နေမင်းက ကျန်းမင်အပေါ် ဆက်လက် ကျဆင်းလာပြီး အာကာသ ဟင်းလင်းပြင်ကို အပိုင်းပိုင်း အစစ ကြေမွသွားစေကာ တည်ရှိနေသော တာအိုသဘောတရား အားလုံးကို ဖျက်ဆီးပစ်တော့သည်။
ထိုသည်မှာ ကမ္ဘာလောက တစ်ခုလုံးကို ပျက်စီးစေနိုင်လောက်သည့် တိုက်ခိုက်မှုမျိုး ဖြစ်သော်ငြား ကျန်းမင်က လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ ခြေဖျက်ပစ်လိုက်၏။
"ငါ အခုလောက်ဆို ဘယ်လောက်တောင် သန်မာနေပြီလဲ မသိတော့ဘူး... သုံးဆင့် ကြယ်တာရာ အသွင်ပြောင်းကျင့်စဉ်ကိုတောင် မသုံးရသေးဘူး"
သို့သော်လည်း သူ အလွန် သေချာနေသည့် အရာတစ်ခု ရှိနေသည်။ ထိုအရာမှာ အကြိုအင်မော်တယ်များက သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ခြင်းပင်။
အဆင့် (၅) သို့ ရောက်ရှိသွားချိန်တွင်တော့ သန့်စင်သော နိုင်ငံတော် တစ်ခုက သူ့ရှေ့မှောက်၌ ထွက်ပေါ်လာခဲ့လေပြီ။
အလင်းတာအိုက အခြားသော စွမ်းအားများ အားလုံးကို ဖိနှိပ်ထားသဖြင့် ဤနေရာတွင် အလင်းရောင်မှလွဲ၍ အခြား မည်သည့်အရာမျှ မရှိချေ။
ဤတစ်ကြိမ် သူ့ပြိုင်ဘက်များမှာ အကြိုအင်မော်တယ်လုနီးပါး (၁၂) ယောက်နှင့် အန္တိမအဆင့် (၈၁) ယောက် ဖြစ်ကြသည်။ ထိုသူများ အားလုံးက အလင်းသန့်စင်ခြင်း ဟူသော ထူးခြားသည့် စွမ်းရည် တစ်မျိုးတည်းကိုသာ အသုံးပြုကြ၏။
၎င်းမှာ မကောင်းဆိုးဝါး အားလုံးကို သန့်စင်ပေးနိုင်သော ထူးခြားသည့် စွမ်းရည် တစ်မျိုးပင်။ သူတို့၏ စွမ်းအားများ အားလုံး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ထိုစွမ်းရည်၏ စွမ်းအားကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်သည်။
သို့တိုင် ကျန်းမင်အပေါ် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ဘဲ သူက ထိုသူများ အားလုံးကို အလွယ်တကူပင် အနိုင်ယူပစ်လိုက်၏။
အဆင့် (၆) မှာမူ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခု ဖြစ်သည်။ လမင်းမှာ သွေးကဲ့သို့ နီရဲနေပြီး မြေပြင်မှာ အညိုရောင် သန်းနေကာ လေထုထဲတွင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်သော မိစ္ဆာချီစွမ်းအင်များ ပျံ့နှံ့နေတော့သည်။
သူက အဝေးသို့ လှမ်းကြည့်လိုက်သော်လည်း အရိုးစုများ၊ ခေါင်းမဲ့ မြင်းစီးသူရဲများနှင့် မိစ္ဆာသားရဲများကိုသာ မြင်တွေ့လိုက်ရသည်။ ထိုအရာများ အားလုံးက သူ့ဆီသို့ ဒီရေလှိုင်းများအလား အရှိန်အဟုန်ဖြင့် တိုးဝင်လာကြပြီး အဆုံးသတ် ရှိမည့်ပုံပင် မပေါ်ချေ။
မိစ္ဆာအုပ်ကြီး၏ အဆုံးသတ်တွင်တော့ လူတစ်စု ရပ်နေ၏။ စုစုပေါင်း (၁၈) ယောက်ရှိပြီး အားလုံးမှာ အကြိုအင်မော်တယ်များ ဖြစ်ကြသည်။ သူတို့အားလုံး စွမ်းအားများ ပေါင်းစပ်ကာ မိစ္ဆာလက်နက် တစ်ခုကို ဖန်တီးလိုက်ကြသည်။ ထိုလက်နက်ကို သူ့ဆီသို့ ပစ်လွှတ်လိုက်ရာ ကျန်းမင်၏ အရေပြားများ ပေါက်ပြဲသွားပြီး ခန္ဓာကိုယ်ထဲမှ သွေးများ ပန်းထွက်လာတော့သည်။
သို့သော် သူ့အရိုးများကမူ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။
"အင်မော်တယ် လက်နက်တစ်ခု နီးပါ အစွမ်းထက်တာပဲ" ကျန်းမင်၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ တစ်ခု ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်မှာ အရွယ်အစား ကြီးမားလာပြီး ထိုသူများ အားလုံးနှင့်တကွ မိစ္ဆာနိုင်ငံတော်ကြီးကိုပါ လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်လေပြီ။
အဆင့် (၇) သို့ ရောက်ချိန်တွင်တော့ တောင်တန်းများစွာ ရှိသော ကျယ်ပြောလှသည့် မြေပြင်တစ်ခု ဖြစ်နေ၏။ ဤတစ်ကြိမ်တွင် ပြိုင်ဘက် တစ်ယောက်တည်းကိုသာ ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုသူမှာ အခြားသူ မဟုတ်ဘဲ ကျွင်းစန်းချန်ပင် ဖြစ်သည်။
"စီနီယာ ထပ်ပေါ်မလာတော့ဘူးလို့တောင် ထင်နေတာ" ကျန်းမင်က စိတ်လှုပ်ရှားစွာဖြင့် သူ့အား အရိုအသေပေးလိုက်သည်။
"စည်းမျဉ်းတွေ ပြောင်းသွားပြီလေ... ဒါကြောင့် အရင်တုန်းကလို အဆင့်တိုင်းမှာ ငါ ပေါ်လာမှာ မဟုတ်တော့ဘူးပေါ့" ကျွင်းစန်းချန်က ပြောရင်း ကျန်းမင်အား ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ရာ သူ့မျက်လုံးများ တောက်ပသွားသည်။ "ကောင်းလိုက်တာ... မင်း နောက်ဆုံးတော့ လမ်းမှန်ပေါ် ပြန်ရောက်လာပြီပဲ"
"ဒါဆို... အခု ကျုပ်က ဒီစကြဝဠာထဲမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီလို့ သတ်မှတ်လို့ ရပြီလား" ကျန်းမင်က နားရွက်တိုင်အောင် ပြုံးဖြီးဖြီးဖြင့် မေးလိုက်၏။
ကျွင်းစန်းချန်က ခေါင်းခါယမ်း၍ အဓိပ္ပာယ်ပါပါ ပြန်ပြောသည်။ "မဟုတ်သေးဘူး... အဲ့ဒီအဆင့် ရောက်ဖို့ အဝေးကြီး လိုသေးတယ်... အခုချိန်မှာ မင်းက အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နေတာ သေချာပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီလူတွေနဲ့ ယှဉ်လိုက်ရင် မင်းက သာမန်အဆင့်လောက်ပဲ ရှိသေးတာ"
"တကယ်ကြီးလား" ကျန်းမင် အံ့အားသင့်သွားသည်။
ကျွင်းစန်းချန်က တဟားဟား ရယ်မောလိုက်သော်လည်း နောက်ထပ် ဘာမှ ဆက်မပြောတော့ချေ။ "မင်းမှာ သိချင်စိတ်တွေ ပြင်းပြနေမှန်း ငါသိတယ်... ဒါကြောင့် မေးချင်တာ ရှိရင်သာ မေးပါ... ငါ ဖြေနိုင်သလောက်တော့ ဖြေပေးမယ်"
"ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ" ကျန်းမင်က အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ သူ့ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်လာပြီး ဆက်မေးလိုက်၏။ "စီနီယာ… နတ်ဘုရားသခင်၊ အချိန်ကာလ ဘုရားကျောင်း၊ သံသရာခန်းမ နဲ့ အကန့်အသတ်မဲ့ နတ်ပြည်လောက လိုမျိုး ကမ္ဘာပေါင်းများစွာဆီ ဆင်းသက်လာနိုင်တဲ့ အဖွဲ့အစည်းတွေ အကြောင်းကိုကော တစ်ခုခု သိထားတာ ရှိလား"
"မင်းက အရမ်း အားနည်းနေသေးတယ်... ပြီးတော့ အရမ်း သိလွန်းတာက တစ်ခါတလေ အဆိုးဘက်ကို ဦးတည်တတ်တယ်... မင်းရဲ့ ကျင့်ကြံခြင်းက အဆင့် (၁၅) ကို ရောက်လာတဲ့အခါကျမှ ငါ ပြောပြမယ်"
"ကောင်းပြီလေ... တကယ်လို့ ကျုပ်သာ အဲ့ဒီလူတွေနဲ့ ကြုံလာခဲ့ရင် သူတို့ ကျုပ်ကို သတ်ပစ်ကြမလား" ကျန်းမင်က ဒုတိယ မေးခွန်းကို ဆက်မေးလိုက်သည်။ ရိုးရိုးသားသား ဆိုရလျှင် ဤသည်မှာ သူ အမှန်တကယ် အဖြေသိချင်ဆုံး မေးခွန်းပင်။
ကျွင်းစန်းချန်က မျက်လုံးများ မှေးစင်း၍ ရယ်မောလိုက်၏။ "စိတ်မပူပါနဲ့... သူတို့ ကမ္ဘာလောကထဲ ဆင်းသက်လာတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်... ပထမတစ်ခုက တရားမျှတရမယ်... ဒုတိယအနေနဲ့ တခြားလူတွေ မလုပ်ချင်တဲ့ အရာကို အတင်းအကျပ် ခိုင်းစေခွင့် မရှိဘူး... တတိယကတော့ သူတို့ ပိုသန်မာတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြားလူတွေကို အနိုင်ကျင့်ခွင့် မရှိဘူး... ပြီးတော့ စတုတ္ထအနေနဲ့ ယှဉ်ပြိုင်မှုကို အဓိကထားရတယ်... သူတို့ရဲ့ အဓိက မူဝါဒက ပါရမီကို ဦးစားပေးတာပဲ... အခု နားလည်ပြီလား"
"နားလည်ပါပြီ... ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ"
"ပြီးတော့ တပည့်သစ်တွေ ရှာဖို့ တချို့ကမ္ဘာတွေကို သွားတတ်တဲ့ သူတွေလည်း ရှိသေးတယ်... ဒါပေမဲ့ စည်းမျဉ်းတွေကို မလိုက်နာဘဲ လူတွေကို အရုပ်တစ်ရုပ်လို သဘောထားပြီး ကစားချင်တဲ့ လူတစ်စုလည်း ရှိသေးတာပေါ့... သူတို့ကတော့ လူဆိုးတွေပဲ"
"တကယ်လို့ ကျုပ်သာ သူတို့နဲ့ ကြုံလာရင် ဘာလုပ်သင့်လဲ"
"ကြုံလာရင် ဘာလုပ်ရမလဲ ဟုတ်လား... အဲ့ဒါ မေးနေစရာ လိုသေးလို့လား... ဖယ်ရှားပစ်လိုက်ရုံပဲပေါ့" ကျွင်းစန်းချန်က လက်ဝှေ့ယမ်း၍ တုံ့ပြန်လိုက်၏။ "ကောင်းပြီ... မင်း အင်မော်တယ် တစ်ပါးကို သတ်နိုင်မလား ဆိုတာ ကြည့်ရတာပေါ့... အခုချိန်မှာ ငါ့စွမ်းအားက အင်မော်တယ် တာအိုအဆင့်ကို အခုမှ စတင် ခြေချထားတဲ့ သာမန် ကျွမ်းကျင်သူ တစ်ယောက်နဲ့ ညီမျှတယ်"
"စီနီယာ... ကျုပ် လာပြီနော်"
ကျန်းမင်က ကျွင်းစန်းချန်အား အရိုအသေပေးလိုက်ပြီးနောက် သူ့သုခဘုံ ပုံရိပ်ယောင်နယ်မြေကို အသက်သွင်းလိုက်တော့သည်။
ခန့်ညားထည်ဝါသော ကမ္ဘာလောကကြီး ဆင်းသက်လာပြီး အဆုံးမရှိသော ဖိနှိပ်မှု စွမ်းအားများကို သယ်ဆောင်လာ၏။ ပုံရိပ်ယောင်အောက်ရှိ နေရာတစ်ခုလုံးမှာ တားမြစ်နယ်မြေ တစ်ခု ဖြစ်လာခဲ့လေပြီ။
ဗြန်း…
ကျွင်းစန်းချန်က ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် တားမြစ်နယ်မြေကြီး တစ်ခုလုံး ကြေမွပျက်စီးသွားတော့သည်။
"ဘယ်လိုလုပ်..." ကျန်းမင် ထိတ်လန့်သွား၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျုပ်ရဲ့ ပုံရိပ်ယောင်က အင်မော်တယ်လုနီးပါး ကျွမ်းကျင်သူ တစ်ယောက်ကိုတောင် အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိတာ... ခင်ဗျားက ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ဖျက်ဆီးပစ်လိုက်တာလား"
ဒါ တကယ်ကို မယုံနိုင်စရာပဲ…
"ကြည့်ရတာ မင်း နားမလည်သေးဘူး ထင်တယ်" ကျွင်းစန်းချန်က ဆက်ပြောသည်။ "အဆင့် (၁၀) နဲ့ အဆင့် (၁၁) က အခြေခံအားဖြင့်ကို ကွဲပြားတာ... မင်းကမ္ဘာရဲ့ ကျင့်ကြံခြင်း တာအိုအရ ဆိုရင် သေမျိုးနဲ့ အင်မော်တယ်ကြားက ကွာခြားချက်လိုမျိုးပဲ... အင်မော်တယ်နဲ့ သေမျိုးကြားက ကွာဟချက်က နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီး တစ်ခုလိုပဲ... အဲ့ဒါက ဘဝအဆင့်အတန်း မြင့်တက်သွားတာ... တစ်ယောက်က သေမျိုး ဖြစ်ပြီး နောက်တစ်ယောက်က အင်မော်တယ်လေ... ငါဆိုရင် အကြိုအင်မော်တယ် ထောင်ပေါင်းချီကို အလွယ်လေး သတ်ပစ်နိုင်တယ်"
"တကယ်ကြီးလား"
"အင်းပေါ့... မင်းက တာအို အများကြီးကို နားလည်ထားပေမဲ့ အဲ့ဒါတွေက သေမျိုးတွေနဲ့ပဲ သက်ဆိုင်တဲ့ တာအိုတွေလေ... အင်မော်တယ် တစ်ပါးရဲ့ ရှေ့မှာတော့ ဘာမှ မဟုတ်တော့ဘူး... မင်း အသုံးပြုတဲ့ အချိန်ကာလ စွမ်းအားကလည်း အတူတူပဲ... ငါ့ကို မယုံရင် စမ်းကြည့်လို့ရတယ်"
"ကောင်းပြီလေ... အထီးကျန် သဲကန္တာရ" ကျန်းမင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ဖြင့် ဓားတစ်လက်ကို ဖန်တီးကာ အောက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်၏။ အချိန်ကာလ စွမ်းအားများက ဓားအနှံ့ ရစ်ပတ်သွားပြီး ကျွင်းစန်းချန်ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။
သို့သော် ကျွင်းစန်းချန်မှာ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ သူက အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အချိန်ကာလ စွမ်းအားများကို ချေမှုန်းပစ်လိုက်လေပြီ။
"တာအိုတွေမှာတောင် မတူညီတဲ့ အဆင့်တွေ ရှိသေးတယ်... အခု နားလည်ပြီလား"
"နားလည်သလိုတော့ ရှိလာပြီ"
"ဟားဟား... ဟုတ်တယ်... အင်မော်တယ် တာအိုရဲ့ စွမ်းအားက အတားအဆီး အားလုံးကို ကျော်လွန်နေတာ... သေမျိုးလောကက တာအိုတွေ သုံးပြီး ငါ့ကို အနိုင်ယူနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"နည်းလမ်း လုံးဝ မရှိတော့ဘူးလား"
"သေချာပေါက် ရှိတာပေါ့... ဒါပေမဲ့ အဲ့ဒါကို မင်းဘာသာ ရှာဖွေရလိမ့်မယ်"
"ခဏနေပါဦး... ကျုပ် ကောင်းကင်လှေကားကို တက်တုန်းက ကျုပ်ရဲ့ စိတ်စွမ်းအားက အဆင့် (၁၂) အင်မော်တယ် တစ်ပါးနဲ့ ညီမျှနေတာပဲ... အဲ့ဒါဆို ကျုပ်မှာ ခင်ဗျားကို တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"
"မဟုတ်သေးဘူး"
"ဘာဖြစ်လို့လဲ"
"ဘာလို့ မင်းဘာသာ စမ်းမကြည့်တာလဲ" ကျွင်းစန်းချန်၏ နဖူးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပုံသဏ္ဍာန်မဲ့ ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။ ထိုဓားက တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ကျန်းမင်၏ နဖူးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် သူ့အတွင်းကမ္ဘာရှိ အတားအဆီးမှာ တုန်ခါသွားသော်လည်း ထိုတိုက်ခိုက်မှုက ရပ်တန့်မသွားပေ။ သူ့စိတ်ဝိညာဉ်ကို ထိုးဖောက်ပြီး အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားကာ အဆုံးမရှိသော လှိုင်းလုံးများကို ဖြစ်ပေါ်စေပြီး သူ့စိတ်ကို တစ်ချက်တည်းဖြင့် လုံးဝ ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားစေသည်။
"ဘာ..." ကျန်းမင် အာမေဍိတ်သံ ထွက်သွား၏။ "ခင်ဗျားက အဆင့် (၁၁) ရဲ့ ကနဦး အဆင့်မှာပဲ ရှိသေးတာ... ဒါပေမဲ့ ကျုပ်ရဲ့ စိတ်စွမ်းအားက အဆင့် (၁၂) ရဲ့ အထွတ်အထိပ်မှာလေ"
ကျွင်းစန်းချန် ဘာမှ ပြန်မပြောပေ။
သူက လက်ကို မြှောက်လိုက်ရာ တောင်တစ်လုံးက သူ့အပေါ်တွင် ထွက်ပေါ်လာသည်။ သူ ဆုပ်ကိုင်လိုက်သည်နှင့် တောင်မှာ တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင် အပ်တစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားတော့၏။
"အခု နားလည်ပြီလား"
"ကျုပ်ရဲ့ စိတ်စွမ်းအားတွေက ဝါဂွမ်းလို ပြန့်ကျဲနေပြီး ခင်ဗျားကတော့ အပ်တစ်ချောင်းလို စုစည်းနေတာပေါ့... တခြားတစ်မျိုး ပြောရရင် ကျုပ်တို့မှာ တူညီတဲ့ စိတ်စွမ်းအား ရှိနေရင်တောင် ခင်ဗျားက ကျုပ်ကို အလွယ်တကူ ဖျက်ဆီးနိုင်တယ် ဆိုတဲ့ သဘောလား"
"မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ သိလား" ကျွင်းစန်းချန်က ခေါင်းညိမ့်ပြသည်။ "မင်းက တာအိုတွေကို ပြီးပြည့်စုံအောင် လုပ်ရင်းနဲ့ မင်းရဲ့ စိတ်စွမ်းအားကို သွယ်ဝိုက်ပြီး မြှင့်တင်ထားတာ... အဲ့ဒါက အစွမ်းထက်တယ် ဆိုပေမဲ့ အနှစ်သာရ မရှိဘူး... တခြားနည်းနဲ့ ပြောရရင် မင်းက အဲ့ဒါကို ဘယ်လို သုံးရမလဲ မသိဘူး... ပြီးတော့ လေ့ကျင့်မှုလည်း လိုအပ်နေတယ်... တကယ်လို့ မင်းသာ မင်းရဲ့ စိတ်စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရင် ငါတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒါ့အပြင် မင်းရဲ့ အတွင်းကမ္ဘာက ပြီးပြည့်စုံနေပြီ... မင်းရဲ့ စိတ်စွမ်းအား ထပ်ပြီး တိုးတက်ဖို့ နေရာလွတ်တွေ အများကြီး ရှိသေးတယ်... အတွင်းကမ္ဘာရဲ့ အကာအကွယ်နဲ့သာ ပေါင်းစပ်လိုက်ရင် မင်းရဲ့ စိတ်ကို တိုက်ခိုက်ဖို့ ဆိုတာ တကယ်ကို ခက်ခဲသွားလိမ့်မယ်"
"ကျေးဇူးပါပဲ" ကျန်းမင်က သူ့အား နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြန်သည်။
"ရပါတယ်... ဒါနဲ့... အင်မော်တယ် တစ်ပါးကို အနိုင်ယူဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... လာခဲ့စမ်း"
"ကောင်းပြီလေ" ကျန်းမင်က တုံ့ပြန်လိုက်ပြီး သုံးဆင့် ကြယ်တာရာ အသွင်ပြောင်းကျင့်စဉ်ကို အသက်သွင်းလိုက်သည်။
"မဟာအာကာသ ကျင့်စဉ်"
သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး နောက်စက္ကန့်တွင် ကိုယ်ပွား ထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ ကျွင်းစန်းချန်အား တစ်ပြိုင်နက် တိုက်ခိုက်တော့သည်။
ကောင်းကင်အရုဏ်ဦး၊ မြေကမ္ဘာ ဖြိုခွင်းခြင်း တိုက်ခိုက်မှု၊ ကောင်းကင်နှင့် မြေကြီး တိုက်ခိုက်မှု၊ ကြယ်တာရာ ပေါက်ကွဲခြင်း တိုက်ခိုက်မှု၊ တုန်ခါမှု လှိုင်းလုံး၊ ဖျက်ဆီးခြင်း လက်သီးနှင့် လက်မအရှည်ခွန်အား ထောင်ပေါင်းများစွာသော လက်သီး…
သူက အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်း လက်သီးထဲရှိ သိုင်းကွက် အားလုံးကို အသုံးပြုလိုက်သည်။ မဟာအာကာသ ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သောအခါ ကျွင်းစန်းချန်ကို နောက်သို့ ဆုတ်သွားစေပြီး လက်တစ်ဖက်ကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့လေပြီ။
"အခြေခံအားဖြင့် ပြောရရင် ခင်ဗျားက ကျုပ်ထက် ပိုသန်မာတယ်... ဒါပေမဲ့ ခွန်အားပိုင်းကို ကြည့်ရင်တော့ ကျုပ်က ပိုသန်မာတယ်" ကျန်းမင်က ကြွေးကြော်လိုက်၏။
သူက အင်မော်တယ် တစ်ပါး ဖြစ်နေရင်ကော ဘာဖြစ်လဲ။
သူ့ကို အနိုင်မယူနိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်ဘဲ။ တိုက်ပွဲတစ်ခုမှာ သူက အသာစီး ရနိုင်ပါသေးသည်။ ဖြစ်စဉ်က အနည်းငယ် ပိုခက်ခဲသွားရုံသာ။
"ကွက်တိပဲ" ကျွင်းစန်းချန်က ရယ်မောလိုက်သည်။
"သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ... ဒီတိုက်ပွဲကို ဒီသိုင်းကွက်နဲ့ အဆုံးသတ်လိုက်မယ်... အထီးကျန် သဲကန္တာရ... နေမင်းဆင်းသက်ခြင်း" ကျန်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူက မဟာထောင်စုနှစ် ကျင့်စဉ်မှ သိုင်းကွက် နှစ်ခုကို အသုံးပြုလိုက်သည်။ ဒုတိယ သိုင်းကွက်ကို သူ ရရှိထားသည်မှာ မကြာသေးပေ။
ပြင်းထန်သော ဓားစွမ်းအင်များကြားတွင် ကြီးမားသော နေမင်းကြီး တစ်စင်းက အဝေးသို့တိုင် ကျယ်ပြန့်စွာ စီးဆင်းနေသော မြစ်ထဲသို့ ဆင်းသက်လာသည်။ သို့သော် မည်သည့် လှိုင်းဂယက်မှ ဖြစ်ပေါ်မလာခဲ့ချေ။ ဤအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ မြစ်ရေပြင်မှာ လုံးဝ ငြိမ်သက်နေ၏။
ကျွင်းစန်းချန် တစ်ခဏမျှ အေးခဲသွားသည်။ သူက ချုပ်နှောင်မှုများမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့သော်ငြား အချိန်နှောင်းသွားခဲ့လေပြီ။
ဖြောင်း…
ကျန်းမင်၏ ဓားက ရောက်ရှိလာပြီး သူ့ နဖူးကို ထိုးဖောက်သွားတော့သည်။
End
***