"ပုံမှန်အားဖြင့် စတုတ္ထအဆင့်မြင့် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးတဲ့ စွမ်းရည်ပိုင်ရှင် တစ်ယောက်ဟာ ဆွဲငင်အား ၁၈ ဆလောက်အထိ ခံနိုင်ရည်ရှိတယ်..."
"ရှုကျင်းမင်က မိုးကြိုးဓာတ် အခြေခံစွမ်းရည်ပိုင်ရှင်ဆိုတော့ သူခံနိုင်တဲ့ ဆွဲငင်အားက ဒီထက်အများကြီး နည်းမှာပေါ့... ပုံမှန်ဆွဲငင်အားရဲ့ ခုနစ်ဆ၊ ရှစ်ဆလောက်ကပဲ သူ့ရဲ့ အကန့်အသတ် ဖြစ်မှာပါ ဟုတ်တယ်မလား"
"သူ ခန္ဓာကိုယ်ကြံ့ခိုင်ရေး တိုက်ခိုက်ရေးနည်းစနစ်တွေကိုလည်း လေ့ကျင့်ထားတယ်လို့ ကြားတယ် ဒါဆို အနည်းဆုံးတော့ ၁၀ ဆလောက်တော့ ခံနိုင်မှာပါ"
"အင်း... အဲဒီလောက်ဆိုရင်တော့ အနေတော်ပဲ"
သာမန်အရွယ်ရောက်ပြီးသား စွမ်းရည်ပိုင်ရှင်တစ်ယောက်၊ အနည်းငယ် ပိုသန်မာသူဆိုလျှင်ပင် ကိုယ်အလေးချိန်မှာ ၈၀ သို့မဟုတ် ၉၀ ကီလိုဂရမ် ဝန်းကျင်သာရှိသည်။ ဆွဲငင်အား ၁၈ ဆနှင့် ဆိုလျှင်ပင် ကိုယ်အလေးချိန်မှာ ၁,၆၂၀ ကီလိုဂရမ်သာ ရှိလိမ့်မည်။
ဤကိုယ်အလေးချိန်မှာ စတုတ္ထအဆင့် စွမ်းရည်ပိုင်ရှင်တစ်ယောက်အတွက် မပြောနှင့်၊ ပထမအဆင့် အထွတ်အထိပ် စွမ်းရည်ပိုင်ရှင်တစ်ယောက်အတွက်ပင် အလွယ်တကူ မနိုင်သည့် အလေးချိန် မဟုတ်ပေ။ သို့သော် ဆွဲငင်အားဆိုသည်မှာ ကျောပေါ်တွင် ပိုးထားရသော အလေးချိန်မျိုး မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းအပေါ်တွင် ညီညီညာညာ သက်ရောက်နေခြင်း ဖြစ်သည်။
စွမ်းရည်ပိုင်ရှင်များတွင် အားကောင်းသော ခန္ဓာကိုယ်ရှိကြသော်လည်း သူတို့၏ ကိုယ်တွင်းအင်္ဂါများမှာမူ အလွန်တရာ နုနယ်သေးသည်။ ထို့ကြောင့်ပင် စတုတ္ထအဆင့်မြင့် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော စွမ်းရည်ပိုင်ရှင်တစ်ဦးပင်လျှင် ဆွဲငင်အား အဆ ၂၀ အောက်ကိုသာ ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။ မိုးကြိုးဓာတ် စွမ်းရည်ပိုင်ရှင်ဖြစ်သော ရှုကျင်းမင်အတွက်မူ လေ့ကျင့်ရေးခန်းမရှိ ကျောင်းသားအများစုက ပုံမှန်ဆွဲငင်အား၏ ၁၀ ဆခန့်သာ ခံနိုင်ရည်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
"ဘိ... ခွင့်ပြုချက် ရရှိပါပြီ။ ကျောင်းသား ရှုကျင်းမင် အတွေ့အကြုံယူ ဆွဲငင်အားထိန်းညှိခန်းကို အသုံးပြုနိုင်ပါပြီ"
"ကျောင်းသားအနေနဲ့ အခမဲ့ အသုံးပြုခွင့် နာရီဝက် ရရှိမှာ ဖြစ်ပါတယ်"
လူအများ၏ အာရုံစိုက်မှုများအကြားတွင် ရှုကျင်းမင်က သူ၏ ကျောင်းသားကတ်ကို ထုတ်ကာ ဝင်ပေါက်တွင် ဆွဲလိုက်သည်။ အမှတ်အသား အတည်ပြုပြီးနောက် သူက ဆွဲငင်အားထိန်းညှိခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ ဆွဲငင်အားထိန်းညှိခန်း၏ တံခါးပွင့်သွားသည်။
ကျယ်ဝန်းလှသော အခန်းအတွင်းသို့ ခြေလှမ်းလိုက်ပြီးနောက် တစ်ချက်ဝေ့ကြည့်လိုက်ရာ ညာဘက်နံရံမှလွဲ၍ ကျန်ရှိသော နံရံများနှင့် မျက်နှာကြက်များမှာ သတ္တုစပ်များဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။ ညာဘက်နံရံမှာ ဖောက်ထွင်းမြင်နေရသော်လည်း ၎င်းမှာ မှန်မဟုတ်ပေ။ အမည်မသိ ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပုံရပြီး အလွန်တရာ ထူထဲလှသည်။
"ကျောင်းသား ရှုကျင်းမင်... ဆွဲငင်အား အဆဘယ်လောက်ကို အလိုရှိပါသလဲ" ဆွဲငင်အားထိန်းညှိခန်းအတွင်းမှ စက်ရုပ်သံ ထွက်ပေါ်လာသည်။
"၅ ဆ"
ဆွဲငင်အားထိန်းညှိခန်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သဖြင့် ရှုကျင်းမင်က အတော်အတန် လျှော့၍သာ ရွေးချယ်လိုက်သည်။ သူ စကားပြောပြီးသည်နှင့် သာယာသော အသံတစ်ခုနှင့်အတူ တစ်ကိုယ်လုံးမှာ သိသိသာသာ လေးလံသွားသလို ခံစားလိုက်ရသည်။ သို့သော် ဤလေးလံမှုမှာ မပြင်းထန်လှပေ။ အမှန်တကယ်တွင် အလွန်အားနည်းသည်ဟုပင် ဆိုနိုင်သည်။
"ဒါက ဆွဲငင်အား ၅ ဆလား ဘာမှ သိပ်မထူးခြားသလိုပဲ"
ရှုကျင်းမင် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဆွဲငင်အားကို ထပ်တိုးလိုက်... ၁၀ ဆ ထပ်တိုးစမ်း"
“ဘုန်း...”
နောက်တစ်စက္ကန့်တွင် ရှုကျင်းမင်၏ အပေါ်သို့ စုစုပေါင်း ဆွဲငင်အား ၁၅ ဆ သက်ရောက်လာတော့သည်။ သူ၏ အရေပြား၊ အရိုးများ၊ နှလုံးနှင့် အဆုတ်များပေါ်တွင်ပင် တစ်ခါမှ မကြုံဖူးသော ဖိအားများကို ခံစားလိုက်ရ၏ သို့သော်ငြားလည်း ထိုမျှပြင်းထန်သော ဆွဲငင်အားမှာ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် တုန်ခါသွားအောင် မလုပ်နိုင်ပေ။
ဆွဲငင်အားထိန်းညှိခန်းတွင် သတ်မှတ်ထားသော ဆွဲငင်အား အဆကို အပြင်ရှိလူများ မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် ရှုကျင်းမင်သည် အစကတည်းက ဆွဲငင်အား ၁၅ ဆကို အသုံးပြုနေသည်ကို တွေ့လိုက်ရသောအခါ လူစုထဲတွင် တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
"ရှုကျင်းမင်ရဲ့ ခန္ဓာကိုယ် အခြေအနေက တော်တော်လေး ကောင်းတာပဲ"
"အဓိပ္ပာယ်မရှိတာ... သူက နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ တစ်ဦးချင်း ချန်ပီယံပဲလေ ဒီလောက် ခန္ဓာကိုယ် ကြံ့ခိုင်မှုတော့ ရှိမှာပေါ့"
"ဆွဲငင်အား ၁၅ ဆလား အထင်ကြီးစရာပဲ ရှုကျင်းမင်ကတော့ တကယ်ကို မဆိုးဘူး"
ကိုယ်တွင်းအင်္ဂါများမှာ အလွန်နုနယ်လွန်းလှသည်။ ထို့ကြောင့်ပင် သန်မာသော ခန္ဓာကိုယ်နှင့် စွမ်းရည်များ ရှိသော်လည်း ပထမဆုံးအကြိမ် အတွေ့အကြုံ ယူချိန်တွင် ဆွဲငင်အားထိန်းညှိခန်းနှင့် ကျင့်သားရရန် အချိန်ယူရလေ့ရှိပြီးမှ ဆွဲငင်အားကို တဖြည်းဖြည်း တိုးမြှင့်ရခြင်း ဖြစ်သည်။ ရှုကျင်းမင်မှာမူ တစ်ချက်တည်းနှင့် ဆွဲငင်အား ၁၅ ဆအထိ တိုးမြှင့်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်ခြင်းပင် မရှိပေ။ ၎င်းမှာ ဤအဆင့်က သူ၏ အကန့်အသတ် မဟုတ်သေးကြောင်းကို သံသယဖြစ်ဖွယ်မရှိ သက်သေပြနေခြင်းပင်။
"ဒါပေမဲ့ အဆ ၂၀ ဝန်းကျင်လောက်ကပဲ သူ့အတွက် အနေတော် ဖြစ်မှာပါ... အဲဒီထက် မြင့်သွားရင်တော့ သူ ကြမ်းပြင်ပေါ်မှာ ပြားပြားဝပ်သွားပြီး ပြန်ထနိုင်မှာ မဟုတ်တော့ဘူး"
ဆွဲငင်အား အဆ ၂၀ ဆိုသည်မှာ အပြင်မှ လူအများစုက ရှုကျင်းမင်အတွက် ခန့်မှန်းထားသော အမြင့်ဆုံး အကန့်အသတ် ဖြစ်သည်။ သို့သော်လည်း ဆွဲငင်အားထိန်းညှိခန်းထဲရှိ ရှုကျင်းမင်မှာမူ ဤအခြေအနေကို သိပ်ပြီး ကျေနပ်ပုံမရပေ။
“ဆွဲငင်အား ၁၅ ဆဆိုတာတောင် ဘာမှ သိပ်မထူးခြားသေးပါလား...”
"နှစ်ဆ တိုးလိုက် ဆွဲငင်အား အဆ ၃၀ လိုချင်တယ်"
“ဆွဲငင်အား ထပ်မံတိုးလာပြန်ပြီ...”
ဤတစ်ကြိမ်တွင် ရှုကျင်းမင်က သူ၏ ပုခုံးပေါ်တွင် အလေးချိန်တစ်ခုကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် ဖိအားအချို့ကို စတင်ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အပြင်ဘက်၌ လင်းဟွေ အပါအဝင် စွမ်းရည်ပိုင်ရှင် လူအုပ်ကြီးမှာ ဤဘက်သို့ အာရုံစိုက်နေကြသည်။ ပြသထားသော ဆွဲငင်အား အဆမှာ ၃၀ သို့ ခုန်တက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် မယုံကြည်နိုင်သော ဟစ်အော်သံများ ထွက်ပေါ်လာတော့သည်။
"ဟာ... သွားပြီ ဘယ်သူက သူ့ကို ဒီလိုသုံးဖို့ သင်ပေးလိုက်တာလဲ သူက မူလဆွဲငင်အားကို တစ်ချက်တည်းနဲ့ နှစ်ဆတောင် တိုးပစ်ရဲတယ်လား"
"ဒါက တကယ်ကို ရဲတင်းလွန်းတာပဲ... ဒါပေမဲ့ အနည်းဆုံးတော့ သူ ခံနိုင်ရည် ရှိနေသေးတာပဲ"
"ပုံမှန်ဆိုရင် ပဉ္စမအဆင့် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးတဲ့ စွမ်းရည်ပိုင်ရှင်တွေပဲ ဆွဲငင်အား အဆ ၃၀ ကို ခံနိုင်တာ မဟုတ်လား ရှုကျင်းမင်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းနေရတာလဲ"
ဆွဲငင်အားထိန်းညှိခန်းသည် လေ့ကျင့်ရန် နေရာတစ်ခု ဖြစ်သော်လည်း စနစ်တကျ အသုံးမပြုပါက အလွန်တရာ အန္တရာယ်များလှသည်။ ဆွဲငင်အားမှာ နေရာတိုင်းတွင် ရှိနေပြီး မိမိ ခံနိုင်ရည်ထက် ကျော်လွန်သော အဆင့်အထိ တိုးမြှင့်လိုက်ပါက ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထိုအချိန်တွင် ခံစားရမည့် ဖိအားမှာ ပြင်းထန်သော ဒဏ်ရာများကို ရရှိစေနိုင်က အဆိုးဆုံးမှာ ဆွဲငင်အားကို ပြန်လျှော့ရန် စကားပင် မဟနိုင်တော့ဘဲ ထိုအခန်းထဲမှာတင် ဖိသိပ်ခံရပြီး အသက်ဆုံးရှုံးနိုင်ခြင်းပင် ထို့ကြောင့် ဆွဲငင်အားထိန်းညှိခန်း ဘေးတွင် ကပ်ထားသော သတိပေးချက်များထဲမှ တစ်ခုမှာ ဆွဲငင်အားကို တစ်ကြိမ်တည်းနှင့် အများကြီး မတိုးရန် ဖြစ်သည်။
သို့သော် ရှုကျင်းမင်မှာမူ အများကြီး တိုးလိုက်ရုံတင်မကဘဲ နှစ်ဆတောင် တိုးပစ်လိုက်ခြင်း ဖြစ်သည် ပို၍ အရေးကြီးသည်မှာ ဆွဲငင်အား အဆ ၃၀ အထိ တိုးသွားသော်လည်း ရှုကျင်းမင်မှာ လုံးဝ ထိခိုက်ဒဏ်ရာရပုံ မရခြင်းပင်။
"ငါလည်း ဆွဲငင်အား အဆ ၃၀ ကို ခံနိုင်ပါတယ်... ဒါပေမဲ့ အဲဒါက အတင်းအောင့်ထားရတာလေ... ဘာလေ့ကျင့်ခန်းမှ လုပ်လို့မရရင် အဓိပ္ပာယ်မရှိဘူး" ပဉ္စမအဆင့်လတ် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော ကျောင်းသားတစ်ဦးက ခေါင်းခါလျက် ပြောသည်။ "ရှုကျင်းမင်လည်း အဲဒီလိုပဲ ဖြစ်မှာပါ သူက သူ့ရဲ့ အကန့်အသတ်ကို စမ်းချင်ယုံပဲ နေမှာ"
သို့သော်လည်း သူ စကားပြောပြီးသည်နှင့် သူ၏ ခန့်မှန်းချက်မှာ မှားယွင်းကြောင်း သက်သေပြခြင်း ခံလိုက်ရသည်။ လေ့ကျင့်ရေးခန်းထဲရှိ ရှုကျင်းမင်မှာ အလွန်လွယ်ကူစွာဖြင့် လမ်းလျှောက်နေရုံတင်မကဘဲ ခုန်တောင် ခုန်ပြနေသေးသည်။ သူက အတင်းအောင့်ထားရသည့် ပုံစံမျိုး လုံးဝ မပေါ်ပေ။
"တောက်... မင်းက စတုတ္ထအဆင့်မြင့် မိုးကြိုးဓာတ် စွမ်းရည်ပိုင်ရှင် တစ်ယောက်ပဲလေ... ဆွဲငင်အား အဆ ၃၀ကို ခံနိုင်ရုံတင်မကဘဲ အခုလို ခုန်တောင် ခုန်နိုင်သေးတယ် ဟုတ်လား ဒါဆို ငါတို့လို လူတွေက ဘယ်လို လုပ်ရမှာလဲ" ကျောင်းသားတစ်ဦးမှာ မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။
"အစ်ကိုရှုကျင်းမင်ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ ဒီလောက်တောင် အားကောင်းတာလား" လူအုပ်ထဲတွင် ရပ်နေသော လင်းဟွေလည်း ခေတ္တမျှ မှင်တက်သွားရသည်။
ရှုကျင်းမင်က အပျက်အစီး ဟင်းလင်းပြင်ထဲတွင် ရှိစဉ်က ဆာကူရာနိုင်ငံမှ ပဉ္စမအဆင့် အထွတ်အထိပ် စွမ်းရည်ပိုင်ရှင်ကို သတ်ခဲ့သည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သို့သော် ၎င်းမှာ SSအဆင့် စွမ်းရည်၏ အစွမ်းကြောင့်ဟုသာ သူ ထင်ခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ရှုကျင်းမင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ Aအဆင့် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော ပဉ္စမအဆင့်လတ် စွမ်းရည်ပိုင်ရှင် အချို့ထက်ပင် ပိုမိုအားကောင်းနေသည် မဟုတ်ပါလား။
"ဆွဲငင်အား အဆ ၃၀ အောက်မှာ လေ့ကျင့်ရတာက ပုံမှန်ထက်စာရင်တော့ ပိုပြီး ထိရောက်တာ အမှန်ပဲ..." ဆွဲငင်အားထိန်းညှိခန်းအတွင်းရှိ ရှုကျင်းမင်က အနည်းငယ် လှုပ်ရှားကြည့်ပြီးနောက် ဖိအားအချို့ကို စတင်ခံစားလိုက်ရသည်။
သို့သော် ဤအရာမှာ သူ၏ ခန္ဓာကိုယ် အကန့်အသတ်နှင့် ဝေးကွာနေသေးသည် ထို့ကြောင့် သူက ထပ်မံ ပြောလိုက်ပြန်သည်။ "တန်ဖိုးကို ထပ်တိုးလိုက်စမ်း... ဒီတစ်ခါတော့ ဆွဲငင်အား အဆ ၆၀ လိုချင်တယ်"
***