ချူယန် တောင်ထွတ်တွင်တော့...
"မင်လေး... ဆရာတော့ စိတ်ပူနေတုန်းပဲ... ပြောစမ်းပါဦး... ချင်းယွင်ဂိုဏ်းကသာ ငါတို့ကို တိုက်ခိုက်ဖို့ ပူးပေါင်းလာရင် ဘာလုပ်ကြမလဲ... ငါတို့ သူတို့ကို တားဆီးနိုင်ပါ့မလား... အဆိုးရွားဆုံး အခြေအနေ အတွက်ပါ ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်... ကျေးဇူးပြုပြီး နောက်မနေပါနဲ့... ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ဂိုဏ်းရဲ့ ရှင်သန်မှုနဲ့ သက်ဆိုင်နေတဲ့ ကိစ္စလေ" ဂူဟိုင် ပြန်ရောက်ရောက်ချင်းပင် ကျန်းမင်ကို တိုက်ရိုက် မေးခွန်းထုတ်တော့သည်။
"ဆရာ... စိတ်မပူပါနဲ့... တကယ်လို့ ချင်းယွင်ဂိုဏ်းကသာ လာတိုက်ရဲရင် ကျိုယန်ဂိုဏ်းကို အရှေ့ပိုင်းဒေသရဲ့ တစ်ခုတည်းသော တော်ဝင်မြေ ဖြစ်လာအောင် ကျွန်တော် လုပ်ပေးမယ်" ကျန်းမင်က လေးနက်စွာဖြင့် ကတိပေး၏။
"ကြွားလုံး မထုတ်စမ်းနဲ့... အဆိုးရွားဆုံး အခြေအနေကိုသာ ပြောပြစမ်းပါ" ဂူဟိုင်မှာ ထိုအဖြေကို သဘောမကျပေ။ ဤဂိုဏ်းမှာ သူ့ အိမ်ဖြစ်သောကြောင့် ဂိုဏ်းအတွက် အလွန် စိုးရိမ်ပူပန်နေခြင်း ဖြစ်၏။
"ကျွန်တော် ပြောပြရင်တောင် ဆရာ ယုံမှာ မဟုတ်ပါဘူး... ယင်မိစ္ဆာဂိုဏ်း၊ လုံယွမ် နဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့ ကို ရှင်းလင်းပစ်ခဲ့တာ ကျွန်တော်ပါပဲ" ကျန်းမင်က ပြောလိုက်သည်။
"သောက်ကျိုးနည်း... မင်းကတော့ လွန်လာပြီ... ကြွားလုံး မထုတ်ဘဲ မနေနိုင်ဘူးလား... နောက်တစ်ခါ အဓိပ္ပာယ် မရှိတာတွေ ထပ်ပြောရင် မင်းကို အပြစ်ပေးရလိမ့်မယ်" ဂူဟိုင် ဒေါသထွက်သွားတော့၏။
"ကျွန်တော်နဲ့ လိုက်ခဲ့ပါ... ကိုယ်တိုင် ပြပါ့မယ်" ကျန်းမင်မှာ ဘာလုပ်ရမှန်း မသိတော့ပေ။ ထို့ကြောင့် သူ မတ်တပ်ထရပ်ပြီး တောင်နောက်ဘက်ဆီသို့ ပျံသန်းသွားလေသည်။
ဂူဟိုင် တစ်ယောက် ခေါင်းရှုပ်သွားသော်လည်း အနောက်မှ လိုက်ပါသွား၏။
လမ်းခုလတ်တွင် ချောက်ကမ်းပါးဘေး၌ မတ်မတ်ရပ်နေဆဲ ဖြစ်သော တိုက်ပွဲဝင် ရုပ်သေးရုပ်ကို သူ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအကြည့်က သူ့ကို အနည်းငယ် ယုံကြည်သွားစေသော်လည်း ယခုထိ အဓိပ္ပာယ် မရှိသေးဟု ခံစားနေရဆဲပင်။
ချိတ်ပိတ်ထားသော ဝိညာဉ်စိုက်ခင်းသို့ ရောက်သောအခါ သူ့ ပါးစပ် အဟောင်းသားဖြင့် မှင်သက်သွားတော့သည်။
"မင်... မင်လေး... ဒါ၊ ဒါက စိတ်ကူးယဉ် ပုံရိပ်ယောင် မဟုတ်ဘူးမလား" ဂူဟိုင် စကားထစ်သွား၏။
သူက အထွတ်အထိပ်အဆင့် ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်သစ်သီးများကို နေရာအနှံ့ တွေ့မြင်နေရသည်။ စူးရှတောက်ပသော အင်မော်တယ် အလင်းတန်းများ ယှက်နွှယ်နေပြီး တာအို လှိုင်းဂယက်များ စုစည်းနေကာ လေထုထဲတွင် ဝိညာဉ်အဆီအနှစ်များဖြင့် ဖွဲ့စည်းထားသော မြူခိုးများ ပြည့်နှက်နေ၏။ မြေပြင်ပေါ်တွင် စီးဆင်းနေသော မြစ်ရေများမှာလည်း ဝိညာဉ်အရည်များချည်းပင်။
ထို့အပြင် လူပုလေး လေးယောက် ပျံသန်းနေသည်ကို မြင်တွေ့ရပြီး အရပ်ရှည်ရှည် သစ်ပင် မိစ္ဆာ အနည်းငယ်ကိုလည်း တွေ့လိုက်ရသေးသည်။
သောက်ကျိုးနည်း... အခုလေးတင် သူ ဘာတွေ မြင်လိုက်ရတာလဲ။ ဝိညာဉ်သလင်းကျောက် တောင်ကြီး တစ်တောင်လား။ မဟုတ်သေးဘူး... အထွတ်အထိပ်အဆင့်ထက် ကျော်လွန်နေတဲ့ သလင်းကျောက် တချို့ ဖြစ်ရမယ်ဟု သူ တွေးလိုက်မိသည်။ တောင်ပေါ်တွင် မြှုပ်နှံထားသော ပုတီးစေ့ကို အာရုံခံကြည့်ရန် ကြိုးစားလိုက်ရာ ၎င်းအတွင်းရှိ ကြီးမားလှသော ဝိညာဉ်အဆီအနှစ်များက သူ့ကို တုန်လှုပ်သွားစေတော့၏။
ဝိညာဉ်စမ်းရေတွင်း တစ်ခုကိုလည်း သူ မြင်လိုက်ရသေးသည်။ 'နေဦး... ဝိညာဉ်စမ်းရေတွင်း ဟုတ်လား... အဲ့ဒါက ဘာကြီးလဲ... ဒါပေမဲ့ ဘာလို့ အဲ့ဒီရဲ့ အငွေ့အသက်က ငါ့စိတ်ဝိညာဉ်ကို တုန်ယင်သွားစေရတာလဲ'
ကုဟိုင် တစ်ယောက် သူ မြင်တွေ့နေရသည့် အရာများကြောင့် အလွန်တရာ အံ့အားသင့်နေမိသည်။
ထိုအခိုက်အတန့်တွင် ကျန်းမင်က စတင် ရှင်းပြတော့၏။ "ဆရာ... ကျွန်တော် အထွတ်အထိပ် အင်မော်တယ် အခွင့်အရေး တစ်ခု ရခဲ့တာ... ဖန်ကူး အင်မော်တယ် ဘုရင် လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်တဲ့ အထွတ်အထိပ် တည်ရှိမှု တစ်ခုက ကျွန်တော့်ရဲ့ အိပ်မက်ထဲမှာ တရားဟောပြခဲ့ပြီး အကျိုးကျေးဇူး အများကြီးလည်း ပေးသနားခဲ့တယ်... သေမင်းနဲ့ အသက်ရှင်ခြင်း စိတ်ကူးယဉ်ပျောက်ကွယ်မှု အစီအရင်ပြား နဲ့ တိုက်ပွဲဝင် ရုပ်သေးရုပ် တွေ အကုန်လုံးက ကျွန်တော့်ကို ပေးထားတဲ့ အသေးအဖွဲ ပစ္စည်းလေးတွေချည်းပဲ... သေးငယ်တဲ့ အရာလေးတွေပါ ဆရာ... နားလည်လား"
"ငါ ပိုပြီးတောင် ခေါင်းရှုပ်သွားပြီ" ကုဟိုင်က တွေဝေနေသော အမူအရာဖြင့် ပြန်ဖြေလိုက်၏။ တိုက်ပွဲဝင် ရုပ်သေးရုပ်နှင့် အထွတ်အထိပ်အဆင့် အစီအရင်ပြား နှစ်ခုလုံးမှာ အသေးအဖွဲ ပစ္စည်းလေးများသာ ဖြစ်သည်ဟု သူ စိတ်ကူးပင် မယဉ်နိုင်ချေ။ အိပ်မက်ထဲတွင် တရားဟောပြခြင်းနှင့် ဖန်ကူး အင်မော်တယ် ဘုရင် ဆိုသည်မှာကော ဘာကို ဆိုလိုတာလဲ။
ခဏအကြာတွင် ကုဟိုင်က ကောက်ကျစ်စွာ ပြုံး၍ မေးလိုက်သည်။ "မင်လေး... မင်း ဝင်ပူးခံထားရတာတော့ မဟုတ်ဘူးမလား"
ကျန်းမင် ချက်ချင်း ဒူးထောက်ချလိုက်၏။ သူ့ ဆရာ တစ်ယောက်တည်းသာ ဤကမ္ဘာပေါ်တွင် သူ ထိုသို့ ပြုမူရန် ဆန္ဒရှိသူ ဖြစ်သည်။ ကျွေးမွေးပြုစုခဲ့သော ကျေးဇူးကို မဆိုထားနှင့်၊ ဆရာဖြစ်သူသာ မရှိခဲ့လျှင် သူ သေဆုံးနေခဲ့ပြီ မဟုတ်ပါလား။
ကုဟိုင် တစ်ခဏမျှ မှင်သက်သွားပြီးနောက် သတိပြန်ဝင်လာသည်။ ကျန်းမင်အား တွဲထူပေးရင်း သူ စိတ်လှုပ်ရှားလာမိ၏။ ထို့နောက် အော်ဟစ် ရယ်မောလိုက်တော့သည်။ "ပါရမီရှင် အားလုံးကို အနိုင်ယူခဲ့တဲ့ လင်းလုံ ရယ်... ငါတောင် မသိနိုင်တဲ့အထိ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားတဲ့ မင်း ရယ်... ဒီလောက် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ တပည့်မျိုးတွေ ရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး... ပြောစမ်းပါဦး... အခု မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ... ပြီးတော့ မင်း ဘယ်လောက်တောင် သန်မာနေပြီလဲ"
ကျန်းမင်က ခေါင်းကုတ်ကည…"ကျွန်တော် ပြောပြရင် ဆရာ လန့်သွားမှာ စိုးလို့ပါ"
"ဒါဆိုလည်း မပြောနဲ့တော့... အဲ့လောက် အံ့သြစရာကြီးကို ငါ တကယ် မခံနိုင်လောက်ဘူး... ဘာပဲဖြစ်ဖြစ် အခုတော့ ငါ သိသွားပြီလေ" ကုဟိုင်က ချက်ချင်း ခေါင်းခါယမ်းလိုက်ပြီး လေးနက်စွာ ဆက်ပြော၏။ "ဒီအချိန် တစ်လျှောက်လုံး မင်း ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာပဲ... မင်းရဲ့ အစစ်အမှန် အသွင်ကို ဆက်ပြီး ဖုံးကွယ်ထားပါ... တကယ် လိုအပ်တဲ့ အချိန် မရောက်မချင်း ဘာကိုမှ ထုတ်မပြနဲ့... မင်းရဲ့ အင်မော်တယ် အခွင့်အရေးက မနာလိုမှုတွေကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သလို ဒီနေရာက ကံကြမ္မာ အခွင့်အရေး တွေကလည်း ပဋိပက္ခတွေကို အလွယ်တကူ ဖန်တီးနိုင်တယ်... ဒါကြောင့် ငါ နှုတ်ဆိတ်နေပါ့မယ်... မင်းရဲ့ စီနီယာ အဒေါ် ယင်ယွဲ့ နဲ့ ဂိုဏ်းချုပ်ကိုတောင် မပြောပြတော့ဘူး... ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်က မင်းရဲ့ ညီမလေးကို ကာကွယ်ပေးနေတယ် လို့ပဲ ပြောလိုက်မယ်"
"ကောင်းလိုက်တာ" ဆရာအိုကြီး၏ ကတိစကားကြောင့် ကျန်းမင် ကျေးဇူးတင်သွားမိသည်။
ထို့နောက် ဂူဟိုင်မှာ စိတ်အေးလက်အေးဖြင့် ထွက်ခွာသွားပြီး ကျန်းမင်လည်း လသာဆောင်ဆီသို့ ပြန်လာခဲ့လေ၏။
ကျန်းမင်က လင်းလုံကို မြင်တွေ့လိုက်ရပြီး "မင်း ဘာလို့ ထွက်သွားတာလဲ" ဟု မေးလိုက်သည်။
"ဆရာ ပြန်ရောက်လာပြီလေ... ပြီးတော့ သူ လာတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းနေတာပဲ... ဒါကြောင့် သူ ဟိုဒါဒီဒါတွေ မေးရင် ခေါင်းကိုက်ရမှာ စိုးလို့ပါ" လင်းလုံက ပြန်ဖြေလိုက်၏။
"ပြီးတော့ ခေါင်းကိုက်ခံဖို့ ကိုယ့်ကို တစ်ယောက်တည်း ထားခဲ့တာပေါ့... ကောင်မလေး... မင်း သိပ်မလိမ္မာတော့ဘူးပဲ" ကျန်းမင်က ပြောလိုက်သည်။
"စီနီယာ အစ်ကိုကြီး... ကျွန်မ မလိမ္မာဘူးလို့ ဘယ်သူပြောလဲ... အစ်ကိုကြီး လုပ်ချင်တဲ့ ပုံစံတိုင်း လိုက်လုပ်ပေးခဲ့တာပဲ မဟုတ်ဘူးလား" လင်းလုံက ပြန်လည် ချေပလိုက်၏။
"အဲ့ဒါက အာကာသ ညီမလေးလေ"
ကျန်းမင် အနည်းငယ် ရှက်ရွံ့သွားမိသည်။
"သူကလည်း ကျွန်မပဲလေ" ဓာတ်ကြီးငါးပါး လင်းလုံက အနားသို့ တိုးကပ်လာပြီး ပြောလိုက်၏။ "စီနီယာ အစ်ကိုကြီး... ကျွန်မလည်း ကောင်းကင်နဲ့ လူသား တစ်သားတည်းကျခြင်းရဲ့ အံ့ဖွယ်ရာကို ခံစားပြီး အတွေ့အကြုံ ယူချင်တယ်"
ကျန်းမင်က နှုတ်ခမ်းကို စေ့လိုက်သည်။ ရုတ်တရက် သူ ခေါင်းလှည့်ကြည့်လိုက်ရာ ပျံသန်းလာသော ပျားတစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းက အလွန်မြန်ဆန်သော နှုန်းဖြင့် ပျံသန်းနေခြင်း မဟုတ်သော်လည်း တောင်ထွတ်ဆီသို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
"ဘာဖြစ်လို့လဲ စီနီယာ အစ်ကိုကြီး" ဓာတ်ကြီးငါးပါး လင်းလုံက လှမ်းကြည့်လိုက်သည်။ "ဒါ ပျားတစ်ကောင်ပါပဲ... နေဦး... အစ်ကိုကြီးက အဲ့ဒါကို ဂရုစိုက် ကြည့်နေတယ် ဆိုတော့ သေချာပေါက် ပြဿနာ ရှိတဲ့ ပျားပဲ ဖြစ်ရမယ်"
သူမ၏ မျက်လုံးများမှ ဓာတ်ကြီးငါးပါး အလင်းတန်းများ ဖြာထွက်လာပြီး သဲလွန်စကို ရှာတွေ့သွားတော့၏။ "ဒါက ထိန်းချုပ်ခံထားရတဲ့ ပျားတစ်ကောင်ပဲ... ကြည့်ရတာ သူက ထိန်းချုပ်သူနဲ့ အမြင်အာရုံကို မျှဝေနိုင်ပုံရတယ်... ပြီးတော့ စုံစမ်းထောက်လှမ်းနိုင်တဲ့ လုပ်ဆောင်ချက်လည်း ရှိသေးတယ်... ဂိုဏ်းထဲမှာ ဒီလို စွမ်းရည်မျိုး ဘယ်သူ့ဆီမှာ ရှိတာလဲ... ဒါမှမဟုတ် သူလျှိုများလား" အချိန်တိုအတွင်းမှာပင် သူမ၏ ခေါင်းထဲ၌ အတွေးများစွာ ဖြတ်ပြေးသွားခဲ့လေပြီ။
"ကိုယ်ပဲ ရှင်းလိုက်ပါ့မယ်" ကျန်းမင်က ပျားနှင့် ချိတ်ဆက်ထားသော ကံကြမ္မာ ကြိုးတန်းမှတစ်ဆင့် ထိန်းချုပ်သူကို ပစ်မှတ်ထားပြီး ဖြစ်၏။
လီ ၅၀ အကွာအဝေးတွင် တောင်ထွတ်တစ်ခု ရှိသည်။ ၎င်းမှာ အတွင်းစည်း တပည့်များစွာ နေထိုင်ရာ နေရာပင်။ သူတို့ထဲမှ တစ်ယောက်က တင်ပျဉ်ခွေ ထိုင်၍ ကျင့်ကြံနေသော်လည်း ဝိညာဉ်ပျားကို တိတ်တဆိတ် ထိန်းချုပ်နေခြင်း ဖြစ်သည်။
"အတွင်းစည်း တပည့် တစ်ယောက်က ချူယန် တောင်ထွတ်ကို စုံစမ်းထောက်လှမ်းရဲတယ် ဟုတ်လား" ကျန်းမင် အလွန် အံ့အားသင့်သွားမိသည်။
သူက လူသားလမ်းစဉ် မှတ်တမ်း ကို ခေါ်ထုတ်လိုက်၏။
နာမည် - လုံချန်
မျိုးနွယ် - မိစ္ဆာ
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - အဆင့် ၇ (မူလဝိညာဉ်အဆင့်)
နောက်ခံ - တိုက်ပွဲဝင်နဂါး ပြင်ညီကမ္ဘာမှ ပုတ်သင်ညို မိသားစု (မှတ်ချက် - သံသရာခန်းမဆောင်၏ အကျိုးခံစားခွင့် ရှိသူ၊ ကျားမည်း မျိုးနွယ်စုဝင်များထဲမှ တစ်ဦး)
ဆက်ဆံရေး - အနှုတ် ၅၅
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - အဖွဲ့သားများနှင့်အတူ အဆင့်တစ် တာဝန်တစ်ခုကို လက်ခံခဲ့သော သံသရာခန်းမဆောင်၏ အကျိုးခံစားခွင့် ရှိသူ။ ထို့ကြောင့် ကျိုယန်ဂိုဏ်း၏ အတိအကျ အချက်အလက်များကို စုံစမ်းရန် ဤကမ္ဘာသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
အခြား အဖွဲ့ဝင် လေးဦးနှင့် ကျိုယန်ဂိုဏ်းအား စုံစမ်းထောက်လှမ်းရန် အဓိက တာဝန်အဖြစ် သဘောတူညီချက် ရယူထားသော်လည်း တစ်ချိန်တည်းမှာပင် အထူး အကဲဖြတ်မှု ရရှိစေရန် ဂိုဏ်းကို ဝိုင်းရံ၍ အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားလိမ့်မည်။
အခြား အဖွဲ့သားများက အပြင်ဘက်တွင် ကမောက်ကမ ဖြစ်အောင် ဖန်တီးနေကြသည်။
သူက ရုပ်ဖျက်ရာတွင် ကျွမ်းကျင်သောကြောင့် ကျိုယန်ဂိုဏ်း၏ အတွင်းစည်း တပည့်တစ်ယောက်ကို ဖမ်းဆီး၍ နေရာယူကာ ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းအတွင်း ဂရုတစိုက် စူးစမ်းလေ့လာခဲ့ပြီး ဂိုဏ်း၏ ဖွဲ့စည်းပုံနှင့် တာအိုရနဟု လူသိများသူတဦး ရှိကြောင်း အခြေခံအားဖြင့် သိရှိထားပြီး ဖြစ်သည်။
ချူယန် တောင်ထွတ်တွင် ဇီလင်းလုံ ဟူသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ရှိကြောင်း သိလိုက်ရချိန်၌ ထိုတောင်ထွတ်တွင် တစ်ခုခုတော့ သေချာပေါက် ရှိရမည်ဟု သူ သိလိုက်သည်။ သို့သော် အဲ့ဒီကို သွားဖို့ အကြောင်းပြချက် မရှာနိုင်သလို အန္တရာယ်လည်း မစွန့်ရဲပေ။
ယနေ့အစောပိုင်းတွင် ပထမခေါင်းဆောင်များ စုဝေးခဲ့ကြောင်း သိလိုက်ရသောအခါ သူ ဆက်စောင့်နေ၍ မဖြစ်တော့မှန်း သိလိုက်သည်။ ထို့ကြောင့် ချူယန် တောင်ထွတ်ကို ချောင်းကြည့်ရန် ဝိညာဉ်ပျား တစ်ကောင်ကို စေလွှတ်ခဲ့ခြင်း ဖြစ်၏။
"သံသရာ ခန်းမဆောင် ကပဲလား..." ကျန်းမင် မျက်မှောင်ကျုံ့လိုက်သည်။
သူက ဂျူနီယာ ညီမလေးကို နေခဲ့စေပြီး လေထဲတွင် ချက်ချင်း ပျောက်ကွယ်သွားတော့၏။
နောက်တစ်ခဏတွင် သူက လုံချန်၏ ရှေ့မှောက်၌ ထွက်ပေါ်လာခဲ့လေပြီ။ သို့သော် လုံချန် အပါအဝင် မည်သူကမျှ သူ့ကို မမြင်တွေ့ရချေ。
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်း ကို ထုတ်ယူလိုက်ရာ ၎င်းမှာ လေထဲတွင် လွင့်မျောနေပြီး လုံချန်ကိုပါ ဖုံးလွှမ်းသွားစေသည့် အလင်းတန်းများကို ဖြာကျစေသည်။
သူက လုံချန်၏ နဖူးကို လက်ညှိုးဖြင့် ဖိ၍ မှတ်ဉာဏ်ကို စစ်ဆေးလိုက်၏။
သူ့မှတ်ဉာဏ်မှာ ရိုးရှင်းလှသည်။ လုံချန်က ချင်းပြည်နယ်မှ လာသူဖြစ်ပြီး ကျိုယန် တပည့်တစ်ယောက်က သူ့ မျိုးနွယ်စုကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ သူ တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့၏။ နောက်ပိုင်းတွင် သူက အခွင့်အရေး တစ်ခု ရရှိခဲ့ပြီး သူ့ ကျင့်ကြံခြင်း အဆင့်မှာ ရုတ်တရက် ကြီးမားစွာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ကျိုယန်ဂိုဏ်းကို လက်စားချေရန် စဉ်းစားခဲ့ခြင်း ဖြစ်ပေသည်။
"ဘာလို့ ဒီလောက် တိုတောင်းနေရတာလဲ" ကျန်းမင် တွေဝေသွားမိသည်။
ဤအခိုက်အတန့်တွင် လုံချန်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူ့ ခန္ဓာကိုယ်မှ ဓားသွားများ ပေါက်ကွဲထွက်လာကာ အရပ်မျက်နှာ အားလုံးသို့ အတားအဆီးမဲ့ တိုက်ခိုက်တော့သည်။
သို့သော် ၎င်းတို့ အားလုံးမှာ လုံချန်ကိုယ်တိုင်နှင့် လက်မဝက်ခန့် အကွာအဝေးတွင် အေးခဲသွားကြလေပြီ။
လုံချန် တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွား၏။
သူ ထိန်းချုပ်နေသော ပျားမှာ ချူယန် တောင်ထွတ် အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အိမ်တော် အတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေစဉ် စနစ်၏ အသိပေးသံက သူ့ စိတ်ထဲတွင် ရုတ်တရက် မြည်ဟည်းလာခဲ့ခြင်းပင်။
"ဒင် - အကျိုးခံစားခွင့် ရှိသူ လုံချန်... သင့် စိတ်ဝိညာဉ် တိုက်ခိုက်ခံနေရပါသည်"
"ဒင် - အကျိုးခံစားခွင့် ရှိသူ လုံချန်... သင့် မှတ်ဉာဏ် စစ်ဆေးခံနေရပါသည်"
"ဒင် - အကျိုးခံစားခွင့် ရှိသူ လုံချန်... သင့် နောက်ခံ မှတ်ဉာဏ် ဖုံးကွယ်ထားပြီး ဖြစ်ပါသည်"
"ဒင် - သတိပေးချက်... သံသရာခန်းမ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်သူ မည်သူမဆို အသတ်ခံရပါမည်"
အသိပေးချက်များကို ကြားလိုက်ရချိန်တွင် လုံချန် ထိတ်လန့်သွားတော့သည်။ သူက မဆိုင်းမတွ ရတနာ တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်သော်လည်း ပိတ်မိနေဆဲပင်။
ကျန်းမင်ကလည်း ကိုယ်ထင်ပြလိုက်သော်လည်း ပတ်ဝန်းကျင်ကို ချိတ်ပိတ်ထားသောကြောင့် သူ့ကိုဖြစ်စေ၊ လုံချန်ကိုဖြစ်စေ အပြင်ဘက်မှ မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။
"မင်းရဲ့ အငွေ့အသက်က ဒီကမ္ဘာက မဟုတ်ဘူးလို့ ငါ ခံစားမိတယ်... ပြောစမ်း... မင်း ဘယ်ကလာတာလဲ" ကျန်းမင်က ခံစားချက် ကင်းမဲ့စွာ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ ချွန်ထက်၍ တောက်ပနေသော လက်ချောင်းထိပ်များကို လုံချန်ဆီသို့ ချိန်ရွယ်ထားလိုက်ရာ နောက်တစ်စက္ကန့်တွင် လုံချန်အား သတ်ဖြတ်တော့မည့် အလားပင်။
" အစ်ကိုကြီး... ကျွန်တော်က... ဂိုဏ်းရဲ့ အတွင်းစည်း တပည့် တစ်ယောက်ပါ... ဘာ... ဘာလို့ ကျွန်တော့်ကို ဒီလို လုပ်ရတာလဲ" လုံချန်က လက်မြှောက် အရှုံးပေးသည့် အမူအရာ ပြုလုပ်၏။
"မင်းရဲ့ စိတ်ကို ဘယ်လို ဖတ်ရမလဲ ဆိုတာရော... မင်းစကားတွေရဲ့ ယုံကြည်ရမှုကိုပါ ငါ သိတယ်... မင်းကို အခွင့်အရေး သုံးခါ ပေးမယ်... တကယ်လို့ အမှန်တိုင်း မပြောဘူး ဆိုရင် မင်းကို သတ်ပြီး စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်မယ်... အခု မင်းရဲ့ အခွင့်အရေး သုံးခါထဲက တစ်ခါကို သုံးလိုက်ပြီ" ကျန်းမင်က အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော်..." လုံချန်၏ နဖူးမှ ချွေးစေးများ စိမ့်ထွက်လာတော့သည်။ ထိုစဉ် သူ့ခေါင်းထဲ၌ အတွေးများ ဖြတ်ပြေးသွား၏။ 'ဒီကောင်က ဘယ်လောက်တောင် သန်မာနေလို့ ငါ့ရှေ့မှာ ကိုယ်ထင်ပြပြီး စနစ်က သတိမပေးမချင်း ငါမသိလိုက်ဘဲ ငါ့မှတ်ဉာဏ်ကို စစ်ဆေးနိုင်ရတာလဲ'
"ကျွန်တော့် မိသားစုဝင်တွေ အကုန်လုံးကို တုန်းဖန်လဲ့က သတ်ပစ်ခဲ့တာ... ဒါကြောင့် လက်စားချေဖို့ ဒီကို ရောက်လာတာပါ" လုံချန်က ကြီးမားသော မုန်းတီးမှုကို ပြသရင်း ပြောလာသည်။ "ကျွန်တော့် အဖေ၊ အမေ၊ အစ်ကိုကြီး နဲ့ ညီလေး အကုန်လုံး အဲ့ဒီ မိစ္ဆာကောင် တုန်းဖန်လဲ့ရဲ့ သတ်တာကို ခံခဲ့ရတာ... ပြောစမ်းပါဦး... ကျွန်တော် လက်စားချေတာက မှားနေလို့လား"
"ဒါ ဒုတိယ အကြိမ်မြောက်ပဲ... မင်းမှာ နောက်ဆုံး အခွင့်အရေး တစ်ခါပဲ ကျန်တော့တယ်" ကျန်းမင်၏ အသံက ထွက်ပေါ်လာ၏。
လုံချန်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။ "ကျွန်တော်က မိစ္ဆာ တစ်ကောင်ပါ... ကျိုယန်ဂိုဏ်းရဲ့ အချက်အလက်တွေကို စုံစမ်းဖို့ ဒီကို ရောက်လာတာ... ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ဂိုဏ်းက တော်တော်လေး လျှို့ဝှက်လွန်းတယ်လေ... ပြီးတော့ အဲ့ဒီ ဇီလင်းလုံ ဆိုတာကလည်း မိစ္ဆာ တစ်ကောင် ဖြစ်နိုင်တယ်"
"စိတ်ဝင်စားစရာပဲ... ပြောစမ်း... မင်းမှာ အဖွဲ့သား ဘယ်နှယောက် ရှိလဲ" ကျန်းမင် ရယ်မောလိုက်၏။ လုံချန်က ပါးနပ်စွာ ဖြေဆိုခဲ့ပြီး အဖြေမှာလည်း မှန်ကန်ပေသည်။
"လေးယောက်"
"သူတို့ နာမည်တွေက ဘာလဲ"
"ဝမ်ယွီ၊ ကျန်းဟိုင်၊ လျူဟူ နဲ့ ကျန်းရွှမ်"
"အမှန်နဲ့ အမှား ရောပြောပြီး ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား... မင်းရဲ့ တခြား အဖွဲ့သား လေးယောက် နာမည်ကို ပြောစမ်း" ကျန်းမင် နှာခေါင်းရှုံ့လိုက်သည်။
ကျန်းမင်က ထိုနာမည် လေးခုကို လူသားလမ်းစဉ် မှတ်တမ်း ဖြင့် စမ်းသပ်ကြည့်သော်လည်း မည်သည့် ရလဒ်မျှ မထွက်ပေါ်လာပေ။ ထို့ကြောင့် လုံချန် လိမ်ပြောနေမှန်း သူ သိလိုက်ခြင်း ဖြစ်၏။
လုံချန်မှာ တိတ်ဆိတ်နေတော့သည်။
ကျန်းမင် တစ်ယောက် လုံချန်ကို ဆက်လက် စစ်မေးလိုသော်လည်း ကံကြမ္မာ တာအိုကို အသုံးပြု၍ ကိုယ်တိုင် ရှာဖွေသင့်သည်ဟု တွေးမိသဖြင့် အတင်းအကျပ် ထိန်းချုပ်လိုက်လေသည်။ သို့သော် သူ အံ့အားသင့်သွားရသည်မှာ လုံချန်၏ ကံကြမ္မာ ကြိုးတန်းများက ဂိုဏ်းအတွင်း၌သာ ကန့်သတ်ထားခြင်းပင်။ အခြား အဖွဲ့သားများနှင့် ချိတ်ဆက်ထားသော ကြိုးတန်း တစ်ခုမျှ မရှိချေ။
"သူတို့က တစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာ ကြိုးတန်းကိုတောင် ကွယ်ဝှက်ထားနိုင်တာလား" ကျန်းမင် မျက်မှောင်ကျုံ့သွားမိသည်။
ဖောင်း...
သူက လုံချန်၏ ဦးခေါင်းခွံကို ရိုက်ခွဲလိုက်ပြီး သူ့ စိတ်ဝိညာဉ်ကို ဖမ်းဆီးလိုက်၏။ တစ်ချိန်တည်းမှာပင် လူသားလမ်းစဉ် မှတ်တမ်း က စိတ်ဝိညာဉ်ပေါ်သို့ အလင်းတန်းများ ဖြာကျစေပြီး နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးတော့သည်။
သို့သော် လုံချန်၏ စိတ်ဝိညာဉ်မှာ စနစ်၏ အသိပေးချက်များကြောင့် အလွန်တရာ ထိတ်လန့် ကြောက်ရွံ့နေခဲ့လေပြီ။
"ဒင် - အကျိုးခံစားခွင့် ရှိသူသည် သံသရာ ချိတ်ပိတ်မှုကို ဖျက်ဆီးလုနီးပါး ဖြစ်နေသော အထွတ်အထိပ် ရတနာ တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံနေရပါသည်"
"ဒင် - သံသရာ စာချုပ်အရ သံသရာ ခန်းမဆောင် နှင့် ပတ်သက်သော မည်သည့် လျှို့ဝှက်ချက်ကိုမျှ ထုတ်ဖော်ခွင့် မရှိပါ"
"ဒင် - ဆန္ဒကို ဖျက်ဆီးပါ... မှတ်ဉာဏ်ကို ဖျက်ဆီးပါ"
လုံချန်၏ စိတ်ဝိညာဉ်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
End
***