေ၏။
အဆင့် (၁၉) သို့အရောက်တွင်တော့ သူ့ စိတ်စွမ်းအားများ လုံးဝ ပြိုကွဲသွားပြီး အမြင်အာရုံများပါ မည်းမှောင်သွားတော့သည်။ သူ မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်ချိန်တွင်မူ ကောင်းကင်လှေကား၏ အောက်ခြေသို့ ပြန်လည် ရောက်ရှိနေခဲ့လေပြီ။
(ကောင်းကင်လှေကား၏ အဆင့် ၁၈ အထိ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် ကျန်းမင်အား ဂုဏ်ပြုပါသည်။ သင်သည် အမှတ် ၉၉၀ ရရှိပါသည်... မှတ်ချက် - ကျွမ်းကျင်သူ တစ်ယောက်၏ နယ်ပယ်အဆင့် ပိုမြင့်လာလေလေ အဆင့် တစ်ခုချင်းစီကို ကျော်ဖြတ်ရန် ပိုမို ခက်ခဲလာလေလေ ဖြစ်သည်။ ထို့ကြောင့် ဆုလာဘ်များကိုလည်း တိုးမြှင့် သတ်မှတ်ပေးထားပါသည်)
ကျန်းမင်က သူ့ခေါင်းထဲမှ ထွက်ပေါ်လာသော ထိုအသံကို နားထောင်ရင်း အတွေးလွန်သွားမိ၏။
အတိတ်ကဆိုလျှင် ပထမဆုံး ခြေလှမ်း ကိုးလှမ်းအတွက် တစ်ဆင့်ကို (၁) မှတ်သာ ရရှိခဲ့သော်လည်း ယခုအခါတွင်မူ ဆုလာဘ်က ဆယ်ဆအထိ မြင့်တက်လာခဲ့သည် မဟုတ်ပါလား။
သူက ခဏတာ အနားယူပြီးနောက် ကောင်းကင် တိုက်ပွဲစင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ အရင်အတိုင်းပင် မည်သည့်အရာမှ ပြောင်းလဲမနေသေးချေ။ စင်္ကြံလမ်းကို ဖြတ်လျှောက်ကာ ပထမဆုံး စင်မြင့်ဆီသို့ ရောက်ရှိသွားချိန်တွင်တော့ သူ့အား အံ့အားသင့်စေသည်က ကျွင်းစန်းချန် တစ်ယောက် ထွက်ပေါ်လာခြင်း မရှိခြင်းပင်။ တိုက်ပွဲမြေပြင်မှာလည်း သီးခြား ဟင်းလင်းပြင် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
(ကျန်းမင်... မင်းရှေ့က ပြိုင်ဘက်တွေကို သတ်ဖြတ်လိုက်ပါ) ထိုအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။
သူ့အရှေ့တွင် လူ (၁၀) ယောက် ရပ်တန့်လို့နေသည်။ ထိုထဲတွင် တစ်ယောက်မှာ အကြိုအင်မော်တယ် ဖြစ်ပြီး ကျန် ကိုးယောက်မှာ အန္တိမအဆင့်များ ဖြစ်ကြ၏။ ထိုသူ အားလုံးမှာ လူသားများသာ ဖြစ်ကြပေသည်။
ဝုန်း...
ကျန်းမင်က သူ့ သုခဘုံ ပုံရိပ်ယောင်များကို ချက်ချင်း သက်ဝင်လှုပ်ရှားစေလိုက်ပြီး လူဆယ်ယောက်လုံးကို တစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်လိုက်သည်။ အကြိုအင်မော်တယ် ဆိုသူပင် သူ့ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
ကျန်းမင်က အာမေဋိတ်သံဖြင့်…"ငါ အခုလောက်ထိတောင် အစွမ်းထက်နေခဲ့ပြီလား" အမှန်တကယ်ပင် သူ မည်မျှ အစွမ်းထက်လာခဲ့ကြောင်း သူကိုယ်တိုင်ပင် မသိတော့ပေ။ အတွင်းကမ္ဘာ ဟူသည်က သာမန် အသိတရားများထက် များစွာ ကျော်လွန်နေသည့် အရာတစ်ခု ဖြစ်သဖြင့် သူ့ ခွန်အားကို တိုင်းတာနိုင်မည့် စံသတ်မှတ်ချက် တစ်ခုဟူ၍ မရှိတော့သည် မဟုတ်ပါလား။
ဤအဆင့်မှနေ၍ သူက အမှတ် (၁၀) မှတ် ရရှိခဲ့လေသည်။
ဒုတိယမြောက် စင်မြင့်တွင်မူ...
သူက ပြိုင်ဘက် (၁၀) ယောက်နှင့် ထပ်မံ ရင်ဆိုင်ရပြန်၏။ ထိုထဲတွင် နှစ်ယောက်မှာ အကြို အင်မော်တယ် ဖြစ်ပြီး ကျန်သူများမှာ အန္တိမ အဆင့်၌ ရှိနေကြသည်။
သူက မည်သည့် အခက်အခဲမျှမရှိဘဲ ထိုသူ အားလုံးကို အလွယ်တကူ အနိုင်ယူလိုက်ပြီး အမှတ် (၂၀) ထပ်မံ ရရှိခဲ့ပြန်သည်။
တတိယမြောက် စင်မြင့်တွင်တော့ အကြိုအင်မော်တယ် လေးဦးနှင့် အန္တိမအဆင့် ခြောက်ယောက် ဖြစ်လာခဲ့၏။ သူက အလျင်အမြန်ပင် အပြတ်ရှင်းပစ်လိုက်ပြီး အမှတ် (၄၀) ရရှိခဲ့ပေသည်။
ကျန်းမင်က ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားပြီး စတုတ္ထမြောက် စင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံထက်သို့ ရောက်ရှိသွားတော့သည်။
သူ့အရှေ့တွင် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကြီးက ဝန်းရံထားသည့် ကျွန်းတစ်ကျွန်း ရှိနေ၏။
(ကျန်းမင်... ချန်လန် ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်ပါ)
ဤတစ်ကြိမ်တွင်မူ အသံတစ်ခု ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သွေးများဖြင့် ရေးသားထားသော စာကြောင်း တစ်ကြောင်းက သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့ခြင်းပင်။
"ကြည့်ရတာ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ သတ်မှတ်ချက်တွေ ပြောင်းလဲသွားတဲ့ပုံပဲ"
ထိုအတွေး ခေါင်းထဲ ဝင်ရောက်လာသည်နှင့် ကျန်းမင်က ချန်လန် ဂိုဏ်းအား စစ်ဆေးကြည့်ရန် သူ့ အသိစိတ်များကို လေဟာပြင်ထဲ ဖြန့်ကျက်လိုက်သည်။ သို့သော် အစီအရင် တစ်ခုက ထိုဂိုဏ်းအား အကာအကွယ် ပေးထားသဖြင့် အတွင်းရှိ အရာများကိုမူ သူ မမြင်တွေ့နိုင်ခဲ့ပေ။
ဒေါင်... ဒေါင်... ဒေါင်...
တစ်ချိန်တည်းမှာပင် ခေါင်းလောင်း ထိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ချန်လန် ဂိုဏ်းထဲမှ လူရိပ်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။ ထိုအုပ်စု၏ အရှေ့ဆုံးတွင် ရပ်တန့်နေသူမှာ အကြိုအင်မော်တယ် အဘိုးအို တစ်ဦးပင်။
"ရန်သူ လာနေပြီ... မြန်မြန် အစီအရင်ကို ဖွင့်လိုက်ကြစမ်း" အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ် သတိပေး၏။
နောက်တစ်စက္ကန့် အကြာမှာပင် မျက်စိကျိန်းမတတ် ကြယ်အလင်းတန်းများစွာ ကောင်းကင်ယံမှ ကျဆင်းလာပြီး ကျန်းမင်အား ဝန်းရံ ပိတ်ဆို့သွားတော့သည်။
"ကြယ်ခုနစ်ပွင့် အင်မော်တယ် မျိုးဖြုတ်ခြင်း အစီအရင်က မင်းကို ဝန်းရံမိသွားမှတော့ မင်းက အင်မော်တယ် တစ်ပါး ဖြစ်နေရင်တောင် လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး... သွားသေလိုက်စမ်း" အဘိုးအိုက ဒေါသတကြီး အော်ဟစ်၍ ပြောပြန်သည်။
သူ့ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အကြို အင်မော်တယ် ခုနစ်ဦးက ကြယ်အလင်းတန်းများထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့ နောက်တွင်တော့ အန္တိမအဆင့် (၄၉) ယောက်နှင့် သုခဘုံအဆင့် (၁၀၈) ယောက်တို့က အစီအရီ လိုက်ပါသွားကြ၏။ သူတို့ အားလုံးက အစီအရင်၏ ပတ်ပတ်လည်တွင် နေရာယူ ထိုင်ချလိုက်ပြီး စွမ်းအင်များ ဖြည့်တင်းပေးလိုက်ကြလေပြီ။
ကျန်းမင်ကမူ အစီအရင် အတွင်း၌ မလှုပ်မယှက် တိတ်ဆိတ်စွာပင် ရပ်တန့်နေခဲ့သည်။ သူ့ပတ်ပတ်လည်တွင် အဆုံးအစမရှိသော ကြယ်အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး ကြယ်အလင်း ပေါက်ကွဲမှုတိုင်း၌ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားများ ပါဝင်နေ၏။ သူက ဤအစီအရင် အတွင်းမှ မျက်တောင်တစ်ခတ် အတွင်း လွတ်မြောက်သွားရန်လည်း မဖြစ်နိုင်တော့ချေ။
"ကောင်းပြီလေ... လှုပ်ရှားရမယ့် အချိန်တောင် ရောက်လာပြီပဲ" ကျန်းမင်က သူ့ လက်များကို ဝှေ့ယမ်းလိုက်ရာ တုန်လှုပ်ဖွယ် ကောင်းလှသော စွမ်းအားလှိုင်းများက သူ့ထံမှ ပေါက်ကွဲထွက်လာတော့သည်။
ထိုအခိုက်အတန့်မှာပင် အစီအရင်ကြီး တစ်ခုလုံးက ကြယ်အလင်းတန်းများဖြင့် ဖန်တီးထားသော ဓားရှည်ကြီး တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကျန်းမင်ရှိရာဆီ တည့်မတ်စွာ ထိုးခွဲ ဝင်ရောက်လာလေပြီ။
"ဒီအရာက အင်မော်တယ် လက်နက် တစ်ခု နီးပါးကို အစွမ်းထက်နေတာပဲ" ကျန်းမင်က ကောက်ချက်ချလိုက်၏။
သူက လက်တစ်ဖက်ကို ပေါ့ပါးစွာ မြှောက်လိုက်ပြီး ထိုဓားသွားကြီး သူ့ထံ မရောက်လာခင်မှာပင် အမှုန့်ကြိတ် ချေမွပစ်လိုက်တော့သည်။
"ကြယ်မိုးရွာခြင်း..." အဘိုးအို၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
နောက်တစ်စက္ကန့်မှာပင် အဆုံးအစမရှိသော ကြယ်အလင်းတန်းများ အားလုံးက မရေမတွက်နိုင်သော ဓားငယ်လေးများ အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ မြင်တွေ့လိုက်ရ၏။ ထိုဓားငယ်လေးများ အားလုံးက ကျန်းမင်ရှိရာဆီ အမြင့်ဆုံး အရှိန်အဟုန်ဖြင့် တိုးဝင်လာကြပြီး ဓားတစ်လက်စီတိုင်းမှာ ယခင်က ဓားရှည်ကြီးထက် အနည်းငယ်မျှပင် အားနည်းမနေခဲ့ပေ။
"ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလာပြီပဲ"
ကျန်းမင်က သူ့ နောက်တွင် ပုံရိပ်ယောင်များစွာ ချန်ရစ်ခဲ့ကာ အရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူက အရှေ့ဘက်သို့ လက်သီးချက်ပေါင်း (၁,၈၀၀) ကို အဆက်မပြတ် ပစ်သွင်းလိုက်ပြီး သူ့ထံ ကျဆင်းလာသော ဓားငယ်များ အားလုံးကို အစိတ်စိတ်အမွှာမွှာ ချေမွပစ်လိုက်တော့သည်။
"မင်းတို့ဆီမှာ ဒါလေးပဲ ရှိတယ်ဆိုရင် သွားသေလိုက်ကြတော့"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူ့ လက်ဖဝါးပေါ်သို့ ခွန်အားများ အားလုံး စုစည်းလိုက်ပြီး ကောင်းကင် အရုဏ်ဦးကို သက်ဝင်လှုပ်ရှားစေလိုက်သည်။
ဘန်း...
အစီအရင်ကြီး တစ်ခုလုံး ပုံပျက်ရှုံ့တွသွားပြီးနောက် သုခဘုံအဆင့် (၁၀၈) ယောက်မှာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားကြလေပြီ။ အန္တိမအဆင့် (၄၉) ယောက်မှာလည်း သွေးများ အန်ထုတ်လိုက်ရပြီး အကြိုအင်မော်တယ် (၇) ယောက်၏ မျက်နှာများမှာမူ တစ်ခဲနက် မည်းမှောင်သွားတော့သည်။
"အားလုံးပဲ... ဒီမိစ္ဆာကောင်ကို သတ်ဖြတ်ဖို့ တားမြစ်ပညာကို သုံးတာကလွဲပြီး ငါတို့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး" အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်ပြန်သည်။ "အစီအရင်ကို စွမ်းအင်တွေ ဖြည့်တင်းဖို့ ကိုယ့်ကိုယ်ကိုယ် စတေးပြီး ကြယ်တစ်ပွင့်ရဲ့ စွမ်းအားကို ဆင့်ခေါ်လိုက်ကြစို့"
ကျွမ်းကျင်သူ အားလုံးက သူတို့၏ မူလဝိညာဉ်များကို အပြင်းအထန် လောင်ကျွမ်းစေလိုက်ပြီး စွမ်းအားများ အားလုံးကို အစီအရင်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်ကြသည်။ ထိုအခါ နေမင်းကြီးဟု ခေါ်ဆိုနိုင်သော မီးဟုန်းဟုန်း တောက်လောင်နေသည့် ဧရာမ ကြယ်ကြီး တစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီး ကျန်းမင်ရှိရာဆီသို့ ကျဆင်းလာတော့သည်။
End
***