"ဒီကောင်က တကယ်ပဲ တစ်ရက်ကျော်ကျော်လေးနဲ့ ကျင့်ကြံမှု ပြီးမြောက်သွားတာပဲ"
ဤကဲ့သို့သော ပါရမီမျိုးမှာ တကယ်ကို မယုံနိုင်စရာပင်။ ရှုကျင်းမင် ထွက်သွားပြီးသည့်တိုင်အောင် ဆုချင်းလီက အပေါ်ဆုံးထပ်ရှိ လေ့ကျင့်ရေးခန်းမ၌ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်နေမိဆဲ ဖြစ်သည်။
"ဒါပေမဲ့ ရှုကျင်းမင်ရဲ့ ပါရမီက ပိုပြီး ထူးခြားလေလေ သူ့ကို ပိုပြီး ကာကွယ်ပေးဖို့ လိုအပ်လေလေပဲ"
ဆုချင်းလီက သူမ၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ စမတ်လက်ပတ်ကို နှိပ်ကာ လင်းရွှမ်ထံသို့ ဖုန်းခေါ်လိုက်သည်။ "နင် အလုပ်မရှုပ်ရင် ဒီဘက်ကို တစ်ချက်လောက် လာခဲ့ပါဦး"
"ဘာဖြစ်လို့လဲ ငါ့ကို တွေ့ချင်လို့လား"
သူမ စကားဆုံးသည်နှင့် ဟင်းလင်းပြင် တံခါးတစ်ခုမှာ ဖြည်းညင်းစွာ ပေါ်လာပြီး ထိုထဲမှ လင်းရွှမ် လျှောက်ထွက်လာသည်။ သူမက သူမ၏ သွယ်လျလှပသော ကိုယ်လုံးကို လုံးဝ ဖုံးကွယ်ထားသည့် အနက်ရောင် ရှေးဟောင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။
"ရှုကျင်းမင်က အမှတ် ၄ နတ်ဆိုးဂူကို သွားတော့မယ်... အဲဒီမှာ တစ်လ၊ နှစ်လလောက် ကြာလိမ့်မယ်... အဲဒီအချိန်အတွင်းမှာ ဟင်းလင်းပြင်လက်ဖွဲ့ရဲ့ လှုပ်ရှားမှုကို သေချာ သတိထားပေးပါဦး"
လင်းရွှမ်က အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးတစ်ဦးအနေဖြင့် မည်သည့် စိတ်ဝိညာဉ် အာရုံခံစားမှုကိုမှ လွဲချော်မည်မဟုတ်သည်ကို ဆုချင်းလီ ကောင်းကောင်း သိသော်လည်း မနေနိုင်ဘဲ သတိပေးလိုက်မိခြင်း ဖြစ်သည်။
"သိပါတယ်" လင်းရွှမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။ "နင် ရှုကျင်းမင်ကို ဝိညာဉ်သန့်စင်ရေး ကျင့်စဉ် လေ့လာဖို့ ခိုင်းထားတာ မဟုတ်ဘူးလား... ဘာလို့ သူ့ကို နတ်ဆိုးဂူဆီ ပြန်လွှတ်လိုက်ရတာလဲ"
"ငါလည်း ဒါမျိုး ဖြစ်စေချင်တာ မဟုတ်ပါဘူး ဒါပေမဲ့ သူက ငါသင်ပေးလိုက်တဲ့ ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကို အောင်အောင်မြင်မြင် တတ်မြောက်သွားပြီလေ... အဲဒါကို ဘယ်သူက သိမှာလဲ" ဆုချင်းလီက အားကိုးရာမဲ့သလို ပခုံးတွန့်ပြလိုက်သည်။ သူမ၏ အမူအရာမှာ ရှုကျင်းမင်က ကျင့်ကြံမှု အောင်မြင်ပြီဟု ပြောစဉ်က အမူအရာနှင့် တော်တော်လေး ဆင်တူလှသည်။
"ဘာ ရှုကျင်းမင်က အဲဒီSSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကို တတ်သွားပြီ ဟုတ်လား" လင်းရွှမ်၏ လှပသော မျက်ဝန်းများမှာ မယုံကြည်နိုင်ဟန်ဖြင့် ပြူးသွားတော့သည်။ "ချင်းလီ... နင် ငါ့ကို နောက်နေတာ မဟုတ်ပါဘူးနော်"
"သူသာ ကျင့်ကြံမှု မအောင်မြင်ဘူးဆိုရင် ငါက သူ့ကို နတ်ဆိုးဂူဆီ လွှတ်ပါ့မလား" ဆုချင်းလီက ခပ်ဖွဖွ ရယ်မောလျက် ပြန်ဖြေလိုက်သည်။
"ဟုတ်သားပဲ" လင်းရွှမ် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "သူ မဂျစ်စီးတီးတက္ကသိုလ်မှာ ရှိတုန်းကတည်းက ပါရမီ အရမ်းကောင်းမှန်း ငါသိပါတယ် ဒါပေမဲ့ ဒီလောက်အထိ တော်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
"ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ရှုကျင်းမင်က ငါတို့ မဟာနွေရာသီတိုင်းပြည်ရဲ့ ထိပ်တန်း ပညာရှင်တွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်လာမှာ သေချာတယ်" ခဏမျှ စဉ်းစားပြီးနောက် လင်းရွှမ်က ဆုချင်းလီကို ရုတ်တရက် ကြည့်လိုက်သည်။ "နေပါဦး... နင် ငါ့ကို ဒီခေါ်တာက ရှုကျင်းမင်ရဲ့ ဘေးကင်းရေးကို သတိပေးဖို့တင် မဟုတ်ဘဲ ငါ့ကို လာပြီး ကြွားချင်လို့ မဟုတ်လား"
"ဘာဖြစ်လဲ... ဒါက ကြွားဝါစရာ မဟုတ်ဘူးလား"
သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း လင်းရွှမ်၏ ရှေ့တွင်တော့ ဆုချင်းလီက နဝမအဆင့် မှော်သူတော်စင် တစ်ဦး၏ အရှိန်အဝါများကို လုံးဝ ဘေးဖယ်ထားလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးတွင် မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ ရှုကျင်းမင်မှာ သူမ၏ ပထမဆုံး တပည့်ဖြစ်ပြီး သူ ကောင်းမွန်စွာ စွမ်းဆောင်နိုင်လေလေ၊ သူမက ဆရာတစ်ယောက်အနေဖြင့် ပို၍ ပျော်ရွှင်ရလေလေပင်။
"အေးပါ... အေးပါ နင်က သူ့ရဲ့ ဆရာဆိုတော့လည်း ကြွားချင်သလောက် ကြွားပေါ့" ဤအခြေအနေကို ကြည့်ကာ လင်းရွှမ်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။ ပြောရမည်ဆိုလျှင် ရှုကျင်းမင်မှာ မဂျစ်စီးတီး တက္ကသိုလ်၏ ကျောင်းအုပ်ကြီးဟောင်းဖြစ်သူ သူမ၏ တပည့်တစ်ဦးလည်း ဖြစ်သည် မဟုတ်ပါလား။
ရှုကျင်းမင်မှာမူ သူ ထွက်ခွာသွားပြီးနောက် ဆုချင်းလီနှင့် လင်းရွှမ်တို့ ဤကဲ့သို့ ဆွေးနွေးနေကြသည်ကို လုံးဝ မသိရှိပေ။ သူက လေ့ကျင့်ရေး အဆောက်အအုံအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မဂျစ်စီးတီး တက္ကသိုလ်ရှိ ၁၀ ထပ်ကျော် မြင့်သော လေ့ကျင့်ရေး အဆောက်အအုံနှင့် မတူဘဲ ပါရမီရှင် လေ့ကျင့်ရေးစခန်းရှိ လေ့ကျင့်ရေး အဆောက်အအုံမှာ ခြောက်ထပ်သာ မြင့်သည်။ သို့သော်လည်း အထပ်တိုင်း၏ အမြင့်မှာ ရှစ်မီတာကျော် ရှိပြီး အလွန်တရာ ကျယ်ဝန်းလှသည်။
ဆွဲငင်အားထိန်းညှိခန်းမှာ လေ့ကျင့်ရေး အဆောက်အအုံ၏ တတိယထပ်တွင် တည်ရှိသည်။ ရှုကျင်းမင် ဓာတ်လှေကားပေါ်မှ ဆင်းကာ တတိယထပ်သို့ လှမ်းဝင်လိုက်သည့်အခါ ခန်းမတစ်ခုလုံးတွင် လူ ၂၀ ခန့်မှာ အမျိုးမျိုးသော လေ့ကျင့်မှုများကို ပြုလုပ်နေကြသည်ကို တွေ့ရသည်။ အချို့မှာ သူတို့၏ စွမ်းရည်များကို စမ်းသပ်နေကြပြီး အချို့မှာမူ တိုက်ခိုက်ရေးနည်းစနစ်များ၏ အဖျက်စွမ်းအားကို စမ်းသပ်နေကြသည်။
"အို... လူသစ်လား တော်တော်လေး စိမ်းနေသလိုပဲ"
"ရှုကျင်းမင်လေ မနေ့က ဗီလာမှာ ငါ သူ့ကို မြင်လိုက်တယ်"
"ရှုကျင်းမင် ဟုတ်လား သူ ဖြစ်နေတာကိုး"
အရပ်ရှည်ရှည်နှင့် ရှုကျင်းမင် ခန်းမထဲသို့ ဝင်လာသည်နှင့် လူအတော်များများက သူ့ကို မှတ်မိသွားကြသည်။ SSအဆင့် စွမ်းရည်ပိုင်ရှင်အပေါ် လူအများက စိတ်ဝင်စားနေကြသည်။ သူတို့က ရှုကျင်းမင်ကို လှမ်းကြည့်ရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
"ဟေး... အစ်ကိုရှုကျင်းမင် ခင်ဗျား ဒီလေ့ကျင့်ရေး အဆောက်အအုံကို ရောက်နေတာလား"
ထိုအချိန်တွင် အံ့ဩနေသော အသံတစ်ခုနှင့်အတူ လူငယ်တစ်ဦးက ရှုကျင်းမင်၏ ရှေ့တွင် ပေါ်လာသည်။ ထိုလူငယ်မှာ ချောမောပြီး ဆံပင်ရှည်ရှည်နှင့် ခန့်ညားလှသူ ဖြစ်သည်။ သူကတော့ ရှုကျင်းမင် အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးမှာ ဆုံခဲ့ဖူးသည့် လင်းဟွေပင် ဖြစ်သည်။
"ခင်ဗျား စခန်းကို ရောက်နေပြီလို့ မနေ့က သူတို့ပြောတာ ကြားတယ်... အချိန်ရရင် သွားတွေ့မလို့ စဉ်းစားနေတာ ဒါပေမဲ့ ဒီမှာ ဆုံမယ်လို့ မထင်ထားဘူး" လင်းဟွေက ပြုံးလျက် ပြောလိုက်သည်။ အမှန်တကယ်တွင် သူက ပြီးခဲ့သည့်အကြိမ် အပျက်အစီးထဲတွင် အချိန်အတော်ကြာ ပေးခဲ့ရသဖြင့် ယခုတလော အပြင်မထွက်ဘဲ ဌာနချုပ်မှာတင် လေ့ကျင့်နေခြင်း ဖြစ်သည်။
ရှုကျင်းမင်က လင်းဟွေအပေါ် အထင်ကြီးလေးစားမှု အတော်အတန် ရှိသဖြင့် ယခုလို ဆုံတွေ့ချိန်တွင် ပြုံးရွှင်စွာဖြင့် စကားစမြည် ပြောဆိုဖြစ်ကြသည်။ ရှုကျင်းမင်က ဆွဲငင်အားထိန်းညှိခန်းကို အသုံးပြုရန် လာခြင်းဖြစ်ကြောင်း ကြားသိရသောအခါ လင်းဟွေက အမြန်ပင် ရှင်းပြပေးသည်။
"ကျွန်တော်တို့ လေ့ကျင့်ရေး အဆောက်အအုံမှာ ဆွဲငင်အားထိန်းညှိခန်း သုံးခု ရှိတယ်... တစ်ခုချင်းစီကို ပုံမှန်ဆွဲငင်အားရဲ့ ၁ ဆ ကနေ အဆ ၁၀၀ အထိ ချိန်ညှိလို့ရတယ်... ခင်ဗျား ကြိုက်တဲ့အခန်းကို သုံးလို့ရပါတယ်"
"အဆ ၁၀၀ အထိပဲလား အဲဒီထက် မြင့်တာ မရှိဘူးလား" ရှုကျင်းမင်က အနည်းငယ် အံ့ဩသွားသည်။ ဆရာမဆု၏ နေရာတွင် အဆ ၅၀၀ အထိ ရှိနေသည်ကို သူ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
"အခြေခံ ဆွဲငင်အားထိန်းညှိခန်းတွေကတော့ ဒီလောက်အထိပဲ ချိန်ညှိလို့ရတာ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ လုံလောက်ပါတယ်" လင်းဟွေက ပြုံးလျက် ဆက်ပြောသည်။ "ပုံမှန်အားဖြင့် ဆဋ္ဌမအဆင့် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးတဲ့ စွမ်းရည်ပိုင်ရှင် တစ်ယောက်တောင်မှ ဆွဲငင်အား အဆ ၆၀ ကနေ ၇၀ လောက်အထိပဲ ခံနိုင်ရည်ရှိတာလေ... ကျွန်တော်တို့လို စွမ်းအင်ပညာရှင်တွေ အတွက်ဆိုရင်တော့ ဒီလောက်ထိတောင် မလိုပါဘူး"
"ကျောင်းအုပ်ကြီးရဲ့ လေ့ကျင့်ရေးခန်းမှာရှိတဲ့ ဆွဲငင်အားထိန်းညှိခန်းကတော့ အဆပေါင်း ထောင်ချီအထိ ချိန်ညှိလို့ရတယ်လို့ ကြားဖူးတယ် ဒါပေမဲ့ အဲဒါက အမှန်လားတော့ ကျွန်တော်လည်း မသိဘူး"
မိုးကြိုးသိုင်းသင်တန်းကျောင်း ဌာနချုပ် အဆောက်အအုံ၏ အပေါ်ဆုံးထပ်ကို ဧရိယာ နှစ်ခု ခွဲခြားထားသည်။ တစ်ခုမှာ ဆရာမဆု၏ ရုံးခန်းဖြစ်ပြီး သိုင်းသင်တန်းကျောင်းနှင့် ပတ်သက်သော ကိစ္စအဝဝကို ဆောင်ရွက်သည့်နေရာ ဖြစ်သည်။ အခြားတစ်ခုမှာမူ သူမ၏ ကိုယ်ပိုင် လေ့ကျင့်ရေးခန်း ဖြစ်သည်။ ရုံးခန်းနှင့် နှိုင်းယှဉ်လျှင် လေ့ကျင့်ရေးခန်းမှာ ပို၍ လျှို့ဝှက်လှပြီး သိုင်းသင်တန်းကျောင်းမှ ဝန်ထမ်းကြီးများပင် ထိုနေရာသို့ မရောက်ဖူးကြပေ။ လင်းဟွေက ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ပင် မရောက်ဖူးသဖြင့် ထိုကိုယ်ပိုင် လေ့ကျင့်ရေးခန်းအကြောင်းကို သိရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ သူ မသိသည်မှာ ရှုကျင်းမင်မှာ ထိုနေရာမှ အခုလေးတင် ပြန်လာခဲ့ခြင်း ဖြစ်သည်ကိုပင်။
"နားလည်ပါပြီ... အရင်ဆုံး သွားပြီး စမ်းကြည့်လိုက်ဦးမယ်" ရှုကျင်းမင်က ခေါင်းညိတ်လိုက်ပြီး ဆွဲငင်အားထိန်းညှိခန်း တစ်ခုဆီသို့ လျှောက်သွားရန် ပြင်လိုက်သည်။ သို့သော် သူ မသွားမီ လင်းဟွေက သူ့ကို တားလိုက်သည်။
"ဒီပုံမှန်ဆွဲငင်အားထိန်းညှိခန်း သုံးခုအပြင် အတွေ့အကြုံယူ ဆွဲငင်အားထိန်းညှိခန်း တစ်ခုလည်း ရှိသေးတယ်... ကျောင်းသားတိုင်းက တစ်လကို အခမဲ့ အချိန် နာရီဝက် ရကြတယ်လေ... အဲဒီ အခမဲ့အချိန်ကို အရင်ဆုံး သုံးလိုက်ပါလား ဘာပဲဖြစ်ဖြစ် ဆွဲငင်အားထိန်းညှိခန်း သုံးခက မနည်းဘူးလေ... တစ်နာရီကို အမှတ် ၅၀ တောင် ပေးရတာ" လင်းဟွေက ဖောက်ထွင်းမြင်ရသော ဖန်သားပြင်နှင့် အခြားအခန်းတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"တစ်နာရီကို အမှတ် ၅၀" ရှုကျင်းမင်က မနေနိုင်ဘဲ အံ့အားသင့်သွားရသည်။ မနေ့က လျူဝေ၏ မိတ်ဆက်ပေးမှုကြောင့် ဤအမှတ်များက မဂျစ်စီးတီး တက္ကသိုလ်မှ Creditsများနှင့် ဆင်တူပြီး ပါရမီရှင် လေ့ကျင့်ရေးစခန်း၏ ဘုံသုံးငွေကြေးဖြစ်ကြောင်း သူ သိထားပြီးဖြစ်သည်။ သို့သော်လည်း ၎င်း၏ တန်ဖိုးမှာ Creditများထက်ပင် ပိုမိုကြီးမားပြီး အမှတ် ၁ မှတ်လျှင် မဟာနွေရာသီသုံး ငွေကြေး ယွမ် ၂၀,၀၀၀ ကျော်နှင့် ညီမျှသည်။ အမှတ် ၅၀ ဆိုသည်မှာ ယွမ် တစ်သန်းနှင့် ညီမျှနေသည် မဟုတ်ပါလား။
ဤစျေးနှုန်းမှာ အမှန်ပင် ကြီးမားလှပေသည်။ သဘာဝကျကျပင် ဆွဲငင်အားထိန်းညှိခန်းက စွမ်းရည်ပိုင်ရှင်များ ပုံမှန်အားဖြင့် လေ့ကျင့်၍ မရနိုင်သော ကိုယ်တွင်းအင်္ဂါများကို လေ့ကျင့်ပေးနိုင်ခြင်း ဖြစ်သည်။ စတုတ္ထနှင့် ပဉ္စမအဆင့် စွမ်းရည်ပိုင်ရှင်များအတွက်တော့ ဤစျေးနှုန်းမှာ လက်မခံနိုင်စရာ မရှိပေ။
"ဒါဆိုရင်တော့ ဒီအခမဲ့ အချိန်ကို အရင်ဆုံး သုံးလိုက်မယ်" ရှုကျင်းမင်က ဖောက်ထွင်းမြင်ရသော ဖန်သားပြင်ရှိသည့် ဆွဲငင်အားထိန်းညှိခန်းဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။
ဆုချင်းလီက သူ့ကို စည်းရုံးစဉ်က ကမ်းလှမ်းခဲ့သော အချက်များထဲတွင် တစ်လလျှင် အသုံးစရိတ် ယွမ် သန်း ၁၀၀ ပါဝင်သည်။ ထို ယွမ် သန်း ၁၀၀ မှာ မနေ့ကပင် အမှတ် ၅,၀၀၀ အဖြစ် သူ၏ ကျောင်းသားအကောင့်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှုကျင်းမင်၏ အကောင့်ထဲတွင် အမှတ်များစွာ ရှိနေသော်လည်း အခမဲ့ ရရှိနိုင်သောအရာကိုတော့ သူ လက်လွှတ်မည်မဟုတ်ပေ။
သူ၏ လုပ်ဆောင်ချက်မှာ ရှိနေကြသော အခြားကျောင်းသားများ၏ အာရုံကို ဆွဲဆောင်သွားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ လူအတော်များများမှာ ရှုကျင်းမင်အပေါ် အာရုံစိုက်နေကြပြီ ဖြစ်သည်။ ယခုတလော ဟိုးလေးတကျော် ဖြစ်နေသော ဤSSအဆင့် စွမ်းရည်ပိုင်ရှင်မှာ ဆွဲငင်အား အဆဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲဆိုသည်ကို သူတို့ မြင်တွေ့ချင်နေကြသည်။
***