ဇူလိုင်လ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီ။
အမှတ် ၄ နတ်ဆိုးဂူ၊ ဟန်ယန် မြို့ပျက်။
လူနေရပ်ကွက်တစ်ခုရှိ ပျက်စီးနေသော ကွင်းပြင်ကျယ်တစ်ခုတွင် သားရဲအလောင်း ကိုးလောင်း လဲလျောင်းနေသည်။ ထိုသားရဲကိုးကောင်မှာ အလွန်ကြီးမားလှပြီး သူတို့၏ ခန္ဓာကိုယ်များမှာ မည်းမှောင်ကာ ကျွမ်းလောင်နေပြီး ရွှေရောင်လျှပ်စီးကြောင်းလေးများမှာမူ အလောင်းများပေါ်တွင် ဖျတ်ခနဲ ဖျတ်ခနဲ လှုပ်ရှားနေဆဲပင်။
သေဆုံးသွားပြီ ဖြစ်သော်လည်း သူတို့၏ အလောင်းများမှ အန္တရာယ်ရှိသော အရှိန်အဝါများမှာ အနည်းငယ် ထွက်ပေါ်နေသေးသည်။ ဤသားရဲများသည် အသက်ရှိစဉ်က အနည်းဆုံး စတုတ္ထအဆင့်မြင့် အဆင့်တွင် ရှိနေခဲ့ကြမည်မှာ သေချာသည်။ ယခုမူ သူတို့က ဘာမှပင် ခုခံချိန်မရလိုက်ဘဲ တစ်ပြိုင်နက်တည်း အကုန်အစင် သုတ်သင်ခံလိုက်ရပုံရသည်။
ထိုစဉ် မိုးကြိုးတောင်ဝှေးကို ကိုင်စွဲထားသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာသည်။ နောက်ဆုံးတွင် သူက ကွင်းပြင်ရှေ့တွင် ရပ်တန့်လိုက်သည်။ ဤလူမှာ အမှတ် ၄ နတ်ဆိုးဂူတွင် တစ်လကျော်ကြာ နေထိုင်ခဲ့သော ရှုကျင်းမင်ပင် ဖြစ်သည်။ လွန်ခဲ့သော တစ်လနှင့် နှိုင်းယှဉ်လျှင် သူ၏ ရုပ်သွင်မှာ အနည်းငယ်သာ ပြောင်းလဲသွားသလိုရှိပြီး သူ၏ အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံမှာလည်း သွေးတစ်စက်ပင် ပေကျံခြင်း မရှိပေ။ သို့သော် သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ ပိုမိုအားကောင်းပြီး အန္တရာယ်ရှိလာခဲ့လေသည်။
“စတုတ္ထအဆင့်မြင့် ရှစ်ကောင်၊ ပေါင်း ပဉ္စမအဆင့်နိမ့် တစ်ကောင်။ ဒီတစ်ခေါက် ရိတ်သိမ်းမှုက မဆိုးဘူးပဲ။ စွမ်းရည်အမှတ် ၂၈၀၀ ရတယ်”
ရှုကျင်းမင်က သူ၏ နက်မှောင်သော မျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် သားရဲအားလုံး၏ အဆင့်ကို ခွဲခြားနိုင်ခဲ့ပြီးနောက် သူ၏ Systemဖန်သားပြင်ကို ဖွင့်လိုက်သည်။
အမည် - ရှုကျင်းမင် အဆင့် - ပဉ္စမအဆင့်နိမ့် အထူးစွမ်းရည် - ကောင်းကင်မိုးကြိုး (SS) ခန္ဓာကိုယ်ခွန်အား - ၉၃၅၀ သွေးစွမ်းအင် (+) စိတ်ဝိညာဉ် - ၈၆၂၁ ဟတ်ဇ် (+) ကျွမ်းကျင်မှုများ - လှံသိုင်း (ဆရာသခင်အဆင့်+)၊ လက်သီးသိုင်း (ဆရာသခင်အဆင့်+)၊ မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ (S+ အဆင့်၊ အခြေခံ+)၊ မိုးကြိုးနတ်ဘုရား လက်ချောင်း (S+ အဆင့်၊ အခြေခံ+)... ခန္ဓာကိုယ်ကြံ့ခိုင်မှု - မသေနိုင်သော မိုးကြိုးခန္ဓာ (S အဆင့်၊ ဆဋ္ဌမအဆင့်+) ဝိညာဉ်သန့်စင်မှု - နတ်ဘုရားမြစ် အာရုံကူးကျင့်စဉ် (SS အဆင့်၊ ပထမအဆင့်+) အထူးစွမ်းရည်အမှတ် - ၁၆၄၃၆၀
လွန်ခဲ့သော ဆယ်ရက်ကျော်က စွမ်းရည်အမှတ် ၁၈၀,၀၀၀ ရောက်ရှိပြီးနောက် သူက အဆင့်တက်ရန် သတ်မှတ်ချက်များနှင့် ပြည့်စုံသွားခဲ့သည်။ သူက အမှတ်ပေါင်းထည့်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ဂုဏ်သတ္တိနှစ်ခုလုံးက အမှတ် ၁၃၀၀ ခန့်စီ မြင့်တက်လာခဲ့သည်။ သို့သော် ၎င်းနောက်တွင် စွမ်းရည်အမှတ်များမှာလည်း ကုန်ခန်းသွားခဲ့သည်။
ယခုမူ ဆယ့်ငါးရက်ခန့် ထပ်မံကုန်လွန်သွားပြီးနောက် စွမ်းရည်အမှတ် ၁၆၀,၀၀၀ ခန့် ထပ်မံစုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
“ဒီနေ့က ဇူလိုင် ၂၆ ရက်ဆိုတော့... ပါရမီရှင် လေ့ကျင့်ရေးစခန်းရဲ့ အကဲဖြတ်ပွဲနဲ့ ပြိုင်ပွဲက ၂၈ ရက်နေ့မှာ စမှာပဲ”
“ငါ ဒီနေ့နေ့လယ် နောက်ဆုံးထားပြီး ပြန်မှဖြစ်မယ်...”
တစ်လကျော်တိုင်တိုင် မရပ်မနား သတ်ဖြတ်ခြင်းကို ပြုလုပ်ခဲ့ပြီးနောက် ရှုကျင်းမင်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရသည်။ သူက ပြန်သွားပြီး အနားယူရန် လိုအပ်သလို လေ့ကျင့်ရေးစခန်း၏ စာရေးဖြေ အကဲဖြတ်ပွဲကိုလည်း ပါဝင်ရဦးမည်ဖြစ်သည်။
“စွမ်းရည်အမှတ် ၁၆၀,၀၀၀ ဆိုတော့... ပဉ္စမအဆင့်လတ် ရောက်ဖို့အတွက် အမှတ်သောင်းဂဏန်းလောက် ထပ်လိုဦးမှာပဲ”
“အခု လေ့ကျင့်ရေးစခန်းကို ပြန်တော့မှာဆိုတော့ ရတဲ့အမှတ်လေးတွေနဲ့ပဲ ပေါင်းထည့်လိုက်တာ အကောင်းဆုံးပါပဲ...”
“SSအဆင့် တိုက်ခိုက်ရေးနည်းစနစ် အသိစိတ်ကွန်ရက် နဲ့ SSSအဆင့် မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်းကို ငါ မတတ်မြောက်သေးဘူး”
အမှတ် ၄ နတ်ဆိုးဂူတွင် ရှိနေစဉ်အတွင်း သူက အားလပ်ချိန်များ၌ ထိုနည်းစနစ်နှစ်ခုကို အမှတ်ပေါင်းထည့်နိုင်သည့် အဆင့်အထိ ကျွမ်းကျင်အောင် လေ့ကျင့်ထားပြီး ဖြစ်သည်။ သို့သော် လေ့ကျင့်ရေးစခန်း မပြန်မီ သူ၏ အစွမ်းကို တတ်နိုင်သမျှ မြှင့်တင်သွားလိုခြင်း ဖြစ်သည်။ လက်ရှိ အခြေအနေအရ ပဉ္စမအဆင့်လတ်ကို အမှတ်ပေါင်းထည့်ရန် မဖြစ်နိုင်သေးသဖြင့် ဤစွမ်းရည်အမှတ်များကို သိမ်းထားရန် မလိုအပ်တော့ပေ။
“System”
ရှုကျင်းမင်က ဆုံးဖြတ်ချက်ချပြီးနောက် မဆိုင်းမတွဘဲ အမှတ်ပေါင်းထည့်လိုက်တော့သည်။
စွမ်းရည်အမှတ် -၃၀၀၀၀ မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်း → မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်း (အခြေခံ)
စွမ်းရည်အမှတ် -၁၀၀၀၀ အသိစိတ်ကွန်ရက် → အသိစိတ်ကွန်ရက် (အခြေခံ)
အမှတ်ပေါင်းထည့်မှု အောင်မြင်ပြီးနောက် ရှုကျင်းမင်က နည်းစနစ်နှစ်ခုလုံးကို ချက်ချင်းပင် တတ်မြောက်သွားတော့သည်။ SSSအဆင့် မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်း၏ အကျိုးသက်ရောက်မှုမှာ မျှော်လင့်ထားသည့်အတိုင်းပင်။ မိုးကြိုးဓာတ် တိုက်ခိုက်ရေးနည်းစနစ် အားလုံး၏ အသုံးပြုချိန်နှင့် ကြိုတင်ပြင်ဆင်ချိန်ကို သိသိသာသာ လျှော့ချပေးခြင်း ဖြစ်သည်။ ၎င်းက သူ့အား မှော်အမြောက်ကြီးတစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲပေးလိုက်ခြင်းပင်။
သို့သော် ၎င်းက မည်မျှအထိ ထိရောက်မှုရှိမည်ကိုမူ လက်တွေ့စမ်းသပ်မှု လုပ်ပြီးမှသာ သိနိုင်လိမ့်မည်။ SSSအဆင့် သတ်မှတ်ချက်အရ ဆိုလျှင်တော့ အကျိုးသက်ရောက်မှုက ဆိုးရွားလိမ့်မည် မဟုတ်ပေ။
ရှုကျင်းမင်ကို အံ့ဩသွားစေသည်မှာ ဆရာမဆု ဖော်ထုတ်ထားသည့် အသိစိတ်ကွန်ရက် တိုက်ခိုက်ရေးနည်းစနစ်ပင် ဖြစ်သည်။ ဤနည်းစနစ်က အွန်လိုင်းဂိမ်းထဲရှိ Passive စွမ်းရည်တစ်ခုနှင့် ဆင်တူပြီး မီတာ တစ်ထောင်ကျော်အတွင်းရှိ မြင်ကွင်းအားလုံးကို အချိန်မရွေး သိရှိနိုင်စေခြင်း ဖြစ်သည်။ ၎င်းမှာ အားလုံးကို ခြုံငုံမြင်နိုင်သည့် Gods eye viewကို ရရှိလိုက်သကဲ့သို့ပင်။ သူက အသေးငယ်ဆုံးသော လှုပ်ရှားမှုကိုပင် သိရှိနိုင်သည်။ ထို့အပြင် ဤအာရုံခံနိုင်စွမ်း အကွာအဝေးက သူ၏ စိတ်ဝိညာဉ် ဂုဏ်သတ္တိ မြင့်တက်လာသည်နှင့်အမျှ ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။
၎င်းအပြင် အသိစိတ်ကွန်ရက်ကို ကိုယ်တိုင်လည်း အသက်သွင်းနိုင်သည်။ အသိစိတ်ကွန်ရက်ကို ဖွင့်ထားခြင်းက အထူးစွမ်းရည်များကို ကုန်ခန်းစေခြင်း မရှိဘဲ စိတ်ဝိညာဉ် စွမ်းအားကိုသာ ကုန်ခန်းစေသည်။ အသိစိတ်ကွန်ရက်ကို အသက်သွင်းထားစဉ်အတွင်း သင်က ပိုမိုမြန်ဆန်သော တုံ့ပြန်မှုကို ရရှိရုံတင်မကဘဲ ပြိုင်ဘက်၏ နောက်ထပ် တိုက်ကွက်ကိုပါ ကြိုတင်ခန့်မှန်းနိုင်လိမ့်မည် ဖြစ်သည်။
“အသိစိတ်ကွန်ရက် တိုက်ခိုက်ရေးနည်းစနစ်က တကယ်ကို ကြောက်စရာကောင်းတဲ့ အစွမ်းပဲ” ရှုကျင်းမင်က အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
နတ်ဘုရားတစ်ပါးကဲ့သို့ အမြင်အာရုံအပြင် ကြောက်မက်ဖွယ်ကောင်းသော ကြိုတင်ခန့်မှန်းနိုင်စွမ်းပါ ပေါင်းစပ်လိုက်လျှင် ဒါက သိသိသာသာကြီး Cheatထားတာ မဟုတ်ဘူးလား။ တခြားလူတွေက ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ။
“ဆရာမဆုချင်းလီက ဆရာမ လင်းရွှမ်ထက်တောင် နှစ်အနည်းငယ် ပိုငယ်သေးတယ်လို့ ငါကြားဖူးတယ်”
ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤကဲ့သို့ ပါရမီမျိုး ရှိနေခြင်းမှာ အမှန်ပင် အံ့မခန်းဖွယ် ကောင်းလှသည်။ လင်းရွှမ်မှာ ၃၄ နှစ်ရှိပြီဖြစ်ပြီး ဆုချင်းလီမှာ အများဆုံး ၃၂ နှစ်သာ ရှိဦးမည်ဖြစ်သည်။ သာမန်လူများအတွက် ဤအသက်အရွယ်မှာ အိုမင်းနေပြီဟု ဆိုနိုင်သော်လည်း... စွမ်းရည်ပိုင်ရှင်များအတွက်မူ ယခုမှ စတင်ခြင်းသာ ရှိသေးသည်။ ဤအသက်အရွယ်တွင် ဤကဲ့သို့ အောင်မြင်မှုမျိုး ရရှိခြင်းမှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် အလွန်ရှားပါးသော ပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်ရမည်ဖြစ်သည်။
“ဒါကြောင့်လည်း ဒီလို ပါရမီမျိုးရှိလို့ ဆုချင်းလီက ဒုတိယကျောင်းအုပ်ကြီးဆီကနေ ဌာနမှူးရာထူးကို ပြန်လည်လုယူနိုင်ခဲ့တာ ဖြစ်မှာပဲ”
တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ပြီးနောက် ရှုကျင်းမင်က စွမ်းရည်အမှတ်များကို ခွဲဝေပြီးစီးသွားသဖြင့် သားရဲများထံမှ ပစ္စည်းများကို စုဆောင်းရန် ပြင်လိုက်သည်။ ထိုစဉ် အသိစိတ်ကွန်ရက်၏ အာရုံခံစားမှုအတွင်းသို့ စွမ်းရည်ပိုင်ရှင် ခြောက်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာသည်။ ထိုစွမ်းရည်ပိုင်ရှင် ခြောက်ဦးမှာ အလွန်ရှင်းလင်းသော ရည်မှန်းချက်ရှိပုံရပြီး ဤအရပ်မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြခြင်း ဖြစ်သည်။
“ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်အဖွဲ့လား”
တစ်ဖက်လူ၏ တိုက်ခိုက်ရေးအရှိန်ကို ကြည့်ပြီး သူတို့၏ အဆင့်ကို ခန့်မှန်းနိုင်လိုက်သော ရှုကျင်းမင်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ မည်သည့်နိုင်ငံမှာမဆို ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်ဆိုသည်မှာ အစစ်အမှန် အစွမ်းထက်သူတစ်ဦးဟု သတ်မှတ်ခံရသည်။ ဤကဲ့သို့သော အစွမ်းထက်သူများ စုဖွဲ့ထားသည့် အဖွဲ့မျိုးမှာ ဤအမှတ် ၄ နတ်ဆိုးဂူထဲတွင်ပင် မြင်တွေ့ရခဲလှသည်။ ထို့အပြင် သူတို့၏ ပစ်မှတ်မှာ သူကိုယ်တိုင် ဖြစ်ပုံရသည်။
“ဒါပေမဲ့... အသိစိတ်ကွန်ရက်ကနေတစ်ဆင့် ခံစားရတဲ့ အာရုံအရတော့ တစ်ဖက်လူမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက် မရှိဘူးပဲ”
“ဒါဆိုရင်တော့ သူတို့ ဘာကိစ္စလာတာလဲဆိုတာ အရင်ကြည့်ရသေးတာပေါ့...”
မိုးကြိုးတောင်ဝှေးပေါ်တွင် လက်ခနဲ ဖြစ်နေသော ရွှေရောင်လျှပ်စီးများမှာ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း ရှုကျင်းမင်၏ ခန္ဓာကိုယ်ပတ်လည်တွင်မူ တောက်ပသော ရွှေရောင်လျှပ်စီးလွှာတစ်ခုမှာမူ မှိန်ဖျော့ဖျော့ ကျန်ရှိနေဆဲပင်။ သူက လူသတ်သမားတစ်ယောက် မဟုတ်သော်လည်း စိတ်နှလုံး နူးညံ့လွန်းသူတစ်ယောက်လည်း မဟုတ်ပေ။ အကယ်၍ တစ်ဖက်လူက သတ်ဖြတ်လိုစိတ်ဖြင့် လာခြင်းဆိုပါက သူတို့ အနားမကပ်နိုင်ခင်မှာပင် ကောင်းကင်မိုးကြိုး ကျင့်စဉ်အချို့ဖြင့် အရင်ဆုံး ဆီးကြိုပစ်မည် ဖြစ်သည်။
မကြာမီမှာပင် စွမ်းရည်ပိုင်ရှင် ခြောက်ဦးမှာ ပျက်စီးနေသော အဆောက်အအုံများကြားမှ ထွက်ပေါ်လာပြီး ရှုကျင်းမင်၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာကြသည်။ ဤအဖွဲ့တွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်ပြီး တစ်ဦးချင်းစီမှာ အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ကာ လက်နက်များကို ကိုင်စွဲထားကြသည်။
သူတို့၏ အရှိန်အဝါမှာ တည်ငြိမ်လှသော်လည်း တစ်စုံတစ်ရာသော ပံ့ပိုးမှုစွမ်းရည်ဖြင့် တစ်ဦးနှင့်တစ်ဦး သိမ်မွေ့စွာ ဆက်နွှယ်နေပုံရသည်။ ထို့အပြင် သူတို့၏ နေရာယူပုံမှာလည်း အလွန်အရေးပါလှသည်။ အကယ်၍ သင်က သူတို့ထဲမှ တစ်ဦးကို တိုက်ခိုက်ရန် ကြိုးစားလျှင် ကျန်ငါးဦး၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။ ၎င်းမှာ အချိန်အတော်ကြာ လက်တွဲခဲ့သည့် အထက်တန်းလွှာ စွမ်းရည်ပိုင်ရှင်အဖွဲ့တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။
ရှုကျင်းမင်က နဂါးနက် တပ်မတော်ကို အကဲခတ်နေစဉ် နဂါးနက် တပ်မတော် အဖွဲ့ဝင်များကလည်း ရှုကျင်းမင်ကို အကဲခတ်နေကြသည်။ ရှုကျင်းမင်၏ အရှိန်အဝါမှာ ပဉ္စမအဆင့်နိမ့်မျှသာ ရှိသည်ကို သတိပြုမိသွားသောအခါ သူတို့အားလုံး အတော်လေး အံ့ဩသွားကြတော့သည်။
“ဘာဖြစ်တာလဲ... ဒီလူက ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် မဟုတ်ဘူးလား... ငါတို့ လူမှားသွားတာလား...”
***