စွမ်းရည်အမှတ် -၄၀၀ လျပ်စီးကွင်းဆက် → လျပ်စီးကွင်းဆက် (အခြေခံအဆင့်)
စွမ်းရည်အမှတ် -၄၀၀ မိုးကြိုးလုံး အတတ်ပညာ → မိုးကြိုးလုံး အတတ်ပညာ (အခြေခံအဆင့်)
စွမ်းရည်အမှတ် -၄၀၀ မိုးကြိုးအကာအကွယ် → မိုးကြိုးအကာအကွယ် (အခြေခံအဆင့်)
ကျွမ်းကျင်မှု အမှတ်ပေါင်းထည့်ခြင်းက အဆင့်မြှင့်တင်ခြင်း သို့မဟုတ် ခန္ဓာကိုယ်နှင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်များကဲ့သို့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု အားမကြီးပေ။ ထို့ကြောင့် တိုက်ခိုက်ရေးနည်းစနစ်များကို လေ့လာပြီး အမှတ်ပေါင်းထည့်ရန် သတ်မှတ်ချက် ပြည့်မီသွားသည်နှင့် ရှုကျင်းမင်က တိုက်ရိုက်ပင် အမှတ်ပေါင်းထည့်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ချက်ချင်းပင် ထိုတိုက်ခိုက်ရေးနည်းစနစ် သုံးခုကို လေ့ကျင့်ထားသည့် အတွေ့အကြုံများနှင့် ဗဟုသုတများစွာက သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာခဲ့သည်။ ခဏအတွင်းမှာပင် ရှုကျင်းမင်က ထိုမန္တန်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ် သုံးခုကို ကျွမ်းကျင်သွားခဲ့ပြီး အချိန်မရွေး ထုတ်ဖော်အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
" A+အဆင့် တိုက်ခိုက်ရေးနည်းစနစ် သုံးခုအတွက် စွမ်းရည်အမှတ် ၁,၂၀၀ ပဲ ကုန်တယ်... မဆိုးပါဘူး"
သို့သော်လည်း စနစ်ဖန်သားပြင်ပေါ်ရှိ စွမ်းရည်အမှတ်များမှာ ယခုအခါ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရှုကျင်းမင်က စိတ်ထဲမှ တွေးလိုက်မိသည်။ “စွမ်းရည်အမှတ်တွေ အကုန်သုံးလိုက်ပြီဆိုတော့ တောနက်ထဲသွားပြီး နောက်ထပ်တစ်သုတ် သွားရှာရဦးမယ်” ကံကောင်းသည်မှာ ပါရမီရှင် လေ့ကျင့်ရေးစခန်းက အမှတ် ၄ နတ်ဆိုးဂူနှင့် မဝေးလှပေ။ တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် သွားရုံနှင့် ရောက်ရှိနိုင်သည်။
သို့သော်လည်း နတ်ဆိုးဂူထဲမဝင်မီ ဆုချင်းလီကို အရင်အကြောင်းကြားထားသင့်သည်။ ရှုကျင်းမင်က ဖုန်းကိုထုတ်ကာ အချိန်ကို ကြည့်လိုက်ရာ မွန်းလွဲ ၃ နာရီကျော်သာ ရှိသေးသည်။ ဤအချိန်တွင် ဆုချင်းလီဆီ သွားတွေ့ခြင်းမှာ အနှောင့်အယှက် ဖြစ်စေမည်မဟုတ်ပေ။ ထို့ကြောင့် သူက မတ်တတ်ရပ်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ရှာလန်နှင့် အခြားသူများကို ပြောလိုက်သည်။
"ရှာလန်... ငါ့မှာ လုပ်စရာကိစ္စလေး ရှိနေလို့ အခုသွားတော့မယ်... နင်တို့ပဲ ဆက်လုပ်ကြတော့"
"ဟင် စောစောကြီး ရှိသေးတာကို သွားတော့မလို့လား"
ရှာလန်က အနည်းငယ် အံ့ဩသွားသည်။ သူမ နောက်ထပ် ဘာမှမမေးနိုင်ခင်မှာပင် ရှုကျင်းမင်က လျှို့ဝှက်ကျမ်းစာအုပ်များကို ပိုက်ကာ ဧည့်ကြိုကောင်တာဆီသို့ လျှောက်လှမ်းသွားသည်ကို တွေ့လိုက်ရသည်။
ရှာလန်၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားတော့သည်။ “မဟုတ်မှလွဲရော... ငါက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား ဘာလို့ ဒီလောက်တောင် အမြန်ပြေးနေရတာလဲ”
"အဲဒီလူတော့ နောက်ဆုံးတော့ သွားပြီပဲ... သူရှိနေတုန်းက ငါတော့ စကားတစ်ခွန်းတောင် မပြောရဲဘူး"
အချိန်အတော်ကြာ အောင့်အည်းထားခဲ့ရသော ဆံပင်တိုနှင့် မိန်းကလေး ကျိုးရှောင်မန်က နောက်ဆုံးတွင် စိတ်လက်ပေါ့ပါးသွားကာ ဘေးရှိ ရှာလန်ကို တံတောင်နှင့် အသာတို့လျက် ပြောလိုက်သည်။ "ရှာလန်... နင် သတိထားမိလား ဒီSSအဆင့် စွမ်းရည်ပိုင်ရှင် ရှုကျင်းမင်ကတော့ တကယ့်ကို သရုပ်ဆောင်ကောင်းတာပဲ"
"ဘာဖြစ်လို့လဲ" ရှာလန်က ရှုကျင်းမင် ထွက်သွားသည့်ဘက်မှ မျက်တောင်မခတ်တမ်း ကြည့်နေရင်း မေးလိုက်သည်။
"နင် မသိဘူးလား"
ကျိုးရှောင်မန်၏ မျက်လုံးများ ပြူးသွားပြီး ရှာလန်လက်ထဲရှိ တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာအုပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဒီလေးနာရီအတွင်းမှာ နင်က ဒီကျမ်းစာအုပ်ရဲ့ သုံးပုံတစ်ပုံတောင် မဖတ်ရသေးဘူးလေ... ဒါပေမဲ့ ဒီရှုကျင်းမင်ကတော့ ကျမ်းစာအုပ် သုံးအုပ်လုံးကို ဖတ်သွားတာနော် အဲဒီလောက်နဲ့ ဘာတွေများ တတ်သွားမှာလဲ နင်ရော မထင်ဘူးလား... သူက တော်တော်လေး ဂိုက်ပေးတာပဲလို့လေ"
"အဲဒီလိုလား"
ရှာလန်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မသိမသာ ပြန်ပြောလိုက်သည်။ "သူက အရင်ကတည်းက ဒီတိုက်ခိုက်ရေးနည်းစနစ် သုံးခုလုံးကို မြင်ဖူးထားလို့ နောက်ဆုံးအဆင့် အနေနဲ့ လာဖတ်တာများလား"
စောစောက ကျိုးရှောင်မန်နှင့် ရန်ဒန်တို့မှာ ပုံမှန်ထက် ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့ကြပြီး သူမကိုယ်တိုင်လည်း ကျမ်းစာအုပ်ထဲတွင် အာရုံနစ်ဝင်နေခဲ့သည်။ ရှုကျင်းမင်၏ လုပ်ရပ်များကို သူမတို့ သေချာ သတိမထားမိခဲ့ကြပေ။ ပြီးခဲ့သည့် အမှတ် ၉ အပျက်အစီးတွင် ရှုကျင်းမင်၏ ပြင်းထန်သော တိုက်ခိုက်ရေးပုံစံကို ကြည့်ခြင်းအားဖြင့် ဒီလောက် အစွမ်းထက်တဲ့ စွမ်းရည်ပိုင်ရှင်က ဒီလိုမျိုး သရုပ်ဆောင်နေစရာ အကြောင်း လုံးဝမရှိပေ။
"ဒီတိုက်ခိုက်ရေးနည်းစနစ် သုံးခုထဲမှာ မိုးကြိုးအကာအကွယ်နဲ့ မိုးကြိုးလုံး အတတ်ပညာကိုပဲ အပြင်လောကမှာ ရှာလို့ရတာ... ကျန်တဲ့ လျပ်စီးကွင်းဆက် ကတော့ ငါတို့ရဲ့ ပထမဆုံး ကျောင်းအုပ်ကြီး ကိုယ်တိုင် ဖန်တီးခဲ့တာလေ... ဒါက ငါတို့ လေ့ကျင့်ရေးစခန်းက ကျမ်းတိုက်မှာပဲ ရှိတာ... ရှုကျင်းမင်က ငါတို့ စခန်းကို မနေ့ကမှ ရောက်တာလေ... သူ ဘယ်တုန်းက သင်ယူထားမှာလဲ"
"ဒါ့အပြင် ဒါတွေအားလုံးက A+အဆင့် နည်းစနစ်တွေလေ... ဥက္ကဠဆု ကိုယ်တိုင် သင်ပေးထားတာ... ရှုကျင်းမင် တစ်ယောက်တည်းနဲ့ ဒါကို အကုန်နားလည်ဖို့ဆိုတာ မလွယ်ဘူး"
အချက်အလက်များကို ကြိုတင်ရှာဖွေထားသော အခြားတစ်ဦးဖြစ်သည့် ရန်ဒန်က ပြုံးလျက် ဝင်ပြောလိုက်သည်။
"ဒါဆို ရှုကျင်းမင်က ဘာလို့ ဒီလိုလုပ်ရတာလဲ"
"တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာအုပ် သုံးအုပ်ကို တစ်ပြိုင်တည်း ဖတ်ပြီး ဘာမှမတတ်သွားဘူးဆိုရင် ဒါက အဓိပ္ပာယ်မရှိဘူးလေ" သူငယ်ချင်းနှစ်ဦး၏ ခွဲခြမ်းစိတ်ဖြာချက်များကို နားထောင်ပြီးနောက် ရှာလန်သည်လည်း ရှုကျင်းမင်၏ လုပ်ရပ်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
"အဓိပ္ပာယ်မရှိရမှာလဲ" ကျိုးရှောင်မန်က ရှာလန်ကို ပြုံးလျက် ကြည့်လိုက်သည်။ "ဒါက နင့်ရဲ့ စိတ်ဝင်စားမှုကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်သွားတာ မဟုတ်ဘူးလား နင်သိလား... မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်အပေါ် စတင်ပြီး စိတ်ဝင်စားလာပြီဆိုရင် အဲဒါက သူ စိတ်ညှို့ခံလိုက်ရတော့မယ့် အစပျိုးခြင်းပဲလေ..."
"ကံမကောင်းတာက တစ်ယောက်ယောက်က ကျမ်းစာအုပ်ထဲမှာ အာရုံနစ်နေလွန်းလို့ သူ့ရဲ့ လုပ်ရပ်တွေကို လုံးဝ သတိမထားမိလိုက်တာပဲ"
ရန်ဒန်ကလည်း အပေးအယူမျှမျှဖြင့် ဝင်ပြောလိုက်သည်။ "ရှုကျင်းမင်ကလည်း ဒါကို သတိထားမိသွားလို့ ဖြစ်မှာပေါ့... ဒါကြောင့် သူ အမြန်ထွက်သွားတာနေမှာ... ဒါပေမဲ့ ငါ့ရဲ့ ရှာလန်လေးရယ်... နင့်ရဲ့ စံနှုန်းတွေက ဒီလောက်တောင် မြင့်လိမ့်မယ်လို့ ငါ မထင်ထားဘူး"
"သာမန်ယောင်္ကျားလေးတွေကို ငြင်းတာကတော့ ထားပါတော့... အခုဟာက ဥက္ကဠဆုရဲ့ တိုက်ရိုက်တပည့်နော် SSအဆင့် စွမ်းရည်ပိုင်ရှင်ကြီး ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ရောက အထူးအထွေ ပြောနေစရာတောင် မလိုဘူး... နင်ကတော့ သူ့ကို သေချာတောင် လှည့်မကြည့်ဘူး... နင်နဲ့ နီးစပ်ဖို့ ခက်တယ်လို့ ယောင်္ကျားလေးတွေ ဘာလို့ ပြောကြလဲဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်"
"အဲ... အဲဒီလိုလား"
ရှာလန်တစ်ယောက် သူတို့နှစ်ဦး၏ ပြောစကားကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။ တံခါးအပြင်ဘက်သို့ လှမ်းထွက်သွားတော့မည့် ထိုအရပ်ရှည်ရှည်နှင့် ကျောပြင်ကို ကြည့်ကာ သူမ မသိမသာ ရေရွတ်လိုက်မိသည်။
"ငါ့ခံစားချက်အရတော့... သူက နင်တို့ပြောသလို လူမျိုး မဟုတ်လောက်ဘူး ထင်တယ်"
အပျက်အစီးထဲတွင် လူသတ်ရာ၌ အလွန်ပြတ်သားလွန်းလှသော ရှုကျင်းမင်က သူမ၏ စိတ်ဝင်စားမှုကို ရရှိရန်အတွက်သာ ဤကဲ့သို့ လုပ်ဆောင်လိမ့်မည်ဟု သူမ လုံးဝ စိတ်ကူးမယဉ်နိုင်ပေ။
"ဒါဆိုရင် ရှုကျင်းမင် ဘာလို့ အဲဒီလို လုပ်ရလဲဆိုတာ အကြောင်းပြချက် ပေးစမ်းပါ" အရာအားလုံးကို ထွင်းဖောက်မြင်သည်ဟု ယူဆထားသော ကျိုးရှောင်မန်က ချက်ချင်းပင် မေးလိုက်သည်။
ရှာလန်က ဘာမှ ပြန်မပြောနိုင်တော့ပေ။
"ရှာလန်... နင့်ရဲ့ မိသားစုနောက်ခံက သာမန်ပဲ ဖြစ်ပြီး အဆင့် ၇ ဆရာကြီး မိသားစုကပဲ လာတာ ဖြစ်ပေမဲ့ နင့်ရဲ့ ဖြူစင်တဲ့ မျက်နှာလေး၊ ဝိုင်းစက်နေတဲ့ မျက်လုံးတွေ၊ သွယ်လျတဲ့ ခြေတံတွေနဲ့ ခါးလေးကို ကြည့်ဦးလေ... မိန်းကလေးဖြစ်တဲ့ ငါတောင်မှ စိတ်လှုပ်ရှားမိတာ... ရှုကျင်းမင်လို သွေးကြွနေတဲ့ လူငယ်တစ်ယောက်ဆိုရင်တော့ ပြောနေစရာတောင် လိုဦးမလား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ သူက နင့်နောက်ကို တကယ် လိုက်နေတာပဲ"
ရန်ဒန်က ရင်ဘတ်ကို ပုတ်ကာ အခိုင်အမာ အာမခံလိုက်သည်။ SSအဆင့် စွမ်းရည်ပိုင်ရှင်ဆိုရင်ရော ဘာဖြစ်လဲ လူသားယောင်္ကျားလေး မဟုတ်တော့ဘူးလား ရှေးလူကြီးတွေ ပြောသလိုပဲ အမျိုးကောင်းသားတို့ဟာ အမျိုးကောင်းသမီးတွေကိုသာ တောင့်တကြတာပဲ မဟုတ်လား။ ၎င်းအပြင် ရှာလန်က ဒီလောက်အထိ ချောမောလှပနေတာပဲလေ။
ရှာလန်က ပါရမီရှင် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိလာသည်မှာ တစ်နှစ်ဝက်ပင် မပြည့်သေးသော်လည်း ယောင်္ကျားလေး အတော်များများကတော့ သူမကို စခန်း၏ အလှပဆုံး မိန်းကလေးအဖြစ် တိတ်တဆိတ် သတ်မှတ်ထားကြသည်ကို သတိပြုသင့်သည်။ ရှုကျင်းမင်က စိတ်ဝင်စားသွားခြင်းမှာ သဘာဝကျလှပေသည်။
"ဒါ... ဒါက..." ရှာလန်က မျက်တောင်လေး ခတ်လျက် ဇဝေဇဝါ ဖြစ်နေမိသည်။
သူမက ကျမ်းစာအုပ်ကို ဆက်လက်ဖတ်ရှုရန် မသိမသာ ကြိုးစားလိုက်သော်လည်း အရင်ကကဲ့သို့ အာရုံမစိုက်နိုင်တော့သည်ကို တွေ့လိုက်ရသည်။
"နင်တို့ လျှောက်ပြောနေလို့ပဲ... ငါ စာဖတ်လို့တောင် မရတော့ဘူး" ရှာလန်က မျက်စောင်းထိုးလျက် အသံတိုးတိုးဖြင့် ဆူလိုက်သည်။
"ရှာလန်... နင်ကိုယ်တိုင် စိတ်မငြိမ်တာကို ဘာလို့ ငါတို့ကို လာအပြစ်တင်နေတာလဲ" ကျိုးရှောင်မန်က ပိုပိုသာသာ အမူအရာဖြင့် ပြောလိုက်ပြီး ရန်ဒန်ကလည်း နောက်ပြောင်လျက် ဝင်ပြောသည်။ "ရှာလန်ကိုပဲ အပြစ်တင်လို့ မရဘူးလေ... ငါသာ ဒီလို ချောတဲ့ လူငယ်လေးရဲ့ ပစ်မှတ်ထားခြင်း ခံရရင် ငါလည်း စိတ်ငြိမ်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်... ငါပြောတာသာ နားထောင် ရှာလန်... နင်လည်း သူ့ကိုပဲ လက်လျှော့လိုက်ပါတော့" ကျိုးရှောင်မန်က ပြုံးလျက် ပြောလိုက်သည်။ "ရှုကျင်းမင်က ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲလေ... လူအတော်များများက သူ့ကို လိုချင်နေကြတာတောင် အခွင့်အရေး မရကြဘူး ပြီးတော့ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရုံနဲ့တင် နင့်ရဲ့ လိုအပ်ချက် မှန်သမျှကို သူ ဖြည့်ဆည်းပေးနိုင်မှာ သေချာတယ်"
"ရှောင်မန်"
ကျိုးရှောင်မန်၏ ရဲတင်းလွန်းသော စကားများကြောင့် တစ်ခါမှ ရည်းစားမထားဖူးသော ရှာလန်၏ မျက်နှာလေးမှာ အနည်းငယ် ရဲတက်သွားရသည်။ သူမက စာအုပ်ကို ပိတ်ကာ ထိုင်ခုံမှ ထလိုက်သည်။
"နင်တို့နှစ်ယောက်ကတော့ ဒီစာအုပ်ကို ဖတ်လို့မရအောင်အထိ ဖျက်စီးလိုက်ပြီပဲ... ထားလိုက်ပါတော့... ငါတော့ လေ့ကျင့်ရေး အဆောက်အအုံကိုပဲ သွားပြီး လေ့ကျင့်တော့မယ်"
***