ချန်ယိီမင် ယူဆောင်လာသော သတင်းမှာ ရိုးရှင်းလှ၏။ ချင်းပြည်နယ်ရှိ အရွယ်အစား မျိုးစုံသော အဖွဲ့အစည်း အားလုံးက ကျိုယန်ဂိုဏ်းသို့ စုရုံးရောက်ရှိလာကြခြင်းပင်။ ထိုအထဲတွင် အားအနည်းဆုံး သူများပင်လျှင် ခရမ်းရောင်နန်းတော် အဆင့်၌ ရှိနေကြသည်။
သူတို့က တရားမျှတမှုကို ဖော်ဆောင်မည်ဟူသော အကြောင်းပြချက်ဖြင့် ရောက်လာကြပြီး ယင်မိစ္ဆာဂိုဏ်းမှ အကြွင်းအကျန်များကို အဘယ်ကြောင့် ကာကွယ်ပေးထားရသနည်း ဆိုသည်နှင့် ပတ်သက်၍ ကျိုယန်ဂိုဏ်းအား ရှင်းလင်းချက် တောင်းဆိုနေကြ၏။
သူတို့၏ အော်ဟစ်သံများက ကျယ်လောင်လွန်းလှပြီး ဤလှုပ်ရှားမှုကြီးမှာ အရှေ့ပိုင်းဒေသ တစ်ဝက်ခန့်အထိ ပျံ့နှံ့သွားခဲ့လေပြီ။ ချင်းပြည်နယ် အတွင်းမှ မဟုတ်သော အခြား အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူ အချို့ပင်လျှင် ဤစစ်ပွဲကြီးထဲ၌ ပါဝင်လာခဲ့ကြသည်။
ချန်ယိီမင်က စိုးရိမ်တကြီးဖြင့် ပြောလာ၏။ "ဒါက ငါတို့ ကျိုယန်ဂိုဏ်းအတွက်တော့ ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပဲ... အမှန်တကယ် ပြောရရင် ယင်မိစ္ဆာဂိုဏ်းဝင် တစ်ယောက် ဖြစ်နေတဲ့ ပထမခေါင်းဆောင် တစ်ယောက် ငါတို့ဆီမှာ ရှိနေတာကို ငြင်းလို့ မရဘူးလေ... အရှေ့ပိုင်းဒေသ တစ်ခုလုံးမှာ ယင်မိစ္ဆာဂိုဏ်းကို မမုန်းတဲ့သူ ဘယ်သူရှိလို့လဲ... ဒါကြောင့် ငါတို့ ဘာမှ ရှင်းပြခွင့်တောင် မရနိုင်ဘူး... ဒါ့အပြင် တစ်ယောက်ယောက်က အခြေအနေ တစ်ခုလုံးကို ပိုဆိုးသွားအောင် လုပ်နေတယ်... ငါတို့ကို စင်မြင့်ပေါ် ဆွဲတင်ပြီး လောကကြီး တစ်ခုလုံးရဲ့ ရန်သူ ဖြစ်အောင် လုပ်နေတာ... ငါတို့ကို အမြစ်ပြတ် ချေမှုန်းပစ်ဖို့တောင် ကြိုးစားနေတာလေ... အဲ့ဒီအထဲမှာ ချင်းယွင်ဂိုဏ်းလည်း ပါနေမလားလို့တောင် သံသယ ဝင်မိတယ်... ခေါင်းဆောင်ကျန်း... ဒီစမ်းသပ်မှုကြီးကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်း တစ်ခုခုများ ရှိလား"
"အစ်ကိုကြီးကိုပဲ အရာအားလုံး ဖြေရှင်းခိုင်းမလို့လား... ဒါက ဂိုဏ်းချုပ်နဲ့ တခြား ပထမခေါင်းဆောင်တွေ အားလုံးရဲ့ တာဝန်လေ" ဇီလင်းလုံက ဂရုမစိုက်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"အခြေအနေတွေ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့" ကျန်းမင်က ရယ်မောလိုက်၏။
ချန်ယိီမင်မှာ ဘာမှ သိပ်မလုပ်နိုင်တော့သဖြင့် ခါးသီးစွာသာ ပြုံးလိုက်တော့သည်။ သူက ကျန်းမင် ပြောသည့်အတိုင်းသာ လုပ်ဆောင်နိုင်၏။ ခေတ္တမျှ တွေဝေပြီးနောက် နှုတ်ဆက်ကာ လောင်ယန် တောင်ထွတ်ဆီသို့ ပြန်သွားလေတော့သည်။
"စီနီယာ အစ်ကိုကြီး... ချန်ယိီမင် ပြောပုံအရ ဆိုရင် တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပြီ... တစ်ယောက်ယောက်က ဒီကိစ္စ တစ်ခုလုံးကို ခြယ်လှယ်နေပုံပဲ... ဒါက ငါတို့ ကျိုယန်ဂိုဏ်းကို ချောက်ကမ်းပါး အစွန်းရောက်အောင် တွန်းပို့နေတာ... ကျွန်မ သွားပြီး စုံစမ်းကြည့်ရမလား" လင်းလုံက စဉ်းစားခန်း ဝင်နေရင်း မေးလိုက်သည်။
"မလိုပါဘူး" ကျန်းမင်က ခေါင်းခါယမ်းလိုက်၏။ "ဘယ်သူ့ အကြံအစည်ပဲ ဖြစ်နေပါစေ... မကြာခင် သူတို့ဘာသာ ပေါ်လာလိမ့်မယ်... ဒါ့အပြင် ချင်းပြည်နယ်ထဲက ကနဦးဝိညာဉ် အဆင့်ထက် မြင့်တဲ့ ကျွမ်းကျင်သူ အားလုံးနီးပါးကို ကိုယ် သတ်ပစ်ခဲ့ပြီးပြီလေ... အဲ့ဒီ ပေါင်းစပ်ထားတဲ့ အဖွဲ့အစည်းတွေက ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ပါဘူး... ဂိုဏ်းချုပ်ကို သေမင်းနဲ့ အသက်ရှင်ခြင်း စိတ်ကူးယဉ်ပျောက်ကွယ်မှု အစီအရင်ပြား ပေးထားတာကို မမေ့နဲ့ဦး... ပြီးတော့ ပထမခေါင်းဆောင် ဟောင်ချန်လည်း ကနဦးဝိညာဉ် အဆင့်ကို ရောက်နေပြီလေ... ဒါကြောင့် သူတို့ ဒီအခြေအနေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ထင်ပါတယ်... တကယ်လို့ သူသာ ဒါကို ကောင်းကောင်း မဖြေရှင်းနိုင်ရင် ဂိုဏ်းချုပ် မဖြစ်သင့်တော့ဘူးပေါ့"
"စီနီယာ အစ်ကိုကြီးက အရမ်း မိုက်တာပဲ... သုခဘုံအဆင့် တစ်ယောက် ရောက်လာရင်ကော ဘယ်လိုလုပ်မလဲ"
"သေချာပေါက် သတ်ပစ်လိုက်ရုံပေါ့"
ကျန်းမင်၏ လက်ထဲတွင် စာအုပ်တစ်အုပ်က ဘယ်ကမှန်းမသိ ထွက်ပေါ်လာ၏။ သူက ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း တိတ်ဆိတ်စွာ စာဖတ်နေလိုက်သည်။
အပြင်ဘက်မှ ဆူညံပွက်လောရိုက်မှုများကို သူ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
ထိုစဉ် ရှီယောင်က လေထဲမှ လျှောက်လှမ်းလာခဲ့သည်။ ရောက်ရောက်ချင်းပင် သူမက ထူးဆန်းသော အမူအရာဖြင့် မေးလာ၏။ "ဒီအိမ်တော်က လွန်ခဲ့တဲ့ သုံးရက်ကတည်းက ပိတ်ထားတာနော်... နင်တို့ နှစ်ယောက် ကောင်းကင်နဲ့ လူသား တစ်သားတည်းကျ တာအိုကို ကျင့်ကြံနေကြတာလား"
"ကောင်းကင်နဲ့ လူသား တစ်သားတည်းကျ တာအို ဆိုတာ ဘာလဲ နင် သိလို့လား... ရှီယောင်... နင်က အပျိုလေးလိုပဲ ရှိနေသေးတာကို" လင်းလုံက နောက်ပြောင်သည့် အနေဖြင့် သူမကို အကဲခတ်လိုက်သည်။
ရှီယောင်၏ မျက်နှာ အနည်းငယ် နီမြန်းသွားပြီး လင်းလုံကို ဖက်လိုက်ကာ "ဒီကောင်မလေးကများ... ငါ့ကို လှောင်နေသေးတယ်"
"နင်က တကယ် ကြီးတာပဲ"
ရှီယောင်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သွားကို ကြိတ်မထားဘဲ မနေနိုင်တော့ချေ။ "လင်းလုံ... နင် ပြောင်းလဲသွားပြီ... ဟိုနှာဗူးကောင် ဝင်ပူးသွားတာများလား"
လင်းလုံက ကျန်းမင်ကို လက်ညှိုးထိုးပြကာ…
"ဟီးဟီး... ဟိုဘက်မှာ နှာဗူးကောင်ကြီး တစ်ကောင် ရှိတယ်လေ"
ရှီယောင်၏ မျက်နှာမှာ ပို၍ပင် နီရဲသွားတော့သည်။
တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိသဖြင့် ကျန်းမင် အနည်းငယ် မျက်မှောင်ကျုံ့သွားမိသည်။ ဓာတ်ကြီးငါးပါး လင်းလုံ၏ စရိုက်မှာ မူလခန္ဓာကိုယ်နှင့် ကွဲထွက်လာသည်ဟု သူ ခံစားလိုက်ရ၏။ သူတို့၏ အတွေးများ ထပ်တူ မကျတော့ဘဲ ဓာတ်ကြီးငါးပါး လင်းလုံတွင် သီးခြား ကိုယ်ရည်ကိုယ်သွေးများ စတင် ဖြစ်ပေါ်လာပြီလားဟု သူ တွေးတောနေမိလေပြီ။
ရှီယောင်နှင့် ဓာတ်ကြီးငါးပါး လင်းလုံတို့ ခေတ္တမျှ နောက်ပြောင်ပြီးနောက် ရှီယောင်က ဝင်ထိုင်လိုက်ပြီး ကျန်းမင်ကို လေးနက်စွာ ကြည့်ရင်း ပြောလာသည်။ "နင်တို့အားလုံးအတွက် အသုံးဝင်လောက်မယ့် သတင်းတချို့ ငါ ရထားတယ်"
"ဆက်ပြောလေ" ကျန်းမင်က ရှီယောင်ကို အကဲခတ်လိုက်ပြီး အထူးသဖြင့် သူမ၏ ရင်ဘတ်ဆီသို့ အကြည့် ရောက်သွား၏။ ထိုအကြည့် တစ်ချက်ကပင် သူ့နှလုံးသားကို တဒိတ်ဒိတ် ခုန်သွားစေသဖြင့် အလျင်အမြန်ပင် စာအုပ်ဆီသို့ အကြည့် ပြန်လွှဲလိုက်ရတော့သည်။
"ကျိုယန်ဂိုဏ်း ပစ်မှတ်ထား ခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ပဲ... တစ်ယောက်ယောက်က ဒီကိစ္စ တစ်ခုလုံးကို သွေးထိုးလှုံ့ဆော်နေတာ... ဒါပေမဲ့ သူတို့ ဘယ်သူလဲ ဆိုတာတော့ အတိအကျ ထောက်ပြဖို့ ခက်တယ်... ကျိုယန်ဂိုဏ်းက ယင်မိစ္ဆာဂိုဏ်းဝင် တစ်ယောက်ကို ဖုံးကွယ်ထားတယ် ဆိုတဲ့ သတင်းကလည်း အရမ်း မြန်မြန် ပျံ့နှံ့နေတယ်... မိသားစုတွေ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး ဂိုဏ်းတွေ ရှင်းလင်းခံခဲ့ရတဲ့ ကျွမ်းကျင်သူ အားလုံးနီးပါး အဲ့ဒီအကြောင်းကို သိနေကြပြီ... ပြီးတော့ ဖိုဂိုဏ်းရဲ့ တခြား အဖွဲ့အနည်းငယ်ကလည်း တစ်ချိန်တည်း လိုလိုမှာပဲ အဲ့ဒီသတင်းကို သိသွားကြတယ်" ရှီယောင်က ရှင်းပြလိုက်၏။ သူမက ချန်ယိမင်ထက် သတင်းပိုမို ရရှိထားပေသည်။
"သတင်းအချက်အလက် စုဆောင်းတဲ့ နေရာမှာ ရိယွဲ့ဂိုဏ်းရဲ့ စွမ်းရည်က တကယ်ကို ကောင်းတာပဲ" ကျန်းမင်က မှတ်ချက်ချလိုက်သည်။
"ဘာပဲဖြစ်ဖြစ် တော်ဝင်မြေ တစ်ခုပဲလေ" ရှီယောင်က သူမကိုယ်တိုင် လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ပြီးနောက် ဆက်ပြောသည်။ "အခု အရှေ့ပိုင်းဒေသက ကြီးကြီးမားမား ထိခိုက်ထားတော့ ကျုံးပြည်နယ်က အဖွဲ့အစည်း အများအပြားက ဒီအခွင့်အရေးကို ယူပြီး အကျိုးအမြတ် တချို့ ရယူချင်နေကြတယ်... အမှန်တကယ် ပြောရရင် ကျုံးပြည်နယ်က အဖွဲ့အစည်း တော်တော်များများလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်... ပြီးတော့ သေချာပေါက် ချင်းယွင်ဂိုဏ်းကလည်း တိတ်တဆိတ် ဝင်ပါနေတာပေါ့... ဒါကြောင့် အခြေအနေတွေက ပိုဆိုးလာတာ သဘာဝပဲလေ"
ကျန်းမင်က သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သဖြင့် ခေါင်းညိတ်မိ၏။
ကျန်းမင် တစ်ယောက် တည်ငြိမ်စွာ နေနိုင်သည်ကို မြင်လျှင် ရှီယောင်မှာ ထူးဆန်းသည်ဟု ခံစား နေရသည်။ သူမက ဆက်ပြောလာ၏။ "ကျိုးမင်းဆက်ကြီးရဲ့ ၁၈ ယောက်မြောက် မင်းသားက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး လူသိရှင်ကြား ပြန်ရောက်လာပြီ... သူမှာ ရည်ရွယ်ချက် နှစ်ခု ရှိမယ်လို့ ငါ ခန့်မှန်းရတယ်... ပထမတစ်ခုက သူ့သြဇာအာဏာကို ချဲ့ထွင်ဖို့နဲ့ ဒုတိယတစ်ခုက ကျိုယန်ဂိုဏ်းကို ပစ်မှတ်ထားဖို့ပဲ... ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ အကြိမ် သူလာတုန်းက အရှက်ကွဲခဲ့ရတာကိုး"
"၁၈ ယောက်မြောက် မင်းသား..." ကျန်းမင်က စာအုပ်ကို ပိတ်လိုက်ပြီး ဆက်ပြောသည်။ "အသက်ရှင်နေရတာ ပိုမကောင်းဘူးလား... သူက ဘာလို့ အသေးအဖွဲ ကိစ္စလေးတွေအတွက် ပူပန်နေရတာလဲ"
ရှီယောင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ကျန်းမင်ကို သတိပေးလိုက်၏။ "အဲ့ဒါက ကျိုးမင်းဆက်ကြီးရဲ့ ၁၈ ယောက်မြောက် မင်းသားနော်... သူသာ အသတ်ခံလိုက်ရရင် နင်လည်း အင်ပါယာ မင်းဆက်ရဲ့ ချေမှုန်းတာကို ခံရမှာ သေချာတယ်"
ကျန်းမင်က ပြုံးလိုက်ပြီး ထိုကိစ္စကို ဆက်လက် အာရုံမစိုက်တော့ချေ။
တိုင်ယန် တောင်ထွတ်၏ ခန်းမဆောင်ကြီး အတွင်းတွင်မူ...
"လူကြီးမင်းတို့... အခု ငါတို့ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီ... သူတို့က ငါတို့ကို ယင်မိုဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲနေကြတယ်... ငါတို့က ယင်မိစ္ဆာဂိုဏ်း ချန်ထားခဲ့တဲ့ မျိုးစေ့လို့လည်း ပြောနေကြသေးတာ... ချင်းပြည်နယ်က အရွယ်အစား မျိုးစုံတဲ့ အဖွဲ့အစည်း အားလုံး ဒီကို ရောက်နေကြပြီ... တခြား ပြည်နယ်က ကျွမ်းကျင်သူတွေလည်း ငါတို့ကို စစ်ချီဖို့ သူတို့နဲ့ ပူးပေါင်းနေကြတယ်... ဒါကို ဖြေရှင်းဖို့ ငါတို့ ဘာလုပ်နိုင်မယ် ထင်လဲ" ဂိုဏ်းချုပ် ယန်ယန်က ထိုနေရာရှိ လူအားလုံးကို အရေးကြီးသော မေးခွန်းတစ်ခု မေးလိုက်၏။
"တစ်ခုခုတော့ အရမ်း မှားယွင်းနေပြီ... ငါတို့က ချင်းပြည်နယ်ကို ဦးဆောင်နေတာ ကြာပြီ ဖြစ်ပြီး ငါတို့အပေါ် မှီခိုနေရတဲ့ မျိုးနွယ်စုတွေနဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိတယ်လေ... ပြီးခဲ့တဲ့ အကြိမ် ငါတို့ ပစ်မှတ်ထား ခံရတုန်းက သူတို့ထဲက အများစုက ငါတို့နဲ့ အတူတူ ရှိနေခဲ့ကြတာပဲ... ဒါပေမဲ့ အခု ဘာလို့ ငါတို့ကို ဆန့်ကျင်နေကြတာလဲ... အထူးဆန်းဆုံး အချက်က သူတို့ထဲက တစ်ယောက်မှ ငါတို့ကို တိတ်တဆိတ် သတိမပေးခဲ့ဘူး... ငါတို့ကို ဆန့်ကျင်ဖို့ ခြိမ်းခြောက်ခံရရင်တောင် သူတို့အတွက် ထွက်ပေါက်တစ်ခု ချန်ထားဖို့ အနည်းဆုံးတော့ ငါတို့ကို သတိပေးသင့်တယ် မဟုတ်ဘူးလား... ဒါကြောင့် တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပြီ... သူတို့က မခုခံနိုင်တဲ့ စွမ်းအား တစ်ခုခုကို ရင်ဆိုင်နေရတာ ဒါမှမဟုတ် ခြယ်လှယ်ခံနေရသလိုပဲ" ချူယန် တောင်ထွတ်၏ ပထမခေါင်းဆောင် ကျန်းရန်က ပြောလိုက်သည်။
"ဒါက အကြံအစည် တစ်ခုပဲ ဖြစ်ဖြစ်၊ သူတို့ မခုခံနိုင်တဲ့ စွမ်းအား တစ်ခုခုကို ရင်ဆိုင်နေရတာပဲ ဖြစ်ဖြစ်၊ ခြယ်လှယ်ခံနေရတာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်နေပါစေ အရေးမကြီးပါဘူး... အရေးအကြီးဆုံးက ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီး ချင်းပြည်နယ်က အမှိုက်တွေ အကုန်လုံးကို ရှင်းလင်းပစ်လို့ ရတယ် ဆိုတာပဲ... အဲ့ဒါဆို အခုကစပြီး ငါတို့က ချင်းပြည်နယ်မှာ တစ်ခုတည်းသော သြဇာအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာလိမ့်မယ်" ယီယန် တောင်ထွတ်၏ ပထမခေါင်းဆောင် တုန်းဖန်လဲ့က ကြမ်းတမ်းစွာ ဝင်ပြောလိုက်၏။
"ဒါပေမဲ့ ငါတို့ရဲ့ ရန်သူတွေက ချင်းပြည်နယ်ထဲက အဖွဲ့အစည်းတွေချည်းပဲ မဟုတ်ဘူး ဆိုတာ တွေးမိရဲ့လား... ဖိုဂိုဏ်းရဲ့ အဖွဲ့ ခြောက်ဖွဲ့က ကျွမ်းကျင်သူတွေ၊ တခြား ပြည်နယ်တွေက လူတွေနဲ့ ချင်းယွင်ဂိုဏ်းတောင် ပါသေးတယ်... ငါတို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ကြမလဲ... ငါတို့သာ သေချာ သတိမထားရင် ဂိုဏ်း ဖျက်ဆီးခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်" ကျန်းရန်က ပြန်လည် ချေပလိုက်သည်။
လောင်ယန် တောင်ထွတ်၏ ပထမခေါင်းဆောင် ချန်မင်ကလည်း ရေဘူးကို ဆုပ်ကိုင်ထားရင်းမှ သူ့ အတွေးများကို ထုတ်ဖော် ပြောလာ၏။ "တကယ်လို့ ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ အနည်းငယ်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ... ကနဦးဝိညာဉ် အဆင့်ထက် သန်မာတဲ့ ကျွမ်းကျင်သူတွေက ငါတို့ကို တိတ်တဆိတ် တိုက်ခိုက်လာရင်ကော ဘယ်လိုလုပ်မလဲ"
ဤသည်မှာ အမှန်တကယ်ပင် လေးနက်သော ကိစ္စတစ်ခု ဖြစ်၏။
တိုက်ခိုက်သူများက ချင်းပြည်နယ် အတွင်းမှ ဖြစ်မည် ဆိုလျှင် သူတို့ ကြောက်ရွံ့နေမည် မဟုတ်ပေ။ သို့သော် ယခုအခါ အရှေ့ပိုင်းဒေသ တစ်ခုလုံးနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ မည်သူက စိတ်အေးလက်အေး နေနိုင်မည်နည်း။
ပထမခေါင်းဆောင် ယင်ယွဲ့နှင့် ပထမခေါင်းဆောင် ဂူဟိုင် တို့ကမူ တိတ်ဆိတ်စွာပင် ထိုင်နေကြသည်။
သူတို့က လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ပြန်ရောက်လာခဲ့ကြပြီး ဂိုဏ်းပိုင်နက် အတွင်း တည်ဆောက်ထားသော မြို့တစ်မြို့တွင် နေထိုင်နေကြခြင်းပင်။ ဂိုဏ်းချုပ်၏ ဆင့်ခေါ်မှုကြောင့်သာ ဤနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ဂိုဏ်းချုပ်က ဂူဟိုင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် စကားစလိုက်၏။ "ငါတို့ ဂိုဏ်းထဲကို ခြေချလာမယ့် မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ မှန်သမျှကို ငါ သတ်ပစ်မယ်... ပြီးတော့ သုခဘုံအဆင့် ကျွမ်းကျင်သူတွေကိုလည်း ထောင်ချောက်ဆင်ပြီး သတ်ပစ်နိုင်တယ်... ဒါကြောင့် စိတ်မပူကြပါနဲ့"
ပထမခေါင်းဆောင် အနည်းငယ်မှာ ဂိုဏ်းချုပ်၏ စကားများကို ကြားပြီး အံ့အားသင့်သွားကြလေသည်။
"ဂိုဏ်းချုပ်... ဘာလို့ ဒီလို ပြောနိုင်ရတာလဲ" ကျန်းရန်က မေးလိုက်၏။
"စီနီယာ အစ်ကိုကျန်း... ဒါက လျှို့ဝှက်ချက် တစ်ခုပဲ" ဂိုဏ်းချုပ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဒီလိုဆိုမှတော့ ငါလည်း စိတ်အေးသွားပြီ... ငါတို့က သုခဘုံအဆင့် ကျွမ်းကျင်သူတွေကိုတောင် ခုခံနိုင်စွမ်း ရှိနေမှတော့ တခြား ဘာကို ကြောက်စရာ လိုသေးလို့လဲ... ယွဲ့ချန်က သူလျှို တစ်ယောက် ဖြစ်တယ် ဆိုတဲ့ သတင်းကို ဖြန့်လိုက်ကြရအောင်... သူတို့ ယုံတာ၊ မယုံတာ သူတို့အပိုင်းပဲ... ပြီးတော့ ငါတို့ ပိုင်နက်ထဲကို လီ (၁၀၀) ကျော် ဝင်လာတဲ့ သူတိုင်းက ငါတို့ကို စစ်ကြေညာတာ ဖြစ်ပြီး ငါတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အရေးယူမယ် ဆိုတာကိုလည်း ကြေညာလိုက်မယ်... အရှေ့ပိုင်းဒေသ တစ်ခုလုံး အားနည်းနေတုန်း ချင်းပြည်နယ်ကို ရှင်းလင်းပြီး နယ်မြေချဲ့ထွင်ဖို့ ဒီအခွင့်အရေးကို အသုံးချလို့ ရတာပဲ" ကျန်းရန်က မျက်လုံးများ တောက်ပစွာဖြင့် ပြောလိုက်၏။
"ငါ သဘောတူတယ်" တုန်ဖန်းလီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကျုံ့ကာ မေးလိုက်၏။ "ဂိုဏ်းချုပ်... သုခဘုံအဆင့် ကျွမ်းကျင်သူတွေကို သတ်နိုင်တယ် ဆိုတာ သေချာရဲ့လား... ဘာလို့လဲဆိုတော့ ဖိုဂိုဏ်းရော ချင်းယွင်ဂိုဏ်းမှာပါ သုခဘုံအဆင့် ကျွမ်းကျင်သူတွေ ရှိနေလို့လေ"
ဂိုဏ်းချုပ်က တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိတ်ရုံသာ ပြုလုပ်လိုက်သည်။
"ဒါဆိုရင် ယွဲ့ချန်ရဲ့ နောက်ခံအကြောင်းကို ငါတို့ အခုလေးတင်မှ သိလိုက်ရတာ ဖြစ်ကြောင်း ပြောပြီး သူတို့ကို အရင်ဆုံး ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတာပေါ့... တကယ်လို့ သူတို့က မယုံဘဲ ငါတို့ ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာရင်တော့ ဟီးဟီး... သူတို့ကိုယ်တိုင် သွေးချောင်းစီးဖို့အတွက် အကြောင်းပြချက်ကောင်း တစ်ခု ပေးလိုက်တာပဲ ဖြစ်မှာ... မဟုတ်ဘူး... သွေးချောင်းစီးတာ မဟုတ်ဘူး... ချင်းပြည်နယ်ထဲက မသန့်ရှင်းတာတွေကို သန့်စင်လိုက်တာပဲ" တုန်းဖန်လဲ့က မဲ့ပြုံး ပြုံးလိုက်၏။
ထိုနေရာရှိ လူအားလုံးက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
အစည်းအဝေး ပြီးဆုံးသွားသဖြင့် သူတို့ အားလုံး ထွက်ခွာသွားကြတော့သည်။ ကုဟိုင် တစ်ယောက်တည်းကိုသာ ကျန်ရစ်နေခဲ့ရန် တောင်းဆိုခံခဲ့ရ၏။
"ငါ သေမင်းနဲ့ အသက်ရှင်ခြင်း စိတ်ကူးယဉ်ပျောက်ကွယ်မှု အစီအရင်ပြားကို သန့်စင်ပြီး ဂိုဏ်းရဲ့ မဟာ အစီအရင်ကြီးနဲ့ ပေါင်းစပ်လိုက်ပြီ... အဲ့ဒီရဲ့ ကြောက်မက်ဖွယ် စွမ်းအားနဲ့ ဆိုရင် သုခဘုံအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို ထောင်ချောက်ဆင်နိုင်လိမ့်မယ်လို့ ထင်တယ်" ဂိုဏ်းချုပ်မှာ အစောပိုင်းကလောက် ယုံကြည်မှု မရှိတော့ပေ။ ထိုအစား စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "ဒါပေမဲ့ သုခဘုံအဆင့် ဒါမှမဟုတ် အန္တိမအဆင့် အနည်းငယ်လောက် ရောက်လာရင် ဘယ်လိုလုပ်မလဲ... သူတို့ကို တားဆီးနိုင်မလား ဆိုတာလောက်တော့ ပြောပြပေးပါလား"
နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်ချိန်တွင် သူက ချူယန် တောင်ထွတ်ဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။
သူက သေမင်းနဲ့ အသက်ရှင်ခြင်း စိတ်ကူးယဉ်ပျောက်ကွယ်မှု အစီအရင်ပြားကို ရရှိခဲ့ပြီး ဟွေ့ရှင်း အပါအဝင် ဂိုဏ်းကို ဝိုင်းရံထားသူ အားလုံး အသတ်ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင် ဇီလင်းလုံ၌ အနည်းဆုံး အန္တိမ အဆင့်ရှိ မဟာကျွမ်းကျင်သူ တစ်ယောက် ကာကွယ်ပေးနေကြောင်း နားလည်သွားခဲ့၏။
မဟုတ်လျှင် ထိုမဟာကျွမ်းကျင်သူက ဖိုဂိုဏ်းမှ သုခဘုံအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို မည်သို့ သတ်ဖြတ်နိုင်မည်နည်း။
"ချင်းယွင်ဂိုဏ်းက လူတွေသာ ရောက်မလာဘူး ဆိုရင်တော့ စိတ်ပူစရာ မလိုပါဘူး" ဂူဟိုင်က ခေတ္တမျှ တွေဝေပြီးနောက် ပြန်ဖြေလိုက်သည်။
"အဘိုးဂူ... နောက်တစ်ခေါက်လောက် သွားပြီး ထပ်အတည်ပြုကြည့်ပေးပါလား... ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ဂိုဏ်းရဲ့ ရှင်သန်မှုနဲ့ သက်ဆိုင်နေလို့ပါ"
"ကောင်းပါပြီ"
ဂိုဏ်းချုပ်က ဂူဟိုင် ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်၏။
"ကျစ်... ဒီလောကကြီးကို ငါ တကယ် နားမလည်နိုင်တော့ဘူး... ပထမဆုံး အရှေ့ပိုင်းဒေသရဲ့ ဘေးအန္တရာယ်ကြီး... ပြီးတော့ ယင်မိုဂိုဏ်းတို့ ဘာတို့ အကုန်လုံး ညတွင်းချင်း ရှင်းလင်းခံလိုက်ရတယ်... အဲ့ဒီနောက် ကျိုယန်ဂိုဏ်း အလှည့် ရောက်လာတယ်... ဒါပေမဲ့ အဲ့ဒါကလည်း ညတွင်းချင်း ပြေလည်သွားခဲ့ပြန်တယ်... အဲ့ဒါ ပြီးပြီလို့ ထင်နေတာ... အခုကျတော့ နောက်ထပ် စစ်တပ်ကြီး တစ်ခု ရောက်လာပြန်ပြီ... သောက်ကျိုးနည်းကောင်တွေ" ဂိုဏ်းချုပ် တစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ခေါင်းကုတ်လိုက်တော့သည်။
End
***