လုံချန် သေဆုံးသွားသည့်အတွက် ကျန်းမင် တစ်ယောက် ဆွံ့အသွားရ၏။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ ထွက်မသွားခဲ့ပေ။ ထိုအစား သူ့ အာရုံခံစားမှုများကို အမြင့်ဆုံးအထိ ဖွင့်ထားလိုက်ပြီး လူ့တာအို မှတ်တမ်းအား သူ့အထက် လေထဲတွင် ဝဲပျံနေစေကာ အလင်းတန်းများ ဖြာကျစေတော့သည်။
ဤလူသားလမ်းစဉ် မှတ်တမ်းမှာ သူ့ ကျင့်စဉ်အဆင့် တိုးတက်လာသည်နှင့်အမျှ ပိုမို အစွမ်းထက်လာခဲ့သည်။ ဥပမာအားဖြင့် ယခုအခါ ၎င်းကို အသက်သွင်းလိုက်သည်နှင့် ကံကြမ္မာ အကျိုးဆက်များမှ သူ့ကို အလိုအလျောက် ဖယ်ခွာပေးနိုင်လေပြီ။
လုံချန် သေဆုံးသွားချိန်တွင် ယခင်တစ်ခေါက်ကကဲ့သို့ သံသရာခန်းမမှ စောင့်ကြည့်လာသော အကြည့်များ မရှိခြင်းက ကျန်းမင်ကို အံ့အားသင့်စေ၏။ မည်သည့် လှိုင်းဂယက်မှ ထွက်ပေါ်မလာခဲ့ချေ။ မည်သို့ပင်ဖြစ်စေ တကယ်ပဲ မရှိတော့တာလား သို့မဟုတ် ပိုပြီး လျှို့ဝှက်လာကြတာလား ဆိုသည်ကိုမူ သူ မသိနိုင်ပေ။
ထို့နောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကျန်းမင် သတိပြုမိလိုက်သည်။ မြေကြီးထဲသို့ တိုးဝင်ရန် ရည်ရွယ်လျက် လုံချန်၏ ခန္ဓာကိုယ်ထဲမှ ဖောက်ထွင်းမြင်ရသော ဓာတ်ငွေ့အချို့ ပျံသန်းထွက်ပေါ်လာ၏။
"ဒီအငွေ့အသက်က..."
ကျန်းမင်က ထိုအရာကို လှမ်းဖမ်းလိုက်သည်။ ထိုဓာတ်ငွေ့များမှာ မြွေများကဲ့သို့ တွန့်လိမ်နေပြီး တောင်တစ်လုံးကဲ့သို့ လေးလံနေကြောင်း သူ ခံစားလိုက်ရသည်။
ထိုအရာက မည်သည့်အရာ ဖြစ်ကြောင်း နောက်ဆုံးတွင် မှတ်မိသွားသဖြင့် သူ အလွန် အံ့အားသင့်သွားရ၏။ ၎င်းမှာ အသန့်စင်ဆုံးသော မူလအဆီအနှစ်ပင်။ မူလအဆီအနှစ် ဆိုသည်မှာ လောကကြီး၏ မူလအစ ဖြစ်ကာ အရာခပ်သိမ်းအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိရုံသာမက ခပ်သိမ်းသော အရာများကိုလည်း ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိပေသည်။
လုံချန် သေဆုံးပြီးနောက် ဘာကြောင့်များ ဒီလိုအရာမျိုး ထွက်ပေါ်လာရတာလဲ။
ကျန်းမင် ခေါင်းရှုပ်သွားရ၏။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ အတွေးပေါင်းများစွာ ပြေးလွှားနေသည်။ သူ သတ်ဖြတ်ခဲ့သော အကျိုးခံစားခွင့်ရသူ သုံးဦးကို ပြန်လည် အမှတ်ရလိုက်၏။ ထိုစဉ်က သူ အလွန် သတိကြီးခဲ့ပြီး လျင်မြန်စွာ ဆုတ်ခွာခဲ့သည်။ သူတို့ သေဆုံးပြီးပြီးချင်း ရုတ်တရက် ပေါ်ထွက်လာသော စောင့်ကြည့်မှုများကြောင့် သူ ကြောက်ရွံ့ခဲ့မိသည် မဟုတ်ပါလား။ ထို့ကြောင့် ထိုနောက်ပိုင်း ဘာဆက်ဖြစ်သလဲ ဆိုသည်ကို သူ စစ်ဆေးမကြည့်ခဲ့ချေ။
သို့သော် ဤတစ်ကြိမ်တွင်မူ သူ့အနီးကပ်လွန်းစွာ ထွက်ပေါ်လာသောကြောင့် မူလအဆီအနှစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေမည်။
သံသရာ အကျိုးခံစားခွင့်ရသူတွေက လောကကြီးအပေါ် သက်ရောက်မှု ရှိနေလို့ သူတို့သေသွားရင် လျော်ကြေးအဖြစ် မူလအဆီအနှစ်ကို ချန်ထားရစ်ခဲ့တာများလား။
ကျွင်းစန်းချန်၏ စကားများကို ပြန်လည် အမှတ်ရရင်း ကျန်းမင် ခန့်မှန်းတွေးတော နေမိသည်။
မည်သည့် အဖွဲ့အစည်းက ဆင်းသက်လာသည် ဖြစ်စေ သူတို့အနေဖြင့် ကောင်းကင်နှင့် မြေကြီး၏ တရားမျှတပြီး ခိုင်မာသော တာအိုများကို လိုက်နာရမည်သာ။ တန်ဖိုးတူ ဖလှယ်ခြင်း တစ်မျိုးလည်း ဖြစ်နိုင်ပေသည်။
သံသရာ အကျိုးခံစားခွင့်ရသူ တစ်ယောက်မှာ လောကကြီးအတွက်တော့ ကျူးကျော်သူ တစ်ဦးနှင့် တူညီ၏။ ထို့ကြောင့် သူတို့ သေဆုံးသွားပါက အနိုင်ရရှိသူ (လောကကြီး) မှာ သဘာဝကျကျပင် ၎င်း၏ လျော်ကြေးကို ရရှိမည် ဖြစ်သည်။ ထိုလျော်ကြေးမှာ မူလအဆီအနှစ်ပင် တည်း။
ကျန်းမင်က သူ့ခန့်မှန်းချက် ယုတ္တိတန်သည်ဟု ထင်သော်လည်း အတည်ပြုရန် လိုအပ်သေးကြောင်း သဘောပေါက်ထားသည်။ အဆီအနှစ်ကို သေချာစွာ စစ်ဆေးကြည့်ရာ မည်သည့် အမှတ်အသားမှ မတွေ့ရချေ။ သို့သော် စိတ်မချသေးသဖြင့် လူသားလမ်းစဉ် မှတ်တမ်းထဲသို့ ထည့်သွင်းလိုက်တော့သည်။
လူ့တာအို မှတ်တမ်းမှ အောက်ပါ ဖော်ပြချက်အား ပေးလာ၏။
'ပြင်ညီလောက၏ မူလအဆီအနှစ် - မည်သည့် အရည်အသွေးမှ မပါဝင်။ အရာခပ်သိမ်း၏ မူလအစ ဖြစ်ပြီး အရာခပ်သိမ်းက စုပ်ယူနိုင်သည်။ ဝိညာဉ်ပစ္စည်းများ၊ မှော်လက်နက်များနှင့် သက်ရှိ သတ္တဝါများက ၎င်းတို့၏ အဆင့်၊ အရည်အသွေး၊ မာနာနှင့် သွေးဆက်တို့ကို အသီးသီး မြှင့်တင်ရန် ၎င်းအား စုပ်ယူနိုင်သည်။ အကြီးမားဆုံးသော အာနိသင်မှာ လောကကြီး၏ ဆင့်ကဲပြောင်းလဲမှုကို မြှင့်တင်ပေးခြင်း ဖြစ်သည်။'
ကျန်းမင် စိတ်လှုပ်ရှားသွားရ၏။ သူ ထပ်မံ တွေဝေမနေတော့ဘဲ ၎င်းကို ထုတ်ယူကာ သူ့ အတွင်းကမ္ဘာထဲသို့ ထည့်သွင်းလိုက်တော့သည်။
ဓာတ်ငွေ့များ ပေါက်ကွဲသွားပြီး နောက်တစ်ခဏတွင် ဝိညာဉ်မိုးရေ အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီးထဲသို့ ရွာကျ ပေါင်းစပ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ အတွင်းကမ္ဘာမှာ ပိုမို လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာပြီး မူလအဆီအနှစ်များ ပိုမို ထူထပ်လာကြောင်း ကျန်းမင် ရှင်းလင်းစွာ ခံစားလိုက်ရလေပြီ။
မကြာမီတွင် ဆင့်ကဲပြောင်းလဲမှု ရပ်တန့်သွား၏။
ဒီမူလအဆီအနှစ်ကို စုပ်ယူလိုက်တာက တစ်နှစ်စာ ဆင့်ကဲပြောင်းလဲမှုနဲ့ ညီမျှတယ်။ ဒါက တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုကြီးပဲ။
ထိုအကြောင်း တွေးမိသည်နှင့် ကျန်းမင် တစ်ယောက် မှင်သက်သွားရသည်။
မူလဝိညာဉ် အဆင့်ရှိ သံသရာ အကျိုးခံစားခွင့်ရသူ တစ်ယောက်က ဒီလို အံ့အားသင့်စရာ လက်ဆောင်မျိုး ပေးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
တကယ်လို့ သံသရာ အကျိုးခံစားခွင့်ရသူတွေ အကုန်လုံး သေဆုံးသွားရင် ဒီလို လက်ဆောင်မျိုး ပေးမယ်ဆိုရင်... သူ့မှာ နောက်ထပ် အသင်းဖော် လေးယောက် ရှိသေးတာပဲ... ဟီးဟီး။
ကျန်းမင် သွေးဆူလာတော့သည်။
ငါ နည်းလမ်း ရှာတွေ့သွားပြီဟေ့။
စိတ်လှုပ်ရှားလွန်းသဖြင့် သူ အော်ဟစ်ပစ်ချင်စိတ် ပေါက်သွား၏။
လုံချန်၏ အလောင်းကို မြင်လိုက်ရချိန်တွင် သူ လက်နှစ်ဖက်ကို ပူးယှဉ်လိုက်ရာ အလောင်းမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ချူယန် တောင်ထွတ်ဆီသို့ ပြန်လာခဲ့လေပြီ။
အတွင်းစည်း တပည့်များထဲမှ မည်သူကမျှ သူတို့အဖော် ရုတ်တရက် ပျောက်ဆုံးသွားသည်ကို သတိမပြုမိကြချေ။
ချူယန် တောင်ထွတ်။
"အစ်ကိုကြီး... ဘာတွေ ဖြစ်နေတာလဲ" လင်းလုံက စိုးရိမ်တကြီး မေးလာသည်။
"အပြင်က သူခိုး တစ်ယောက်ပါ... ဖြေရှင်းပြီးသွားပြီ" ကျန်းမင်က ကြိမ်ကုလားထိုင်ပေါ် ထိုင်ရင်း ရယ်မော၍ တုံ့ပြန်၏။
လင်းလုံက စပျစ်သီး တစ်ပန်းကန်ကို ဆေးကြောပြီး သစ်သီး အနည်းငယ်ကို လှီးဖြတ်ကာ ယူဆောင်လာပေးသည်။ ပန်းသီး တစ်စိတ်ကို ကောက်ယူ၍ ကျန်းမင်၏ ပါးစပ်နား တေ့ပေးလာရာ သူလည်း တစ်ကိုက်တည်း ဝါးစားလိုက်လေပြီ။
မဏ္ဍပ်လေးထဲတွင်တော့ ငြိမ်းချမ်းမှုများက လွှမ်းခြုံလျက်။
ကျိုယန် ဂိုဏ်းနှင့် မိုင်ပေါင်း သန်းချီ ကွာဝေးသော နေရာ။
ခေါင်းပေါ်တွင် ချိုတစ်စုံ ပေါက်နေသော ရှန်းဟူက တောင်ကုန်း တစ်ခုပေါ်တွင် ရပ်နေ၏။ သူ့ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် နီရဲတောက်ပနေပြီး အမှတ်တမဲ့ ထုတ်လွှတ်လိုက်သော အစွမ်းထက်သည့် လှိုင်းဂယက်များကြောင့် မီတာ တစ်ထောင် ပတ်လည်ရှိ အပင်များ အားလုံး ဖျက်ဆီးခံလိုက်ရသည်။ ကျောက်ဆောင် မြောက်မြားစွာပင် အက်ကွဲသွားတော့သည်။
"ရှောင်လုံ အသတ်ခံလိုက်ရပြီ... သာမန် ကင်းထောက်မစ်ရှင်လေး တစ်ခုက ငါ့ညီအစ်ကို တစ်ယောက်ရဲ့ အသက်ကို ပေးဆပ်လိုက်ရတယ်... ကျိုယန် ဂိုဏ်းက လူတွေ အကုန်လုံး သူ့အတွက် အသေခံပေးသင့်တယ်"
ရှောင်ယွီထံသို့ သတင်းစကား ပါးလိုက်စဉ် သူ့ ကိုယ်မှ ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။
ကျိုယန် ဂိုဏ်းနှင့် မိုင် (၃,၀၀၀) အကွာအဝေး။
ဤနေရာတွင် လူပေါင်း တစ်သောင်းခန့် စုရုံးနေကြသည်။ ထိုအထဲတွင် အနိမ့်ဆုံး ကျင့်စဉ်အဆင့်မှာ အုပ်မြစ်တည်ဆောက်ခြင်း အဆင့်ပင်။ အချို့ဆိုလျှင် ရောင်စုံ အလင်းတန်းများ ပေါင်းယှက် ထုတ်လွှတ်နေကြပြီး ထူးခြားသော မြင်ကွင်း တစ်ခုကို ဖန်တီးထားလေသည်။
ရှောင်ယွီက လူအုပ်ကြားထဲတွင် ရှိနေ၏။ ဤအခိုက်အတန့်တွင် သူမ မျက်နှာထက်၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လုံချန် သေဆုံးသွားပြီ ဆိုသော ရှန်းဟူ၏ သတင်းစကားကို ယခုလေးတင် သူမ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
သတ်မှတ်ထားတဲ့ အချိန်ရဲ့ ထက်ဝက်လောက် ကုန်ဆုံးသွားပြီ... တိုက်ခိုက်ဖို့ အချိန်ကျပြီပဲ။ စကားမစပ် လုံချန်ရဲ့ စွမ်းရည်နဲ့ဆိုရင် ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ ပေါ်လာနိုင်မှာလဲ။ ဒါ့အပြင် အစွမ်းအထက်ဆုံး ကျိုယန် ကျွမ်းကျင်ပညာရှင်ကတောင် သူနဲ့ အဆင့်တူပဲ ရှိတာကို။ ယုတ္တိအရဆို ဘယ်သူမှ သူ့ကို ရှာမတွေ့နိုင်သင့်ဘူး... ရှာတွေ့ခဲ့ရင်တောင် ဘာလို့ ထွက်မပြေးနိုင်ခဲ့တာလဲ။
ရှောင်ယွီက စဉ်းစားခန်း ဝင်နေရင်း ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် မလှမ်းမကမ်းရှိ ယာယီအိမ်လေးထဲသို့ လှမ်းကြည့်လိုက်၏။ ထိုအိမ်လေးထဲတွင် တာအိုမျိုးစေ့နှင့် ကနဦးဝိညာဉ်အဆင့် အချို့ ရှိနေသည်။ ယခုအခါ ထိုသူများ အားလုံးမှာ သူမ၏ ကျွန်များ ဖြစ်နေလေပြီ။
"တိုက်ခိုက်... ကျိုယန် ဂိုဏ်းကို အင်အားသုံးပြီး တိုက်ခိုက်ကြ"
သူမက တိတ်ဆိတ်စွာ အမိန့်ပေးလိုက်တော့သည်။
မကြာမီမှာပင် ထိုအဖွဲ့က ကျိုယန် ဂိုဏ်းနှင့် မိုင် ၁၀၀ အကွာသို့ ရောက်ရှိလာကြသည်။ သို့သော် လီယန် တောင်ထွတ်၏ ပထမ ခေါင်းဆောင် တုံဖန်းလီနှင့် ရှောင်ယန် တောင်ထွတ်၏ ပထမ ခေါင်းဆောင် ဟောက်ချန်တို့က သူတို့ကို တားဆီးထား၏။
ဟောက်ချန်မှာ သူ့ ဓားရှည်ကို ရင်ခွင်ထဲ ပိုက်ကာ တိတ်ဆိတ်စွာ ရပ်နေ၏။ တစ်ချိန်တည်းမှာပင် သူ့ ဦးခေါင်းထက်မှ ဓားအသိတရားများ ရုတ်ခြည်း ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် မုန်တိုင်း တစ်ခုကို ဖန်တီးထားလေပြီ။
အခြားတစ်ဖက်တွင်မူ တုံဖန်းလီက ရှေ့တစ်လှမ်း တိုးလာပြီး ကနဦးဝိညာဉ်အဆင့် ဖိနှိပ်မှု စွမ်းအားကို ထုတ်လွှတ်ကာ ထိုအဖွဲ့ကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးလိုက်သည်။ သူက လူအုပ်ကြီးကို အကဲခတ်ကြည့်ပြီး အေးစက်စက် လေသံဖြင့်...
"ဒီနေရာက ကျိုယန် ဂိုဏ်းရဲ့ မီတာ ၁၀၀ နယ်နိမိတ်ပဲ... ခြေတစ်လှမ်း ကျွံလာတာနဲ့ ငါတို့ကို စစ်ကြေညာတာလို့ မှတ်ယူရလိမ့်မယ်... အဲ့ဒီအချိန်ကျရင် သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့"
ကနဦးဝိညာဉ်အဆင့် လူလတ်ပိုင်း တစ်ဦးက ရှေ့ထွက်လာပြီး အော်ဟစ်လိုက်၏။
"ပထမ ခေါင်းဆောင် တုံဖန်... ယင်မိစ္ဆာဂိုဏ်းက စစ်ပွဲ စတင်ခဲ့ပြီး ငါတို့ လူသားမျိုးနွယ်တွေ ရေတွက်လို့ မရအောင် သေဆုံးစေခဲ့တယ်... ဒါကြောင့် သူတို့က ငါတို့ရဲ့ သွေးသောက်ရန်သူပဲ... ဘာလို့ ကျိုယန် ဂိုဏ်းလို ဖြောင့်မတ်တဲ့ ဂိုဏ်းက ယင်မိစ္ဆာဂိုဏ်း တပည့် တစ်ယောက်ကို ပထမ ခေါင်းဆောင် အဖြစ် ထားရတာလဲ... ငါတို့ကို ရှင်းပြချက် တစ်ခုလောက် ပေးပါဦး"
"ငါ နောက်တစ်ကြိမ် ထပ်ပြောမယ်... ယွဲ့ချန်က ငယ်ငယ်ကတည်းက ကျိုယန် တပည့် ဖြစ်လာခဲ့တာ... မကြာသေးခင်ကမှ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ နောက်ခံကို အားလုံး သိခဲ့ကြရတာပဲ... ဝမ်ဝေ... မင်း ကျေနပ်ပြီလား" တုံဖန်းလီက ဩဇာပါသော ဟန်ပန်ဖြင့် ရှင်းပြလိုက်၏။
"မကျေနပ်ဘူး... မကြာသေးခင်ကမှ ရှာတွေ့တယ် ဆိုတဲ့ စကားလေး တစ်ခွန်းနဲ့ မင်းတို့ လွတ်မြောက်သွားမယ် ထင်နေလား... ငါတို့ဘာသာ အမှန်တရားကို ရှာဖွေဖို့ ကျိုယန် ဂိုဏ်းထဲ ဝင်ချင်တယ်" ဝမ်ဝေ အော်ဟစ်လိုက်သည်။
တုံဖန်းလီ တစ်ယောက် အသံထွက်အောင်ပင် ရယ်မောလိုက်မိတော့သည်။
"ဂုဏ်သတင်း ကြီးမားတဲ့ ငါတို့ ကျိုယန် ဂိုဏ်းကို ဒီအတိုင်း ဝင်ခွင့်ပေးလိုက်ရအောင် ငါတို့က ဘာမို့လို့လဲ... ဝမ်ဝေ... မင်း တော်တော် ရဲတင်းနေပါလား"
"တရားမျှတမှုက ငါ့ကို သတ္တိတွေ ပေးတာပဲ... ဖြောင့်မတ်ခြင်းနဲ့ မကောင်းဆိုးဝါးကြားက သဟဇာတ မဖြစ်နိုင်မှုက ငါ့ကို သတ္တိတွေ ပေးတာပဲ... မိစ္ဆာဂိုဏ်းကြောင့် သေဆုံးသွားရတဲ့ ချင်ပြည်နယ် တစ်ခုလုံးက အပြစ်မဲ့ ဝိညာဉ်တွေက ငါ့ကို သတ္တိတွေ ပေးတာပဲ... အရှေ့ပိုင်း ဒေသ တစ်ခုလုံးမှာရှိတဲ့ အာဏာကို အန်တုနေကြတဲ့ သန်းရာချီတဲ့ ပြည်သူတွေက ငါ့ကို သတ္တိတွေ ပေးတာပဲ"
"မိစ္ဆာဂိုဏ်းတွေက လောကကြီးကို ဘေးဒုက္ခတွေ ယူဆောင်လာတယ်... ဒါကြောင့် ငါတို့ လူသားမျိုးနွယ်တွေရဲ့ သွေးသောက်ရန်သူတွေပဲ... ဒါပေမဲ့ ကျိုယန် ဂိုဏ်းက ယင်မို ဂိုဏ်းနဲ့ ပူးပေါင်းနေတယ်... ဒါကြောင့် ချင်ပြည်နယ်၊ အရှေ့ပိုင်း ဒေသနဲ့ လောကကြီး တစ်ခုလုံးရဲ့ ဘုံရန်သူပဲ"
ဝမ်ဝေက အသံကျယ်ကျယ်ဖြင့် ရှုတ်ချလိုက်ပြီး သူ့ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
တုံဖန်လီမှာ ဝမ်ဝေ၏ မဟုတ်မမှန် စွပ်စွဲချက်ကြောင့် ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွား၏။
"ငါတို့ဂိုဏ်းထဲ ဝင်ပြီး စစ်ဆေးတာကို ခွင့်မပြုလို့ ငါတို့က တစ်လောကလုံးရဲ့ သွေးသောက်ရန်သူ ဖြစ်သွားရောလား... ဝမ်ဝေ... မင်းတို့ အကုန်လုံး ငါတို့ရဲ့ သွေးသောက်ရန်သူ ဖြစ်ဖို့ ဆုံးဖြတ်ပြီးသွားပြီလို့ ထင်တယ်... ကောင်းပြီလေ... မင်းတို့ သတ္တိရှိရင် ကျိုယန် ဂိုဏ်းထဲ မီတာ ၁၀၀ လောက် ဝင်လှမ်းကြည့်လိုက်... ဟောက်ချန်... သွားကြစို့"
စကားဆုံးသည်နှင့် သူက ကျိုယန် ဂိုဏ်းထဲသို့ မီတာ (၁၀,၀၀၀) ခန့် ဆုတ်ခွာသွားသည်။ ဟောက်ချန်မှာ တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း အဝေးရှိ တောင်ကုန်း တစ်ခုဆီသို့ ဆုတ်ခွာသွား၏။ ထို့နောက် သူတို့ နှစ်ဦးစလုံးက ဝမ်ဝေနှင့် လူအုပ်ကြီးကို ဂရုမစိုက်ဟန်ဖြင့် ကြည့်နေလိုက်သည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်ယန်က လေထဲတွင် ပုန်းကွယ်နေသည်။ မျက်စိကျိန်းလောက်သော စွမ်းအားမျိုးစုံက သူ့ထံမှ ထွက်ပေါ်လာပြီး အကျဉ်းထောင် တစ်ခုသဖွယ် ပေါင်းယှက်ကာ ကျိုယန် ဂိုဏ်းအထက်တွင် ဝဲပျံနေလေသည်။
သူက ဝမ်ဝေကို အေးစက်စွာ စိုက်ကြည့်နေ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ဝေမှာ ထိတ်လန့်ဖွယ် ကောင်းသော စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုကို ခံထားရသည် သို့မဟုတ် ကြိုးကိုင်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သောကြောင့်ပင်။
ဝမ်ဝေမှာ ချင်ပြည်နယ်တွင် ဩဇာအာဏာ အကြီးမားဆုံး မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သော ဝမ်မျိုးနွယ်စုမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော မျိုးနွယ်စုမျိုးက အသက်အန္တရာယ်နှင့် မကြုံတွေ့ရသရွေ့ မည်သည့်ဘက်ကိုမျှ ပေါ်ပေါ်ထင်ထင် ရွေးချယ်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ ဘက်ရွေးမှားသွားပါက မျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ ခိုင်မာသော ရပ်တည်ချက် တစ်ခု ယူရန် ဆိုသည်မှာ ဝေလာဝေးပင်။
အနာဂတ်မှာ အညှိုးတကြီး လက်စားချေတာမျိုးတွေ မဖြစ်အောင် သူတို့ အကုန်လုံးကို သတ်ပစ်လိုက်သင့်တယ်... စကားမစပ် ဒါက ချင်းယွင် ဂိုဏ်းရဲ့ အလုပ်များလား... အဲ့လိုဆိုရင်တော့ ဒီတစ်ကြိမ် သူတို့ တွက်ဆမှု မှားသွားပြီ... ငါတို့က အနိုင်ကျင့်ခံရလောက်အောင် အားနည်းနေတာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက ချူယန် တောင်ထွတ်ရဲ့ အရိပ်ထဲက စွမ်းအားကို ဆွဲထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်... မဟုတ်ရင် ငါ စိုးရိမ်ပူပန်မှုတွေ ကြားမှာပဲ ဆက်ရှိနေရလိမ့်မယ်။
ဂိုဏ်းချုပ်ယန်က စဉ်းစားခန်း ဝင်နေမိသည်။
အခြားတစ်ဖက်တွင်တော့ ကျန်းမင်လည်း ရောက်လာခဲ့ပြီ ဖြစ်သည်။ သူက ညီမငယ်လေးကို ရင်ခွင်ထဲ ပိုက်ထားလျက်။
"သူတို့ အကုန်လုံးကို ရှင်းထုတ်ပစ်ဖို့ ဂိုဏ်းချုပ်က တကယ်ကို သတ္တိရှိတာပဲ... ဒါပေမဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာကိုတော့ စိုးရိမ်မိတယ်" လင်းလုံက ရယ်မောရင်း ပြောလိုက်သည်။
"ခွန်အားက ရည်မှန်းချက်ကို ဆုံးဖြတ်ပေးတာပဲ... ပိုသန်မာလာပြီးတာတောင် အနိုင်ကျင့်ခံနေရသေးရင် ဘယ်သူက ဒေါသမထွက်ဘဲ နေမှာလဲ... ဒါ့အပြင် အရှေ့ပိုင်း ဒေသက အားနည်းနေတုန်းဆိုတော့ အခုက တိုးချဲ့ဖို့ အကောင်းဆုံး အချိန်ပဲ... ဒါကြောင့် ဂိုဏ်းချုပ်က ဒီရွှေရောင် အခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်ခံမှာလဲ... ဘာပဲဖြစ်ဖြစ် တိုက်ပွဲတစ်ပွဲက ကိစ္စတွေကို ဖြေရှင်းပေးပြီး အရှေ့ပိုင်း ဒေသကို ငြိမ်းချမ်းရေး ပြန်လည် ယူဆောင်လာပေးလိမ့်မယ်" ကျန်းမင် ပြုံး၍ တုံ့ပြန်လိုက်၏။
"သူ ကျွန်မကို ပိုကြောက်လာလိမ့်မယ်လို့ ထင်တယ်... ဒါပေမဲ့ ကျွန်မက တကယ်တော့ အစ်ကိုကြီးရှေ့မှာ သာမန် နယ်ရုပ်လေး တစ်ရုပ်၊ မြင်းတစ်ကောင် ဆိုတာကိုတော့ သူ ဘယ်တော့မှ စိတ်ကူးယဉ်နိုင်မှာ မဟုတ်ဘူး" လင်းလုံက ဆက်ပြောလာသည်။
"ငါက အမြောက် တပ်ထားတဲ့ မြင်းတစ်ကောင်ကွ" ကျန်းမင် ဝင်ပြောလိုက်သည်။
"ဘာကို ဆိုလိုတာလဲ" လင်းလုံ နားမလည်နိုင်ဘဲ ခေါင်းရှုပ်သွားရ၏။
"အာ... မေ့လိုက်ပါတော့" ကျန်းမင် လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
ကျန်းမင်က သူ့အာရုံကို ဝမ်ဝေထံသို့ ပြောင်းလိုက်သည်။ သူ့မျက်လုံးများမှ ကံကြမ္မာ စွမ်းအားများ ထုတ်လွှတ်လိုက်ရာ ဝမ်ဝေထံသို့ ချိတ်ဆက်နေသော မျဉ်းကြောင်းများစွာကို မြင်တွေ့လိုက်ရ၏။ အထူဆုံး မျဉ်းကြောင်းများထဲမှ တစ်ခုမှာ လူအုပ်ထဲရှိ အမျိုးသမီး တစ်ဦးထံသို့ ဦးတည်နေလေသည်။
End
***