“မင်းက အကုန်ယူမယ် ဟုတ်လား”
အဖွဲ့ခေါင်းဆောင် ဝူရှုမှာ အနည်းငယ် အံ့ဩသွားပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “ညီအစ်ကိုရှုကျင်းမင်... မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်”
“ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး သေချာတယ်... အကုန်ယူမှာ”
ရှုကျင်းမင်၏ ကိုယ်ပတ်လည်တွင် ရွှေရောင်နတ်ဘုရား မိုးကြိုးများ ဝေ့ဝဲနေပြီး သူက သြဇာညောင်းသော အသံဖြင့် ပြောလိုက်သည်။ “ဒီနတ်ဆိုးဂူထဲမှာတော့ အားကြီးသူက အားနည်းသူကို ဝါးမြိုတဲ့ လောကပဲလေ... ကျွန်တော်က ခင်ဗျားတို့ထက် ပိုသန်မာတယ် ဒါကြောင့် ဒီရတနာတွေကို ဘယ်လိုခွဲဝေရမလဲဆိုတာ ကျွန်တော်ပဲ ဆုံးဖြတ်သင့်တာပေါ့”
သူ့လက်ထဲမှ မိုးကြိုးတောင်ဝှေးထိပ်တွင် ရွှေရောင်လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို မှိန်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။
“မင်းက ငါတို့ထက် ပိုသန်မာတယ် ဟုတ်လား”
ဝူရှု၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ နားကြားမှားသလားဟုပင် ထင်လိုက်မိသည်။ ရှုကျင်းမင်၏ တည်ကြည်သော မျက်နှာပေးကို ကြည့်ရသည်မှာ ၎င်းမှာ သူ၏ အစစ်အမှန် စိတ်ကူးဖြစ်ပုံရသည်။
“ငါတို့ကို အထင်သေးခံလိုက်ရတာပဲ”
“ဟွန်း မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ပါရမီရှင်တွေက ဘယ်တုန်းက ဒီလောက် မောက်မာသွားရတာလဲ”
“ခေါင်းဆောင်... တိုက်လိုက်ကြစို့ သူ့ကို သင်ခန်းစာတစ်ခုလောက် ပေးရမယ်”
နဂါးနက် တပ်မတော်က မဟာနွေရာသီ တိုင်းပြည်၏ တရားဝင်အမိန့်အောက်တွင် ရှိသော အစွမ်းအထက်ဆုံး တပ်မတော်ကြီး ဖြစ်သည်။ တပ်ဖွဲ့ဝင်များမှာ နိုင်ငံတော်၏ ထိပ်တန်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ် ၁၀၀ မှ ဘွဲ့ရရှိထားသူများ ဖြစ်ကြပြီး အားလုံးမှာ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ ရှေ့တန်းတွင် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး အဖွဲ့ဝင်သစ်များဖြင့် အစဉ်အမြဲ အားဖြည့်ထားသော အမှတ် ၁၂ တပ်ခွဲမှာမူ ပါရမီရှင်များထဲမှ ပါရမီရှင်များ စုစည်းထားခြင်း ဖြစ်သည်။ ပဉ္စမအဆင့်လောက်သာ ရှိသော ရှုကျင်းမင်က သူတို့ကို ဤမျှအထိ ရိုင်းပြစွာ ပြောဆိုနေသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများမှာ ဒေါသကြောင့် ပြောင်းလဲသွားကြတော့သည်။
“ရှုကျင်းမင်... ပဉ္စမအဆင့်နိမ့်နဲ့ ဆဋ္ဌမအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ရယူနိုင်တာကတော့ မင်းမှာ အံမခန်း ပါရမီရှိတယ်ဆိုတာ ငါ ဝန်ခံပါတယ်” ဝူရှုက အေးစက်စွာ ပြောလိုက်သည်။
“အနာဂတ်မှာ တစ်နေ့နေ့ကျရင် မင်းက ငါတို့ကို ကျော်တက်သွားနိုင်တာကတော့ ကျိုးကြောင်းဆီလျော်ပါတယ်.. ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး... မင်းက အရမ်းမောက်မာလွန်းနေပြီ... ဒါကြောင့် ငါက မင်းရဲ့ ဌာနမှူး ဆရာမဆု ကိုယ်စား မင်းကို သင်ခန်းစာတစ်ခုလောက် ပေးရမှာပဲ”
ထိုအချိန်တွင် ဝူရှုမှာလည်း အတော်လေး ဒေါသထွက်သွားပြီး သူ၏ စူးရှသော တိုက်ပွဲဝင်ဓားကို ဟင်းလင်းပြင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။ ကျန်အဖွဲ့ဝင် ငါးဦးမှာလည်း လက်နက်များကို ကိုင်စွဲကာ သူတို့၏ အထူးစွမ်းရည်များကို အသက်သွင်းလိုက်ကြသည်။ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို ဖမ်းလျှင်ပင် အစွမ်းကုန် အင်အားသုံးလေ့ရှိသည်။ အားနည်းပုံရသော ရန်သူကို ရင်ဆိုင်လျှင်ပင် အဖွဲ့လိုက် အစွမ်းကုန် ကြိုးစားရန် လိုအပ်သည်။ ဤသည်မှာ ရှေ့တန်းစစ်မြေပြင်တွင် စွမ်းရည်ပိုင်ရှင်များစွာက သူတို့၏ သွေးနှင့် အသက်များကို ရင်းနှီးကာ ရရှိခဲ့သော သင်ခန်းစာများ ဖြစ်သည်။
သားရဲများကို ရင်ဆိုင်ရာတွင်လည်း ဤအတိုင်းပင် ဖြစ်သလို၊ စွမ်းရည်ပိုင်ရှင်အချင်းချင်း ရင်ဆိုင်ရာတွင်လည်း အတူတူပင်။ သူတို့က တစ်ကွက်တည်းဖြင့် ရှုကျင်းမင်ကို ပြင်းထန်စွာ ထိုးနှက်ရန် ပြင်ဆင်လိုက်ကြသည်။ သူ့ကို မသတ်ဖြတ်သော်လည်း ဒဏ်ရာပြင်းထန်စွာ ရစေခြင်းဖြင့် ရှုကျင်းမင်၏ မောက်မာမှုကို သင်ခန်းစာ ပေးနိုင်လိမ့်မည်ဟု သူတို့ ယူဆထားကြသည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့”
ရှုကျင်းမင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် တောက်လောင်နေသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။ ပဉ္စမအဆင့်သို့ ရောက်ပြီးကတည်းက သူ၏ အစွမ်းကုန်ကို ထုတ်မသုံးရသေးသဖြင့် ဤနဂါးနက် တပ်မတော်မှ လူစုနှင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းအပြင် SSSအဆင့် တိုက်ခိုက်ရေးနည်းစနစ် မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်း၏ စွမ်းအားကိုလည်း သူ စမ်းသပ်လိုသေးသည်။
“ဝေါင်း...”
နှစ်ဖက်စလုံး တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် လေထုထဲမှနေ၍ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်လှသော ဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဟိန်းသံမှာ အလွန်စူးရှပြီး ထိုးဖောက်နိုင်စွမ်း ရှိလှသဖြင့် ရှုကျင်းမင်ပင် မျက်မှောင်ကြုတ်သွားရကာ သူ၏ နားစည်များမှာ စစ်ခနဲ နာကျင်သွားရသည်။ သူတောင် ဤမျှ ဖြစ်သွားလျှင် အဆင့်နိမ့် စွမ်းရည်ပိုင်ရှင်များဆိုပါက ဤဟိန်းသံကြောင့်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိကာ သွေးအန်သွားနိုင်ပေသည်။ အခြားတစ်ဖက်ရှိ ဝူရှုနှင့် သူ၏လူများလည်း မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။
ထိုစဉ်မှာပင် ညှီစို့စို့ လေပြင်းတစ်ချက် ဝှေ့ယမ်းလာပြီး ၃ မီတာကျော် မြင့်ကာ ၈ မီတာခန့် ရှည်လျားသော၊ ဖားလျားကျနေသည့် အမွှေးအမျှင်များရှိသည့် ခြင်္သေ့တစ်ကောင်နှင့် တူသော သတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ သို့သော် ၎င်း၏ အစွယ်များမှာ ပိုမိုစူးရှကာ အပြင်သို့ ထိုးထွက်နေပြီး ထူးဆန်းသော မီးခိုးပြာရောင် သားရဲကြီးမှာ ရှုကျင်းမင်နှင့် အခြားသူများ၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာတော့သည်။
၎င်း ပေါ်လာသည်နှင့် သိပ်သည်းလှသော မြေဓာတ်စွမ်းအင်များမှာ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ဧရာမ မျက်လုံးကြီးများက ရှုကျင်းမင်နှင့် အခြားသူများကို စိုက်ကြည့်နေသော်လည်း လှုပ်ရှားခြင်း မရှိသေးပေ။
“ဘုရင်အဆင့် သားရဲ... သွားပြာ ခြင်္သေ့ကြမ်းလား ပြီးတော့ သူ့ရဲ့ အစွယ်အရောင်ကို ကြည့်ရတာ ဆဋ္ဌမအဆင့်နိမ့်ကို ရောက်နေပြီပဲ ဒါတော့ ဒုက္ခပဲ” ဝူရှုမှာ ရှုကျင်းမင်ကို ဂရုမစိုက်နိုင်တော့ဘဲ ထိုသားရဲကြီးကိုသာ တည်ကြည်သော မျက်နှာပေးဖြင့် ကြည့်နေတော့သည်။
“ဆဋ္ဌမအဆင့်နိမ့် သားရဲတစ်ကောင်ကို သတ်ရတာက အလွယ်လေး မဟုတ်ဘူးလား” ရှုကျင်းမင်က ထိုသားရဲမျိုးစိတ်ကို မသိသဖြင့် ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မင်း ရှေ့တန်းကို တစ်ခါမှ မရောက်ဖူးသေးတော့ မသိတာ မဆန်းပါဘူး” ဝူရှုက ခေါင်းခါပြလိုက်ရင်း ရှုကျင်းမင်၏ မောက်မာသော စကားများကို အရေးမစိုက်တော့ဘဲ ပြုံးလျက်သာ ရှင်းပြလိုက်သည်။
“ကမ္ဘာပေါ်မှာ သားရဲမျိုးစိတ်တွေ အများကြီး ရှိတယ်၊ အဆင့်တူတယ်ဆိုရင်တောင်မှပေါ့... မျိုးနွယ်စု မတူတဲ့ သားရဲတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲ”
“ဒါကြောင့် ရှေ့တန်းမှာတော့ သားရဲတွေရဲ့ ပါရမီကို စစ်သည်အဆင့်၊ စစ်ဗိုလ်အဆင့်၊ နယ်စားအဆင့်၊ ဘုရင်အဆင့်နဲ့ ဧရာရာဇ်အဆင့်ဆိုပြီး ယေဘုယျအားဖြင့် ခွဲခြားထားတယ်... စစ်သည်အဆင့် သားရဲတွေဆိုတာ အဆင့်တူ သားရဲတွေထဲမှာ တိုက်ခိုက်ရေးစွမ်းအား အနိမ့်ဆုံးတွေပဲ... လူသားတွေထဲက Fကနေ Dအဆင့် စွမ်းရည်ပိုင်ရှင်တွေလိုပေါ့... စစ်ဗိုလ်အဆင့် သားရဲတွေကတော့ တိုက်ခိုက်ရေးမှာ အနည်းငယ် ပိုအားကောင်းပြီး Cကနေ Bအဆင့် စွမ်းရည်ပိုင်ရှင်တွေနဲ့ နှိုင်းယှဉ်လို့ ရတယ်... နယ်စားအဆင့် သားရဲတွေကတော့ ငါတို့ဆီက Aအဆင့် စွမ်းရည်ပိုင်ရှင်တွေနဲ့ အဆင့်တူပဲ”
“ဘုရင်အဆင့် သားရဲဆိုတာကတော့ Sအဆင့် စွမ်းရည်ပိုင်ရှင်တစ်ယောက်နဲ့ အဆင့်တူတယ် ဒီသွားပြာ ခြင်္သေ့ကြမ်းကတော့ ဘုရင်အဆင့် သားရဲတွေထဲမှာ တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးတွေထဲမှာ ပါတယ်... သူက အရေခွံ ထူရုံတင်မကဘဲ မြေဓာတ်စွမ်းအားကိုလည်း ထိန်းချုပ်နိုင်တယ်... သူက ဆဋ္ဌမအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ ငါတို့ အဖွဲ့တစ်ခုလုံးကို အလွယ်တကူ သုတ်သင်နိုင်တယ်”
ဝူရှု အပါအဝင် အမှတ် ၁၂ တပ်ခွဲမှ အဖွဲ့ဝင်အားလုံးမှာ မျက်နှာများ တည်တင်းနေကြသည်။ ဘုရင်အဆင့် သားရဲများက ရှေ့တန်းစစ်မြေပြင်တွင်ပင် တွေ့ရခဲလှသည်။ ဤကဲ့သို့သော အခြေအနေမျိုး ကြုံလာရလျှင် အဆင့်မြင့် စွမ်းရည်ပိုင်ရှင်များကသာ အမြဲတမ်း ကိုင်တွယ်လေ့ရှိသည်။ အကယ်၍ အဆင့်တူ စွမ်းရည်ပိုင်ရှင်အဖွဲ့တစ်ဖွဲ့ကသာ တိုက်ခိုက်မည်ဆိုပါက အသက်ကို အလဟဿ စတေးရခြင်းမျိုးသာ ဖြစ်လိမ့်မည်။
“တကယ်တော့... အမှတ် ၄ နတ်ဆိုးဂူထဲမှာ နယ်စားအဆင့် ပါရမီရှိတဲ့ သားရဲတောင် မရှိသင့်ဘူး... ဘယ်နေရာမှာ မှားသွားလဲဆိုတာ ငါ မသိတော့ဘူး”
ဝူရှုမှာ လုံးဝ ဇဝေဇဝါ ဖြစ်နေရင်း ရှုကျင်းမင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ဒီသွားပြာ ခြင်္သေ့ကြမ်းက ယွမ်လင်း အသီးကို လိုချင်လို့ လာတာ ဖြစ်ရမယ်... ငါတို့ဘက်က အရင် မတိုက်ခိုက်သရွေ့ သူ ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး... သွားကြစို့... ယွမ်လင်း အသီး မရင့်မှည့်ခင် ဒီနေရာကနေ မြန်မြန် ထွက်သွားကြတာ အကောင်းဆုံးပဲ... ငါလည်း ဒါကို အထက်ကို တိုင်တန်းပြီး ကိုင်တွယ်မယ့်သူ တစ်ယောက်လောက် လွှတ်ပေးဖို့ ပြောရမယ်”
မဟာနွေရာသီ တိုင်းပြည်အတွင်းရှိ တောနက်ဇုန်များကို အဆင့်မြင့် စွမ်းရည်ပိုင်ရှင်များက သေချာစွာ စီမံထားခြင်း ဖြစ်သည်။ နယ်စားအဆင့်နှင့် အထက်ရှိသော သားရဲများ လုံးဝ မရှိနိုင်ပေ။ ဤအခြေအနေမှာ အမှန်ပင် ထူးဆန်းလှသည်။ သို့သော် ဝူရှုနှင့် သူ၏အဖွဲ့မှာ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ရှုကျင်းမင်မှာမူ တစ်ချက်ကလေးမှ မလှုပ်ရှားဘဲ ထိုနေရာတွင်ပင် မတ်တပ်ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
“ဟင်”
ဝူရှုက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကာ အသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်သည်။ “ရှုကျင်းမင်... ယွမ်လင်း အသီးနဲ့ မင်းရဲ့ အသက်၊ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ မင်း သိသင့်တာပေါ့... မင်း ဒီမှာ ဆက်နေရင် အခြေအနေက အရမ်း အန္တရာယ်ရှိလာလိမ့်မယ်”
တခြားလူဆိုလျှင် သူ သတိပေးနေလိမ့်မည် မဟုတ်ပေ။ သို့သော် ရှုကျင်းမင်၏ ပါရမီမှာ အလွန် ထူးခြားလှသဖြင့် မဟာနွေရာသီ တိုင်းပြည်သားချင်း ဖြစ်သလို ဤကဲ့သို့သော ပါရမီရှင်တစ်ဦး လောဘကြောင့် ဤနေရာတွင် ပျက်စီးသွားသည်ကို သူ မမြင်လိုပေ။
“အဖွဲ့ခေါင်းဆောင် ဝူရဲ့ စိုးရိမ်ပေးမှုကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီဘုရင်အဆင့် သားရဲကို ကျွန်တော် အနိုင်ယူနိုင်မလားဆိုတာ စမ်းကြည့်ချင်သေးတယ်” ရှုကျင်းမင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
နဂါးနက် တပ်မတော်၏ အဖွဲ့နှင့် နှိုင်းယှဉ်လျှင် ဤဘုရင်အဆင့် သားရဲမှာ ပိုမိုသင့်တော်သော ပြိုင်ဘက်ဟု သူ ယူဆထားခြင်း ဖြစ်သည်။ ၎င်းအပြင် ဤဘုရင်အဆင့် သားရဲကို သတ်ဖြတ်လိုက်လျှင် စွမ်းရည်အမှတ် မည်မျှရရှိမည်ကိုလည်း သူ သိလိုသေးသည်။
အမှန်စင်စစ် သူ အနိုင်ရလိမ့်မည်ဟုတော့ အတိအကျ မသိပေ။ သို့သော် မိုးကြိုးနဂါး အတောင်ပံများ ရှိနေသရွေ့ သူ အနိုင်မရလျှင်တောင် ထွက်ပြေးနိုင်ဆဲဖြစ်သဖြင့် ကြီးမားသော အန္တရာယ်တော့ မရှိနိုင်ပေ။
***