ကျိုယန်ဂိုဏ်း၏ ခန်းမဆောင်ကြီး အတွင်း၌...
တုန်ဖန်းလီက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"ဂိုဏ်းချုပ်... ဝမ်ဝေနဲ့ တခြားလူတွေ နောက်ကွယ်က အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ အကောင်းဆုံး အချိန်ပဲ။ သူတို့ နာလန်မထနိုင်ခင် ချင်းနယ်မြေ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ပစ်ရမယ်"
ချွူယန် တောင်ထွတ်၏ ခေါင်းဆောင် ကျန်းရန်က ခေါင်းယမ်းလိုက်သည်။
"မဖြစ်ဘူး... အဲ့ဒီလို မထင်ပါဘူး။ အခုချိန်မှာ သူတို့ကို လိုက်လံ ချေမှုန်းမယ် ဆိုရင် ငါတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားလိမ့်မယ်။ ဒါတင်မကဘူး... ငါတို့ ထပ်ပြီး တိုက်ခိုက်ရင် ပုန်ကန်မှုတွေ ဖြစ်လာနိုင်ပြီး ငါတို့ကိုယ်တိုင် လူဆိုးတွေ အဖြစ် အမြင်ခံရနိုင်တယ်"
"လူဆိုးတွေ ဟုတ်လား... ခင်ဗျား အတည် ပြောနေတာလား"
တုန်ဖန်းလီက နှာခေါင်းရှုံ့သွားကာ…"ဝိုင်းရံခံထားရတဲ့ မျိုးနွယ်စုတွေရဲ့ ပါးစပ်ဖျားမှာတော့ ဟုတ်တယ်... ငါတို့က လူဆိုးတွေ ဖြစ်နေမှာပဲ။ ဒါပေမယ့် သာမန် ပြည်သူတွေ အတွက်တော့ ငါတို့က တရားဥပဒေ စိုးမိုးရေးကို ကိုယ်စားပြုတယ်။ စည်းမျဉ်းကို ဖောက်ဖျက်တဲ့ သူတွေက အသက်နဲ့ ပေးဆပ်ရမယ်လေ။ ဂုဏ်သိက္ခာ အတွက် ဆိုရင်တော့ လွယ်လွယ်လေးပါ။ တပည့်တွေကို စေလွှတ်ပြီး သာမန် ပြည်သူတွေကို တံတားပြင်ပေးတာ၊ လမ်းခင်းပေးတာ၊ မိုးခေါ်ပေးတာ၊ ရေဘေး အကူအညီ ပေးတာ ဒါမှမဟုတ် အနိုင်ကျင့်တဲ့ မြေရှင်တွေကို အပြစ်ပေးတာမျိုး လုပ်ပေးလိုက်ရုံပဲ။ နှစ်နှစ်တောင် မကြာခင်မှာ ပြည်သူတွေ ကြားထဲ ငါတို့ရဲ့ ပုံရိပ်ကောင်းကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့က အရမ်း လွယ်ကူပါတယ်။ ဒါက ပြဿနာ တစ်ခုလို့ကို မထင်တာ"
"ခင်ဗျား ပြောတာ မှန်ပေမယ့်..."
ကျန်းရန်၏ မျက်နှာထားမှာ တင်းမာသွားပြီး ဆက်ပြောသည်။
"ငါတို့ရဲ့ အကြီးမားဆုံး ရန်သူက ထွက်မလာသေးဘူး။ ချင်းနယ်မြေ အပြင်ဘက်က လူတွေ ဒါမှမဟုတ် ကျွမ်းကျင်သူ ဘယ်နှစ်ယောက်လောက် ငါတို့ကို စောင့်ကြည့်နေလဲ ဆိုတာ ခင်ဗျား သိလား။ ပြည်သူတွေကို ကူညီဖို့ တပည့်တွေကို စေလွှတ်လိုက်ရင် သူတို့ အသတ်ခံလိုက်ရရင် ဘယ်လို လုပ်မလဲ"
"ဒါဆို ငါတို့ ဒီအတိုင်း ဆက်စောင့်နေရမှာလား"
"ဟုတ်တယ်။ နောက်ထပ် ရန်သူ တစ်သုတ်ကို စောင့်နေဖို့ပဲ လိုတာ။ အဲ့ဒီအခါကျရင် အကုန်လုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းပစ်မယ်"
"ကောင်းပြီလေ..."
ယန်ယန်က ဝင်ပြောလာ၏။"ငါတို့ စောင့်မယ်။ ဒါပေမယ့် အရမ်း အကြာကြီးတော့ စောင့်လို့ မရဘူး။ ဒါ့အပြင် ချင်းနယ်မြေ အနှံ့မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ အချိန်တိုင်း သိနေဖို့ အတွက် ငါတို့မှာ မျက်စိနဲ့ နားတွေ လိုအပ်တယ်"
အစီအစဉ် တစ်ခု ရေးဆွဲပြီးသည်နှင့် အရာအားလုံး အဆင်ပြေ ချောမွေ့သွားပေလိမ့်မည်။
ချူယန် တောင်ထွတ်... နေဝင်ဆည်းဆာ အချိန်တွင် သစ်ပင်များက လေနှင့်အတူ ဝီစီမှုတ်နေသကဲ့သို့ တသဲသဲ မြည်ဟီးနေကြသည်။ ယခု စားပွဲပေါ်တွင်တော့ ဟင်းလျာ ရှစ်ပွဲ တည်ခင်းထားလျက်။
"ဒါက တကယ့်ကို ကောင်းလွန်းတယ်။ ရီယွဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပင်လျှင် တစ်နှစ်မှာ တစ်ခါလောက်ပဲ ဒီလို စားသောက်ပွဲမျိုးကို ခံစားခွင့် ရတာ။ ဒါပေမယ့် ကျွန်မကတော့ ဒီမှာ နေ့တိုင်း စားနေရတယ်"
ရှီယောင်က ပြောလိုက်သည်။ သူမ ခန္ဓာကိုယ်မှ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်နေပြီး သူမ၏ အလှတရားကို ပိုမို ပေါ်လွင်စေ၏။
"ကျွန်မရဲ့ ဝိညာဉ်စွမ်းအင်တွေ တိုးလာပြီး ခန္ဓာကိုယ်ကလည်း ပြောင်းလဲလာတယ်။ တစ်နေ့တခြား ပိုသန်မာလာတာ တကယ့်ကို အံ့ဩစရာပဲ"
လင်းလုံက သက်ပြင်းချမိသည်။
"ပြီးသွားပြီ"
ရှီယောင်က လင်းလုံကို ကြည့်ကာ မေးလိုက်၏။
"ပြီးသွားပြီ ဆိုတာ ဘာကို ဆိုလိုတာလဲ"
ထို့နောက် သူမ တစ်စုံတစ်ရာကို ရိပ်မိသွားပြီး ခပ်ဟဟ ရယ်မောလိုက်သည်။
"ငါက အစားအသောက် အကြောင်း ပြောနေတာပါ။ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာ ငါ သိပါတယ်။ ဒါကြောင့် နင် စိတ်ချလက်ချ နေလို့ ရပါတယ်"
"နင် နားလည်ရင်တော့ ကောင်းတာပေါ့"
လင်းလုံက ပြန်ပြောလိုက်၏။
သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ကျန်းမင် စိတ်ထဲ တိတ်တဆိတ် ရယ်မောနေမိသည်။
"အစ်ကိုကြီး ကျန်း... ကျွန်မ ဒီမှာ နေ့တိုင်း လာစားတာကို စိတ်မကွက်ဘူး မဟုတ်လား"
ရှီယောင်က အစာတောင်းနေသော ကြောင်လေး တစ်ကောင်ပမာ ကျန်းမင်ကို ကြည့်ကာ မေးလိုက်သည်။
ကျန်းမင်က ရယ်မောကာ…"စိတ်မကွက်ပါဘူးဗျာ"
"နောက်ထပ် နှစ်တစ်ရာလောက် စားလို့ရမယ့် ပါဝင်ပစ္စည်းတွေ အများကြီး ကျန်ပါသေးတယ်။ ဒါ့အပြင် အစားအသောက်တွေ ကုန်သွားရင်တောင် အရှေ့ပင်လယ် ကနေ သွားယူလို့ ရတာပဲလေ"
"အရှေ့ပင်လယ်က သန်းရာချီတဲ့ ပင်လယ်သတ္တဝါတွေကို ဟင်းချက်စရာ အဖြစ် အသုံးပြုဖို့ ဆိုတာ ဒီလောကမှာ ကျွန်မရဲ့ စီနီယာအစ်ကိုက လွဲပြီး ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်"
လင်းလုံက ကျန်းမင်ကို အားကျစွာ ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် မျက်နှာနှင့် မျက်လုံးများတွင် အလင်းရောင်များ တောက်ပနေသော ရှီယောင်ကို လှည့်ကြည့်ကာ မေးလိုက်၏။
ရှီယောင် ကြောင်အသွားကာ…"နင် သူ့ကို ရင်ဆိုင်နိုင်မယ် ဆိုတာ သေချာလို့လား"
အရှေ့ပင်လယ်ရှိ ပင်လယ်သတ္တဝါများကို သူ့ကိုယ်ပိုင် ရိက္ခာ အဖြစ် အသုံးပြုမည်ဟု ပြောချိန်တွင် ကျန်းမင် လိမ်ညာခြင်း သို့မဟုတ် ကြွားလုံးထုတ်နေခြင်း မဟုတ်ကြောင်း သူမ သိသည်။ သူမ နှလုံးသားကို ဆွဲငင်နေသော ထိုခံစားချက်အား ရှင်းမပြတတ်သလို မည်မျှပင် ဖယ်ရှားရန် ကြိုးစားစေကာမူ မအောင်မြင်ခဲ့ချေ။
'ငါ သူ့ကို ချစ်မိသွားပြီပဲ...'
အမှန်တရားကို သဘောပေါက်သွားချိန်တွင် ရှီယောင် အံ့အားသင့်သွားရသည်။
လင်းလုံသာ မရှိခဲ့လျှင် သူမ ဤအချက်ကို သတိထားမိမည် မဟုတ်ပေ။ ယခု သတိထားမိသွားပြီ ဖြစ်ရာ အသေအချာ တွေးတောရပေမည်။
'ငါ ထွက်သွားသင့်လား... မဟုတ်သေးဘူး။ ဒါက ငါ့အတွက် စမ်းသပ်မှု တစ်ခုပဲ။ ငါ ဒါကို မဖြစ်မနေ ကျော်ဖြတ်ရမယ်။ အကယ်၍ ကျော်ဖြတ်နိုင်ခဲ့ရင် ငါ့ရဲ့ စိတ်အခြေအနေ ပိုကောင်းလာပြီး အနာဂတ် ကျင့်ကြံခြင်း တာအိုမှာ အများကြီး အထောက်အကူ ဖြစ်လာလိမ့်မယ်။ တကယ်လို့ စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ရင်ရော... ဒါက ငါ့အတွက် ပြဿနာ တစ်ခုတောင် မဟုတ်ပါဘူး။ ငါက ရီယွဲ့ဂိုဏ်းရဲ့ သန့်စင်သော နတ်သမီးပဲ... ဒီလို ကိစ္စမျိုးကို မကျော်ဖြတ်နိုင်စရာ အကြောင်း မရှိဘူး။ ငါ ရှာဖွေနေတာက မသေတာအိုပဲ။ ငါ့လမ်းမှာ ပိတ်ဆို့နေတဲ့ အတားအဆီးတိုင်းက ငါ့ကို ပိုသန်မာလာအောင် လုပ်ပေးလိမ့်မယ်'
ရှီယောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပိုမို ပြတ်သားသွားလေသည်။
လင်းလုံက သူမကို ကြည့်ပြီး နှုတ်ခမ်းဆူလိုက်၏။ ရှီယောင် ဘာတွေးနေသည်ကို သူမ ကောင်းစွာ သိနေသည် မဟုတ်ပါလား။
'ကြည့်ရတာ အစ်ကိုကြီးက သူတော်စင်သမီးတော် တစ်ပါးရဲ့ အရသာကို ခံစားရတော့မယ့်ပုံပဲ။ ဟင့်အင်း... အဲ့ဒီလို အဖြစ်မခံနိုင်ပါဘူး။ ငါ့ဆီမှာ ကိုယ်ပွားတွေ အများကြီး ရှိတယ်။ တစ်ယောက်ချင်းစီတိုင်းက မတူညီတဲ့ စရိုက်လက္ခဏာနဲ့ ခန္ဓာကိုယ် အချိုးအစားတွေ ရှိကြတာပဲ။ အစ်ကိုကြီး ကျေနပ်အောင် ငါ အပြည့်အဝ စွမ်းဆောင်နိုင်မယ် ဆိုတာ သေချာတယ်'
လင်းလုံ စိတ်ထဲ တွေးနေမိသည်။
ကျန်းမင် ခဏတာ စဉ်းစားပြီးနောက် တူကို ချလိုက်သည်။
"လင်းလုံ... စားပြီးရင် ပန်းကန်တွေ သိမ်းလိုက်ဦးနော်။ ငါ အပြင် ခဏ သွားလိုက်ဦးမယ်"
လင်းလုံက ခေါင်းညိမ့်ကာ…"ဟုတ်ကဲ့"
"ဂရုစိုက်သွားပါ အစ်ကိုကြီး"
ကျန်းမင် ခေါင်းညိတ်ပြပြီး လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
မိုင် သုံးသောင်း အကွာတွင် ဖြူဖျော့သော မျက်နှာနှင့် လက်တစ်ဖက် ပြတ်တောက်နေသော လျူယွီ ပေါ်လာသည်။
"ကျိုယန်ဂိုဏ်း"
သူမ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေ၏။
"တစ်နေ့ကျရင် နင်တို့ကို အမြစ်ပြတ် ဖျက်ဆီးပစ်မယ်"
သူမ ဆေးလုံး တစ်လုံး ထုတ်ယူကာ မျိုချလိုက်သည်။ ပခုံးသားများ လှုပ်ရှားသွားပြီး ဒဏ်ရာမှ လက်မောင်းသစ် တစ်ဖက် ထွက်ပေါ်လာလေသည်။
လျူယွီက သူမ လက်မောင်းကို လွှဲယမ်းရင်း…"အရင်လို ခွန်အားတွေ ပြန်ရဖို့ အတွက် ဒီလက်ကို အသားကျအောင် အချိန်ယူရဦးမယ်"
မည်သို့ဆိုစေ ယခုမှ ထွက်ပေါ်လာသော လက်မောင်းသစ် ဖြစ်ရာ အားနည်းနေသေးပြီး အသားကျရန် အချိန် အနည်းငယ် လိုအပ်သည် မဟုတ်လော။
ရွှီး...
အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သူမ ဘေးသို့ ဆင်းသက်လာသည်။ ထိုအရာက လူသား တစ်ဦး အသွင် ပြောင်းလဲသွားပြီး ရှောင်ဟိုင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
"အစ်မ ယွီ... အစ်မဆီက သတင်းရရချင်း ကျွန်တော် ချက်ချင်း လိုက်လာခဲ့တာ။ အစ်မရဲ့ အခြေအနေကို ကြည့်ရတာ ရှုံးနိမ့်သွားတာလား"
"ဟုတ်တယ်... ငါ ရှုံးသွားပြီ"
လျူယွီက ပြောလိုက်၏။
"ကျိုယန်ဂိုဏ်းလို တရားလမ်းမှန် လျှောက်တဲ့ ဂိုဏ်းတစ်ခုက မျိုးနွယ်စုပေါင်း များစွာရဲ့ မဟာမိတ် အဖွဲ့ကို တွေဝေမှု မရှိဘဲ သတ်ဖြတ်ပစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ သူတို့ ကိုယ်သူတို့ မိစ္ဆာဂိုဏ်းလို့ ခေါ်သင့်နေပြီ"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျိုယန်ဂိုဏ်းက အင်အား ချဲ့ထွင်ချင်တယ် ဆိုရင် ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ဘယ်နေပါ့မလဲ"
ရှောင်ဟိုင် မျက်မှောင်ကြုတ်သွားသည်။
"ထားလိုက်ပါတော့... ဖြစ်ပြီးသား ကိစ္စက ပြင်လို့မရတော့ဘူး။ ဖိုဂိုဏ်းက ကျွမ်းကျင်သူတွေ ဒီကို လာနေကြပြီ။ အစ်ကိုရွှမ် ဆီကလည်း တခြား နယ်မြေတွေက ကျွမ်းကျင်သူတွေ ဒီဘက်ကို လာနေကြပြီ ဆိုတဲ့ သတင်း ရထားတယ်။ အရင်တုန်းက ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ဖို့ တွန့်ဆုတ်နေကြတဲ့ သူတွေ အများကြီး ရှိခဲ့ပေမယ့် အခု ဒီလို ရက်စက်တဲ့ လုပ်ရပ်ကို ကျူးလွန်လိုက်မှတော့ ဘယ်သူမှ ကျေနပ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် သေချာတယ်။ ဖိုဂိုဏ်း အတွက်ကတော့ လက်စားချေချင်တာပဲ ဖြစ်ဖြစ်၊ ချင်းနယ်မြေမှာ သူတို့ သြဇာ လွှမ်းမိုးချင်တာပဲ ဖြစ်ဖြစ်... ကျိုယန်ဂိုဏ်းက သူတို့အတွက် အတားအဆီး တစ်ခု ဖြစ်နေလို့ အရင်ဆုံး ရှင်းပစ်ရလိမ့်မယ်။ ချင်းယွင်ဂိုဏ်းကတော့ သန့်စင်သော နယ်မြေပဲ။ သူတို့ အင်အား ကျဆင်းနေတယ် ဆိုပေမယ့် အစွမ်းထက်နေတုန်းပဲလေ။ ကျိုယန်ဂိုဏ်း လိုချင်တာ ရသွားဖို့ သူတို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင် ထွက်မလာရင်တောင် ကျိုယန်ဂိုဏ်းကို တားဆီးဖို့ လျှို့ဝှက်ချက် တစ်ခုခုတော့ လုပ်ကြမှာ သေချာတယ်"
"ဒါဆို ကျိုယန်ဂိုဏ်းရဲ့ ဇာတ်လမ်းက ပြီးသွားပြီပေါ့"
"ဟုတ်တယ်"
"ကောင်းပြီလေ... ဒါဆို ငါတို့ ဒီအတိုင်း ထိုင်ကြည့်နေလိုက်ရုံပဲ။ မဟုတ်သေးဘူး... အမှောင်ထဲမှာ တစ်ခုခုတော့ လုပ်ရလိမ့်မယ်။ မြန်မြန် လှုပ်ရှားမှ ရမယ်... မဟုတ်ရင် အချိန် မီတော့မှာ မဟုတ်ဘူး"
"စိတ်အေးအေးထားပါ အစ်မယွီ။ အစ်ကိုရွှမ်က အစီအစဉ် ဆွဲနေပါပြီ။ ဒါနဲ့... ကျိုယန်ဂိုဏ်းက တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်တာလား။ အစ်မတောင် သူတို့ကို မနိုင်ဘူးလား"
"ကိုယ်ထင်မပြလို့ ဘယ်သူမှန်းတော့ ငါ မသိဘူး။ သူတို့က ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့တင် ငါ သေလုနီးပါး ဖြစ်သွားခဲ့တာ။ ငါ့အထင်တော့ အဆင့် (၉)ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရမယ်။ ဒါပေမယ့် ထူးဆန်းတာက သူတို့ ငါ့နောက်ကို ဆက်မလိုက်လာဘူး"
"သူတို့ အစ်မ ဘယ်ကလာမှန်း မသိလို့ စိတ်မြန်လက်မြန် မလှုပ်ရှားရဲတာ ဖြစ်နိုင်တယ်။ ငါတို့ ခေါင်းဆောင်နဲ့ တိုင်ပင်သင့်လား"
"မလုပ်နဲ့... ငါတို့ သူဌေးက ငါတို့ရဲ့ အကောင်းဆုံး လျှို့ဝှက်ဖဲချပ်ပဲ။ အရာအားလုံး ပျက်စီးသွားချိန်ကျမှ သုံးရမယ့် နောက်ဆုံး မျှော်လင့်ချက်လေ"
သူတို့ နှစ်ဦး စကားပြောနေကြသော်လည်း ကျန်းမင် အပေါ်ယံ ကောင်းကင်ထက်မှ စောင့်ကြည့်နေသည်ကိုမူ မည်သူကမျှ သတိမထားမိကြချေ။
"မင်ဟိုင်... အဆင့် ၇ ၊ မူလဝိညာဉ် အဆင့်"
ကျန်းမင်က သူတို့ကို စိုက်ကြည့်မိသွား၏။
ရှောင်ဟိုင်မှာ မူလဝိညာဉ် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဂရုစိုက်ရမည့် သူတစ်ယောက် ဖြစ်ပေသည်။
"အစ်ကိုရွှမ် နဲ့ သူတို့ရဲ့ ခေါင်းဆောင်လား..."
ကျန်းမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"တစ်ယောက်က နောက်ကွယ်ကနေ အစီအစဉ် ဆွဲနေပြီး... နောက်တစ်ယောက်က နောက်ဆုံး မျှော်လင့်ချက်တဲ့လား"
"အစ်ကိုရွှမ်ကို ရှာရတာ လွယ်ကူလိမ့်မယ်... သူက အပြင်က လူတွေနဲ့ အချိတ်အဆက် လုပ်ထားတာကိုး။ သူတို့ ခေါင်းဆောင် အတွက်ကတော့... အင်း... ခက်ခဲလိမ့်မယ်။ သူတို့ကြားက ကံကြမ္မာ ဆက်နွယ်မှုတွေက ဘယ်လိုလုပ်ပြီး တိတိကျကျ ပြတ်တောက်သွားရတာလဲ။ ကောင်းကင် ဝင်စားခြင်း ခန်းမရဲ့ ကာကွယ်မှု တစ်ခုခုများလား... ဒါမှမဟုတ် အထူး ရတနာ တစ်ခုခုကြောင့်လား။ တကယ်လို့ အထူး ရတနာ သာဆိုရင် ဒီကို ရောက်လာပြီးနောက် တခြားသူတွေနဲ့ ဆက်သွယ်ရာကနေ ဖြစ်ပေါ်လာမယ့် ကံကြမ္မာ ကြိုးမျှင် အားလုံးကိုပါ ဖြတ်တောက်နိုင်စွမ်း ရှိရမှာပဲ"
ထိုအတွေး ခေါင်းထဲ ဖြတ်ပြေးသွားသည်နှင့် သူ ချက်ချင်း လှည့်ထွက်လာခဲ့၏။
သူတို့၏ စကားပြောဆိုမှု အရ လုံချန်ကို သတ်ခဲ့သူမှာ သူ ဖြစ်ကြောင်း ထိုသူများ သိရှိနေပြီမှန်း ကျန်းမင် ရိပ်မိလိုက်သည်။
အကယ်၍ ယခု အချိန်တွင် ထိုနှစ်ယောက်လုံးကို သတ်ပစ်လိုက်ပါက ကျန်ရှိနေသော အဖွဲ့ဝင် နှစ်ယောက် သေချာပေါက် သိသွားပေလိမ့်မည်။ သူတို့သာ ပုန်းအောင်းသွားပါက ရှာဖွေရန် အလွန် ခက်ခဲသွားမည် မဟုတ်ပါလား။
"သူတို့ ခေါင်းဆောင်က သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဆိုမှတော့ လွယ်လွယ်နဲ့ ထွက်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက ဘေးကနေ အရာအားလုံးကို စောင့်ကြည့်နေမှာ သေချာတယ်။ ဒါကြောင့် သူလည်း အခု ချင်းနယ်မြေထဲမှာပဲ ရှိနေရမယ်။ တကယ်လို့ သူက သူတို့ရဲ့ ခေါင်းဆောင် ဆိုရင် သုခဘုံအဆင့် ဖြစ်ရလိမ့်မယ်။ အဲ့ဒါသာ အမှန်ဆိုရင် သူ့ကို ရှာရတာ လွယ်ကူသွားပြီ"
ကျန်းမင် စဉ်းစားပြီးနောက် သူ့ သုခကမ္ဘာ နယ်ပယ်ကို အသက်သွင်းလိုက်သည်။ အစပိုင်းတွင် မိုင်တစ်ရာ ပတ်လည်ခန့်သာ ဖုံးလွှမ်းသွား၏။ ထို့နောက် နယ်ပယ် အရှိန်အဝါက တဖြည်းဖြည်း မှေးမှိန်သွားပြီး စကြဝဠာ၏ တာအိုထဲသို့ ပေါင်းစပ်ကာ အဝေးသို့ စတင် ဖြန့်ကျက်သွားလေသည်။ ကီလိုမီတာ တစ်သိန်းခန့် အကွာအဝေးသို့ ရောက်ရှိသွားချိန်မှသာ ရပ်တန့်သွားတော့သည်။
ကျန်းမင်က သုခကမ္ဘာကို ကြားခံနယ် အဖြစ် အသုံးပြု၍ ချင်းနယ်မြေ အတွင်း ပုန်းအောင်းနေသော ကျွမ်းကျင်သူ အားလုံးကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည်။
ခရမ်းရောင် နန်းတော်အဆင့် အများအပြားနှင့် တာအို မျိုးစေ့ နယ်ပယ် ကျွမ်းကျင်သူ အချို့ကိုပါ သတိပြုမိလိုက်သည်။ ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ အများအပြားကို မတွေ့ရသလို ထိုအဆင့်ထက် မြင့်မားသော ကျွမ်းကျင်သူ တစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ပေ။ ရုတ်တရက် ကျန်းမင် တစ်စုံတစ်ရာကို သတိထားမိသွားပြီး မြောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ မူလဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်ခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့က ကျိုယန်ဂိုဏ်း ရှိရာဆီသို့ ဦးတည် လာနေကြသည်။
"အမှိုက်ကောင်တွေ..."
သို့သော် သူ ထိုလူများကို ဘာမှ မလုပ်ခဲ့ချေ။
မည်သို့ပင် ဆိုစေ ကျိုယန်ဂိုဏ်း အနေဖြင့် ထိုလူများကို ရင်ဆိုင်နိုင်စွမ်း ရှိကြောင်း သေချာနေသဖြင့် သူတို့ကို ဂိုဏ်းချုပ် အတွက်သာ ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
အချိန် အနည်းငယ် ကြာပြီးနောက် ကိုယ်တော် တစ်စုကို သတိပြုမိလိုက်ပြီး သူတို့ကို ဦးဆောင်လာသူမှာ သုခဘုံအဆင့် တစ်ဦး ဖြစ်နေသည်။
"ဒါက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီပဲ"
ကျန်းမင် ခပ်ဟဟ ရယ်မောလိုက်၏။
နောက်ဆုံးတွင် အခြား တစ်ဖက်၌ သူ့ပစ်မှတ်ကို ရှာတွေ့သွားလေပြီ။ ထိုနေရာမှာ တောင်တန်း တစ်ခု ဖြစ်ပြီး ၎င်းအပေါ်တွင် ဂိုဏ်းငယ်လေး တစ်ခု ရှိနေသည်။ ထိုဂိုဏ်း၏ အမည်မှာ ခေါက်ရှန်းဂိုဏ်း ဖြစ်ပြီး သူတို့ထဲတွင် အစွမ်းအထက်ဆုံးသူမှာ တတိယအဆင့် ရွှေအမြူတေ ကျွမ်းကျင်သူ တစ်ဦးသာ ဖြစ်သည်။
သို့သော် သူတို့ကြားတွင် သုခဘုံအဆင့် တစ်ယောက် ရှိနေ၏။ သူက ဂိုဏ်းတစ်ခုလုံးကို ချိပ်ပိတ်ထားပြီး တပည့်များ အားလုံး အသက်ရှင်နေကြဆဲ ဖြစ်သော်လည်း ကြိုးဆွဲရုပ်သေးရုပ်များ သဖွယ် ဖြစ်နေကြသည်။
အမျိုးသမီး တပည့်များ အားလုံးကို ခန်းမတစ်ခု အတွင်း စုစည်းထားပြီး ခေါင်းတွင် ဦးချို နှစ်ချောင်း ပါသော လူတစ်ယောက်အား ပြုစု ယုယခိုင်းထားသည်။
ရုတ်တရက် ကုတင်ပေါ်ရှိ လူက ခေါင်းကို ဆတ်ခနဲ မော့လိုက်ရာ သူ့ပတ်ဝန်းကျင် တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ခန်းမထဲရှိ လူအားလုံး သွေးမြူများ အဖြစ် ပြောင်းလဲသွားတော့သည်။
"ဘယ်လောက်တောင် ရက်စက်လိုက်လဲ"
ကျန်းမင်က ထိုလူ မိမိကို သတိပြုမိသွားလိမ့်မည်ဟု ထင်မထားခဲ့သလို အစေခံများကို တွေဝေမှု မရှိဘဲ သတ်ပစ်လိမ့်မည် ဟုလည်း မျှော်လင့်မထားခဲ့ပေ။
"မင်းက ဘယ်သူလဲ"
ရှန်းဟူက မေးလိုက်စဉ် သူ့ကိုယ်ပေါ်တွင် သံချပ်ကာ ဝတ်စုံ တစ်စုံ ပေါ်လာသည်။ သူ ခေါင်းမော့၍ အမိုးမှတဆင့် ကောင်းကင်ယံကို လှမ်းကြည့်လိုက်၏။ စကားပြောပြီးသည်နှင့် ကြမ်းပြင်ကို ဆောင့်နင်းကာ အပြင်သို့ ထွက်လာခဲ့သည်။
"မင်းက ဘာလို့ ဂိုဏ်းငယ်လေး တစ်ခုကို ကျွန်ပြုရတာလဲ"
ကျန်းမင်၏ အသံတွင် ဒေါသများ ပြည့်နှက်နေလျက် မေးလိုက်သည်။
လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာတော့သည်။
အမည် - ရှန်းဟူ
မျိုးနွယ် - နတ်ဆိုး
လိင် - ယောက်ျား
ကျင့်ကြံခြင်း အဆင့် - အဆင့် ၈ (သုခဘုံအဆင့်)
နောက်ခံ - ရှင်းဟိုင် ကမ္ဘာမှ ကျားနက် မျိုးနွယ်စုဝင် (မှတ်ချက် - သံသရာ ခန်းမ၏ အကျိုးခံစားခွင့်ရှိသူ၊ ကျားနက် အဖွဲ့ဝင် တစ်ဦး)
ဆက်ဆံရေး - အနှုတ် ၈၉
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့်
လက်ရှိ အခြေအနေ - ကောင်းကင် ဝင်စားခြင်း ခန်းမ၏ အကျိုးခံစားခွင့်ရှိသူ တစ်ဦး။ အသင်းသားများနှင့် အတူ ကျိုယန်ဂိုဏ်းအား စုံစမ်းရန် အဆင့်တစ် မစ်ရှင်ကို လက်ခံခဲ့သည်။ ဤနေရာသို့ ရောက်ရှိပြီးနောက် အခြား အသင်းသား လေးယောက်နှင့် အတူ အစီအစဉ် တစ်ခု ရေးဆွဲခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က ကျိုယန်ဂိုဏ်းထဲသို့ ခိုးဝင်မည်၊ တစ်ယောက်က ဖိုဂိုဏ်း ကျွမ်းကျင်သူများကို သိမ်းသွင်းရန် သွားမည်၊ နောက်တစ်ယောက်က ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ရန် ချင်းနယ်မြေ အတွင်းရှိ မျိုးနွယ်စု အသီးသီးမှ ဧကရာဇ်ကြီးများကို ကျွန်ပြုမည် ဖြစ်ပြီး နောက်ဆုံး တစ်ယောက်ကတော့ သတင်းများ ဖြန့်ဝေမည် ဖြစ်သည်။ အဖွဲ့၏ နောက်ဆုံး မျှော်လင့်ချက် အနေဖြင့် သူကတော့ ပုန်းအောင်းနေပြီး သူ့အသင်းသားများ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးနိုင်ခြင်း ရှိမရှိ စောင့်ကြည့်နေခဲ့သည်။ လုံချန် သေဆုံးသွားကြောင်း သိလိုက်ရချိန်တွင် အလွန် ဒေါသထွက်သွားပြီး လျူယွီကို အရင် တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။ ထိုအတောအတွင်း ဂိုဏ်းငယ်လေး တစ်ခုကို ရှာတွေ့ခဲ့ပြီး အားလုံးကို ကျွန်ပြုထားခဲ့သည်။ အချိန်ကောင်း ယူနေစဉ်မှာပင် သူ့နှလုံးသားထဲမှ အချက်ပေးသံ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက် ရောက်နေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
ရှန်းဟူ၏ အချက်အလက်များကို ကြည့်ပြီးနောက် ကျန်းမင် အနည်းငယ် စိတ်ပျက်သွားသည်။ အခြား အဖွဲ့ဝင် လေးယောက်၏ နာမည်ကို သူ မသိရသေးပေ။
ကျန်းမင် ဆွံ့အသွားကာ…"သူတို့က တကယ်ကို လွန်လွန်ကျွံကျွံ သတိကြီးလွန်းတာပဲ"
သူ သုခဘုံအဆင့် နှစ်ယောက်ကို ရှာတွေ့ထားပြီး ဖြစ်သည်။ သူတို့တွင် ကောင်းမွန်ပြီး အစွမ်းထက်သော အဖွဲ့ တစ်ဖွဲ့ ရှိသဖြင့် ချင်းနယ်မြေ တစ်ခုလုံးကို လွယ်ကူစွာ သိမ်းပိုက်နိုင်သင့်သည်။ သို့သော် သူတို့က ကံကြမ္မာ ဆက်နွယ်မှုများကို ဖြတ်တောက်ထားရုံ သာမက တစ်ကွဲတစ်ပြားစီ လှုပ်ရှားနေကြပြီး သူတို့ သူဌေး ကလည်း ပုန်းအောင်းနေခဲ့သည် မဟုတ်ပါလား။ သူ့ရှေ့ရှိ လူမှာ သူဌေးပင် ဖြစ်သည်။
"ငါ ဒီနား ဖြတ်သွားရင်း အမျိုးသမီး တပည့် တစ်ယောက်က ငါ့အာရုံကို ဖမ်းစားသွားလို့ သူတို့ကို ယုယပေးဖို့ ဒီကို ရောက်လာတာ။ သူတို့ကတောင် ဂုဏ်ယူနေသင့်သေးတယ်"
ရှန်းဟူက လှောင်ပြုံး ပြုံးလိုက်၏။
"မင်းက ဘယ်သူလဲ... ဒီကို ဘာလာလုပ်တာလဲ"
"ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီဖို့က လူသားတွေရဲ့ သဘာဝပဲလေ။ မင်းနဲ့ မတွေ့ခဲ့ရင် ကိစ္စမရှိပေမယ့် အခု ရောက်နေပြီ ဆိုမှတော့ ငါ လျစ်လျူရှုထားဖို့ အကြောင်း မရှိဘူး"
ကျန်းမင်က မှုန်ကုပ်ကုပ် မျက်လုံးများဖြင့် ပြောလိုက်သည်။
"မင်းလည်း ကျိုယန်ဂိုဏ်းကို တိုက်ခိုက်မလို့လား"
"မင်းလည်း ဟုတ်တယ်ပေါ့"
ရှန်းဟူ အံ့အားသင့်သွားသည်။
"သေချာတာပေါ့"
ကျန်းမင်၏ အကြည့်က အနည်းငယ် နူးညံ့သွား၏။
"ငါ အခုလေးတင် အဲ့ဒီကနေ ပြန်လာတာ။ ကျိုယန်ဂိုဏ်းက ကျွမ်းကျင်သူ တစ်သုတ်ကို အခုလေးတင် ခြေမှုန်းလိုက်တာ... သူတို့က အရမ်း သန်မာတယ်။ မူလဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ သူလျှို တစ်ယောက်ကိုတောင် ဖမ်းမိပြီး သတ်ပစ်လိုက်သေးတယ်။ အော်... ဟုတ်သားပဲ... ငါ့မှတ်ဉာဏ်သာ မမှားဘူး ဆိုရင် သူ့နာမည်က လုံချန် ဖြစ်ရမယ်။ သူ မသေခင်မှာ တခြား အဖွဲ့ဝင် လေးယောက်ကို ရောင်းစားသွားသေးတယ်။ သူတို့ထဲက တစ်ယောက် နာမည်က ရွှမ် ဘာဆိုလားပဲ။ ကျိုယန်ဂိုဏ်းက အရမ်း အစွမ်းထက်လွန်းတယ်။ ငါ အရမ်း ကြောက်သွားလို့ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တာ။ ထွက်ပြေးလာရင်းနဲ့ ဒီနေရာကို ရောက်လာတာပဲ"
စကားပြောနေစဉ် သူက လူသားလမ်းစဉ် မှတ်တမ်းကို စူးစိုက်ကြည့်နေခဲ့သည်။ ကံမကောင်းစွာဖြင့် "ရှောင်ရွှမ်" ၏ နာမည် အရင်းမှာ ပေါ်မလာခဲ့ပေ။
"လုံချန် သေသွားပြီ..."
ရှန်းဟူ၏ မျက်လုံးများမှ ဒေါသမီးတောက်များ ထွက်ပေါ်လာ၏။ ရုတ်တရက် သူ မျက်လုံးပြူးသွားသည်။
"မဟုတ်ဘူး... မင်းက ကျိုယန်ဂိုဏ်းကို တိုက်ခိုက်မလို့ မဟုတ်ဘူး။ မင်းက သူတို့ထဲက တစ်ယောက်ပဲ။ လုံချန် ဖမ်းမိသွားရင်တောင် သူက ငါတို့ကို ဘယ်တော့မှ ရောင်းစားမှာ မဟုတ်ဘူး။ မင်းက ဘယ်သူလဲ... ငါတို့ ငါးယောက် ရှိတယ် ဆိုတာ ဘယ်လိုလုပ် သိတာလဲ။ ပြီးတော့ မင်းက ငါ့ကို သက်သက် လာရှာတာပဲ။ တောက်... ငါ ထွက်ပြေးမှ ရမယ်"
အမှန်တရားကို သဘောပေါက်သွားချိန်တွင် ရှန်းဟူ၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သူ စိတ်ထဲမှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
'စနစ်... မြန်မြန်လုပ်... ငါ့ကို သံသရာ ခန်းမဆီ ပြန်ပို့ပေးစမ်း'
ထိုအခိုက်အတန့်တွင် ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို အသက်သွင်းလိုက်လေသည်။ အလင်းတန်း တစ်ခု ကျဆင်းလာပြီး ရှန်းဟူကို ဖုံးလွှမ်းသွား၏။ ပရဒိသု နယ်ပယ်ကိုပါ အသက်သွင်းလိုက်ပြီး ထိုနေရာ တစ်ဝိုက်ကို ချိပ်ပိတ်လိုက်သည်။
[ဒင်... ထိပ်တန်း မှော်ရတနာ တစ်ခု၏ ကြားဖြတ် တားဆီးခြင်း ခံလိုက်ရသည်။ အကျိုးခံစားခွင့်ရှိသူ ရှန်းဟူ... သင့် လုပ်ပိုင်ခွင့် အာဏာမှာ နိမ့်ကျလွန်းပါသည်။ သံသရာခန်းမသို့ ပြန်လည် ပို့ဆောင်၍ မရနိုင်ပါ]
[ဒင်... အထွတ်အထိပ်အဆင့် တာဝန်အသစ်... သင့် ပြိုင်ဘက်၏ နောက်ခံကို စုံစမ်းပါ။ မစ်ရှင် ပြီးမြောက်မှု အတိုင်းအတာ ပေါ် မူတည်၍ မတူညီသော ဆုလာဘ်များ ပေးအပ်သွားပါမည်]
[ဒင်... ယခုကဲ့သို့ ဆက်လက် ကြိုးစားပြီး မစ်ရှင်ကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ပါ အကျိုးခံစားခွင့်ရှိသူ ရှန်းဟူ]
"တောက်..."
ရှန်းဟူ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
'ငါ့ကို ပြန်မပို့နိုင်တဲ့ အပြင် အခု အထွတ်အထိပ်အဆင့် မစ်ရှင် အသစ်ကိုပါ ထပ်ပေးလိုက်သေးတယ်။ ငါ အခု သေတော့မှာဟ'
သူ အလွန် ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာပင် ရှုပ်ထွေးသွားရသည်။
ရှန်းဟူက အကြောက်တရားကို ဖိနှိပ်ကာ…"မင်း... မင်းက ဘယ်သူလဲ
… ငါ ဒီမှာ ရှိနေတာကို မင်း ဘယ်လိုလုပ် သိတာလဲ"
ကျန်းမင် ခပ်ဟဟ ရယ်မောလိုက်သည်။
"ငါ မေးခွန်းတွေ မေးမယ်... မင်းက ဖြေရမယ်။ နားလည်လား"
"နားလည်ပါပြီ"
ရှန်းဟူ သဘောမကျသော်လည်း သူ့ရှေ့ရှိ လူက သူ့ကို လွယ်ကူစွာ သတ်ပစ်နိုင်ကြောင်း နားလည်ထားသည်။ မဟုတ်ပါက စနစ်က သူ့ကို အထွတ်အထိပ်အဆင့် မစ်ရှင် ပေးမည် မဟုတ်ပေ။
သူ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး ချိပ်ပိတ်ခံထားရသဖြင့် ခြေတစ်လှမ်းပင် ရွှေ့၍ မရနိုင်အောင် ဖြစ်နေသည်။ သူက ထိုလူ၏ ကရုဏာပေါ် မှီခိုနေရပြီ ဖြစ်ရာ သူ ပြောသမျှ အကုန် လုပ်ရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
"မင်းတို့ကြားက ကံကြမ္မာ ဆက်နွယ်မှုတွေကို ဘယ်လိုများ ဖြတ်တောက်ထားတာလဲ"
ကျန်းမင်က မေးလိုက်၏။
"လွယ်ပါတယ်... ဒါက အရင်ကတည်းက ပါလာတဲ့ လုပ်ဆောင်ချက် တစ်ခုပဲ"
ရှန်းဟူက ပြန်ဖြေလာသည်။
"ဪ... ဒီလိုကိုး"
ကျန်းမင် ပြန်ပြောလိုက်သည်။ ထိုလူ ပေါ်တင်ကြီး မပြောသော်လည်း ဤသည်မှာ သံသရာခန်းမ၏ စွမ်းရည် တစ်ခု ဖြစ်ကြောင်း ကျန်းမင် ရိပ်မိသွားသည်။
ကျန်းမင်၏ တုံ့ပြန်မှုကို မြင်လျှင် ရှန်းဟူ ကြောင်အသွား၏။
'သူက သံသရာ ခန်းမ အကြောင်းများ သိနေတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက သာမန် ကမ္ဘာလေး တစ်ခုပဲလေ... ဒီက လူတွေက ကောင်းကင် ဝင်စားခြင်း ခန်းမ အကြောင်း မသိသင့်ဘူး။ ဒါတင် မကဘူး... သူက ငါ့ကို သံသရာ ခန်းမဆီ ပြန်မသွားနိုင်အောင် တားဆီးနိုင်တဲ့ ထိပ်တန်း မှော်ရတနာ တစ်ခုကိုပါ ပိုင်ဆိုင်ထားသေးတယ်။ ဒါ တကယ်ကို မယုံနိုင်စရာပဲ'
"မင်းတို့ထဲမှာ အစွမ်းအထက်ဆုံး လူတွေက မဟာ စကြဝဠာကြီး ထဲကများလား"
ရှန်းဟူ ပါးစပ် ဟလိုက်သော်လည်း ခေါင်းထဲမှ အချက်ပေးသံ ထွက်ပေါ်လာလေသည်။
[ဒင်... သတိပေးချက်... သတိပေးချက်... မေးခွန်းကို တိမ်းရှောင် ဖြေဆိုခြင်းကလည်း အချက်အလက်များကို ပေါက်ကြားစေပါသည်။ အကယ်၍ နောက်ထပ် အချက်အလက်များ ထပ်မံ ပေါက်ကြားပါက သင့်ကို ဖျက်ဆီးပစ်ပါမည်]
ရှန်းဟူက ခါးသီးစွာ ပြုံးလိုက်မိသည်။
လူသားလမ်းစဉ် မှတ်တမ်း
လက်ရှိ အခြေအနေ - ကောင်းကင် ဝင်စားခြင်း ခန်းမ၏ သတိပေးမှုကို ခံထားရသည်။ ကောင်းကင် ဝင်စားခြင်း ခန်းမနှင့် ပတ်သက်သော မည်သည့် အချက်အလက်ကိုမျှ ဖွင့်ပြောခွင့် မရှိပေ။ မဟုတ်ပါက ဖျက်ဆီးခံရမည် ဖြစ်သည်။
ကျန်းမင် ဆွံ့အသွားရလေသည်။
'ဒီ သံသရာ ခန်းမက အရမ်း သတိကြီးလွန်းတယ်။ သူက ငါ့မေးခွန်းတွေကို သွယ်ဝိုက်ပြီးတောင် ဖြေခွင့် မရှိဘူးလား'
"မင်း နာမည် ဘယ်လိုခေါ်လဲ"
ကျန်းမင်က ထပ်မေးပြန်၏။
"မင်းရဲ့ နောက်မေးခွန်းက ငါ့ညီအစ်ကိုတွေရဲ့ နာမည်တွေ မဟုတ်လား"
ရှန်းဟူက တည်ငြိမ်စွာ ပြောသည်။
"ငါတို့ကြားက ကံကြမ္မာ ဆက်နွယ်မှုတွေ ပြတ်တောက်နေတာကို မင်း သိမှတော့... နာမည်တွေသာ သိရင် သူတို့ ဘယ်သူတွေလဲ၊ ဘယ်မှာ ရှိနေလဲ ဆိုတာကို ရှာတွေ့နိုင်မယ့် နည်းလမ်း မင်းမှာ ရှိရမယ်။ ဒါကို သိနေရက်နဲ့ သူတို့ နာမည်တွေကို မင်းကို ပြောပြလိမ့်မယ်လို့ ထင်နေတာလား"
"ဒီလို ဆိုမှတော့... သေလိုက်တော့"
ကျန်းမင်က လက်ညှိုးကို မြှောက်ကာ ရှန်းဟူ၏ နဖူးကို ဖောက်ထွင်းလိုက်တော့သည်။
***