သူက အဆင့် (၇) ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လေပြီ။ အဆင့် (၈) သို့ ရောက်သောအခါ ကျွင်းစန်းချန်အား အနိုင်ယူရန် အချိန်အတော်ကြာ ယူခဲ့ရ၏။
အဆင့် (၉) တွင်မူ ကျန်းမင်က မဟာထောင်စုနှစ် ကျင့်စဉ်နှင့် အခြားသော အချိန်ကာလ အာကာသ စွမ်းရည်များကဲ့သို့ ထူးခြားသည့် စွမ်းရည် မျိုးစုံကို အသုံးပြုခဲ့သော်ငြား ပြိုင်ဘက်ကို အနိုင်ယူနိုင်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရပေသည်။
အဆင့် (၁၀) တွင်တော့ သူ လျင်မြန်စွာပင် ရှုံးနိမ့်သွားခဲ့တော့သည်။
သို့သော် ကျန်းမင်က ဤအတိုင်း အလွယ်တကူ လက်မလျှော့လိုပေ။ ဒဏ်ရာများ သက်သာလာပြီးနောက် သူက ကျင့်ကြံခြင်းနှင့် သူ့ ထူးခြားသော စွမ်းရည်များကို ပြီးပြည့်စုံစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်လေတော့၏။ ထို့နောက် ကောင်းကင် တိုက်ပွဲစင်မြင့်အား နောက်တစ်ကြိမ် ထပ်မံ စိန်ခေါ်လာခဲ့သည်။ သူက ဤအခွင့်အရေးကို အသုံးချ၍ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရန်နှင့် တိုက်ပွဲအတွေ့အကြုံများ ပိုမို စုဆောင်းရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
တစ်ခါပြီး တစ်ခါ၊ အကြိမ်ကြိမ် အခါခါပင်။
နေ့ရက်များစွာ ကုန်လွန်သွားခဲ့၏။
သူ့ တိုက်ပွဲအတွေ့အကြုံများမှာ ပိုမို ရင့်ကျက်လာခဲ့သော်လည်း မည်မျှပင် ကြိုးစားစေကာမူ အဆင့် (၁၀) ရှိ အဆင့် (၁၂) ပြိုင်ဘက်ကိုတော့ အနိုင်မယူနိုင်ခဲ့ချေ။
နောက်တစ်ကြိမ် ထပ်မံ ရှုံးနိမ့်သွားပြီးနောက် သူက ရင်ပြင်ပေါ်တွင် ရပ်နေလိုက်သည်။
ခေတ္တမျှ အနားယူသင့်ပြီဟု ခံစားလိုက်ရ၏။
သူ ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ရာ မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ ရုတ်တရက် အထီးကျန်ဆန်သော ခံစားချက် တစ်ခုက နှလုံးသား အောက်ခြေမှနေ၍ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
"ငါ ဒီနေရာမှာ ကြာကြာနေလေလေ... ငါ့မှတ်ဉာဏ်တွေက ပိုပြီး ဝါးတားတား ဖြစ်လာလေလေပဲ"
ထိုအချိန်မှသာ လူတစ်ယောက်က ပိုမို သန်မာလာလေလေ ပိုပြီး သံယောဇဉ် ကင်းမဲ့လာလေလေ ဖြစ်သည်ဟု လူအများ အမြဲတမ်း ပြောဆိုကြသည့် အကြောင်းရင်းကို ကျန်းမင် နားလည်သွားခဲ့လေပြီ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူတို့၏ မိတ်ဆွေများ သို့မဟုတ် မိသားစုဝင်များ ကွယ်လွန်သွားခြင်းနှင့်အတူ မှတ်ဉာဏ်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်သောကြောင့် ဖြစ်ပေမည်။
"ဒါပေမဲ့လည်း... ငါ အရာတော်တော်များများကိုတော့ ရရှိခဲ့ပါတယ်" ကျန်းမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။
သူက ကောင်းကင် လှေကား၏ အဆင့် (၁၈) ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် အမှတ် (၉၉၀)၊ ကောင်းကင် တိုက်ပွဲစင်မြင့်မှ အမှတ်( ၅,၁၁၀) နှင့် တာအိုသန်းချီ ဇယားမှ အမှတ် ၅၃၃ မှတ် ရရှိခဲ့လေပြီ။
တာအိုသန်းချီ ပုံရိပ်ဇယားမှ အမှတ်ရယူနိုင်သော နည်းလမ်းမှာလည်း ပြောင်းလဲသွားခဲ့၏။ သေမျိုးလောကရှိ အထွတ်အထိပ် ထူးခြားသော စွမ်းရည်များထဲမှ တစ်ခုကို နားလည်သဘောပေါက်မှသာ အမှတ် တစ်မှတ် ရရှိနိုင်မည် ဖြစ်ပြီး လက်ရှိတွင် ကျန်းမင်က စွမ်းရည်ပေါင်း (၅၃၃) မျိုးကို နားလည် သဘောပေါက်ထားပြီး ဖြစ်ပေသည်။
တာအိုများအပေါ် သူ့ ကျွမ်းကျင်မှုအရ အကယ်၍သာ ဆက်လက် အာရုံစိုက်နေမည် ဆိုပါက ထိုကိန်းဂဏန်းမှာ နှစ်ဆခန့်အထိ တိုးလာနိုင်သေးသည်။ သို့သော် ထိုသို့ လုပ်ဆောင်ရန် အကြောင်းပြချက် မရှိတော့ခြင်းပင်။
"ငါ့ဆီမှာ ရှိနေတဲ့( ၁၂၆) မှတ်နဲ့ ပေါင်းလိုက်ရင် အခု စုစုပေါင်း (၆,၇၅၉) မှတ်တောင် ရှိသွားပြီပဲ"
ကျန်းမင်က အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ အမှတ်များစွာ ရရှိထားသဖြင့် သူ အိပ်မက် မက်နေသလားဟုပင် ထင်မှတ်ရ၏။
"အရင်တုန်းက ကောင်းကင် လှေကားက အမှတ်ပိုပေးတာ... အခုကျတော့ ကောင်းကင် တိုက်ပွဲစင်မြင့် ဖြစ်သွားတာလား" ကျန်းမင် ခေါင်းရှုပ်သွားမိသည်။
နာမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - အဆင့် ၉
စုဆောင်းရရှိသော အမှတ် - ၆,၇၅၉
ရရှိခဲ့သော ဂုဏ်ပြုမှတ်တမ်း (အဆင့် ၇) - ကောင်းကင် လှေကား၏ အဆင့် ၁၈ ဆင့်၊ ကောင်းကင် တိုက်ပွဲစင်မြင့်၏ အဆင့် ၉ ဆင့်၊ ထူးခြားသော စွမ်းရည်ပေါင်း ၅၃၃ မျိုး
သူ့ ကိုယ်ရေးအချက်အလက်များမှာလည်း ပြောင်းလဲသွားခဲ့လေပြီ။
အတိတ်က သူ ရရှိခဲ့သော ဂုဏ်ပြုမှတ်တမ်းများ အားလုံး ပျောက်ကွယ်သွားပြီး လက်ရှိ အဆင့်တွင် သူရရှိထားသော အချက်များကိုသာ ဖော်ပြထားတော့သည်။
"တုန်းဖန်ချန်ရှီး ရော ယဲ့ချင်ရှန်း ပါ ရောက်မလာကြပါလား... အချိန်စီးဆင်းမှုတွေ ကွာခြားနေလို့များလား"
ကျန်းမင် ခေတ္တမျှ စဉ်းစားနေလိုက်၏။ သူက အထွတ်အထိပ် စကားေပြာခန်းမှတစ်ဆင့် သူတို့ကို ဆက်သွယ်နိုင်သော်လည်း ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ လက်တွေ့ကမ္ဘာဆီသို့သာ ပြန်လာခဲ့တော့သည်။
ချူယန်တောင်ထွတ်တွင်တော့ ကောင်းကင်ကြီး မှောင်မိုက်နေဆဲပင်။
အထွတ်အထိပ် စေတီထဲ၌ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်ငြား ဤနေရာတွင်မူ တစ်နာရီခန့်သာ ကြာမြင့်သေးသည်။
သူ စေတီထဲ မဝင်မီက သုခဘုံအဆင့်တွင်သာ ရှိသေးသော်လည်း ယခုအခါ အန္တိမ အဆင့်သို့ပင် ရောက်ရှိနေခဲ့လေပြီ။
သူ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာရုံသာမက တိုက်ပွဲဝင်ရာတွင်လည်း ယခင်ကထက် များစွာ ပိုမို သန်မာလာခဲ့ပေသည်။
ကျန်းမင်၏ ပုံရိပ်က အခန်းထဲမှ ပျောက်ကွယ်သွားပြီး ခေါင်မိုးထက်တွင် ပြန်လည် ထွက်ပေါ်လာ၏။ သူက လက်ရန်းနံဘေးတွင် မတ်တပ်ရပ်၍ အဝေးသို့ ငေးကြည့်နေလိုက်သည်။
အတွင်းကမ္ဘာက ကမ္ဘာ့နှလုံးသားထံမှ စွမ်းအင်များကို ဆက်လက် စုပ်ယူနေပြီး အစစ်အမှန် ကမ္ဘာတစ်ခု အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ အာကာသ ဟင်းလင်းပြင်ကို ထိုးဖောက်၍ သက်ရှိများ အားလုံးထံ စီးဝင်ပေါင်းစပ်နေသော မရေမတွက်နိုင်သည့် တာအို ကြိုးတန်းများကို ထိုးထွင်းမြင်နိုင်စွမ်း ရရှိလာကြောင်း သူ သတိပြုမိလိုက်သည်။
ထိုတာအို ကြိုးတန်း များစွာက သူ့ခန္ဓာကိုယ်ကိုပင် ဖြတ်သန်း ထိုးဖောက်နေ၏။
"ဒီလောကကြီးထဲက အရာအားလုံးက တာအိုရဲ့ အုပ်စိုးမှု အောက်မှာပဲ" ကျန်းမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူက ကမ္ဘာလောက၏ အခြေခံ သဘောတရားများကို ပိုမို နားလည် သဘောပေါက်သွားခဲ့လေပြီ။
ယင်းမှာ အခြေအမြစ် မရှိသော အရာမဟုတ်ဘဲ အချက်အလက်များအပေါ် အခြေခံထားသည့် အမှန်တရား တစ်ခုပင်။ လူတစ်ယောက်ကသာ တာအို စွမ်းအားများကို ချုပ်ကိုင်နိုင်စွမ်း ရှိလာပါက လက်ဖျောက်တစ်ချက် တီးရုံမျှဖြင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ဖိနှိပ်ထားနိုင်စွမ်း ရှိလာမည် ဖြစ်သည်။
သုခဘုံအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဆိုလျှင်ပင် အန္တိမအဆင့် ကျွမ်းကျင်သူ တစ်ယောက်ရှေ့၌ ရပ်တည်နိုင်စွမ်း မရှိချေ။
သေချာပေါက် အရာရာတိုင်းတွင် ခြွင်းချက်ဆိုသည်ကတော့ ရှိစမြဲပင်။
"အခုတော့ လူတိုင်းက ငါ့အတွက် ဖွင့်ထားတဲ့ စာအုပ် တစ်အုပ်လို ဖြစ်နေပြီပဲ"
အခြားသူများက တာအို တစ်ခုတည်းကိုသာ ကျင့်ကြံကြသော်လည်း သူက အားလုံးကို ကျင့်ကြံထားခြင်း ဖြစ်သည်။
ထိုမျှမက သူက မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းကိုလည်း ကျင့်ကြံထားသေး၏။ သူ့တွင် တာအိုခန္ဓာ ရှိနေပြီး ဓမ္မများ အားလုံးနှင့် ချိတ်ဆက်နိုင်စွမ်း ရှိသည်။ သူ့မျက်လုံးများကပင် ဓမ္မစက္ခုများ ဖြစ်နေလေပြီ။ သူက အာကာသ ဟင်းလင်းပြင်နှင့် ကမ္ဘာလောက၏ သဘာဝတရား အလုံးစုံကို ထိုးထွင်း မြင်နိုင်စွမ်း ရှိနေတော့သည်။
"ငါ တကယ်ကို အစွမ်းထက်လာတာပဲ" ကျန်းမင် သူ့ကိုယ်သူ တီးတိုးရေရွတ် နေမိ၏။
ထို့နောက် လက်ကို မြှောက်၍ လက်ညှိုး တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သူက ရှေ့သို့ ထိုးစိုက်လိုက်ရာ အာကာသ ဟင်းလင်းပြင်ကို အခက်အခဲမရှိ ဖောက်ထွင်းသွားတော့၏။ တဆက်တည်း အောက်သို့ ခုတ်ချလိုက်သည်နှင့် သူ့ရှေ့ရှိ ဟင်းလင်းပြင်ကြီးမှာ ကွဲအက်ပွင့်ဟသွားလေသည်။
သူ လက်ချောင်းကို တစ်ချက် ခေါက်လိုက်ရာ ဟင်းလင်းပြင် အက္ခရာများ၊ ဟင်းလင်းပြင် တာအိုနှင့် ဟင်းလင်းပြင် စွမ်းအားများ ပြည့်နှက်နေသော စည်းမျဉ်း ကြိုးတန်းတစ်ခု ထွက်ပေါ်လာသည်။
လက်ချောင်းကို နောက်တစ်ကြိမ် ထပ်မံ ခေါက်လိုက်ချိန်တွင်မူ လီသုံးသောင်း အကွာရှိ တောင်ထွတ်တစ်ခုမှာ ပေါက်ကွဲသွားပြီး ဘယ်ကမှန်းမသိ ထွက်ပေါ်လာသော အမှောင်တွင်းကြီး တစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ဤသည်မှာ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်သော တာအိုပင် ဖြစ်၏။
ထျန်းယွမ်ဂိုဏ်းမှ ယဲ့မင်ဆိုလျှင်ပင် ဤကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ သူက တာအိုထံမှ စွမ်းအားများကိုသာ ဆွဲယူ အသုံးပြုနေခြင်း ဖြစ်သော်လည်း ကျန်းမင်ကမူ လုံးဝ ကွာခြားလှသည်။ သူက တာအိုအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းပင်။
သူ ဤသို့ လုပ်ဆောင်နိုင်ရခြင်းတွင် အကြောင်းရင်း အချို့ ရှိပေသည်။ သူ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ လွန်စွာ သန်မာလွန်းနေပြီး ကြီးမားလှသော ချီစွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့အတွင်းကမ္ဘာတွင် ဟင်းလင်းပြင် တာအို ရှိနေသောကြောင့် အပြင်ဘက် လောကရှိ ဟင်းလင်းပြင် တာအိုကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရရှိနေခြင်း ဖြစ်၏။
ကျန်းမင်က ခေါင်းမော့၍ ညအမှောင်ထုဆီသို့ ငေးကြည့်လိုက်သည်။
သူ့ ကျင့်ကြံခြင်း အဆင့်အတွက် စိတ်ပူနေစရာ မလိုတော့ပေ။ သူ့အတွင်းကမ္ဘာကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန်သာ လိုအပ်သော်လည်း အချိန်အတော်ကြာ ယူရဦးမည် ဖြစ်သည်။ သူ့အတွင်းကမ္ဘာ ပြီးပြည့်စုံသွားပြီး အစစ်အမှန်လောက အဖြစ်သို့ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ထိုအချိန်တွင် သူက ယခုထက်ပင် ပိုမို သန်မာလာဦးမည် မဟုတ်ပါလား။
အကြိုအင်မော်တယ် အဆင့် ဆိုလျှင်ကော...
ထိုအရာအတွက် သူ အမှန်တကယ် ဂရုမစိုက်တော့ချေ။
မည်သို့ပင်ဖြစ်စေ သူက တာအို တစ်မျိုးကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံလိုက်ရုံဖြင့် အကြိုအင်မော်တယ် အဆင့်သို့ လှမ်းတက်နိုင်ပြီ ဖြစ်ပေသည်။
"အစ်ကိုကြီး"
အသံတစ်သံ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် လင်းလုံ၏ ပုံရိပ်က သူ့ရှေ့မှောက်၌ ထွက်ပေါ်လာသည်။ သူမက သူ့ဘေးတွင် ဆင်းသက်လာပြီး သူ့လက်မောင်းအား ဖက်တွယ်ထားရင်း မေးလာ၏။ "မအိပ်သေးဘူးလား... ဘာလို့ ပြန်ထလာရတာလဲ"
"အိပ်မပျော်လို့ပါ" ကျန်းမင်က ဂျူနီယာညီမလေးအား သူ့ရင်ခွင်ထဲ တင်းကျပ်စွာ ပွေ့ဖက်ထားရင်း ပြန်ဖြေလိုက်သည်။ သူမ၏ ဆံနွယ်များထဲ နှာခေါင်းအပ်ကာ သင်းပျံ့သော ရနံ့ကို တရှိုက်မက်မက် ခံစားနေမိ၏။
"ဘာဖြစ်လို့လဲ စီနီယာ အစ်ကိုကြီးရဲ့" လင်းလုံက မေးလာသည်။
"ဘာမှမဖြစ်ပါဘူး... ကိုယ် မင်းကို အရမ်း လွမ်းနေလို့ပါ"
"ဘာတွေ လာပြောနေတာလဲ အစ်ကိုကြီးရဲ့... ကျွန်မတို့ တွေ့ခဲ့တာ တစ်နာရီလောက်ပဲ ရှိသေးတာကို"
"တစ်နာရီက လုံလောက်တဲ့ အချိန်တစ်ခုပဲလေ"
"အစ်ကိုကြီးက တကယ် ရယ်ရတာပဲ... အခုကစပြီး ကျွန်မ မထွက်သွားတော့ဘူးဆိုရင်ကော... အစ်ကိုကြီးရဲ့ ဘေးမှာ နေ့တိုင်း၊ အချိန်တိုင်း နေပေးမယ်လေ"
"မင်း ကျင့်ကြံဖို့ မလိုတော့ဘူးလား"
"ကျွန်မတို့ အတူတူ ကျင့်ကြံလို့ ရတာပဲ... အစ်ကိုကြီး ဘယ်လိုထင်လဲ" သူမက ကျန်းမင်အား ပို၍ တင်းကျပ်စွာ ဖက်တွယ်ရင်း မေးလိုက်သည်။
ကျန်းမင်မှာ ဆွံ့အသွားပြီး ဘာပြောရမှန်း မသိတော့ပေ။
"မလှုပ်နဲ့တော့"
"အစ်ကိုကြီးကိုယ်တိုင် လှုပ်နေတာလေ"
"ဟုတ်လို့လား"
ညီမလေးထံမှ အဖြေစကားကို ကြားလိုက်ရချိန်တွင် ကျန်းမင် မှင်သက်သွားပြီး သူ့မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
"ကိုယ့်ကို လာမယမ်းနဲ့လေ"
"အစ်ကိုကြီး... ကျွန်မ တစ်ကိုယ်လုံး ယားကျိကျိ ဖြစ်နေလို့ပါ" သူမက ခန္ဓာကိုယ်ကို ဆက်လက် တွန့်လိမ်ရင်း ပြန်ဖြေလာ၏။
ကျန်းမင် ဘာဆက်ပြောရမည်ကိုပင် မသိတော့။
သူတို့နှစ်ယောက် ထိုင်ခုံရှည်ပေါ်တွင် အတူတကွ ပွေ့ဖက်ကာ ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ကြီးကို ငေးကြည့်နေလိုက်ကြသည်။
"မင်းမှာ အိပ်မက်တွေ ရှိလား"
"သေချာပေါက် ရှိတာပေါ့"
"ကိုယ့်ကို ပြောပြလို့ ရမလား"
"ကျွန်မ ကမ္ဘာကြီး တစ်ခုလုံးကို သိမ်းပိုက်ချင်တယ်"
"ဘာဖြစ်လို့လဲ"
"အစ်ကိုကြီး ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင်နိုင်မယ့် ကမ္ဘာကြီး တစ်ခုကို ဖန်တီးပေးချင်လို့လေ"
"ဒီနှစ်တွေ တစ်လျှောက်လုံး မင်းကို ဂရုစိုက်လာခဲ့ရတာ အခုတော့ နောက်ဆုံးမှာ အရာထင်သွားပြီနဲ့ တူတယ်"
နောက်တစ်နေ့တွင် ကျန်းမင် နံနက်စာ ပြင်ဆင်နေချိန်၌ ရှီယောင် ထွက်ပေါ်လာသည်။
သူမက အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသဖြင့် နတ်သမီး တစ်ပါးအလား ထင်မှတ်ရ၏။
"အစ်ကိုကျန်း... ကျွန်မအတွက်လည်း တစ်ပွဲလောက် လုပ်ပေးလို့ ရမလား" ရှီယောင်က မေးလိုက်ရာ လင်းလုံက မျက်စောင်း ထိုးကြည့်လိုက်တော့သည်။
"ရပါတယ်... အစ်ကို သွားလုပ်ပေးပါ့မယ်" ကျန်းမင်က ပြုံး၍ ပြန်ဖြေရင်း မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားလေသည်။
"ဝေး..." ရှီယောင်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။ "ဒါနဲ့ အစ်ကိုကျန်း... ဘာလို့ ခေါင်မိုးပေါ်မှာ ရိုးရှင်းတဲ့ မီးဖိုချောင်လေး တစ်ခု မဆောက်တာလဲ"
"အိုး... ဟုတ်သားပဲ... ငါ ဘာလို့ အဲ့ဒါကို မတွေးမိခဲ့ပါလိမ့်" ကျန်းမင် သူ့ခေါင်းကိုသူ တစ်ချက် ရိုက်လိုက်သည်။
"အဲ့ဒါက အစ်ကိုကြီး အောက်ဘက်က မီးဖိုချောင်မှာပဲ ချက်ပြုတ်ရတာ အသားကျနေလို့လေ" လင်းလုံက ဝင်ပြောလာ၏။
အချိန်တိုအတွင်းမှာပင် ဟင်းလျာများ အားလုံး အသင့်ဖြစ်သွားလေပြီ။
သခွားသီးချဉ်၊ ကြက်သွန်မြိတ်နှင့် တို့ဟူး၊ ကြက်ဥကြော်နှင့် ပန်ကိတ်များ ဖြစ်သည်။
"ဒါတွေ အကုန်လုံးက အပြင်ပန်းကြည့်ရင် သာမန်လိုပဲ ထင်ရပေမဲ့ အမှန်တကယ်တော့ အဆင့်မြင့်သားရဲရဲ့ အသား ဒါမှမဟုတ် ဝိညာဉ်ပစ္စည်းတွေနဲ့ လုပ်ထားတာချည်းပဲ... ဥပမာ ဒီသခွားသီးကို ကြည့်လိုက်... အဲ့ဒါက အဆင့်နိမ့် ဝိညာဉ်ဆေးပင် တစ်မျိုးပဲလေ... အစ်ကိုကျန်း... ဒါက အရမ်းကို ဇိမ်ကျလွန်းနေပြီ" ရှီယောင်က ပြောလာသည်။
"မင်းလည်း အသားကျအောင် နေသင့်နေပြီ" ကျန်းမင်က ပြန်ပြောလိုက်သည်။ "မင်းရဲ့ ကျင့်ကြံခြင်းကကော ပြီးသွားပြီလား"
"ဟုတ်ကဲ့... မူလဝိညာဉ် အဆင့်က တာအိုမျိုးစေ့ အဆင့်ထက် အများကြီး ပိုသန်မာတယ်" ရှီယောင်၏ မျက်လုံးများက တောက်ပနေ၏။ "ဒါပေမဲ့ ဒီအဆင့်က ကျင့်ကြံဖို့ သိပ်အများကြီး မလိုဘူး... ကနဦးဝိညာဉ် အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်အောင် တစ်ထိုင်တည်းနဲ့ အထွတ်အထိပ်ကို ရောက်ဖို့ ရည်ရွယ်ထားတယ်... အဲ့ဒီနောက် ကနဦးဝိညာဉ်ကို သန့်စင်ပြီး ပရဒိသု အဆင့်အတွက် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ရမယ်"
"အစ်ကို့အတွက်တော့ အစီအစဉ်ကောင်း တစ်ခုလိုပဲ"
"အစ်ကိုကျန်း... ကျွန်မ အကူအညီ တစ်ခုလောက် တောင်းချင်လို့"
"ပြောလေ"
"ကျွန်မ ဒီမှာနေပြီး ကျင့်ကြံလို့ ရမလား" ရှီယောင်က မေးလိုက်သည်။
"မင်းမှာ ဒီမှာ အိမ်တစ်လုံး ရှိနေပြီ မဟုတ်ဘူးလား" ကျန်းမင်က တောင်အနောက်ဘက်ရှိ ကျောက်တုံး အဆောက်အအုံကို လက်ညှိုးထိုးပြရင်း ပြန်မေးလိုက်၏။
"ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုကျန်း" ရှီယောင်၏ မျက်လုံးများ လင်းလက်သွားတော့သည်။ ထို့နောက် သူမက လင်းလုံကို ဖက်လိုက်ပြီး "လင်းလုံ... နင့်ကိုလည်း ကျေးဇူးတင်ပါတယ်"
လင်းလုံက သူမအား သတိပေးသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်ရာ ရှီယောင်ကလည်း အာမခံချက် ပေးသည့် အကြည့်ဖြင့် တုံ့ပြန်လိုက်လေသည်။
လေပြေက နွေးထွေးနေပြီး နေမင်းကြီးမှာလည်း ကောင်းကင်ထက်တွင် မြင့်မားစွာ သာယာတောက်ပနေသည်။
လီ တစ်သိန်း အကွာအဝေးတွင်တော့...
သံသရာ ခန်းမဆောင်မှ ဆင်းသက်လာသော လူငါးယောက်က တစ်ဖန် ပြန်လည် ဆုံစည်းနေကြလေပြီ။
End
***