"ဟူးးး..."
ဗီလာအတွင်းရှိ ဆိုဖာပေါ်တွင် တစ်မွန်းလွဲခင်းလုံး ကျင့်စဉ်ကျမ်းကို လေ့လာနေခဲ့သော ရှုကျင်းမင်က နောက်ဆုံးတွင် ကျမ်းစာအုပ်ကို ဘေးသို့ချလိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။
"SSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ဆိုတာ တကယ်ကို မလွယ်ကူပါလား... တစ်မွန်းလွဲခင်းလုံး ဖတ်နေတာတောင် ဘာမှနားမလည်သေးဘူး" ရှုကျင်းမင်က မချီးကျူးဘဲ မနေနိုင်တော့ပေ။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးနည်းစနစ်များနှင့် နှိုင်းယှဉ်လျှင် စိတ်ဝိညာဉ်ကျင့်စဉ်များမှာ ပို၍ ရှုပ်ထွေးလှသည်။ ထို့ပြင် ကြွက်သား သို့မဟုတ် အရိုးများကို လေ့ကျင့်ရသည့် ခန္ဓာကိုယ်ကျင့်စဉ်များနှင့်လည်း မတူညီပေ။
ဝိညာဉ်သန့်စင်ခြင်း အနုပညာက နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်ကဲ့သို့ပင် အလွန်တရာ စိတ်ကူးယဉ်ဆန်လှသည်။ မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို ဟုန်းဟုန်းတောက် စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ စိတ်ကူးပုံဖော်ရန် လိုအပ်သည်။ ထို့အပြင် စိတ်ဝိညာဉ်စွမ်းအားက သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စီးဆင်းလှုပ်ရှားနေရမည်ဖြစ်သည်။ ရှုကျင်းမင်က မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို မြစ်တစ်စင်းအဖြစ် ပုံဖော်သည့် ပထမဆုံးခြေလှမ်းကိုပင် တစ်မွန်းလွဲခင်းလုံး ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိသေးပေ။
"ဒါက သဘာဝပါပဲ... ကျင့်ရတာ ဒီလောက်လွယ်နေရင်လည်း SSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်လို့ ခေါ်မှာမဟုတ်ဘူး"
ဥက္ကဠဆုကပင် သူမကိုယ်တိုင် လမ်းညွှန်ပေးလျှင်တောင် ပထမအဆင့်ကို ရောက်ရန် အနည်းဆုံး နှစ်လ၊ သုံးလခန့် ကြာလိမ့်မည်ဟု ပြောခဲ့ဖူးသည်။ တစ်မွန်းလွဲခင်းတည်းနှင့် နားလည်သဘောပေါက်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့်အရာပင်။ နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်ကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး ပထမအဆင့်သို့ ရောက်ရှိခြင်းက အစပြုရုံသာ ရှိသေးသည်။
"နည်းနည်းတော့ ရှုပ်ထွေးပေမဲ့ တစ်ညလုံးသာ ဖတ်ကြည့်လိုက်ရင် အခြေခံအဆင့်ကိုတော့ နားလည်သွားမှာပါ"
လောလောဆယ်တွင် သူက ကျင့်စဉ်ကို အပြီးတိုင် တတ်မြောက်ရန် သို့မဟုတ် အဆင့်တက်ရန် လမ်းစပင် မမြင်သေးသော်လည်း ၎င်းမှာ သာမန်စွမ်းရည်ပိုင်ရှင်များအတွက်သာ ဖြစ်သည်။ ရှုကျင်းမင်အတွက်မူ အခြေခံမျှသာ နားလည်ထားရန် လိုအပ်သည်။ ကျန်ရှိသည်များကိုမူ စနစ်ကို အသုံးပြု၍ အမှတ်များပေါင်းထည့်ကာ ဖြေရှင်းနိုင်ပေသည်။
"Systemဖန်သားပြင်ပေါ်မှာ စွမ်းရည်အမှတ် ၁၆,၀၀၀ ကျန်သေးတယ်... ဒါဆိုရင် အမှတ်ပေါင်းထည့်ဖို့ လုံလောက်မှာပါ"
တကယ်လို့ မလုံလောက်ခဲ့ရင်တောင် ကိစ္စမရှိပေ။ လေ့ကျင့်ရေးစခန်းက အမှတ် ၄ နတ်ဆိုးဂူနှင့် အလွန်နီးကပ်သောကြောင့် အထဲဝင်ပြီး စွမ်းရည်အမှတ်အချို့ သွားရောက်စုဆောင်းရုံသာ ဖြစ်သည်။ ရှုကျင်းမင် အတွေးနယ်ချဲ့နေစဉ်မှာပင် လူခေါ်ဘဲလ်သံ ရုတ်တရက် မြည်လာခဲ့သည်။
ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်တစ်ခုက လေပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ ဗီလာခြံဝင်းတံခါးရှေ့ရှိ လုံခြုံရေးကင်မရာမှ ပုံရိပ်ဖြစ်သည်။ ပုံရိပ်ယောင်ထဲတွင် ဆံပင်တိုတိုနှင့် လူငယ်တစ်ဦးက ကင်မရာကို လက်ဝှေ့ယမ်းပြနေသည်။
"ရှုကျင်းမင်... အပြင်မှာ ဧည့်သည်တစ်ယောက် ရောက်နေပါတယ်... တတိယနှစ်ကျောင်းသား ဖန်ရင် ဖြစ်ပါတယ်"
ဗီလာ၏ AIထံမှ စက်ရုပ်ဆန်သော အသံဖြင့် အကြောင်းကြားချက် ထွက်ပေါ်လာသည်။ အီဗာ၏ အသံကို ကျင့်သားရနေသော ရှုကျင်းမင်အဖို့ ထိုခံစားချက်မဲ့ပြီး အသက်မပါသော စက်ရုပ်အသံကြောင့် မျက်မှောင်ကြုတ်သွားရသည်။
“ဘုရားရေ...”
အရင်က သတိမထားမိခဲ့သော်လည်း ယခုကြည့်လိုက်မှ သာမန်Aiနှင့် ထိပ်တန်းအဆင့် ဉာဏ်ရည်တုကြားတွင် ကွာဟချက်က တကယ်ကို ကြီးမားလှပေသည်။
"မဖြစ်သေးဘူး... နောက်တစ်ခါ မဂျစ်စီးတီးတက္ကသိုလ်ကို ပြန်ရောက်ရင် အီဗာရဲ့ လုပ်ပိုင်ခွင့်အမြင့်ဆုံး ရထားတဲ့ စက်ကိရိယာခွဲတစ်ခုလောက် ပေးလို့ရမလား မေးကြည့်ရမယ်"
ရှုကျင်းမင်က ထိုအကြောင်းကို တွေးတောရင်း ဆိုဖာပေါ်မှထကာ တံခါးသွားဖွင့်ပေးလိုက်သော်လည်း စိတ်ထဲတွင်တော့ ဇဝေဇဝါ ဖြစ်နေမိသည်။ စီနီယာအစ်ကိုဖန်ရင် အကြောင်းကို သူတို့၏ဆရာ ရန်ကျန့်ထျန်းထံမှ ကြားဖူးထားသည်။ သို့သော်လည်း သူ လေ့ကျင့်ရေးစခန်းကို ရောက်လာကတည်းက ဤစီနီယာနှင့် ဆက်သွယ်ရခြင်း မရှိသေးပေ။ ဘယ်လိုများ သူတို့တံခါးကို အစောကြီး လာခေါက်နိုင်ရတာပါလိမ့်။
"ညီလေး ရှုကျင်းမင် မဟုတ်လား... ဆရာ့ဆီက မင်းအကြောင်း ကြားဖူးတယ်"
"မင်း ဒီနေ့မွန်းလွဲပိုင်းမှာ စခန်းကို ရောက်နေပြီလို့ ကြားတာနဲ့ ချက်ချင်းပဲ လာကြည့်လိုက်တာ... အနှောင့်အယှက် ဖြစ်သွားလားတော့ မသိဘူး"
ရှုကျင်းမင် တံခါးဖွင့်လိုက်သည်နှင့် ဖန်ရင်က အလွန်ဖော်ရွေသော အမူအရာဖြင့် ပြုံးလျက် နှုတ်ဆက်လာသည်။ သူ၏စီနီယာဖြစ်သူ ဂျန်းလော့ကဲ့သို့ပင် စီနီယာဖန်ရင်သည်လည်း အလွန်အရပ်ရှည်သည်။ အနည်းဆုံး ၁.၉ မီတာခန့် ရှိပေလိမ့်မည်။ သို့သော် ဂျန်းလော့နှင့် နှိုင်းယှဉ်လျှင် ဖန်ရင်၏ ရုပ်ရည်နှင့် အရှိန်အဝါမှာ ပို၍ အေးချမ်းတည်ငြိမ်သည်။
"မဟုတ်တာ... မဖြစ်ပါဘူးဗျာ" ရှုကျင်းမင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "စီနီယာဖန်... အထဲကို ကြွပါဦး"
"ထိုင်မနေတော့ပါဘူး... အခုက နေ့လယ်စာ စားရမယ့် အချိန်ပဲ... သွားကြစို့... ဒီနေ့ ငါက အိမ်ရှင်လုပ်ပြီး မင်းအတွက် ကြိုဆိုပွဲ ကျွေးမလို့"
ဖန်ရင်က ရင်းနှီးကျွမ်းဝင်စွာဖြင့် ရှုကျင်းမင်၏ ပုခုံးကို လှမ်းဖက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ... ကျွန်တော်လည်း နေ့လယ်စာ မစားရသေးဘူး" ရှုကျင်းမင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
စတုတ္ထအဆင့်သို့ ရောက်ပြီးနောက် သူက အစားအသောက်နှင့် ရေမသောက်ဘဲ လေးငါးရက်ခန့် နေနိုင်သော်လည်း ယခုအခါ တစ်နေ့လျှင် တစ်နပ်သာ စားလေ့ရှိပြီး ညစာတွင် နောက်တစ်နေ့အတွက် လိုအပ်သော စွမ်းအင်အားလုံးကို ဖြည့်တင်းထားတတ်သည်။ ဤသို့ဖြင့် အစားစားခြင်းအတွက် အချိန်အများကြီး ပေးစရာ မလိုတော့ပေ။
"ကောင်းပြီ" ဖန်ရင်က အားရပါးရ ရယ်မောလိုက်သည်။ "ငါတို့ ဂိုဏ်းတူညီအစ်ကိုတွေ ပထမဆုံးတွေ့ဆုံတာဆိုတော့ ဒီညတော့ ကောင်းကောင်း သောက်ပစ်ရမယ်"
ဖန်ရင်၏ လမ်းပြမှုဖြင့် ရှုကျင်းမင်က ဗီလာမှထွက်လာကာ လေ့ကျင့်ရေးစခန်း ဧရိယာတဝိုက် လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။ နောက်ဆုံးတွင် ရှုန့်ရှင်းယွမ်ဟုခေါ်သော စားသောက်ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ တစ်လမ်းလုံးတွင် စားသောက်ဆိုင်နှင့် အအေးဆိုင်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသဖြင့် ရှုကျင်းမင်က အံ့အားသင့်သွားရသည်။
"ဒါက မိုးကြိုးသိုင်းသင်တန်းကျောင်း အတွင်းမှာရှိတဲ့ စီးပွားရေးလမ်းမပဲ... ဒီမှာ မင်းလိုချင်တာ အကုန်ရနိုင်တယ်"
"အရင်ဆုံး စားကြစို့... စားပြီးရင် စီနီယာက မင်းကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်" ဖန်ရင်က ပြုံးလျက် ရှုကျင်းမင်ကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားသည်။
ရှုကျင်းမင်က မိမိကိုယ်ကို လောကအတွေ့အကြုံရှိသူဟု ယူဆထားသော်လည်း ဆိုင်ထဲဝင်လိုက်သည်နှင့် အနည်းငယ် မှင်တက်သွားရသည်။ တစ်ဆိုင်လုံး၏ အပြင်အဆင်မှာ ရှေးဟောင်းစတိုင်ဖြစ်ပြီး မျက်နှာကြက်ရှိ ကြီးမားလှသော ခရစ္စတယ် မီးဆိုင်းကြီးမှာပင် ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျ ဖြစ်နေကာ ခေတ်မီဆန်းသစ်မှု အငွေ့အသက်များ မတွေ့ရပေ။ ခန်းမအတွင်းရှိ လက်ရာမြောက်လှသော အလှဆင်ပစ္စည်းများသည်လည်း အလွန်တန်ဖိုးကြီးပုံ ရသည်။
အစားအသောက် စားပွဲဝိုင်း ဆယ်ဝိုင်းကျော်အပြင် ခန်းမအလယ်တွင် စင်မြင့်လေးတစ်ခုကိုလည်း ပြင်ဆင်ထားသည်။ ထိုစင်ပေါ်တွင် ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးများက ခမ်းနားထည်ဝါသော အကများဖြင့် ကပြဖျော်ဖြေနေကြသည်။ သူမတို့အနားတွင် အမျိုးသမီးတစ်ဦးက ဗျပ်စောင်းကို တီးခတ်နေပြီး ခန်းမတစ်ခုလုံးကို သာယာနာပျော်ဖွယ် တေးသံများဖြင့် လွှမ်းမိုးထားသည်။
"ဘယ်လိုလဲ... မဆိုးဘူး မဟုတ်လား"
စီနီယာအစ်ကိုဖန်ရင်က ရယ်မောရင်း ပြောသည်။ "ငါတို့ မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ပထမဆုံး ကျောင်းအုပ်ကြီး လော့ဟန်က မဟာနွေရာသီမင်းဆက်ရဲ့ ရှေးဟောင်းယဉ်ကျေးမှုကို တကယ် သဘောကျတာ... ဒါကြောင့် မိုးကြိုးသိုင်းသင်တန်းကျောင်း ဌာနချုပ် တစ်ခုလုံးမှာ နန်းတော်တွေ၊ ပြာသာဒ်တွေလို ရှေးဟောင်းအဆောက်အအုံတွေ အများကြီး ရှိနေတာပေါ့... ဒီစီးပွားရေးလမ်းမတွေကလည်း အဲဒီခေတ်ရေစီးကြောင်းအတိုင်း လိုက်ပြီး အခုလို တိုးတက်လာတာပဲ... တကယ်ကို ထူးခြားတဲ့ ဆွဲဆောင်မှုရှိတယ်လို့ ပြောရမယ်"
ဖန်ရင် စကားပြောနေစဉ်မှာပင် အနီရောင် ချောင်ဆန်း ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက လျှောက်လာပြီး ပြုံးလျက် မေးမြန်းလာသည်။
"လူကြီးမင်းတို့ ဘာများ သုံးဆောင်ချင်ပါသလဲ"
ထိုအမျိုးသမီးမှာ အလှပဆုံး မိတ်ကပ်လိမ်းခြယ်ထားပြီး သူမဝတ်ထားသော ချောင်ဆန်းမှာ သာမန်ဝတ်စုံများနှင့်မတူဘဲ ခန္ဓာကိုယ်နှင့် အလွန်အံဝင်ခွင်ကျ ဖြစ်နေသည်။ သူမ၏ သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်ကို ထိုဝတ်စုံက ပိုမိုပေါ်လွင်စေသည်။ ထို့ပြင် ပေါင်ရင်းအထိ ခွဲထားသော ဝတ်စုံကြောင့် ဖြူဖွေးသွယ်လျသော ခြေတံအလှကိုလည်း မြင်တွေ့နေရသည်။
"ငါတို့ကို တိတ်ဆိတ်တဲ့ သီးသန့်ခန်းတစ်ခု ပေးပါ... ပြီးတော့ ၆၈၈ အဆင့်မြင့် စားသောက်ပွဲအစုံကို ပြင်ပေးပါ"
ဖန်ရင်က ဤနေရာကို အမြဲလာနေကျဖြစ်ပုံရပြီး အလွန်ရင်းနှီးစွာဖြင့် မှာကြားလိုက်သည်။
"ဟုတ်ကဲ့ပါ... အထူးဧည့်သည်တော်တို့ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ"
အမျိုးသမီး၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး သူတို့နှစ်ဦးကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားလေသည်။
"စီနီယာ... စီနီယာမှာလိုက်တဲ့ စားသောက်ပွဲက ဘာမို့လို့ ဝန်ထမ်းမလေးက စီနီယာ့ကို ကြည့်တဲ့မျက်လုံးတွေ ပြောင်းသွားရတာလဲ" ဒုတိယထပ်ရှိ သီးသန့်ခန်းအတွင်း ရောက်ရှိပြီးနောက် ရှုကျင်းမင်က ပြုံးလျက် မေးလိုက်သည်။
"ငါမှာလိုက်တာက ၆.၈၈ သန်း တန်ဖိုးရှိတဲ့ အဆင့်မြင့် စားသောက်ပွဲအစုံလေ"
"ဒီတစ်ပွဲတည်းနဲ့တင် သူက ကော်မရှင်ခ ယွမ် တစ်သိန်းကျော် ရမှာဆိုတော့ မပျော်ဘဲ နေမလား" ဖန်ရင်က ပြုံးလျက် ပြောလိုက်သည်။
"၆.၈၈ သန်း" ရှုကျင်းမင်က ထိတ်လန့်သွားရသည်။
စွမ်းရည်ပိုင်ရှင်တွေက ငွေရှာရတာ မြန်တာ မှန်ပေမဲ့ အစားအသောက် တစ်နပ်တည်းအတွက် ဒီလောက်အများကြီး သုံးစွဲသူမှာ အလွန်နည်းပါးသည်။ အချို့သော အစွန်းရောက် ကျင့်ကြံသူများဆိုလျှင် စွမ်းအင် ဖြည့်စွက်စာလောက်ကိုသာ သုံးဆောင်တတ်ကြသည်။ သူက ၆၈၈ ဆိုသည်မှာ အများဆုံး ၆၈,၀၀၀ ခန့်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ အဆပေါင်း တစ်ရာတောင် များနေပေသည်။
အံ့ဩသွားမိသော်လည်း ရှုကျင်းမင် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်မိသည်။ ၆.၈၈ သန်းတန် အစားအသောက်ဆိုသည်မှာ အလွန်တရာ ခမ်းနားလွန်းလှသည်။ ပထမဆုံးတွေ့ဆုံခြင်းမှာပင် ဤမျှ တန်ဖိုးကြီးသော စားသောက်ပွဲဖြင့် ဧည့်ခံသည်မှာ ဖန်ရင်က အနည်းငယ် စိတ်အားထက်သန်လွန်းနေသည် မဟုတ်ပါလား။
***