ထိုလူငါးယောက် ပြန်လည် ဆုံစည်းမိချိန်တွင်တော့ အားလုံးမှာ တိတ်ဆိတ်လို့နေ၏။
သူတို့၏ စွမ်းရည်နှင့် နည်းလမ်းများအရ လိုအပ်သော သတင်းအချက်အလက်များကို အလွယ်တကူ ရယူနိုင်စွမ်း ရှိကြသည်။ သို့သော် ထိုအချက်ကပင် သူတို့အား အံ့အားသင့်သွားစေခဲ့ခြင်း ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ ပြီးဆုံးသွားခဲ့သည့် အရှေ့ပိုင်းဒေသ စစ်ပွဲကြီးအတွင်း သန်းနှင့်ချီသော အသက်ပေါင်းများစွာ သေဆုံးခဲ့ရ၏။ ထိုအချိန်က ကနဦးဝိညာဉ်အဆင့် ကျွမ်းကျင်သူများမှာ ခွေးတစ်ကောင်ထက်ပင် တန်ဖိုးမဲ့ နိမ့်ကျနေခဲ့ပြီး သုခဘုံအဆင့် ကျွမ်းကျင်သူများကိုလည်း နေရာအနှံ့ တွေ့မြင်ခဲ့ရသည်။ အန္တိမအဆင့်များပင် အနည်းငယ် ပေါ့ဆမိသည်နှင့် အသက်ပျောက်သွားနိုင်ပြီး အကြိုအင်မော်တယ်များစွာလည်း ကျဆုံးခဲ့ကြရလေပြီ။ အစစ်အမှန် အင်မော်တယ် စစ်သည်တော်များပင် ကိုယ်ထင်ပြလာခဲ့သေးသည် မဟုတ်ပါလား။
သို့တိုင်အောင် စစ်ပွဲအဆုံးသတ်ချိန်တွင်တော့ အနိုင်ရရှိခဲ့သည့် အဖွဲ့အစည်းများ အားလုံးမှာ ညတွင်းချင်းပင် အပြတ်အသတ် ရှင်းလင်းခံလိုက်ရတော့သည်။
"ဒါက ဘယ်လို ကမ္ဘာကြီးလဲ... အရမ်းကို ရူးသွပ်ဖို့ ကောင်းမနေဘူးလား" ရှောင်ယွီက တုန်ယင်နေသော အသံဖြင့် မေးလိုက်၏။ သူမက ထူးခြားသော ဆံပင်ပုံစံကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဆံပင်အဖျားကို မြွေခေါင်းပုံစံဖြင့် စည်းနှောင်ထားပြီး ထိုမြွေခေါင်းလေးက လျှာတစ်လစ် ထုတ်နေသဖြင့် အလွန် ထူးဆန်းသော အသွင်အပြင်ကို ပေးစွမ်းနေပေသည်။
"ရူးသွပ်တယ်ဆိုတာထက်ကို ပိုနေပြီ... တကယ်လို့ ငါတို့သာ စစ်ဖြစ်နေတုန်း ဒီကမ္ဘာထဲ ဆင်းသက်လာမိရင် သေချာပေါက် ဒုက္ခရောက်မှာပဲ... ကံကောင်းလို့ စစ်ပွဲပြီးမှ ရောက်လာတာ... အရှေ့ပိုင်းဒေသက အားနည်းနေပြီ ဆိုတော့ ငါတို့ လုပ်ချင်တာ လုပ်ခွင့်ရပြီး အကျိုးအမြတ် အများကြီး ရနိုင်တယ်... တာဝန် ပြီးသွားရင်တောင် အမှတ်တွေ သုံးပြီး ဒီမှာ ဆက်နေလို့ ရသေးတာပဲ... တန်ဖိုးကြီး ပစ္စည်း တချို့လောက် ရလိုက်ရင်ကို ငါတို့ ချမ်းသာပြီ"
"မဖြစ်သေးတဲ့ ကိစ္စတွေကို တွေးမနေကြနဲ့ဦး... အခု ရထားတဲ့ သတင်းအချက်အလက်တွေကို အရင် စုစည်းပြီး ကျိုယန်ဂိုဏ်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ ကြည့်ရအောင်" ဦးခေါင်းထက်တွင် ချိုတစ်စုံ ရှိနေသော ရှန်းဟူက ဝင်ပြောသည်။
ကျန်လူများကလည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
သူတို့ ရရှိထားသော သတင်းများအရ ကျိုယန်ဂိုဏ်းမှာ အရှေ့ပိုင်းဒေသ စစ်ပွဲကြီးမှ ကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျိုယန်ဂိုဏ်းက ဖိုဂိုဏ်းမှ ချင်းပြည်နယ်အတွင်း ဗုဒ္ဓဘာသာ ဖြန့်ချိခြင်းကိုလည်း ဆန့်ကျင် တားဆီးခဲ့၏။ သို့သော် ဖိုဂိုဏ်းက ကျိုယန်ဂိုဏ်း၏ ပထမခေါင်းဆောင်မှာ မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် ဖိုဂိုဏ်းက ချင်းပြည်နယ်ရှိ အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျိုယန်ဂိုဏ်းအား ဆန့်ကျင် ဆန္ဒပြခဲ့ပြီး ဂိုဏ်းကို အမြစ်ဖြတ် ချေမှုန်းရန် ကြိုးပမ်းခဲ့သော်လည်း ညတွင်းချင်းပင် အားလုံး မျိုးတုံး သတ်ဖြတ်ခံလိုက်ရလေပြီ။ ချင်းပြည်နယ်ရှိ အဖွဲ့အစည်းငယ် အချို့မှ မဟာအကြီးအကဲပင် အသတ်ခံခဲ့ရသေးသည်။ လူအများစုက ဤဖြစ်ရပ်များ၏ နောက်ကွယ်တွင် ကျိုယန်ဂိုဏ်း ရှိနေမည်ဟု သံသယ ဝင်နေကြပေသည်။
"ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိတယ်... ငါတို့ ရထားတဲ့ သတင်းတွေအရ ဖိုဂိုဏ်းက ပြိုင်ဘက်ကင်း တော်ဝင်မြေတစ်ခုပဲ... အင်အား ဆုတ်ယုတ်နေပြီ ဆိုပေမဲ့ အရှေ့ပိုင်းဒေသကို လာတဲ့ အဖွဲ့ထဲမှာ အဆင့် ၈ ကျွမ်းကျင်သူ တစ်ယောက်... တစ်နည်းအားဖြင့် ပရဒိသုအဆင့် ကျွမ်းကျင်သူ တစ်ယောက် ပါလာသေးတယ်လေ... ဒါတောင် သူက ဘယ်သူမှ မသိလိုက်ဘဲ အသတ်ခံလိုက်ရတာ... ကျိုယန်ဂိုဏ်းဘက် ပြန်ကြည့်ရင် သူတို့ရဲ့ ဂိုဏ်းချုပ်က မူလဝိညာဉ်အဆင့်လောက်ပဲ ရှိသေးတာ... အဲ့ဒါက အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား... ငါတို့ မြင်ခဲ့ရတဲ့ တာဝန် ဖော်ပြချက်အရ ဆိုရင်တော့ ကျိုယန်ဂိုဏ်းထဲမှာ ကြောက်စရာကောင်းတဲ့ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက် ပုန်းကွယ်နေတာပဲ ဖြစ်ရမယ်" ရှောင်ယွီက မျက်မှောင်ကျုံ့ကာ ကောက်ချက်ချသည်။
ရှန်းဟူက ဘေးဘက်ရှိ ဖြူဖျော့သော မျက်နှာနှင့် လူငယ်လေးအား လှမ်းကြည့်ကာ…
"ဒါတွေက အခု ငါတို့ ရထားတဲ့ အချက်တွေပဲ... ဒါပေမဲ့ ငါတို့ရဲ့ တာဝန်က ၃၀ ရာခိုင်နှုန်းပဲ ပြီးမြောက်သေးတာ ဆိုတော့ ကျိုယန်ဂိုဏ်းမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတယ် ဆိုတာ ထင်ရှားနေပြီ... ရှောင်ရွှမ်... မင်း အစီအစဉ် တစ်ခုလောက် ဆွဲကြည့်စမ်း"
ထိုလူငယ်လေးမှာ မျက်မှန် တပ်ဆင်ထားပြီး စကားနည်းမည့်ပုံ ပေါ်သည်။
"ရပါတယ်" ရှောင်ရွှမ်က လေးနက်သော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။ သူက မျက်မှန်ကို ပင့်တင်ရင်း သူ့ အစီအစဉ်ကို စတင် ရှင်းပြတော့သည်။ "ကျိုယန်ဂိုဏ်းက စစ်ပွဲကြီးထဲကနေ ဘာအထိအခိုက်မှ မရှိဘဲ လွတ်မြောက်လာခဲ့တာ... ဝိုင်းရံခံရချိန်မှာလည်း ရန်သူ့ ခေါင်းဆောင်တွေ အကုန်လုံး အသတ်ခံခဲ့ရတယ်... ဒီအချက်တွေက ကျိုယန်ဂိုဏ်းဟာ အပြင်ပန်းက ကြည့်သလို အားနည်းမနေဘူး ဆိုတာကို ပြသနေတာပဲ... ငါတို့ရဲ့ တာဝန်က ကျိုယန်ဂိုဏ်းရဲ့ အတိအကျ အချက်အလက်တွေကို ရှာဖွေဖို့ ဖြစ်ပြီး သူတို့နဲ့ ရန်သူ ဖြစ်ဖို့ မဟုတ်တဲ့အတွက် ပြည့်စုံတဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားလို့ ရတယ်"
"ပထမအချက် အနေနဲ့ ရှောင်လုံက ရုပ်ဖျက်တဲ့ နေရာမှာ တော်တော့ သတင်းစုံစမ်းဖို့ ကျိုယန်ဂိုဏ်းထဲ ခိုးဝင်ရမယ်... သတိထားပြီး ဖြည်းဖြည်းချင်း လုပ်ဖို့တော့ မမေ့နဲ့... ငါတို့မှာ အချိန် တစ်လတောင် ရှိသေးတာပဲ"
"ဒုတိယ အနေနဲ့ ရှောင်ယွီ... နင့်ရဲ့ ကျွမ်းကျင်တဲ့ စိတ်ဝိညာဉ် ခြယ်လှယ်ခြင်း နည်းစနစ်ကို သုံးပြီး ချင်းပြည်နယ်က အဖွဲ့အစည်း တချို့ရဲ့ ခေါင်းဆောင်တွေကို ထိန်းချုပ်လိုက်... ဒါမှ သူတို့ ကျိုယန်ဂိုဏ်းကို နောက်တစ်ကြိမ် ထပ်ပြီး ဆန့်ကျင် ဆန္ဒပြကြမှာ... အဲ့ဒီလှုပ်ရှားမှုက ကျယ်ကျယ်လောင်လောင်နဲ့ လူသိရှင်ကြား ဖြစ်ရမယ့်အပြင် ကိုယ်ကျင့်တရားနဲ့ မေတ္တာတရားကို အခြေခံပြီး တရားမျှတမှု ရှိရမယ်... တကယ်လို့ ကျိုယန်ဂိုဏ်းက အဲ့ဒါကို ဂရုစိုက်နေမယ် ဆိုရင် ငါတို့ဘက်က တိုက်ခိုက်မှု စတင်လို့ ရပြီ... တကယ်လို့ သူတို့ဘက်က တလွဲတချော် တုံ့ပြန်လာရင်လည်း သူတို့ နာမည်ပျက်မှာပဲ... ဘယ်ရလဒ် ထွက်လာလာ ငါတို့အတွက် အကျိုးရှိတယ်... ကျိုယန်ဂိုဏ်း အကြောင်း အချက်အလက် တချို့ ထပ်ရနိုင်သလို တစ်ချိန်တည်းမှာပဲ ရှောင်လုံအတွက်လည်း အခွင့်အရေး ဖန်တီးပေးပြီးသား ဖြစ်သွားလိမ့်မယ်"
"တတိယ အချက်ကတော့... ဖိုဂိုဏ်းက သူတို့ရဲ့ ဗုဒ္ဓဘာသာ ဖြန့်ချိရေး တာဝန်အတွက် အရှေ့ပိုင်းဒေသကို စုစုပေါင်း အဖွဲ့ ခုနစ်ဖွဲ့ စေလွှတ်ထားတာ မဟုတ်လား... အဲ့ဒီထဲက အဖွဲ့တစ်ဖွဲ့ အကုန်လုံး ရှင်းလင်းခံလိုက်ရပြီ ဆိုတာ သိရင် တခြားအဖွဲ့တွေ ဘယ်လို တုံ့ပြန်ကြမလဲ ထင်လဲ... ရှောင်ဟိုင်... မင်းရဲ့တာဝန်က ကျိုယန်ဂိုဏ်းက ဖိုဂိုဏ်းကို မုန်းတီးပြီး ချင်းပြည်နယ်မှာ တပ်စွဲထားတဲ့ အဖွဲ့တစ်ဖွဲ့လုံးကို မျိုးတုံး သတ်ဖြတ်ပစ်ခဲ့တယ် ဆိုတဲ့ သတင်းကို အဲ့ဒီ ဖိုဂိုဏ်း တပည့်တွေဆီ အမြန်ဆုံး ပျံ့နှံ့သွားအောင် လုပ်ဖို့ပဲ... ရှောင်ယွီ... နင်လည်း ထိန်းချုပ်ထားတဲ့ ခေါင်းဆောင်တွေကနေ တစ်ဆင့် အဲ့ဒီလိုမျိုး လုပ်ပေးရမယ်"
"စတုတ္ထ အနေနဲ့... ယင်မိစ္ဆာဂိုဏ်းက လောကကြီး တစ်ခုလုံးရဲ့ ရန်သူ ဖြစ်နေရက်နဲ့ ကျိုယန်ဂိုဏ်းရဲ့ ပထမခေါင်းဆောင်တွေထဲက တစ်ယောက်က ယင်မိစ္ဆာဂိုဏ်းဝင် ဖြစ်နေတယ်... အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ဒါက ကျိုယန်ဂိုဏ်းကို ‘မိစ္ဆာနဲ့ အတူယှဉ်တွဲ နေထိုင်သူ’ ဆိုတဲ့ တံဆိပ် ကပ်ပေးလိုက်တာပဲ... ဒါကြောင့် ငါကိုယ်တိုင် တခြား ပြည်နယ်တွေကို သွားပြီး ဒုက္ခသည်တွေနဲ့ အသက်ရှင် ကျန်ရစ်သူတွေဆီ သတင်းဖြန့်မယ်... တစ်ချိန်တည်းမှာပဲ ကျိုယန်ဂိုဏ်းကို ဆန့်ကျင် ဆန္ဒပြဖို့ သူတို့ကို စုစည်းနိုင်အောင် ကြိုးစားကြည့်မယ်"
ရှောင်ရွှမ်က မျက်မှန်ကို ထပ်မံ ပင့်တင်ကာ…"အချုပ်ပြောရရင် ကျိုယန်ဂိုဏ်းကို လောကကြီး တစ်ခုလုံးရဲ့ ရန်သူ အဖြစ် ရောက်သွားအောင် ငါတို့ တွန်းပို့ရမယ်... အဲ့ဒါကို နှစ်ပတ် အတွင်း လုပ်ဆောင်ရလိမ့်မယ်... အစ်ကိုကြီး... ထပ်ဖြည့်ပြောချင်တာ တစ်ခုခု ရှိသေးလား" "အရမ်းကို ပြီးပြည့်စုံနေပါပြီ... ဒါပေမဲ့ ငါကကော ဘာလုပ်ရမလဲ" ရှန်းဟူက ဝင်ပြောလိုက်သည်။
"အစ်ကိုကြီး... ဒီတာဝန်နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်း စိုးရိမ်စိတ် ဝင်နေတယ်... ဒါကြောင့် အဆင်မသင့်တာတွေ ဖြစ်လာရင် အစ်ကိုကြီး ကိုယ်တိုင် ထွက်မပြသင့်ဘူး... အစ်ကိုကြီးက ပုန်းကွယ်နေပြီး ကျွန်တော်တို့ လေးယောက်လုံး သေသွားခဲ့ရင်တောင် အတင်းအကျပ် ပြန်လည် ဆုတ်ခွာနိုင်အောင် လုပ်ထားရမယ်" ရှောင်ရွှမ်က ပြန်ဖြေ၏။
ရှန်းဟူက မျက်မှောင်ကျုံ့သွားသော်လည်း ခေါင်းညိတ် သဘောတူကြောင်းပြသည်။
ထို့နောက် လူငါးယောက်မှာ လမ်းမခွဲမီ အသေးစိတ် ဆက်လက် ဆွေးနွေးနေကြတော့သည်။
ချူယန် တောင်ထွတ်တွင်တော့...
ကျန်းမင် တစ်ယောက် ထိုလူငါးယောက်၏ အကြောင်းကို လုံးဝ သိရှိနေခြင်း မရှိပေ။
သူက ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း အချိန်အများစုကို ကုန်ဆုံးနေခဲ့ပြီး သူ့ အသိစိတ် တစ်စိတ်တစ်ပိုင်းကို အတွင်းကမ္ဘာထဲသို့ ခွဲထုတ်ထား၏။ ထိုမှတစ်ဆင့် တာအိုကို လည်ပတ်စေသည့် တာအိုများ၊ ကံကြမ္မာမှ ယူဆောင်လာသော အံ့ဖွယ်ရာများနှင့် ပုံရိပ်ယောင် လောကတစ်ခုမှနေ၍ အစစ်အမှန် လောကတစ်ခုအဖြစ် အံ့မခန်း ပြောင်းလဲသွားမှုများကို နားလည် သဘောပေါက်ရန် ကြိုးပမ်းနေခြင်းပင်။
ဤသည်မှာ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆယ်ရက်တာ ကုန်လွန်သွားခဲ့လေပြီ။
အာကာသ လင်းလုံ ထွက်ပေါ်လာချိန်တွင် ဓာတ်ကြီးငါးပါး လင်းလုံက သီးသန့် တံခါးပိတ် ကျင့်ကြံနေခဲ့၏။ သူတို့နှစ်ယောက်မှာ ကိုယ်ပွား နှစ်ခု ဖြစ်နေသော်ငြား တူညီသော နှလုံးသား တစ်ခုတည်းကိုသာ မျှဝေ ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူတို့ကြားတွင် များစွာ ကွာခြားမှု မရှိချေ။
"စီနီယာ အစ်ကိုကြီး... ကျွန်မ ကျင့်ကြံခြင်း အဆင့် တက်သွားပြီ... အစ်ကိုကြီးက ကျွန်မကို အာကာသ တာအို နားလည်လာအောင် ကူညီပေးမယ် ဆိုထားတယ် မဟုတ်လား" လင်းလုံက ကျန်းမင်၏ ဘေးတွင် ဆင်းသက်လာပြီး တိုးဝှေ့ဝင်လာသည်။
သက်သောင့်သက်သာ လှဲလျောင်းပြီးနောက် သူမက ကျန်းမင်၏ ဆံပင်စများကို ဆုပ်ကိုင်၍ လက်ချောင်းများဖြင့် တဝဲလည်လည် ရစ်ပတ် ကစားနေတော့၏။
နှလုံးသားထဲ တဒိတ်ဒိတ် ခံစားလိုက်ရသဖြင့် ကျန်းမင်က မေးလိုက်သည်။ "ဒီလောက်တောင် လောနေတာလား"
"သေချာတာပေါ့... ဒါက အခွင့်အရေးကောင်း တစ်ခုပဲလေ" လင်းလုံက ပြောရင်း ကျန်းမင်၏ ရင်ဘတ်ပေါ်သို့ မှောက်ချလိုက်သည်။ "ကျွန်မ နောက်ကျသွားရင် ဒီအခွင့်အရေး လက်လွတ်သွားမှာ စိုးလို့ပါ... ဒါ့အပြင် ကျွန်မက ကိုယ်ပွား တစ်ခု ဖြစ်နေတဲ့အတွက် အစ်ကိုကြီးက ကျွန်မရဲ့ အပြင်းထန်ဆုံး စွဲလမ်းမှု တစ်ခု ဖြစ်လာအောင် အစ်ကိုကြီးဆီက အမှတ်အသား တစ်ခု ချန်ထားခံရဖို့ လိုတယ်လေ... တကယ်လို့ ကျွန်မက သီးခြား ကိုယ်ရည်ကိုယ်သွေး တစ်ခု ဖြစ်လာဖို့ အလားအလာ ရှိနေရင်တောင် အစ်ကိုကြီးနဲ့ ချိတ်ဆက်ထားနိုင်ပြီး ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်တော့ဘူး"
"အမှတ်အသား ချန်ထားရမယ်..." ကျန်းမင်မှာ ဆွံ့အသွားမိသည်။
"ဟုတ်တယ်" လင်းလုံက ကျန်းမင်၏ ရင်ခွင်ထဲ မျက်နှာအပ်၍ ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ကျွန်မဆီမှာ လျှို့ဝှက် နည်းစနစ် တစ်ခု ရှိတယ်... ဒါပေမဲ့ ကျွန်မတို့ အနက်ရှိုင်းဆုံး အဆင့်ထိ ချိတ်ဆက် နှောင်ဖွဲ့မှ ရမှာ"
"အဟမ်း... အဲ့လိုလုပ်ဖို့က တကယ်ရော ကောင်းပါ့မလား"
" အစ်ကိုကြီး... ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ စပြီး ဆုံးရှုံးနေပြီ ဆိုတာ သတိမထားမိဘူးလား"
"ဒါဆိုလည်း သွားကြတာပေါ့" လင်းလုံအား ပွေ့ဖက်ထားရင်း သူတို့နှစ်ယောက်လုံး လေထဲတွင် ပျောက်ကွယ်သွားကြသည်။ နောက်တစ်ခဏတွင် သူတို့က အခန်းတစ်ခုထဲရှိ ဖီနဂါးနစ် ကောင်းကင်နှလုံးသား ကုတင်ပေါ်၌ ထွက်ပေါ်လာခဲ့လေပြီ။
ဤကုတင်ကြီး၏ ထူးခြားသော စွမ်းဆောင်ရည်မှာ လူတစ်ယောက်ထက် ပို၍ အိပ်စက်မှသာ အသက်ဝင်မည် ဖြစ်သောကြောင့် ကျန်းမင်လည်း နောက်ဆုံးတွင် ထုတ်ယူ အသုံးပြုလိုက်ခြင်းပင်။
"စီနီယာ အစ်ကိုကြီး... ဒါက ဘယ်လို ကုတင်မျိုးလဲ... အရမ်းကို ထူးခြားတဲ့ ပုံစံပဲ... အစ်ကိုကြီး တမင်သက်သက် ပြင်ဆင်ထားတာများလား"
"မင်း သဘောကျရဲ့လား"
"အစ်ကိုကြီး... အစ်ကိုကြီးက တကယ်ကို မစောင့်နိုင်တော့တာပဲ"
"ကိုယ့်ခန္ဓာကိုယ်ကို တပ်မက်နေတာ မင်း မဟုတ်ဘူးလား"
"ဟွန့်... ဒါဆိုလည်း ကျွန်မ သွားတော့မယ်"
"သွားချင်တယ် ဟုတ်လား... နောက်ကျသွားပြီ "
မျက်တောင်တစ်ခတ် အတွင်းမှာပင် သုံးရက်တာ ကုန်လွန်သွားခဲ့လေပြီ။
ကျန်းမင်ကို ခေါင်မိုးထက်တွင် တစ်ဖန် ပြန်လည် မြင်တွေ့ရတော့သည်။
တောင်အနောက်ဘက် ချောက်ကမ်းပါး ဘေးတွင်တော့ ရှီယောင် တစ်ယောက် အဝေးသို့ ငေးကြည့်နေပြီး အထီးကျန်ဆန်နေပုံ ပေါ်၏။
ဤသုံးရက်အတွင်း သူမက အိမ်တော်ထဲသို့ ဝင်ရောက်လိုခဲ့သော်လည်း အိမ်တော်တစ်ခုလုံး အတားအဆီးများဖြင့် ပိတ်လှောင်ခံထားရသည်။
ကျန်းမင်က သူမကို မြင်သော်လည်း အကြည့်ကို ချက်ချင်း ပြန်လွှဲလိုက်သည်။ ထို့နောက် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း သူ့ခါးကိုသူ ပြန်နှိပ်နယ်နေရ၏။
"ကျင့်ကြံသူ တစ်ယောက် ဖြစ်ရတဲ့ တစ်ခုတည်းသော အကျိုးကျေးဇူးက ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ခံနိုင်ရည်နဲ့ အာရုံခံနိုင်စွမ်းတွေ ကောင်းမွန်နေတာပဲ" ကျန်းမင်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။
"စီနီယာ အစ်ကိုကြီး" ဓာတ်ကြီးငါးပါး လင်းလုံက လျှောက်လာပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း နောက်ပြောင်လိုက်သည်။ "အစ်ကိုကြီး အားပြန်ပြည့်အောင် စွပ်ပြုတ် တစ်အိုးလောက် ချက်ပေးရမလား"
ကျန်းမင်က သူ့ဂုဏ်သိက္ခာကို ကာကွယ်သည့် အနေဖြင့် ငြင်းဆန်ကာ…"မလိုပါဘူး... ကိုယ် ခံနိုင်ပါသေးတယ်"
"တကယ်လား" ဓာတ်ကြီးငါးပါး လင်းလုံ၏ မျက်လုံးများ လင်းလက်သွားပြီး ဆက်ပြောလိုက်သည်။ "ဒါဆိုလည်း အခန်းထဲ ပြန်သွားကြရအောင်လေ"
ကျန်းမင်၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ကိုယ်တို့ အခုလေးတင် ထွက်လာတာ မဟုတ်ဘူးလား"
"အစ်ကိုကြီးက သူမနဲ့အတူ ထွက်လာတာလေ... ကျွန်မနဲ့မှ မဟုတ်တာ... ကျွန်မတို့က နှလုံးသား တစ်ခုတည်းကို မျှဝေထားတာ... ခန္ဓာကိုယ် တစ်ခုတည်းကိုမှ မဟုတ်တာ" ဓာတ်ကြီးငါးပါး လင်းလုံက ပြုံးလျက် ရှင်းပြလေသည်။
သူမက ကျန်းမင်၏ လည်ပင်းကို အနောက်မှ သိုင်းဖက်လိုက်ပြီး သူ့ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။ "ဒီညလည်း အစ်ကိုကြီးက သတို့သားလောင်းပဲနော်"
ကျန်းမင်၏ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။
"အစ်ကိုကြီး... ကျွန်မသာ မတူညီတဲ့ ကိုယ်ပွား ၃၆၅ ခုကို ကျင့်ကြံလိုက်မယ် ဆိုရင် ဘယ်လိုထင်လဲ... " ဓာတ်ကြီးငါးပါး လင်းလုံက ခပ်တိုးတိုး အကြံပြုလာသည်။
ထိုစကားကြောင့် ကျန်းမင်၏ မျက်လုံးများ တောက်ပလာခဲ့၏။
"ယောက်ျားတွေ အကုန်လုံးက တကယ်ကို ဆိုးသွမ်းတာပဲ" ဓာတ်ကြီးငါးပါး လင်းလုံက ညည်းတွားရင်း ဘေးတွင် ဝင်ထိုင်လိုက်သည်။
လင်းလုံ၏ ရုတ်တရက် အပြောင်းအလဲများကြောင့် ကျန်းမင်မှာ ဘာလုပ်ရမှန်း မသိ ဖြစ်သွားရသည်။ သို့သော် တစ်ချိန်တည်းမှာပင် ကိုယ်ပွား ၃၆၅ ခု ဆိုသည်မှာ အနည်းငယ် နည်းနေမလားဟု သူ တွေးတောနေမိလေပြီ။
ထိုစဉ် ချန်ယိီမင် လျှောက်လာသည်ကို သူ မြင်လိုက်ရသည်။ ထို့ကြောင့် ချန်ယိီမင် ခေါင်မိုးပေါ်သို့ တက်လာနိုင်ရန် အိမ်တော်၏ အတားအဆီးများကို ချက်ချင်း ဖယ်ရှားပေးလိုက်၏။
ကျန်းမင်က လှမ်းမေးလိုက်သည်။ "စီနီယာ အစ်ကိုချန်... မျက်မှောင်ကြီး ကြုံ့လာတာ ကြည့်ရတာ တစ်ခုခု အရေးကြီးတဲ့ ကိစ္စများ ဖြစ်လို့လား"
"ဟုတ်တယ်... တကယ် အရေးကြီးတဲ့ ကိစ္စပဲ" ချန်ယိီမင်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်တော့သည်။
End
***