ဇွန်လ ၁၈ ရက်၊ မနက် ၁၁ နာရီတွင် ရာသီဥတုမှာ နွေရာသီသို့ ကူးပြောင်းနေပြီဖြစ်သဖြင့် မွန်းမတည့်သေးသော်လည်း အပြင်ဘက်တွင် နေရှိန်မှာ ပြင်းပြတောက်လောင်နေပြီ ဖြစ်သည်။ ကောင်းကင်ယံမှ ဖြာကျလာသော နေရောင်ခြည်တို့က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ကျရောက်နေသည်။ ၎င်းက ဗီလာအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ရှုကျင်းမင်၏ ကိုယ်ပေါ်သို့ မှိန်ပျပျ အလင်းရောင်အဖြစ် ကျရောက်နေသည်။
"မနေ့ည ၁၀ နာရီကနေ ဒီနေ့မနက် ၁၁ နာရီအထိ... ၁၃ နာရီတိတိ ဒီဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကိုပဲ ငါ အချိန်ပေးခဲ့တာပဲ"
ရှုကျင်းမင်က လက်ထဲမှ ကျမ်းစာအုပ်ကို ပိတ်လိုက်ပြီး မျက်လုံးများကို ပွတ်သပ်လိုက်သည်။ အချိန်အတော်ကြာ အာရုံစူးစိုက်ထားရသဖြင့် သူ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ ဤပင်ပန်းမှုက ခန္ဓာကိုယ်ကြောင့်မဟုတ်ဘဲ စိတ်ဝိညာဉ်အဆင့်မှ လာခြင်းဖြစ်သည်။
"အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးမှာတုန်းက AIပြောတာ မမှားပါလား..."
SSSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကို လမ်းပြပေးမည့်သူမရှိဘဲ လေ့ကျင့်မည်ဆိုလျှင် အခြေခံရဖို့တောင် ဆယ်စုနှစ်ချီ ကြာနိုင်သည်ဟု အီဗာက သတိပေးခဲ့ဖူးသည်။ အရင်က သူ မယုံကြည်ခဲ့သော်လည်း ယခုတော့ နားလည်သွားပြီဖြစ်သည်။ ရှုကျင်းမင်က စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားရသည်။ ဤနှုန်းအတိုင်းဆိုလျှင် ဆုချင်းလီ၏ အကူအညီမပါဘဲ သူကိုယ်တိုင် ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။ နှစ်ပေါင်းများစွာ လေ့လာခြင်းမရှိဘဲ အခြေခံရရန်ပင် ခက်ခဲလှသည်။ ၎င်းက SSအဆင့် ကျင့်စဉ်မျှသာ ရှိသေးသည်ကိုပင်။
"ကံကောင်းတာက တစ်ညလုံး လေ့လာပြီးတဲ့နောက်မှာတော့ ဒီ နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ် ထဲကို အမှတ်တွေ စပြီး ပေါင်းထည့်လို့ရမယ့် အခြေအနေကို နောက်ဆုံးတော့ ရောက်သွားပြီ"
ရှုကျင်းမင်၏ နှုတ်ခမ်းအစုံမှာ အသာအယာ ကွေးညွတ်သွားပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ စိတ်ထဲမှ အော်ဟစ်လိုက်သည်။ "Systemငါ့အတွက် အမှတ်ပေါင်းထည့်စမ်း"
စွမ်းရည်အမှတ် -၁၄,၀၀၀
နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ် → နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ် (ပထမအဆင့်)
စိတ်ဝိညာဉ်စွမ်းအား : ၆,၂၅၃ အိတ်ဇ် → ၇,၂၈၉ အိတ်ဇ်
“ဘုန်း...”
ရှုကျင်းမင်၏ ကြီးမားလှပြီးသားဖြစ်သော စိတ်ဝိညာဉ်စွမ်းအားက ရုတ်တရက် အဆမတန် တိုးမြင့်လာခဲ့သည်။ ထို့နောက်တွင် စိတ်ဝိညာဉ်စွမ်းအား အားလုံးက တစ်နေရာတည်းသို့ စုစည်းသွားသည်။ ၎င်းတို့က မြစ်တစ်စင်းကဲ့သို့ ပေါင်းစည်းကာ မရပ်မနား စီးဆင်းလှုပ်ရှားနေကြသည်။
"SSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်... အဆင့်တက်ခြင်း အောင်မြင်ပြီ"
ရှုကျင်းမင် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည့်အခါ ကြည်လင်လှသော သူ၏မျက်ဝန်းအစုံမှ အပြင်ဘက်သို့ ဖောက်ထွက်လာမတတ် လက်ခနဲ ဖြစ်သွားသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ သူ၏ အရှိန်အဝါမှာ ပြောင်းလဲခြင်းမရှိသော်လည်း ပိုမိုမြင့်မြတ်သော အငွေ့အသက်များ သူ၏ကိုယ်မှ ထွက်ပေါ်နေသည်။
အမည် : ရှုကျင်းမင် အဆင့် : စတုတ္ထအဆင့်မြင့် အထူးစွမ်းရည် : ကောင်းကင်မိုးကြိုး (SS) သွေးစွမ်းအင် : ၈,၀၄၀ (+) စိတ်ဝိညာဉ်စွမ်းအား : ၇,၂၈၉ Hz (+) စွမ်းရည်များ : လှံသိုင်း (ဆရာသခင်)၊ လက်သီးသိုင်း (ဆရာသခင်)၊ မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ (S+ အဆင့်၊ အခြေခံ)၊ မိုးကြိုးနတ်ဘုရား လက်ချောင်း (S+ အဆင့်၊ အခြေခံ)... ခန္ဓာကိုယ်ကြံ့ခိုင်ရေး : မသေနိုင်သော မိုးကြိုးခန္ဓာ (S အဆင့်၊ ဆဋ္ဌမအဆင့်) ဝိညာဉ်သန့်စင်ရေး : နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ် (SS အဆင့်၊ ပထမအဆင့်) အထူးစွမ်းရည်အမှတ် : ၂,၂၇၆
"Systemဖန်သားပြင်မှာ ဝိညာဉ်သန့်စင်ရေးဆိုတဲ့ ကဏ္ဍအသစ် တိုးလာပြီပဲ"
၎င်းမှာ နောက်နောင်တွင် စနစ်ဖန်သားပြင်မှတစ်ဆင့် ဆက်လက် အဆင့်မြှင့်တင်နိုင်သည်ဟု အဓိပ္ပာယ်ရသည်။ ရှုကျင်းမင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ကို အပျော်ဆုံးဖြစ်စေသောအရာမှာ စိတ်ဝိညာဉ်စွမ်းအား အမှတ်တစ်ထောင်ကျော် တိုးလာခြင်းပင်။
မသေနိုင်သော မိုးကြိုးခန္ဓာပထမအဆင့်ကို ရောက်ရှိစဉ်က သွေးစွမ်းအင် အမှတ် ၁၀၀ သာ တိုးခဲ့သည်ကို သတိပြုသင့်သည်။ သဘာဝကျကျပင် ထိုနှစ်ခုကို အဆင့်မြှင့်တင်ရသည့် ခက်ခဲမှုမှာ လုံးဝ တူညီခြင်းမရှိပေ။ SSအဆင့် နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ်၏ ပထမအဆင့် အခြေခံမျှအတွက်ပင် စွမ်းရည်အမှတ် ၁၄,၀၀၀ ကုန်ဆုံးခဲ့ရသည်။ ထို့ပြင် Systemက အလွန်ပါးနပ်သည်ကို သူ တွေ့ရှိခဲ့ရသည်။ ၎င်းက တိုက်ခိုက်ရေးနည်းစနစ်များကို မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အမျိုးအစား ခွဲခြားမှုအတိုင်း အလိုအလျောက် မှတ်သားထားခြင်းဖြစ်သည်။
"Systemမှာ ငါမသိသေးတဲ့ တခြား လုပ်ဆောင်ချက်တွေလည်း ရှိနေနိုင်သေးတယ်..."
ခေတ္တမျှ စဉ်းစားပြီးနောက် ရှုကျင်းမင်က ဆိုဖာပေါ်မှ ထလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအား အမှတ်တစ်ထောင်ကျော် တိုးလာသဖြင့် တစ်ညလုံး ကျင့်စဉ်လေ့လာခဲ့ရသည့် ပင်ပန်းမှုများမှာ အတော်အတန် လွင့်ပါးသွားခဲ့သည်။ သူသည် မနေ့က ဆရာမဆု အကြံပြုထားခဲ့သည့် တိုက်ခိုက်ရေးနည်းစနစ် သုံးခုကို သင်ယူရန် မိုးကြိုးသိုင်းသင်တန်းကျောင်း၏ ကျမ်းတိုက်သို့ သွားရန် ပြင်ဆင်လိုက်သည်။ ၎င်းတို့မှာ Aအဆင့် ကျင့်စဉ်များသာဖြစ်သဖြင့် အချိန်အများကြီး ပေးရမည်မဟုတ်ဘဲ Systemကိုသုံးကာ အမှတ်ပေါင်းထည့်လိုက်ရုံသာ ရှိသည်။
"ငါ့ဆီမှာ စွမ်းရည်အမှတ် နှစ်ထောင်ကျော် ကျန်သေးတယ်... ကျန်တဲ့ မန္တန်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ် သုံးခုကို သင်ယူဖို့ လောက်ပါလိမ့်မယ်"
ကျမ်းတိုက်က လေ့ကျင့်ရေးစခန်း၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ရှုကျင်းမင် ဆယ်မိနစ်ခန့် လမ်းလျှောက်လိုက်ရုံဖြင့် ရောက်ရှိသွားသည်။ သူက ကျမ်းတိုက်မှာ သိပ်မကြီးလောက်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ မဂျစ်စီးတီး တက္ကသိုလ်ရှိ ကျမ်းတိုက်ထက်ပင် ပိုမိုကြီးမားနေသည်ကို တွေ့ရသည်။
"ဒါက နဝမအဆင့် သိုင်းသူတော်စင် တည်ထောင်ခဲ့တဲ့ နေရာလေ... နှစ်ပေါင်း နှစ်ရာနီးပါး သမိုင်းကြောင်းလည်း ရှိတယ်ဆိုတော့ စာအုပ်တွေ ဒီလောက်များတာ မဆန်းပါဘူး"
ကျမ်းတိုက်ဝင်ပေါက်တွင် ရပ်ကာ ရှုကျင်းမင် စိတ်ထဲမှ ကျိတ်၍ ချီးကျူးလိုက်ပြီးနောက် အထဲသို့ အမြန်ဝင်လိုက်သည်။ သူ၏ ကျောင်းသားလက်မှတ်ကို မနေ့ကပင် ရရှိထားပြီး ဖြစ်သည်။ ကျမ်းတိုက်ဧည့်ကြိုဌာနရှိ ဝန်ထမ်းကို အမှတ်အသားပြသပြီးနောက် လျှပ်စီးကွင်းဆက် ၊ မိုးကြိုးလုံး အတတ်ပညာ နှင့် မိုးကြိုးအကာအကွယ်ဟူသော A+အဆင့် တိုက်ခိုက်ရေးနည်းစနစ် မူရင်းကျမ်းစာအုပ် သုံးအုပ်ကို ရှုကျင်းမင်က လွယ်လွယ်ကူကူ ရရှိခဲ့သည်။
" ရှုကျင်းမင်... ဒီလျှို့ဝှက်ကျမ်းစာအုပ် သုံးအုပ်ကို ကျမ်းတိုက်ထဲမှာပဲ ဖတ်ရှုခွင့်ရှိပြီး အပြင်ကို ယူသွားလို့ မရပါဘူး... အပြင်ကို ယူသွားမယ်ဆိုရင်တော့ ကျမ်းတိုက်ရဲ့ အချက်ပေးသံ မြည်လာပါလိမ့်မယ်... နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်"
ဧည့်ကြိုကောင်တာနောက်ကွယ်မှ အနည်းဆုံး ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်အဆင့်ရှိသော အမျိုးသမီးဆရာမတစ်ဦးက သတိပေးလိုက်သည်။
"နားလည်ပါပြီ"
မဂျစ်စီးတီး တက္ကသိုလ်ရှိ ကျမ်းတိုက်ကို အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး လင်းရွှမ်က စောင့်ကြပ်နေသကဲ့သို့ မိုးကြိုးသိုင်းသင်တန်းကျောင်း ဌာနချုပ်ရှိ ကျမ်းတိုက်မှာလည်း ခြွင်းချက်မဟုတ်ပေ။ ကျမ်းတိုက်ထဲသို့ ဝင်လိုက်သည်နှင့် ရှုကျင်းမင်က လင်းရွှမ်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော အရှိန်အဝါတစ်ခုကို မပီမပြင် ခံစားလိုက်ရသည်။ အကယ်၍ သူသာ ကျမ်းစာအုပ်များကို အပြင်သို့ ခိုးယူရန် ကြိုးစားပါက ချက်ချင်းပင် ဖမ်းဆီးခံရမည်မှာ သေချာသည်။
ကျမ်းစာအုပ် သုံးအုပ်ကို ယူပြီးနောက် သူက ခန်းမထဲသို့ လျှောက်ဝင်လာခဲ့သည်။ ပထမထပ် ခန်းမတစ်ခုလုံးတွင် ဧည့်ကြိုကောင်တာ အနီးမှလွဲ၍ ကျန်ရှိသော နေရာများမှာ စာအုပ်စင်များ၊ စားပွဲနှင့် ထိုင်ခုံများဖြင့် ပြည့်နှက်နေသည်။ နေရာအတော်များများမှာ အားလပ်နေသဖြင့် သူက စိတ်အေးလက်အေး လေ့လာနိုင်ပေသည်။
"ရှာလန်... ရှာလန်... ဘယ်လိုလဲ ဆရာမလင်းရွှမ်က တကယ်ပဲ တင်းကျပ်တာလား"
"ငါကြားတာတော့ ဒီဆရာမလင်းရွှမ်က သွားလေရာမှာ ဟင်းလင်းပြင်စွမ်းရည်ကိုပဲ သုံးတာတဲ့"
"မနေ့က နင့်ဆီလာတုန်းကလည်း နင့်ဗီလာထဲကို တိုက်ရိုက်ကြီး ပေါ်လာတာလား"
"ဆရာမလင်းရွှမ်က လှလား ငါကြားတာတော့ လွန်ခဲ့တဲ့ သုံးနှစ်က သူ့ကို လူပျိုလှည့်တဲ့သူတစ်ယောက်ကို စိတ်ကုန်ပြီး ငါတို့ သိုင်းသင်တန်းကျောင်းကနေ ထွက်သွားတာဆို"
ဤအချိန်တွင် ကျမ်းတိုက်၏ ပထမထပ်၌ စာကြည့်စားပွဲတစ်ခုတွင် မိန်းကလေးအချို့ တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ ဝိုင်း၏ အလယ်တွင် ထိုင်နေသူမှာ အပြာနုရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမက ပေါင်တံသွယ်သွယ်လျလျ၊ ဘဲဥပုံမျက်နှာနှင့် ဖြူဝင်းသော အသားအရေရှိသည့် လှပသော မိန်းကလေးတစ်ဦးပင်။
"ငါ့ရဲ့ အဒေါ်ကြီးတို့ရယ်... ငါက နင်တို့ကို ဒီမှာ တိုက်ခိုက်ရေးနည်းစနစ်တွေ အတူတူ လေ့လာဖို့ ခေါ်ထားတာကို နင်တို့က ဘာလို့ ဒီလောက်တောင် အတင်းပြောနေကြတာလဲ"
အလယ်တွင် ထိုင်နေသော ရှာလန် တစ်ယောက် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ မနေ့ညကမှ သူမက လင်းရွှမ်၏ တပည့်အဖြစ် တရားဝင် လက်ခံခြင်း ခံခဲ့ရသည်။ ထို့အပြင် ဟင်းလင်းပြင်စွမ်းရည်ကို အခြေခံသည့် တိုက်ခိုက်ရေးနည်းစနစ်များ သင်ယူရန်နှင့် ကျမ်းတိုက်ရှိ Aအဆင့်အောက် တိုက်ခိုက်ရေးနည်းစနစ်များကို အခမဲ့ လေ့လာခွင့်ရရန် စီစဉ်ပေးခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ယနေ့မနက် အစောကြီးတွင် သူမ၏ သူငယ်ချင်းနှစ်ဦးကို အဖော်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုင်မိသည်နှင့် သူတို့၏ အတင်းပြောခန်းမှာ မရပ်မနား ဖြစ်နေတော့သည်။
"ငါတို့က သိချင်လို့ပါဟ"
အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ "Sအဆင့် ဟင်းလင်းပြင်စွမ်းရည်ရှိတဲ့ အဋ္ဌမအဆင့်လတ် အထွတ်အထိပ် ဆရာကြီးတစ်ယောက်လေ... သူတို့က အသက် ၃၀ ကျော်နေပြီ ဖြစ်ပေမဲ့ အခုထိ အိမ်ထောင်မပြုကြသေးဘူး... ငါ့ရဲ့ အတင်းပြောချင်တဲ့ စိတ်ဓာတ်တွေ တောက်လောင်နေပြီ"
ပါရမီရှင် လေ့ကျင့်ရေးစခန်းသို့ ဝင်ခွင့်ရသူများက အနည်းဆုံး စတုတ္ထအဆင့် ရှိရမည်ဖြစ်ပြီး အသက် ၂၆ နှစ်ထက် မကျော်ရပေ။ ရှာလန်၏ သူငယ်ချင်းနှစ်ဦးမှာ အသက် ၂၄ နှစ်သာ ရှိသေးသဖြင့် အတော်လေး ငယ်ရွယ်ကြသေးသည်။ ထို့ကြောင့် ဤကဲ့သို့သော အတင်းအဖျင်းများကို အလွန်အမင်း စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
"နင်တို့ကို တကယ်စိတ်ကုန်တယ်" ရှာလန်က သူမ၏ နဖူးကို ပွတ်ရင်း သက်ပြင်းချလိုက်သည်။ ဤကဲ့သို့ ဖြစ်လာမည်မှန်း သိလျှင် သူတို့ကို အဖော်မခေါ်လာသင့်ပေ။
ရှာလန် စကားမဲ့နေစဉ်မှာပင် ညာဘက်ရှိ အခြားမိန်းကလေးတစ်ဦးမှာမူ အခြားတစ်ဖက်သို့ ငေးကြည့်နေပြီး စိတ်လှုပ်ရှားစွာဖြင့် အသံတိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟိုမှာ ကြည့်စမ်း... အခုလေးတင် ဝင်လာတဲ့ တစ်ယောက်က တကယ်ကို ချောတာပဲ"
***