ကမ္ဘာဂြိုလ်ပေါ်တွင် ရှားပါးပြီး အဖိုးတန်လှသော ဆေးဖက်ဝင် ပစ္စည်းများစွာ ရှိကြသည်။ အချို့မှာ ရင့်မှည့်လာသည့်တိုင် မည်သည့် အသံဗလံမျှ မထွက်ပေါ်တတ်သော်လည်း အချို့သော အဖိုးတန် ရတနာများမှာမူ ရင့်မှည့်လာသောအခါ ထူးခြားသော ကောင်းကင်ဖြစ်စဉ်များကိုပါ ဖြစ်ပေါ်စေတတ်သည်။ ရှုကျင်းမင် ယခုကြုံတွေ့နေရသော အခြေအနေမှာ ဒုတိယအမျိုးအစားထဲတွင် ပါဝင်သည်။ ဤကဲ့သို့သော ရတနာများက အနည်းဆုံး Sအဆင့် သို့မဟုတ် ထို့ထက် ပို၍ မြင့်မားလေ့ရှိသည်။
“စွမ်းအင်တွေ စုစည်းနေတဲ့ အရပ်ကို ကြည့်ရတာ ဒီနားတင်ပဲ ဖြစ်ရမယ်... သွားကြည့်လိုက်ဦးမှပဲ”
ရှုကျင်းမင် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ မိုးကြိုးတောင်ဝှေးက ဟင်းလင်းပြင် လက်စွပ်အတွင်းသို့ ပျောက်ကွယ်သွားသည်။ ရှုကျင်းမင်က တစ်ကိုယ်လုံး လျှပ်စီးများ ဝန်းရံလျက် ရွှေရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုအရပ်ဆီသို့ ဝှစ်ခနဲ ပြေးထွက်သွားတော့သည်။
သူ့တွင် System ရှိနေသဖြင့် ရှားပါးပစ္စည်းများမှာ သူ့အတွက် အထူးတလည် မလိုအပ်လှသော်လည်း ဤကဲ့သို့သော ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန် ရတနာများကိုတော့ မည်သူကမျှ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ များများတွေ့လေ၊ ကောင်းလေပင် မဟုတ်ပါလား။
“တောက်... မြို့ပျက် သုံးခုကို တစ်ယောက်တည်း ရှင်းပစ်တဲ့လူက ပဉ္စမအဆင့် စွမ်းရည်ပိုင်ရှင်ပဲ ရှိသေးတယ်လို့ ဘယ်သူက ထင်မှာလဲ”
အခြားတစ်ဖက်တွင်မူ နဂါးနက် တပ်မတော်၊ အမှတ် ၁၂ တပ်ခွဲမှ လူစုက ထွက်ခွာလာရင်း ရှုကျင်းမင်အကြောင်းကို မနေနိုင်မထိုင်နိုင် ဆွေးနွေးနေကြသည်။ ပြောလိုက်သူမှာ ရှုကျင်းမင်အား ဆဋ္ဌမအဆင့်ဟု တထောက်ချတွက်ခဲ့သော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်ပင် ဖြစ်သည်။
“ဘယ်သူက ငြင်းနိုင်မှာလဲ” အဖွဲ့ခေါင်းဆောင်က ပခုံးတွန့်လျက် ပြောလိုက်သည်။
“ဒီမြို့ပျက် သုံးခုလုံးမှာ ဆဋ္ဌမအဆင့် သားရဲ တစ်ကောင်မက ရှိတာတောင် ရှုကျင်းမင်က တစ်ယောက်တည်း အကုန်ရှင်းပစ်ခဲ့တာလေ... သူ့ရဲ့ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားက ဆဋ္ဌမအဆင့်လတ် ထက်တောင် သာဦးမယ်”
“ပဉ္စမအဆင့်နိမ့် စစ်သည်တစ်ယောက်က ဆဋ္ဌမအဆင့်လတ် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်သုံးနိုင်တာလား...”
ထို့အပြင် ရှုကျင်းမင်မှာ အလွန်ငယ်ရွယ်ပုံရသဖြင့် မိုးကြိုးသိုင်းသင်တန်းကျောင်းအနေဖြင့် ဤမျှ ကြောက်စရာကောင်းသော ပါရမီရှင်မျိုးကို ဘယ်ကနေ ရှာတွေ့ခဲ့သလဲဆိုသည်ကို ထိုလူငယ်မှာ အလွန်ပင် အံ့ဩနေမိသည်။ မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းမှာ တစ်ပြည်နယ်လုံးတွင် ကျော်ကြားလှပြီး ဝင်ခွင့်စစ်ဆေးမှုတွင် အကျခံရသူဦးရေမှာ ၉၀ ရာခိုင်နှုန်းအထိ ရှိသည်။ ဝင်ခွင့်ရသူများမှာ လူပေါင်းသောင်းခြောက်ထောင်ထဲမှ ရွေးချယ်ခံထားရသော ထိပ်တန်း ပါရမီရှင်များသာ ဖြစ်ကြသည်။
သို့သော်ငြားလည်း စတုတ္ထအဆင့်မြင့် အနေဖြင့် ဆဋ္ဌမအဆင့်နိမ့် သားရဲကို သတ်နိုင်ခြင်းမှာပင် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားဟု သတ်မှတ်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် သားရဲများသည် အဆင့်တူ စွမ်းရည်ပိုင်ရှင်များထက် ကဏ္ဍပေါင်းစုံတွင် များစွာ ပိုမိုအစွမ်းထက်သည် မဟုတ်ပါလား။ သို့သော် ယခုမှာမူ အဆင့်တစ်ခုလုံးကို ကျော်ဖြတ်ကာ ဆဋ္ဌမအဆင့် သားရဲကို သတ်ဖြတ်နိုင်သူ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဒါက သူတို့တစ်သက်မှာ တစ်ခါမှ မကြားဖူးခဲ့သည့် ကိစ္စပင်။
“ရှုကျင်းမင်... ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ ဘယ်မှာလဲဆိုတာတော့ ငါ မမှတ်မိတော့ဘူး” အဖွဲ့ဝင်တစ်ဦးက ဇဝေဇဝါဖြင့် ပြောလိုက်သည်။
ရှုကျင်းမင်က နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲကြောင့် အတော်အတန် လူသိများသော်လည်း ရှေ့တန်းစစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော ဤဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်များအတွက်မူ သိပ်ရင်းနှီးခြင်း မရှိကြပေ။
“ဒီလို ပါရမီရှင်မျိုးက နာမည်ကြီးပြီးသား ဖြစ်မှာပါ တစ်နေရာရာမှာ ကြားဖူးတာ မဆန်းပါဘူး”
အဖွဲ့ခေါင်းဆောင် ဝူရှုကတော့ သိပ်ဂရုစိုက်ပုံမရဘဲ ပြုံးလျက် ပြောလိုက်သည်။ “ဒီနှစ် မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အကဲဖြတ်ပွဲကတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတော့မှာပဲ... ငါတော့ သွားကြည့်ဦးမယ် မင်းတို့ရော လိုက်မလား”
“ခေါင်းဆောင် သွားမှတော့ ကျွန်တော်တို့က မလိုက်လို့ ဖြစ်မလား”
“ကျွန်တော့်ကိုလည်း ထည့်လိုက်ဦး ကျွန်တော်လည်း သွားချင်တယ်”
မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းတွင် ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် အများအပြား ရှိကြသည်။ ဤကဲ့သို့သော ပြိုင်ပွဲများက သူတို့အတွက်လည်း များစွာ တန်ဖိုးရှိလှပေသည်။ လူတိုင်း စကားပြောနေကြစဉ်မှာပင် ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ရှေ့နားမလှမ်းမကမ်းရှိ ကောင်းကင်ယံတွင် သိပ်သည်းလှသော မူလစွမ်းအင်များ ပေါ်ထွက်လာသည်။
“ဟင်... ဒါက ရတနာတစ်ခု ပေါ်ထွန်းလာတဲ့ အသံပဲ” အဖွဲ့ခေါင်းဆောင် ဝူရှု၏ မျက်ဝန်းများ တောက်ပသွားသည်။ “သွားကြည့်ကြစို့”
သူက လက်တစ်ချက်ဝှေ့ယမ်းကာ သူ၏ အဖွဲ့ဝင်များကို ခေါ်ဆောင်လျက် ထိုအရပ်ဆီသို့ အမြန်ဦးတည်သွားတော့သည်။ ရှုကျင်းမင်က တောနက်ထဲတွင် လျင်မြန်သော ကျားသစ်တစ်ကောင်ကဲ့သို့ ပြေးလွှားနေစဉ် လေတိုးသံများက နားအနီးမှ ဝှစ်ခနဲ ဖြတ်သန်းသွားသည်။ ရွှေရောင်လျှပ်စီးများ လက်ခနဲ ဖြစ်သွားတိုင်း သူ၏ ခြေလှမ်းတိုင်းမှာ အနည်းဆုံး မီတာ ဆယ်ဂဏန်းအထိ ခရီးရောက်သည်။ တောနက်ထဲတွင် ဆယ်မိနစ်ခန့် ပြေးလွှားပြီးနောက် ရှုကျင်းမင်၏ အမြင်အာရုံမှာ ပွင့်လင်းသွားပြီး ကွင်းပြင်တစ်ခု ပေါ်လာသည်။
“စွမ်းအင်တွေ လှုပ်ခတ်နေတဲ့ နေရာက ဒီမှာပဲ”
ရှုကျင်းမင်က ရပ်တန့်လိုက်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ရုတ်တရက် ခုနစ်မီတာကျော် မြင့်မားသော သစ်ပင်ကြီးတစ်ပင် မြင်ကွင်းထဲသို့ ဝင်လာသည်။ သစ်ပင်မှာ သစ်ကိုင်း သစ်ရွက်များဖြင့် ဝေဆာနေပြီး ထူထပ်သော သစ်ရွက်များကြားတွင် သင်္ဘောသီးခန့်ရှိသော လိမ္မော်နီရောင် အသီး ခြောက်လုံးကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များက ထိုအသီးများအတွင်းသို့ အဆက်မပြတ် စီးဝင်နေပြီး အသီးများ၏ အရောင်မှာလည်း ပိုမိုတောက်ပကာ ပြည့်ဖြိုးလာသည်။
“ဒါတွေက... ယွမ်လင်း အသီးတွေလား” ရှုကျင်းမင်က ထိုအသီးများကို မှတ်မိသွားသည်။
ယွမ်လင်း အသီးက SSအဆင့်ရှိသော ရှားပါးပြီး အဖိုးတန်သည့် ကောင်းကင်ဘုံ နတ်ဆေးရတနာ တစ်မျိုး ဖြစ်သည်။ ၎င်းကို တိုက်ရိုက် စားသုံးခြင်းဖြင့် စွမ်းရည်ပိုင်ရှင်များအနေဖြင့် စွမ်းအင်ဓာတ်များကို ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်စေပြီး ဘေးထွက်ဆိုးကျိုး မရှိဘဲ အဆင့်တက်ရန် ကြာမြင့်ချိန်ကို များစွာ လျှော့ချပေးနိုင်သည်။
ဤအကျိုးသက်ရောက်မှုမှာ အလွန်ပင် အစွမ်းထက်လှပြီး အဆင့်နိမ့် စွမ်းရည်ပိုင်ရှင်များအတွက်သာမက သတ္တမအဆင့် အထွတ်အထိပ် ဆရာကြီးများနှင့် အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးများအတွက်ပါ ထိရောက်မှု ရှိသည်။ ယွမ်လင်း အသီးကို အဓိက အသုံးပြုကာ ဖော်စပ်ထားသော အဋ္ဌမအဆင့် မူလစွမ်းအင် ဆေးလုံး ဆိုလျှင် SSအဆင့် ကျင့်ကြံရေး အရင်းအမြစ်များတွင် ပါဝင်သည်။ ရှုကျင်းမင်က ယွမ်လင်း အသီးကို မဂျစ်စီးတီး တက္ကသိုလ်ရှိ နတ်ဆေးရတနာများဆိုင်ရာ ကျမ်းထဲတွင်သာ ဖတ်ဖူးခဲ့သော်လည်း ဤနေရာတွင် မတော်တဆ တွေ့ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ဒါက ငါတို့ နဂါးလှံ ဂိုဏ်းရဲ့ နယ်မြေပဲ... ဒီနေရာကို ပိတ်ထားပြီးပြီ... မိတ်ဆွေ... တခြားလမ်းကနေ ပတ်သွားတာ ပိုကောင်းလိမ့်မယ်”
ရှုကျင်းမင် SS အဆင့် ရတနာကို တွေ့ရှိ၍ စိတ်လှုပ်ရှားနေစဉ်မှာပင် ဘေးဘက်မှ သြဇာညောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် တစ်ဖက်ရှိ တောအုပ်ထဲမှ ငါးဦးပါသော အဖွဲ့တစ်ဖွဲ့ ထွက်လာသည်။ ထိုငါးဦးလုံးမှာ တူညီသော ဝတ်စုံများနှင့် တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ထားကြရာ အဖွဲ့အစည်း တစ်ခုတည်းမှ ဖြစ်ကြောင်း သိသာလှသည်။
စကားပြောလိုက်သူမှာ ဓားမကြီးတစ်ချောင်းကို လွယ်ထားသော ထိပ်ပြောင်ပြောင် လူလတ်ပိုင်း အမျိုးသားတစ်ဦးပင် ဖြစ်သည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါအရ သူက အနည်းဆုံး ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် ဖြစ်ရမည်။ သူ၏ နောက်တွင် ပါလာသော ကျန်လေးဦးမှာလည်း ပဉ္စမအဆင့် အထွတ်အထိပ်များ ဖြစ်ပုံရသည်။
“ခင်ဗျားတို့ နယ်မြေ ဟုတ်လား”
ရှုကျင်းမင် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။ “ဒီအမှတ် ၄ နတ်ဆိုးဂူထဲမှာ အဓိက ဂိုဏ်းတွေနဲ့ တပ်မတော်တွေက သူတို့ရဲ့ နယ်မြေတွေကို ခွဲဝေယူထားကြတာ ကြာလှပြီ... ဒီနေရာက ခင်ဗျားတို့ နဂါးလှံဂိုဏ်းရဲ့ နယ်မြေဖြစ်တယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး”
သူက နဂါးလှံဂိုဏ်းအကြောင်း ကြားဖူးသည်။ ထိုဂိုဏ်း၏ ဂိုဏ်းချုပ်မှာ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးမျှသာ ဖြစ်ပြီး ဤအမှတ် ၄ နတ်ဆိုးဂူထဲတွင် ကိုယ်ပိုင်နယ်မြေ သတ်မှတ်နိုင်လောက်သည့် အဆင့်အတန်း မရှိပေ။ တစ်ဖက်လူက ထိုသို့ပြောရခြင်းမှာ ဤယွမ်လင်း အသီး ခြောက်လုံးကို သူတို့ဘာသာ အပိုင်စီးလို၍သာ ဖြစ်မည်။
“မင်းက တကယ်ပဲ နားမလည်တာလား ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား”
ထိပ်ပြောင်ပြောင် လူကြီး စကားမပြောရသေးခင်မှာပင် အဖွဲ့ထဲမှ ဆံပင်တိုတိုနှင့် အမျိုးသားတစ်ဦးက လှောင်ပြောင်သည့်ဟန်ဖြင့် ဝင်ပြောလိုက်သည်။ “ငါတို့ ခေါင်းဆောင်က ဒါငါတို့နယ်မြေလို့ ပြောရင် ဒါငါတို့နယ်မြေပဲ မင်းလို ပဉ္စမအဆင့် အသေးအမွှားလေးက ဘာမို့လို့ လာမေးခွန်းထုတ်နေတာလဲ”
ကျန်အဖွဲ့ဝင်များကလည်း ပွဲကြည့်နေသည့်အလား ကြည့်နေကြသည်။ သူတို့သည်လည်း ရတနာပေါ်ထွန်းလာသည့် လှုပ်ခတ်မှုကို ခံစားမိ၍ ရောက်လာကြခြင်း ဖြစ်သော်လည်း တစ်ဖက်လူမှာ ပဉ္စမအဆင့်နိမ့်မျှသာ ဖြစ်နေသဖြင့် သူတို့အနေဖြင့် ဤယွမ်လင်း အသီးများကို သိမ်းပိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
သူတို့ဘက်မှ မည်သူ့ကိုမဆို ရွေးထုတ်လိုက်လျှင်ပင် ဤလူငယ်လေးအား အလွယ်တကူ အရိုးကြေအောင် လုပ်ပစ်နိုင်သည် မဟုတ်ပါလား။ နှုတ်ဖြင့် သတိပေးနေခြင်းမှာပင် သူတို့ဘက်က အတော်လေး သည်းခံပေးထားခြင်း ဖြစ်သည်ဟု သူတို့ ယူဆထားကြပုံရသည်။
***