ပန်းကန်လုံးခန့် ရှိသော ရွှေရောင်လျှပ်စီးတန်းကြီးက မိုးကြိုးတောင်ဝှေး၏ ထိပ်ဖျားရှိ ခရစ္စတယ် အနှစ်သာရတုံးမှ ပန်းထွက်လာသည်။ ထိုတိုက်ကွက်က ပဉ္စမအဆင့်လတ် သားရဲဖြစ်သော အရိုးဖြူ လေဝံပုလွေ အုပ်စုထဲမှ အကြီးဆုံးအကောင်ကို ထိမှန်သွားသည်။ အရိုးဖြူ လေဝံပုလွေမှာ ဘာမှပင် တုံ့ပြန်ချိန်မရလိုက်ဘဲ နေရာမှာတင် ပေါက်ကွဲသေဆုံးသွားတော့သည်။
ချက်ချင်းပင် အားအနည်းငယ် လျော့သွားသော လျှပ်စီးတန်းက ဘေးနားရှိ အခြားအရိုးဖြူ ဝံပုလွေတစ်ကောင်ဆီသို့ ကူးစက်သွားပြန်သည်။ ထိုသို့ဖြင့် ဧရာမ လျှပ်စီးတန်းကြီးက သားရဲအုပ်စုကြားတွင် ၁၂ ကြိမ်တိုင်တိုင် ကူးလူးပျံဝဲသွားပြီး သားရဲအားလုံးကို သုတ်သင်ပြီးမှသာ လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
”ပဉ္စမအဆင့်လတ် အရိုးဖြူ လေဝံပုလွေ တစ်ကောင်ကို သုတ်သင်ပြီးပါပြီ။ စွမ်းရည်အမှတ် +၅၀၀ ရရှိသည်”
“ပဉ္စမအဆင့်နိမ့် အရိုးဖြူ လေဝံပုလွေ တစ်ကောင်ကို သုတ်သင်ပြီးပါပြီ။ စွမ်းရည်အမှတ် +၄၅၀ ရရှိသည်”
သူ၏ စိတ်ထဲတွင် System၏ အသိပေးချက်များ ဆက်တိုက် မြည်ဟီးသွားရာ ရှုကျင်းမင်၏ မျက်နှာထက်တွင် ချက်ချင်းပင် ပျော်ရွှင်မှုများ အထင်သား ပေါ်လာသည်။
“ဒါက A+အဆင့် တိုက်ခိုက်ရေးနည်းစနစ် လျှပ်စီးဆက် တိုက်ကွက်ပဲ... သူ့ရဲ့ စွမ်းပကားက တကယ်ကို ကြောက်စရာကောင်းတာပဲ”
ပဉ္စမအဆင့် အရိုးဖြူ လေဝံပုလွေများက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးနှင့် ယှဉ်နိုင်သော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြသည်။ အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်ရလျှင် သူတို့က ဦးနှောက်မရှိသော သာမန်သားရဲများကဲ့သို့ အသေခံတိုက်ခိုက်မည်မဟုတ်ဘဲ အရပ်မျက်နှာအသီးသီးသို့ ခွဲထွက်ကာ ထွက်ပြေးကြမည်ဖြစ်သည်။
အရိုးဖြူ လေဝံပုလွေများက လေဓာတ်စွမ်းအားကို အသုံးပြုနိုင်ကြသဖြင့် အလွန်လျင်မြန်ကြသည်ကို သတိပြုရမည်။ အကယ်၍ သူသာ လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ကိုင်စွဲကာ အနီးကပ် တိုက်ခိုက်မည်ဆိုပါက မိုးကြိုးနဂါး အတောင်ပံများကို အသုံးမပြုဘဲ ၁၂ ကောင်အနက် ၆ ကောင်ကို သတ်နိုင်လျှင်ပင် အတော်လေး ဟန်ကျနေပြီဟု ဆိုရမည်။
သို့သော် စွမ်းအင်ပညာရှင်များ၏ နည်းလမ်းမှာမူ ကွဲပြားသည်။ သူတို့က မီတာ ရာဂဏန်း အကွာအဝေးမှနေ၍ အဝေးပစ် ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နိုင်ကြသည်။ ထို့အပြင် ၎င်းမှာ တစ်ချက်တည်းနှင့် အလဲထိုးနိုင်သော စွမ်းအားမျိုးပင် ဖြစ်သည်။
“လေ့ကျင့်ရေးခန်းမမှာတုန်းကထက်စာရင် လျှပ်စီးဆက် တိုက်ကွက်ရဲ့ စွမ်းအားက ၃၀ ရာခိုင်နှုန်းလောက် ပိုတိုးလာတာပဲ”
“အဆင့်မြင့် စွမ်းရည်လက်နက်တစ်ခုရဲ့ အားဖြည့်ပေးနိုင်စွမ်းက တကယ်ကို ထိတ်လန့်စရာပဲ”
မိုးကြိုးတောင်ဝှေးကို တပ်ဆင်ထားသော ရှုကျင်းမင်က ပံ့ပိုးမှုအမျိုးအစား စွမ်းရည်ပိုင်ရှင် ကုဝမ် ဘေးနားမှာ ရှိနေသကဲ့သို့ပင်။ အချိန်မရွေး အစွမ်းတိုးမှုကို ခံစားနေရခြင်း ဖြစ်သည်။ ၎င်းအပြင် သိုင်းလမ်းစဉ်နှင့် နှိုင်းယှဉ်လျှင် စွမ်းအင်ပညာရှင် နည်းလမ်းဖြင့် သားရဲများကို သတ်ဖြတ်ခြင်းမှာ များစွာ ပိုမိုထိရောက်လှသည်။ သားရဲ ၁၂ ကောင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းက သူ့အား စုစုပေါင်း စွမ်းရည်အမှတ် ၅၄၅၀ ပေးစွမ်းခဲ့သည်။
“ဒီအမှတ် ၄ နတ်ဆိုးဂူထဲမှာတောင် ပဉ္စမအဆင့် သားရဲအုပ်စုတွေက သိပ်မများဘူးဆိုပေမဲ့ ရက်အနည်းငယ်ခြားတစ်ခါတော့ တွေ့နိုင်မှာပါ...”
ဤတွက်ချက်မှုအရ သူက ဤကာလအတွင်း စွမ်းရည်အမှတ် အမြောက်အမြားကို စုဆောင်းနိုင်မည်မှာ သေချာသည်။ ရှုကျင်းမင်က မိုးကြိုးတောင်ဝှေးကို ကိုင်စွဲကာ တစ်ကိုယ်လုံး ရွှေရောင်လျှပ်စီးများ ဝန်းရံလျက် ပြုံးပြုံးလေးပင် နန်ခန်း မြို့ပျက်၏ အနက်ရှိုင်းဆုံးနေရာသို့ လျှောက်လှမ်းသွားတော့သည်။ အနီးကပ် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် စွမ်းအင်ပညာရှင်များက တိုက်ခိုက်ရေးပုံစံသစ်တစ်ခုကို ကိုယ်စားပြုသည်။ စွမ်းအင်ပညာရှင်များက တိုက်ခိုက်ရေးနည်းစနစ်များကို သိမ်မွေ့စွာ ထိန်းချုပ်ခြင်း၊ နေရာယူခြင်းနှင့် တိကျစွာ အသုံးပြုခြင်းတို့ကို အလေးပေးကြသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ရှုကျင်းမင်က သူ၏ လေလွင့်တိမ်တိုက် ရွှေရောင်လှံကို လုံးဝ အသုံးမပြုတော့ပေ။
ယင်းအစား မိုးကြိုးတောင်ဝှေးကိုသာ တိုက်ပွဲများတွင် အသုံးပြုခဲ့သည်။ စွမ်းအင်ပညာရှင်များ၏ အဝေးပစ် တိုက်ခိုက်နိုင်စွမ်းမှာ အမှန်ပင် ကြောက်စရာကောင်းလှသည်ဟု ဆိုရမည်။ သားရဲအများစုမှာ ရှုကျင်းမင်ကို မမြင်ရခင်မှာပင် အသတ်ခံလိုက်ကြရသည်။ နန်ခန်း မြို့ပျက်က သားရဲအကောင်ရေ ငါးရာ ခြောက်ရာခန့်၏ အိမ်ဂေဟာ ဖြစ်သည်။ ယင်းတို့အနက် စတုတ္ထအဆင့်နှင့် အထက်ရှိသော သားရဲမှာ တစ်ဝက်ခန့်ရှိပြီး ကျန်တစ်ဝက်မှာ အဆင့်နိမ့် သားရဲများ ဖြစ်ကြသည်။ ရှုကျင်းမင်က ထိုနေရာတွင် ၁၁ ရက်ကြာ အချိန်ဖြုန်းခဲ့ပြီး သားရဲအားလုံးနီးပါးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။
နောက်ဆုံးတွင် သူက စွမ်းရည်အမှတ် ၁၂၀,၀၀၀ ရရှိခဲ့သည်။ ချက်ချင်းပင် သူက နောက်ထပ်နေရာတစ်ခုသို့ ရွှေ့ပြောင်းကာ သတ်ဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဒုတိယနေရာရှိ ရလဒ်မှာမူ အနည်းငယ် အားမရစရာ ဖြစ်ခဲ့သည်။ သားရဲအားလုံးကို သုတ်သင်ရန် ၁၂ ရက် ကြာခဲ့သော်လည်း စွမ်းရည်အမှတ် ၁၀၀,၀၀၀ သာ ရရှိခဲ့သည်။
သို့သော်ငြားလည်း စုစုပေါင်း စွမ်းရည်အမှတ် ၂၂၀,၀၀၀ မှာ အဆင့်တက်ရန်အတွက် လုံလောက်လှသည်။ ရှုကျင်းမင်က စွမ်းရည်အမှတ် ၁၈၀,၀၀၀ ကို အသုံးပြုကာ စတုတ္ထအဆင့်မြင့်မှ ပဉ္စမအဆင့်နိမ့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ အစွမ်းများ သိသိသာသာ တိုးတက်လာပြီးနောက် ရှုကျင်းမင်က နောက်ထပ်နေရာတစ်ခုသို့ သွားရောက်ကာ သတ်ဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပြန်သည်။
တစ်လကျော်အကြာ၊ ဇူလိုင်လ ၂၆ ရက် နံနက် ၁၁ နာရီ။
စွမ်းရည်ပိုင်ရှင် ခြောက်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့က အမှတ် ၄ နတ်ဆိုးဂူ၏ မြို့ပျက်များကြားတွင် လျင်မြန်စွာ လှုပ်ရှားနေကြသည်။ သူတို့က ကျောဘက်တွင် ဧရာမ အရှေ့တိုင်း နဂါးတံဆိပ်ပါသော အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံများကို ဆင်တူ ဝတ်ဆင်ထားကြသည်။ အားလုံးမှာ အသက် ၃၀ အောက် လူငယ်များ ဖြစ်ပုံရသော်လည်း အဖွဲ့ဝင်တိုင်းမှာ ဆဋ္ဌမအဆင့်အထိ အစွမ်းထက်ကြသည်။ ထိုစွမ်းရည်ပိုင်ရှင်များ၏ ဘယ်ဘက်ရင်အုပ်ပေါ်တွင် ဝါဖျော့ဖျော့အလင်း ထွက်ပေါ်နေသော ကြယ်ငါးပွင့် အမှတ်အသားတစ်ခုစီ ရှိကြသည်။
“နဂါးနက် တပ်မတော်...”
၎င်းမှာ မဟာနွေရာသီ တိုင်းပြည်၏ တရားဝင် ထောက်ပံ့မှုရှိသော အစွမ်းထက် တပ်မတော်ကြီး ဖြစ်သည်။ တပ်မတော်အတွင်းတွင် စွမ်းရည်ပိုင်ရှင် စစ်သည်အမြောက်အမြားအပြင် အထက်တန်းလွှာ စွမ်းရည်ပိုင်ရှင်အဖွဲ့များစွာလည်း ရှိကြသည်။ ဤစွမ်းရည်ပိုင်ရှင်အဖွဲ့များကို ကြယ်တစ်ပွင့်မှ ကြယ်ခုနစ်ပွင့်အထိ အဆင့်ခုနစ်ဆင့် ခွဲခြားထားသည်။ ယခုလူစု၏ ရင်ဘတ်ပေါ်ရှိ ကြယ်ငါးပွင့် အမှတ်အသားမှာ သူတို့က နဂါးနက် တပ်မတော်အတွင်း၌ပင် အလွန်အစွမ်းထက်သော ကြယ်ငါးပွင့် အဖွဲ့ ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
“ခေါင်းဆောင်... ကျွန်တော်တို့ စန်းပိုင် ချောက်ကမ္ဘာကနေ ပြန်လာတာပဲ ရှိသေးတယ် အခု နောက်ထပ် တစ်ခေါက် ထပ်လွှတ်ပြန်ပြီလား... ဒီတစ်ခါက ဘာမစ်ရှင်လဲ”
အဖွဲ့ထဲမှ အရပ်ပုပု စွမ်းရည်ပိုင်ရှင်တစ်ဦးက ပြောလိုက်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက သားရဲများနှင့် လူသားများ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုပြီးကတည်းက အကြီးအကျယ် စစ်ပွဲများ မရှိတော့ပေ။ သို့သော် အသေးစား တိုက်ပွဲများမှာမူ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေဆဲပင်။
စန်းပိုင် ချောက်ကမ္ဘာက မဟာနွေရာသီ တိုင်းပြည်အတွင်းရှိ ရှေ့တန်း စစ်မြေပြင်တစ်ခု ဖြစ်ပြီး သားရဲဒီရေလှိုင်းများ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင်နေရသော နေရာဖြစ်သည်။ နေ့စဉ်ဖြစ်ပွားသော တိုက်ပွဲများ၏ ပြင်းထန်မှုမှာ ထိတ်လန့်စရာပင်။ ထိုအလုပ်မှ အနားယူပြီးကာစဖြစ်သဖြင့် သူတို့ နားချင်ကြသော်လည်း မမျှော်လင့်ဘဲ နောက်ထပ် တာဝန်တစ်ခု ပေးအပ်ခံလိုက်ရခြင်း ဖြစ်သည်။
“ဒီမစ်ရှင်က အရမ်းရိုးရှင်းပါတယ်”
အဖွဲ့ခေါင်းဆောင်က ပြုံးလျက် ပြောလိုက်သည်။ “အမှတ် ၄ နတ်ဆိုးဂူထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မိုးကြိုးဓာတ် ကျွမ်းကျင်သူတစ်ယောက် ပေါ်နေလို့ပဲ... တစ်လအတွင်းမှာတင် သူက မြို့ပျက် သုံးခုမှာရှိတဲ့ သားရဲအားလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့တယ်... နောက်ဆုံးရတဲ့ သတင်းအရတော့ သူ အခု ဟန်ယန် မြို့ပျက်မှာ ရှိနေတယ်”
“ငါတို့က သွားပြီး သူ့ကို ဖမ်းရုံပဲ”
“တစ်လတည်းနဲ့ မြို့ပျက် သုံးခုကို ရှင်းပစ်တာလား.. ဒီလူက အနည်းဆုံး ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် ဖြစ်ရမယ်”
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ “ငါတို့ မဟာနွေရာသီ တိုင်းပြည်မှာ အဆင့် ၆ နဲ့ အထက် စွမ်းရည်ပိုင်ရှင်တွေအတွက် တားမြစ်ချက် ရှိပြီးသားလေ... နိုင်ငံအတွင်းမှာရှိတဲ့ ဘယ်တောနက် ဒါမှမဟုတ် နတ်ဆိုးဂူမှာမို့လို့ အဆင့်နိမ့် သားရဲတွေကို အမြောက်အမြား သတ်ခွင့်မရှိဘူးဆိုတာကို... တစ်ယောက်ယောက်က ဒါကို ထပ်လုပ်ရဲတယ်လို့ ငါ မယုံနိုင်ဘူး”
မဟာနွေရာသီ တိုင်းပြည်အတွင်း တောနက်ဇုန်များစွာ ရှိပြီး အချို့နေရာများတွင် ကြောက်မက်ဖွယ်ကောင်းသော အဋ္ဌမအဆင့် အထွတ်အထိပ် သားရဲများပင် နေထိုင်ကြသည်။ သို့သော် နဝမအဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ ရှိသော မဟာနွေရာသီ တိုင်းပြည်အတွက်မူ ၎င်းမှာ ဘာမှမဟုတ်ပေ။ နဝမအဆင့် တစ်ယောက်ကို စေလွှတ်လိုက်ရုံဖြင့် ထိုတောနက်များကို မြေပုံပေါ်မှ အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။
သို့သော် သူတို့ ထိုသို့မလုပ်ရသည့် အကြောင်းရင်းမှာ အဆင့်နိမ့် စွမ်းရည်ပိုင်ရှင်များ အသက်လု လေ့ကျင့်နိုင်ရန်အတွက် ဤတောနက်များကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဤသို့ဖြင့်သာ အစွမ်းထက်သော ပညာရှင်များ လုံလောက်အောင် ပေါ်ထွက်လာနိုင်မည် မဟုတ်ပါလား။
အဆင့်မြင့် စွမ်းရည်ပိုင်ရှင်များအနေဖြင့် သားရဲပစ္စည်းများ လိုအပ်ပါက မိမိတို့နှင့် အဆင့်တူသော သားရဲအချို့ကို သတ်ဖြတ်ခြင်းမှာ ပြဿနာမရှိသလို မည်သူကမှလည်း လိုက်လံ အပြစ်ဆိုမည် မဟုတ်ပေ။ သို့သော် အဆင့်မြင့် စွမ်းရည်ပိုင်ရှင်တစ်ယောက်က အဆင့်နိမ့် သားရဲအားလုံးကို သတ်ဖြတ်ပစ်မည်ဆိုပါက ကျန်ရှိသော အဆင့်နိမ့် စွမ်းရည်ပိုင်ရှင်များက ဘာကို သွားသတ်ရတော့မည်နည်း။ ထို့ကြောင့် မဟာနွေရာသီ တိုင်းပြည်၏ အဆင့်မြင့် တာဝန်ရှိသူများက ဤအခြေအနေကို တားဆီးရန်အတွက် သက်ဆိုင်ရာ တားမြစ်ချက်များကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။
“အဆင့်နိမ့် သားရဲတွေကို သတ်ဖြတ်တာက အသက်အန္တရာယ် ကင်းရုံတင်မကဘဲ ပိုက်ဆံကလည်း အရမ်းရတာဆိုတော့ ဒါကို ငွေစက္ကူ ရိုက်နှိပ်တဲ့ စက်လို့ ခေါ်ရင်တောင် မမှားဘူး”
ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း အဆင့်မြင့် စွမ်းရည်ပိုင်ရှင် အများအပြားက အန္တရာယ်ကို လျစ်လျူရှုကာ ဤသို့ လုပ်ဆောင်လေ့ရှိကြသည်မှာ မဆန်းတော့ပေ။
“ကဲ... သွားကြစို့။ မြန်မြန်သွားလေ သူ့ကို မြန်မြန်ဖမ်းပြီး ပြန်နားလို့ ရလေပဲ”
အဖွဲ့ခေါင်းဆောင်က ပြုံးလျက် ပြောလိုက်သည်။ ကျန်အဖွဲ့ဝင်များကလည်း ခေါင်းညိတ်ကာ အရှိန်မြှင့်လိုက်ကြပြီး ဟန်ယန် မြို့ပျက်ဆီသို့ အပြေးအလွှား ဦးတည်သွားကြတော့သည်။
***