အမည် - လျူယွီ
မျိုးနွယ် - လူသား
လိင် - မိန်းမ
ကျင့်ကြံခြင်း အဆင့် - အဆင့် ၈ (သုခဘုံအဆင့်)
နောက်ခံ - လျှို့ဝှက်ကမ္ဘာမှ လျူမိသားစု (မှတ်ချက် - သံသရာ ခန်းမ၏ အကျိုးခံစားခွင့်ရှိသူ၊ ကျားနက် မျိုးနွယ်စုဝင် တစ်ဦး)
ဆက်ဆံရေး -အနှုတ် (၈၈)
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (လျှို့ဝှက်ဆန်းကြယ် ဝိညာဉ်ခန္ဓာ)
လက်ရှိ အခြေအနေ - ကျိုယန်ဂိုဏ်း၏ အချက်အလက် အတိအကျကို စုံစမ်းရန် အသင်းသားများနှင့်အတူ အဆင့်တစ် မစ်ရှင်ကို လက်ခံခဲ့သော သံသရာ ခန်းမ၏ အကျိုးခံစားခွင့်ရှိသူ တစ်ဦး။ ဝိညာဉ်ထိန်းချုပ်သည့် အထူးစွမ်းရည်ကို လျှို့ဝှက်စွာ အသုံးပြု၍ အင်အားစု အသီးသီးမှ ဧကရာဇ်ကြီးများကို ကျွန်ပြုထားသည်။ ဤသည်မှာ ကျိုယန်ဂိုဏ်းကို ခြိမ်းခြောက် စမ်းသပ်ရန်နှင့် ဖြစ်နိုင်ပါက ဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးပစ်ရန် ဖြစ်သည်။ လုံချန် သေဆုံးသွားကြောင်း သိလိုက်ရချိန်တွင် အလွန် ဒေါသထွက်သွားခဲ့သည်။ ထို့ကြောင့် ကျိုယန်ဂိုဏ်းကို ဖျက်ဆီး၍ လက်စားချေမည်ဟု ကျိန်ဆိုထားသည်။
နောက်တစ်ယောက် ရှာတွေ့ပြန်ပြီပဲ...
ကျန်းမင် စိတ်ထဲ တိတ်တဆိတ် ဝမ်းသာသွား၏။ ပထမဆုံးအကြိမ် စစ်ဆေးရုံမျှဖြင့် တစ်ယောက် ရှာတွေ့လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။
ထိုမိန်းကလေးမှာ နုနယ်ပြီး ရိုးသားပုံ ပေါက်နေသော်လည်း ပရဒိသုနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေမည်ဟု မည်သူ ထင်မှတ်မိမည်နည်း။
ဆက်ဆံရေး တန်ဖိုး အနုတ် ၈၈ က သူမ ကျိုယန်ဂိုဏ်း တစ်ခုလုံးအား ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားကြောင်း သက်သေပြနေသည်။ မဟုတ်ပါက သူမ တစ်ခါမျှ မဆုံဖူးသည့် ကျိုယန်ဂိုဏ်းသား ကျန်းမင် အပေါ် ဤမျှ ကြီးမားသော ရန်ငြိုး ထားရှိမည် မဟုတ်ပေ။
ငါ မင်းကို ရှာတွေ့သွားပြီ ဆိုမှတော့ မင်းရဲ့ ကံကြမ္မာ အဆုံးအဖြတ်က ငါ့လက်ထဲ ရောက်နေပြီပဲ... ကံမကောင်းစွာဖြင့် တခြား အဖွဲ့ဝင် သုံးယောက်နှင့် ဆက်နွယ်နေသော ကံကြမ္မာ ကြိုးမျှင်များ မရှိချေ...
ကျန်းမင် စိတ်ထဲ တွေးလိုက်မိသည်။ လူငါးယောက်ပါသော အဖွဲ့မှာ တစ်ကွဲတစ်ပြားစီ ဖြစ်နေပြီး သူတို့အချင်းချင်းကြားရှိ ကံကြမ္မာ ကြိုးမျှင်များကိုပါ ဖြတ်တောက်ထားခြင်းက သူတို့ မည်မျှ သတိကြီးကြောင်း ညွှန်ပြနေသည် မဟုတ်ပါလား။
သူ့ရှေ့တွင် ဝမ်ဝေးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
"မိတ်ဆွေတို့... အရှေ့ပိုင်းဒေသမှာ သေဆုံးသွားခဲ့ကြတဲ့ သန်းပေါင်းများစွာသော ကျုပ်တို့ရဲ့ မိတ်ဆွေတွေ အတွက် တရားမျှတမှု ရယူဖို့ ကျုပ်နဲ့အတူ လိုက်ခဲ့ကြပါ။ ဒီလောကကြီးမှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူး ဆိုတာကို ကျုပ် လုံးဝ မယုံကြည်ဘူး"
ထို့နောက် သူက ဦးဆောင်၍ ကျိုယန်ဂိုဏ်း အတွင်းသို့ မီတာ တစ်ရာခန့် ဝင်ရောက်သွားတော့သည်။ ထိန်းချုပ်ခံထားရသော အခြား ဧကရာဇ်ကြီးများကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လူအုပ်ကြီး၏ တစ်ဝက်ကျော်ခန့်က ဂိုဏ်းအတွင်းသို့ ကျူးကျော် ဝင်ရောက်သွားကြပြီ ဖြစ်သည်။ သို့သော် အနည်းစုမှာမူ နောက်တွင် ကျန်ရစ်ခဲ့ပြီး လျူယွီလည်း ထိုအထဲတွင် အပါအဝင်ပင်။
တုန်းဖန်လဲ့က အေးစက်စွာ ရေရွတ်လိုက်သည်။
"သေချင်နေတဲ့ လူတွေကို တားမြစ်ဖို့ ဆိုတာ တကယ်ကို ခက်ခဲလွန်းလှပါတယ်လေ"
ထို့နောက် သူ အလွန် စိတ်လှုပ်ရှားလာ၏။ ဤတိုက်ပွဲ အပြီးတွင် မိမိတို့ ကျိုယန်ဂိုဏ်းမှာ ချင်းနယ်မြေ တစ်ခုလုံးကို အမှန်တကယ် စိုးမိုးသွားနိုင်မည်။ ထိုမှတစ်ဆင့် အရှေ့ပိုင်းဒေသဆီသို့ ခြေဆန့်နိုင်မည်။ မကြာမီ အနာဂတ်တွင် မိမိတို့...
သူ ဆက်၍ပင် မတွေးရဲတော့ပေ။ သူ ခေါင်းမော့ကာ ဂိုဏ်းချုပ် ရှိနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် မျက်စိကျိန်းမတတ် ဖြူဖွေးသော အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကျူးကျော်သူများထံ ပြေးဝင်ကာ ဖုံးလွှမ်းသွားတော့သည်။ ဖြူဖွေးသော အလင်းတန်း အတွင်း၌ အဆုံးမရှိသော ဓားချီစွမ်းအင်များက မုန်တိုင်းတစ်ခုသဖွယ် စုစည်းနေ၏။
အသက်နှင့် သေဆုံးခြင်း ပျက်သုဉ်းမှု ဝင်္ကပါ အစီအရင် အသက်ဝင်လာခြင်းပင်။
အော်ဟစ် ငိုယိုသံများ ဆူညံစွာ ထွက်ပေါ်လာသော်လည်း ဖြူဖွေးသော အလင်းတန်း အပြင်ဘက်ရှိ မည်သူကမျှ ထိုအသံများကို မကြားနိုင်ချေ။
အချိန် အနည်းငယ် ကြာပြီးနောက် အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အလောင်းများကိုသာ တွေ့လိုက်ရသည်။ ဝမ်ဝေး ပင်လျှင် ထိုနေရာ၌တင် ပွဲချင်းပြီး သေဆုံးသွားခဲ့လေပြီ။
ဂိုဏ်းချုပ်က ကိုယ်ထင်ပြလာရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"တုန်ဖန်းလီ... ငါတို့ ပိုင်နက်ထဲ ကျူးကျော်လာသူ မှန်သမျှကို ရန်သူလို့ သတ်မှတ်တယ်။ အကုန်လုံးကို သတ်ပစ်လိုက်စမ်း"
သူက ကန့်သတ်နယ်မြေနှင့် မီတာ တစ်ရာ အကွာတွင် ရှိနေသော လူများကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
တုန်ဖန်းလီက စိတ်လှုပ်ရှားစွာ ပြန်လည် တုံ့ပြန်လိုက်ပြီး အပြင်သို့ ပျံသန်း ထွက်ခွာသွားတော့သည်။ သူ့အနောက်တွင်တော့ ကျိုယန်ဂိုဏ်း အကြီးအကဲ တစ်စုက ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
ဂိုဏ်းချုပ်က သူ့ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး သေဆုံးနေသော အလောင်းများ အားလုံးကို တစ်ပြိုင်နက်တည်း ဖယ်ရှား ရှင်းလင်းပစ်လိုက်သည်။
ဝမ်ဝေနှင့်အတူ ရှေ့မတိုးခဲ့သော လူများမှာ ဝမ်ဝေးတို့ အဖွဲ့ မျက်တောင်တစ်ခတ် အတွင်း သေဆုံးသွားပုံကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် အကြောက်လွန်ကာ ထိတ်လန့် တုန်လှုပ်သွားကြတော့သည်။
"သူတို့... သူတို့ ဘယ်လိုလုပ် ဒီလောက် ရဲတင်းရတာလဲ"
"ဒါက ချင်းနယ်မြေရဲ့ ထိပ်တန်း အင်အားစုတွေလေ... မျိုးနွယ်စုတွေနဲ့ အင်အားစု အများအပြား ပေါင်းစည်းထားတာကို... ကျိုယန်ဂိုဏ်းက အကုန်လုံးကို သတ်ပစ်လိုက်တာလား"
"ကျိုယန်ဂိုဏ်းက အရမ်း အာဏာရှင်ဆန်ပြီး ရက်စက်လွန်းတယ်။ ငါတို့ အကုန်လုံးကို ရှင်းထုတ်ပစ်ဖို့များ လုပ်နေတာလား"
"မဟုတ်ဘူး... သူတို့က ချင်းနယ်မြေတင် မကဘူး... တစ်လောကလုံးရဲ့ ရန်သူ ဖြစ်လာဖို့ လုပ်နေတာပဲ။ သူတို့က သားသတ်ဓားကို မြှောက်ရဲမှတော့ အရှေ့ပိုင်းဒေသ တစ်ခုလုံးရဲ့ ချေမှုန်းတာကို ခံရတော့မှာ သေချာတယ်။ မဟုတ်သေးဘူး... သူတို့က မိစ္ဆာဂိုဏ်း ဖြစ်နေတာပဲ"
"မြန်မြန်... ကျိုယန်ဂိုဏ်းသားတွေ အကုန်လုံး မိစ္ဆာတွေ ဖြစ်သွားပြီ ဆိုတဲ့ သတင်းကို ဖြန့်ဖို့ သွားကြစို့။ သူတို့က ချင်းနယ်မြေ တစ်ခုလုံးကို သတ်ဖြတ်ချင်နေတာကွ"
"မြန်မြန် လုပ်ကြ... မဟုတ်ရင် ငါတို့ ဆုတ်ခွာဖို့ နောက်ကျသွားလိမ့်မယ်။ သူတို့ လာနေကြပြီ"
လူတိုင်းမှာ ထိတ်လန့် တုန်လှုပ်သွားကြပြီး ကြောက်ရွံ့တကြား နောက်ဆုတ် ပြေးကြတော့သည်။
အမှောင်ထဲတွင် ပုန်းအောင်းနေသော လျူယွီလည်း အံ့အားသင့်သွားသည်။ သူမ ခဏတာ တွေဝေသွားပြီး စိတ်ထဲ တွေးလိုက်မိ၏။
'ကျိုယန်ဂိုဏ်းလို ဂိုဏ်းကြီး တစ်ခုက ဘာလို့များ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ကောင်းကို စတေးပြီး လူသတ်ပွဲ ဆင်နွှဲရဲတာလဲ... တကယ်ပဲ မိစ္ဆာဂိုဏ်း ဖြစ်နေလို့များလား... ဒီအခွင့်အရေးကို အသုံးချပြီး ငါ နည်းနည်းလောက် သတ်ပစ်လိုက်ရမလား'
သူမက ပျံသန်းလာသော တုန်ဖန်းလီကို မျက်လုံး မှေးစင်း၍ ကြည့်လိုက်သည်။ ဒေါသပြေစေရန် တစ်ယောက်ယောက်ကို သတ်ပစ်ရန် သူမ ဆုံးဖြတ်လိုက်၏။
တိုက်ခိုက်ရန် အသင့်ပြင်၍ အပေါ်သို့ ပျံတက်လိုက်ချိန်တွင် သူမဆီသို့ ပြေးဝင်လာသော ဓားအလင်းတန်း တစ်ခုကြောင့် သူမ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားသည်။
ထိုတိုက်ခိုက်မှုကို မကာကွယ်နိုင်မှန်း သိလိုက်သဖြင့် လျူယွီမှာ အလွန် ထိတ်လန့်သွားပြီး ကာကွယ်ရေး မှော်ရတနာ တစ်ခုကို အလျင်အမြန် အသက်သွင်းလိုက်သည်။ ထို့နောက် အတွေးတစ်ခု သူမခေါင်းထဲ လက်ခနဲ ဖြတ်ပြေးသွား၏။
'ကျိုယန်ဂိုဏ်းထဲမှာ တကယ့် ကျွမ်းကျင်သူ တစ်ယောက် ပုန်းအောင်းနေတာပဲ'
ဓားအလင်းတန်းက သူမ၏ ဒိုင်းကာကို ရိုက်ခွဲသွားပြီး နောက်တစ်ခဏမှာပင် သူမ၏ ဘယ်ဘက် လက်မောင်းကို ဖြတ်တောက်သွားတော့သည်။
သူမ နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေကြီးထဲသို့ တိုးဝင်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
အခြား တစ်ဖက်တွင်တော့ ဂိုဏ်းချုပ်က ချူယန်တောင်ထွတ် ရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုဓားချက်ကို သူ ကောင်းကောင်း အာရုံခံမိလိုက်၏။ ထိုအရာက သူ့အတွက် ထူးကဲစွာ အစွမ်းထက်လွန်းနေပြီး လုံးဝ ခုခံ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
'အကယ်၍ အဲ့ဒီဓားချက်ကသာ ငါ့ကို ပစ်မှတ်ထားခဲ့ရင်...'
သူ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကျန်းမင်က ချူယန်တောင်ထွတ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ထိုဓားချက်မှာ သူက တိုက်ခိုက်ရေး ရုပ်သေးရုပ်ကို အမိန့်ပေး၍ ခုတ်ပိုင်းခိုင်းခဲ့ခြင်းပင်။
လင်းလုံက မေးလိုက်၏။
"စီနီယာအစ်ကို... ဘာလို့ သူ့ကို သတ်မပစ်ခဲ့တာလဲ။ သူက အရမ်း အစွမ်းထက်တဲ့ ကျွမ်းကျင်သူ တစ်ယောက်ပဲ... စီနီယာအစ်ကို သူ့ကို သဘောကျသွားလို့များလား။ ရုပ်ရည်ကတော့ မဆိုးပါဘူး... ဒါပေမယ့် ရှီယောင်ထက်တော့ အများကြီး သာမန်ပါပဲ"
ကျန်းမင် ဆွံ့အသွားပြီးနောက် ရှင်းပြလိုက်သည်။
"မကြာခင် အနာဂတ်မှာ အကျိုးအမြတ် ပိုရအောင်လို့ ငါ ဒီလို လုပ်ခဲ့တာပါ"
လင်းလုံက မဲ့ပြုံး ပြုံးလိုက်၏။
"အနာဂတ်မှာ မိန်းကလေးတွေ ပိုရလာမယ့် အကျိုးအမြတ် မဟုတ်ပါလား"
ကျန်းမင်က နေရာတွင် ထိုင်ချလိုက်ရင်း ငြင်းဆိုလိုက်သည်။
"မဟုတ်ရပါဘူးကွာ..."
ထို့နောက် သူက ဓာတ်ကြီးငါးပါး လင်းလုံကို ကြည့်ကာ မေးလိုက်၏။
"ကောင်မလေး... မင်းရဲ့ ဒီကိုယ်ပွားက စရိုက်လက္ခဏာ နည်းနည်း ပြောင်းလဲနေတယ်လို့ ငါ ထင်တယ်။ သူ့ဘာသာ သီးခြား စရိုက် တစ်ခု ဖြစ်တည်နေပြီများလား"
လင်းလုံ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။
"စရိုက်လက္ခဏာ ပြောင်းလဲသွားတယ်... ပင်မခန္ဓာကိုယ်က ကိုယ်ပွား အသစ်တွေကို ဆက်တိုက် ဖန်တီးနေတုန်းပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ အတွေးတွေကို တစ်ပြေးညီ မလုပ်ရသေးဘူး။ ဒါပေမယ့် အချိန် သိပ်မကြာသေးတော့ ဒီလို မဖြစ်သင့်ပါဘူး။ စီနီယာအစ်ကို ပြောမှပဲ ကျွန်မရဲ့ ဒီကိုယ်ပွားက နည်းနည်း ထူးခြားတဲ့ စရိုက် ရှိနေတယ်လို့ ခံစားလာရတယ်"
သူမက ကျန်းမင်၏ ရင်ခွင်ထဲ ဝင်ထိုင်ရင်း ဆက်လက် စဉ်းစားနေ၏။
"ကိုယ်ပွား တာအိုမှာ အတွေးတွေ တစ်ပြေးညီ မဖြစ်ရင်တောင် နှစ်အနည်းငယ် လောက်တော့ သိပ်ပြီး ထိခိုက်မှု မရှိပါဘူး။ ကျွန်မ ကိုယ်ပွားတွေ အရမ်း ဖန်တီးမိလို့ အပြောင်းအလဲ မြန်သွားတာများလား"
ကျန်းမင်က လေးနက်သော လေသံဖြင့် သတိပေးလိုက်သည်။
"အခု လုပ်နေတဲ့ ကိုယ်ပွား ပြီးတာနဲ့ ဆက်မကျင့်နဲ့တော့။ ပြဿနာတွေ အကုန်လုံး ဖြေရှင်းပြီးမှပဲ ဆက်လုပ်တော့"
လင်းလုံက သူ့လည်ပင်းကို သိုင်းဖက်လိုက်ရင်း ပြုံးပြလာသည်။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို..."
သူမက ကျန်းမင်၏ မျက်လုံးများကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို သပ်ကာ တိုးတိုးလေး မေးလိုက်၏။
"စီနီယာအစ်ကို... ကျွန်မကို သဘောကျတာလား... ဒါမှမဟုတ် မူလခန္ဓာကိုယ်ကို သဘောကျတာလား"
သူမ နှုတ်ခမ်းကို ကိုက်ရန် ရည်ရွယ်ထားသော ကျန်းမင်မှာ ထိုမေးခွန်း ကြောင့် မျက်မှောင်ကြုတ်သွားရသည်။
လင်းလုံက ရယ်မောလိုက်၏။
"ဟီးဟီး... အစ်ကိုကြီး... ကျွန်မ နောက်နေတာပါ။ ဒါပေမယ့် ဒီခန္ဓာကိုယ်ရဲ့ စရိုက်က ပိုပြီး ဆွဲဆောင်မှု ရှိတယ်လို့ ထင်ရတယ်နော်"
ကျန်းမင်က မေးလိုက်သည်။
"တကယ်လို့ သီးခြား စရိုက် ဖြစ်တည်လာပြီ ဆိုရင်ရော ပင်မခန္ဓာကိုယ်က ထိန်းချုပ်နိုင်သေးရဲ့လား"
လင်းလုံက ခေါင်းညိတ်ပြသည်။
"ရပါတယ်။ ကျွန်မတို့ရဲ့ မူလ အရင်းအမြစ်က မူလန္ဓာကိုယ်မှာ ရှိတာလေ။ ဒါကြောင့် ပမူလခန္ဓာကိုယ်က အတွေးတစ်ချက်နဲ့တင် ကျွန်မတို့ အသက်ကို ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် ကျွန်မတို့ မူလခန္ဓာကိုယ်ရဲ့ ထိန်းချုပ်မှု အောက်ကနေ လွတ်ထွက်သွားမယ့် အခြေအနေမျိုး အတွက် ကြိုတင် ကာကွယ်တဲ့ အနေနဲ့... စီနီယာအစ်ကို့ရဲ့ အမှတ်အသား ကျွန်မတို့ဆီမှာ ကျန်ရစ်အောင် ပထမဆုံး အကြိမ်ကို မြန်မြန် ယူထားလိုက်တယ်။ ဒီနည်းနဲ့ဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်မတို့က စီနီယာအစ်ကို့ အပေါ် သစ္စာရှိပြီး ထာဝရ ဂျူနီယာ ညီမလေးတွေ ဖြစ်နေမှာပဲလေ"
ကျန်းမင်က သက်ပြင်းချလိုက်ကာ…
"မင်းရဲ့ ဦးနှောက်သေးသေးလေးက ဒီလို တန်ပြန် အစီအမံမျိုးတောင် တွေးနိုင်သေးတယ်ပေါ့"
သူ့ ဂျူနီယာညီမလေးကို ချီးကျူးရမလား၊ ဆူရမလားပင် သူ မဝေခွဲတတ်တော့ပေ။
ထိုအချိန်တွင် ရှီယောင် လေထဲမှတဆင့် လျှောက်လှမ်းလာသည်။ သူမ၏ ရှည်လျားသော ဆံကေသာများ၊ လွင့်မျောနေသော ဝတ်ရုံလက်များနှင့် သူမထံမှ ထွက်ပေါ်နေသော ခန့်ညားသည့် အရှိန်အဝါတို့က လူများကို အလိုအလျောက် ဆွဲဆောင်နေသကဲ့သို့ပင်။
ရှီယောင်က သူတို့ရှေ့ ဆင်းသက်လာသည်နှင့် ပြောလိုက်၏။
"ဒီလူသတ်ပွဲက ကျိုယန်ဂိုဏ်းကို အကြပ်အတည်း ထဲ ရောက်သွားစေလိမ့်မယ်။ ဖိုဂိုဏ်းရဲ့ အခွဲ ခြောက်ခု၊ တခြား နယ်မြေတွေက ကျွမ်းကျင်သူတွေနဲ့ ချင်းယွင်ဂိုဏ်းကပါ အချိန်မရွေး ပြဿနာ ရှာလာနိုင်တယ်။ ကျုံးနယ်မြေက အင်အားစုတွေကလည်း ဒီအခွင့်အရေးကို ယူပြီး အခြေအနေကို ပိုဆိုးအောင် လုပ်ကောင်း လုပ်လာနိုင်တယ်။ ညီအစ်ကို ကျန်း... ရှင် အကူအညီများ လိုအပ်မလား"
ကျန်းမင်က ပြုံးသွားကာ…
"မင်းက ဘယ်လို ကူညီပေးနိုင်မှာလဲ"
ရှီယောင်က ယုံကြည်မှု အပြည့်ဖြင့် ရှင်းပြလေသည်။
"ကျွန်မက ရီယွဲ့ဂိုဏ်းရဲ့ သူတော်စင်သမီးတော် ဖြစ်တာကြောင့် ဂိုဏ်းကို ကိုယ်စားပြုနိုင်တယ်။ အရှေ့ပိုင်းဒေသမှာ ရှိတဲ့ ရီယွဲ့ဂိုဏ်းရဲ့ လက်ရှိ သတင်းကွန်ရက်က ကျွန်မ ထိန်းချုပ်မှု အောက်မှာ ရှိတယ်။ အကယ်၍ ကျွန်မသာ ဝင်ပြောပေးမယ် ဆိုရင် ယွဲ့ချန်က ကျိုယန်ဂိုဏ်းထဲမှာ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေတဲ့ နယ်ရုပ်လေး တစ်ရုပ်သာ ဖြစ်တယ်လို့ ပြောပြီး ကျိုယန်ဂိုဏ်းရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပေးလို့ ရပါတယ်"
ကျန်းမင်က ရှီယောင်၏ ကမ်းလှမ်းမှုကို ပေါ့ပေါ့ပါးပါးပင် ငြင်းပယ်သည်။
"မလိုပါဘူး... ကျေးဇူးပဲ"
ရှီယောင် နားမလည်နိုင် ဖြစ်သွား၏။
"ဘာလို့လဲ... ဒီနေရာကနေ ကျွန်မ ရခဲ့တဲ့ အကျိုးအမြတ်တွေကို ပြန်ဆပ်ဖို့ အခွင့်အရေးလေးတောင် မပေးနိုင်ဘူးလား"
ကျန်းမင်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ကျိုယန်ဂိုဏ်း အနေနဲ့ အာဏာ တည်ဆောက်ဖို့ အတွက် ဒီတိုက်ပွဲကို မဖြစ်မနေ ဖြတ်သန်းရလိမ့်မယ်"
ရှီယောင်က မေးခွန်းထုတ်လိုက်၏။
"ညီအစ်ကို ကျန်... ဒါက ရှင့်ရဲ့ ခြေသံလုံလုံ နေတတ်တဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား"
ကျန်းမင်က ခပ်ဟဟ ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့... အခြေအနေ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကိုသာ စောင့်ကြည့်ရအောင်ပါ"
ရှီယောင်က ဆက်မပြောတော့ပေ။ သူမ ကျန်းမင် အကြောင်းကို ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာလေပြီ။
ထိုအချိန်တွင် ဇီလင်းလုံက သူမကို ဘေးသို့ ဆွဲခေါ်သွားပြီး ပတ်ဝန်းကျင်နှင့် အသံများကို ချိပ်ပိတ်ပစ်သည်။
ရှီယောင်က မေးလိုက်၏။
"ဘာကိစ္စလဲ လင်းလုံ... နင့် စီနီယာအစ်ကိုကို ဘာများ မကြားစေချင်လို့လဲ။ ဒါက တကယ် ထူးဆန်းတယ်နော်"
လင်းလုံက တည့်တိုးပင်…
"ရှီယောင်... ရှင် ထွက်သွားသင့်ပြီလို့ ကျွန်မ ထင်တယ်"
ရှီယောင် ကြောင်အသွားပြီး…"ဘာလို့လဲ"
လင်းလုံက သတိပေးကာ…"ဒီမှာ ဆက်နေရင် ရှင် အချစ်ထောင်ချောက်ထဲ ကျသွားလိမ့်မယ်"
ရှီယောင်က သူမကိုယ်သူမ ထူးဆန်းသလို လက်ညှိုးထိုးပြရင်း ငြင်းဆန်လိုက်သည်။
"နင့် စီနီယာအစ်ကိုကို ချစ်မိသွားလိမ့်မယ်လို့ ပြောချင်တာလား။ လုံးဝ မဖြစ်နိုင်ပါဘူး"
လင်းလုံက ပြန်လည် ချေပ၏။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ရှင် သူ့အကြောင်း အကြမ်းဖျင်းတော့ သိနေပြီပဲ။ ဒီလောကမှာ ဘယ်သူက သူနဲ့ ယှဉ်နိုင်လို့လဲ။ သူတော်စင် သားတော်တွေလား... ဟို စီနီယာအစ်ကို ထျန်စီ ဆိုတဲ့ လူလား... အကုန်လုံးက အမှိုက်တွေချည်းပဲ။ သူ့ရဲ့ ခွန်အား၊ အံ့မခန်း ပါရမီ၊ ငယ်ရွယ်ပြီး ကောင်းမွန်တဲ့ စရိုက်တွေနဲ့ ဆိုရင် ဘယ်မိန်းကလေးက သူ့ကို မကြွေဘဲ နေနိုင်မှာလဲ"
ရှီယောင်က ခေါင်းယမ်းကာ…"အနည်းဆုံးတော့ ငါ မဟုတ်ဘူးလေ"
လင်းလုံက ထပ်မေးေသး၏။
"နင် စူးစမ်းချင်စိတ် ဖြစ်ပြီး သူ့အကြောင်း ပိုသိချင်မနေဘူးလား"
ရှီယောင် အနည်းငယ် တွေဝေသွားပြီး…"ဒါကတော့..."
လင်းလုံကတဖက်လူအား စိုက်ကြည့်ကာ…”ငါ့ရဲ့ စီနီယာအစ်ကို အနားကို အလိုလို နီးကပ်ချင်သလို ခံစားမနေရဘူးလား"
ရှီယောင် ချက်ချင်း ပြန်ဖြေ၏။
"အဲ့ဒီလိုတော့ မထင်ပါဘူး"
"ငါ့အစ်ကိုကြီး ရှေ့မှာ နင့်ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေကို ပြသချင်စိတ်ရော မရှိဘူးလား"
"ငါ အဲ့လို ဖြစ်နေလို့လား"
လင်းလုံက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"သေချာ စဉ်းစားကြည့်စမ်းပါ။ သူ့ကို ချစ်မိသွားရင်တောင် နင် အကောင်းမြင်စရာ တုံ့ပြန်မှု ရမှာ မဟုတ်ဘူးလို့ ငါ သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်။ အစ်ကိုကြီးက ရှင့်ကို လက်ခံရင်တောင် ငါ ရှိနေသရွေ့ ရှင်က ကိုယ်လုပ်တော်ပဲ ဖြစ်ခွင့်ရှိမယ်။ ဒါ့အပြင် စီနီယာအစ်ကို့ အချစ်က ကျွန်မ အပေါ်မှာပဲ အပြည့်အဝ ရှိနေမှာ။ သူက သနားလို့ ရှင့်ကို နည်းနည်းပါးပါး ခွဲပေးရင်တောင် သူတော်စင်သမီးတော် တစ်ပါး အနေနဲ့ နင် သည်းခံနိုင်ပါ့မလား"
လင်းလုံက ဆက်ပြောကာ…"အကယ်၍ နင်သာ မျက်နှာသာ ရဖို့ ငါနဲ့ ယှဉ်ပြိုင်ရဲရင်တော့... ဟွန့်... ငါမက ရှင့်ကို ရိုက်နှက်မှာ မပြောနဲ့ဦး... အစ်ကိုကြီး ကိုယ်တိုင်က နင့်ကို အရင်ဆုံး ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့အစ်ကိုကြီးကို ချစ်မိသွားတာနဲ့ နင့်အတွက် သေချာပေါက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့ဒီထဲ ကျွံမဝင်ခင် အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ"
ရှီယောင်က သူမ၏ ဖြူဖွေးပြီး ရှည်လျားသော လည်တိုင်ကို မော့ကာ ယုံကြည်မှု အပြည့်ဖြင့်…
"လင်းလုံ... နင် ကျွန်မကို အရမ်း အထင်သေးနေပြီ။ ငါ့ရဲ့ ရည်မှန်းချက်က ဒီလောကကို ကျော်လွန်ပြီး နောက်ထပ် ကမ္ဘာတစ်ခုဆီ တက်လှမ်းဖို့ပဲ။ ဒီလို အချစ်ရေး ကိစ္စတွေက ငါ့ရဲ့ ကျင့်ကြံခြင်း အရှိန်ကို ထိခိုက်စေရုံပဲ ရှိမှာမို့လို့ ငါ ကမ္ဘာထဲမှာ အဲ့ဒီအရာတွေ မရှိဘူး။ ဒါ့အပြင် ငါ့ရဲ့ အဘိဓာန်ထဲမှာ 'ယောက်ျား' ဆိုတဲ့ စကားလုံး လုံးဝ မပါဘူး"
လင်းလုံက သက်ပြင်းချလိုက်ကာ…"နင့်သဘောပါပဲလေ... ဘာပဲဖြစ်ဖြစ် နင့် အတွေးတွေက ငါ့ အပေါ် သက်ရောက်မှုမှ မရှိတာ။ ငါတို့ရဲ့ ခြေထောက်တွေကို နွေးသွားအောင် လုပ်ပေးမယ့် လူပို တစ်ယောက် ထပ်ရလာတာလည်း ဖြစ်နိုင်တာပဲလေ"
ရှီယောင်က ခနဲ့ကာ…"နင် အရမ်း ယုံကြည်မှု လွန်ကဲနေတယ် မဟုတ်လား။ ငါ သိထားသလောက်တော့ ယောက်ျား အားလုံးက မွေးရာပါ နှာဘူးတွေချည်းပဲ။ မျက်နှာသာ ပေးခံရမှုကနေ လျှောကျမသွားအောင် သတိထားပါဦး"
လင်းလုံက အကြောဆန့်လိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်…"မျက်နှာသာ ပေးခံရမှုကနေ လျှောကျသွားမယ်... နင် ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး။ အပြင်က အလှပိုင်ရှင်တွေ ဆိုတာ အစ်ကိုကြီး အတွက် သူတို့ရဲ့ အလှတရားကို သက်သက် ခံစားကြည့်ဖို့လောက်ပဲ ရှိတာ"
လင်းလုံ၏ ယုံကြည်မှု အပြည့်ဖြင့် တုံ့ပြန်မှုကြောင့် ရှီယောင် ဆွံ့အသွာမိရတော့သည်။
ထိုနေရာကို ချိပ်ပိတ်ထားသော်လည်း အရာအားလုံးကို ရှင်းလင်းစွာ ကြားနေရသော ကျန်းမင်လည်း ဆွံ့အသွားရသည်။ မည်သို့ဆိုစေ ဤနေရာမှာ သူ့တာအိုရင်ပြင် အတွင်း၌ ရှိနေဆဲ မဟုတ်ပါလား။
'ငါ့ ညီမလေးက တကယ်ကို...'
'သူက ငါ့ကို ကိုယ်လုပ်တော်တွေ အများကြီး ထားဖို့ တကယ်ပဲ ခွင့်ပြုထားတာလား'
'သူ အရမ်း သဘောကောင်းလွန်းနေပြီ'
ကျန်းမင် စိတ်ထဲ ကြည်နူးသွားပြီး ရင်ထဲတွင်လည်း ယားကျိကျိ ဖြစ်လာသည်။
'ရှီယောင်လား... ကြည့်ရတာ...'
ကျန်းမင်က ခေါင်းယမ်းလိုက်၏။
ယခု အချိန်တွင် အရေးအကြီးဆုံး ကိစ္စမှာ လျူယွီ အကြောင်း စစ်ဆေးရန် ဖြစ်သဖြင့် လူသားလမ်းစဉ် မှတ်တမ်းကို အလျင်အမြန် ဆင့်ခေါ်လိုက်လေတော့သည်။
End
***