“ငါ နားကြားမှားတာလား... ပဉ္စမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင်လေးက ဆဋ္ဌမအဆင့်နိမ့် ဘုရင်အဆင့် သားရဲကို တိုက်ခိုက်မယ် ဟုတ်လား”
“ငါပဲ ရူးနေတာလား... သူပဲ ရူးနေတာလား”
ရှုကျင်းမင်၏ စကားကို ကြားလိုက်ရသောအခါ နဂါးနက် တပ်မတော် အမှတ် ၁၂ တပ်ခွဲတစ်ခုလုံးက သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြသည်။ အဖွဲ့ခေါင်းဆောင် ဝူရှုပင်လျှင် အံ့ဩသွားရသည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ပါးစပ်ဟရုံသာ ရှိသေးကာ နောက်ဆုံးတွင်မူ သက်ပြင်းချလျက် ခေါင်းခါလိုက်ရတော့သည်။
“ညီအစ်ကိုရှုကျင်းမင်က ကိုယ့်အစွမ်းကိုယ် ဒီလောက် ယုံကြည်မှု ရှိနေမှတော့လည်း...”
“ငါတို့လည်း မင်းနဲ့အတူ အဖော်မလုပ်ပေးတော့ဘူး ကံကောင်းပါစေ... ငါတို့ သွားပြီ”
ထိုသို့ပြောပြီးနောက် သူက ကျန်အဖွဲ့ဝင်များကို ဦးဆောင်ကာ နောက်လှည့်မကြည့်ဘဲ အခြားအရပ်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ရုပ်လေးက သန့်သန့်ပြန့်ပြန့် အရပ်ရှည်ရှည်နဲ့ တကယ့် ဦးနှောက်မရှိတဲ့ အရူးပဲ ဒီလိုလူမျိုးကို ဘယ်လောက်ပဲ ဖျောင်းဖျဖျောင်းဖျ အပိုပဲ ဖြစ်လိမ့်မည်။
မကြာမီမှာပင် ထိုအသီးပင်ကြီး၏ အနီးအနားတွင် ရှုကျင်းမင်နှင့် သွားပြာ ခြင်္သေ့ကြမ်းတို့သာ ကျန်ရှိတော့သည်။ ဆဋ္ဌမအဆင့် သားရဲတစ်ကောင်၏ ဉာဏ်ရည်မှာ လူကြီးတစ်ယောက်နှင့် ဆင်တူလှရာ ဘုရင်အဆင့် သားရဲဆိုလျှင်တော့ ပြောနေရန်ပင် မလိုတော့ပေ။ ပိုမိုအန္တရာယ်ရှိသော ဝူရှုနှင့် သူ၏လူများ ထွက်ခွာသွားသည်ကို မြင်သောအခါ သွားပြာ ခြင်္သေ့ကြမ်းမှာ ပိုမိုပေါ့ပေါ့ပါးပါး လှုပ်ရှားလာသည်။ ၎င်း၏ မျက်လုံးကြီးများက ရှုကျင်းမင်ကို အထက်စီးမှ ငုံ့ကြည့်နေသည်။ အကယ်၍ ဤယွမ်လင်း အသီးပင်သာ မရှိပါက ရှုကျင်းမင်မှာ ၎င်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်မှာ ကြာလှပြီ ဖြစ်မည်။
“တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ... ဘယ်သူက ပိုပြီး အန္တရာယ်ရှိလဲဆိုတာတောင် ခွဲခြားမသိဘူး”
ရှုကျင်းမင်၏ ကြည်လင်သော မျက်ဝန်းအစုံတွင် တည်ငြိမ်မှုနှင့် အေးစက်မှုများ ပြည့်နှက်နေသည်။ သူ၏ ညာဘက်လက်ကို လေထဲတွင် ဆုပ်ကိုင်လိုက်သောအခါ တောက်ပသော မိုးကြိုးတောင်ဝှေး ပေါ်ထွက်လာသည်။
“ဝေါင်းးး”
သွားပြာ ခြင်္သေ့ကြမ်းက မဟာနွေရာသီ ဘာသာစကားကို နားမလည်သော်လည်း ရှုကျင်းမင်၏ လေသံထဲမှ အထင်သေးမှုကိုမူ ခံစားမိသည်။ ဧရာမ သားရဲကြီး၏ မျက်နှာထက်တွင် ဒေါသရိပ်များ ချက်ချင်း ပေါ်လာသော်လည်း ၎င်းက ထိုနေရာမှ ထွက်မလာသေးပေ။ ယင်းအစား ဟိန်းဟောက်လိုက်ပြီး သူ၏ မြေဓာတ်စွမ်းအင် ထိန်းချုပ်မှုကို အသုံးပြုလိုက်သည်။ မြေဓာတ်စွမ်းအင်များက ဘတ်စကက်ဘော အရွယ်အစားရှိသော ကျောက်တုံးများအဖြစ် စုစည်းသွားကာ ရှုကျင်းမင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
ကျောက်တုံးများက မြားမိုးရွာချသကဲ့သို့ သိပ်သည်းလှပြီး ပြင်းထန်သော ဖိအားကို ပေးစွမ်းနေသည်။ စွမ်းအား အကန့်အသတ်ရှိသော မြားမိုးနှင့် မတူဘဲ ဤကျောက်တုံး တစ်ခုချင်းစီ၏ စွမ်းအားမှာ ယနေ့ခေတ် စက်သေနတ် ကျည်ဆန်များထက်ပင် ပိုမိုအားကောင်းလှသည်။ ဤနည်းစနစ်တစ်ခုတည်းနှင့်တင် တောင်ကုန်းတစ်ခုကို အလွယ်တကူ ဖြိုချနိုင်သည်ဟု ဆိုလျှင်ပင် မမှားပေ။
“မိုးကြိုးအထွတ်အထိပ် အခြေအနေ”
“မိုးကြိုးအကာအကွယ်”
ကြောက်မက်ဖွယ်ကောင်းသော ကျောက်တုံးမိုးများကို ရင်ဆိုင်ရာတွင် ရှုကျင်းမင် အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိပေ။ မိုးကြိုးအထွတ်အထိပ် အခြေအနေသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ထူထဲသော မိုးကြိုးအကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။
“ဘုန်း ဘုန်း ဘုန်း...”
စက်သေနတ်ကျည်ဆန်များကဲ့သို့ သိပ်သည်းလှသော ကျောက်တုံးများက ရှုကျင်းမင်၏ ပတ်ဝန်းကျင် မီတာ ငါးဆယ်အတွင်းသို့ အကုန်အစင် ကျရောက်လာသည်။ မြေပြင်တွင် ဧရာမ ကျင်းကြီးများ ဖြစ်ပေါ်လာပြီး ဖုန်မှုန့်များ ထူထပ်ကာ သစ်ပင်များလည်း ကျိုးပျတ်ကုန်သည်။ သို့သော် မိုးကြိုးအကာအကွယ်၏ စောင့်ရှောက်မှုကို ခံထားရသော ရှုကျင်းမင်မှာမူ လုံးဝ ဒဏ်ရာမရပေ။
“မိုးကြိုးအထွတ်အထိပ် အခြေအနေနဲ့ တောက်ပသော မိုးကြိုးတောင်ဝှေးတို့ရဲ့ ပေါင်းစပ်အားဖြည့်မှုကြောင့် ငါ့ရဲ့ မိုးကြိုးအကာအကွယ်က အံမခန်း ခုခံနိုင်စွမ်းကို ရရှိသွားပြီ”
ရှုကျင်းမင်၏ နဂါးတစ်ကောင်ကဲ့သို့ စူးရှသော မျက်ဝန်းအစုံတွင် ကျေနပ်မှုအချို့ ရှိနေသည်။ မိုးကြိုးအကာအကွယ်ကို အသက်သွင်းလိုက်သည်နှင့် ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် အများစု၏ စွမ်းအင်တိုက်ကွက်များကို ချေဖျက်ရန် လုံလောက်လှသည်။ ဒီဘုရင်အဆင့် သားရဲလည်း အတူတူပင်။
“မင်းရဲ့ ပုံစံကို ကြည့်ရတာတော့ ဒီယွမ်လင်း အသီးပင်နဲ့ ဝေးဝေး မသွားချင်ဘူး ထင်တယ်”
“ဒါဆိုရင်လည်း... အဲဒီမှာပဲ ထာဝရ အိပ်ပျော်နေလိုက်တော့ မိုးကြိုးနတ်ဘုရား... ဆင်းသက်စမ်း”
ရှုကျင်းမင်က သူထက် အဆင့်တစ်ခုလုံး နိမ့်နေသော်လည်း ဤဆဋ္ဌမအဆင့် ဘုရင်အဆင့် သားရဲအပေါ်တွင် အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူက Systemမှတစ်ဆင့် ခုလေးတင် မြှင့်တင်ထားသော SSS အဆင့် တိုက်ခိုက်ရေးနည်းစနစ် မိုးကြိုးနတ်ဘုရား လောကသို့ ဆင်းသက်ခြင်း၏ စွမ်းအားကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ SS အဆင့် မိုးကြိုးစွမ်းရည် ဖြစ်သော ကောင်းကင်ဘုံ မိုးကြိုးနှင့် ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအား နှစ်ခုလုံးက ဤနည်းစနစ်၏ လိုအပ်ချက်များအတိုင်း လည်ပတ်နေကြပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ရွှေရောင်လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ နောက်ကျောဘက် လေထုထဲတွင် ဧရာမ ပုံရိပ်ယောင် မိုးကြိုးနတ်ဘုရား ရုပ်တုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်၏ မျက်နှာသွင်ပြင်မှာ မှုန်ဝါးနေသော်လည်း လျှပ်စီးများ လက်ခနဲဖြစ်နေသည့် တောက်ပသော ရွှေရောင်မျက်လုံးတစ်စုံကမူ လောကကြီးတစ်ခုလုံးကို အုပ်စိုးတော့မည့် အရှိန်အဝါမျိုးဖြင့် တောက်ပနေသည်။
“ဝေါင်း...”
ဤပုံရိပ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ၎င်းပေါ်ထွက်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၁၀ ကီလိုမီတာကျော် ပတ်ဝန်းကျင်အတွင်းရှိ သားရဲအားလုံးမှာ ဤအရှိန်အဝါကို ခံစားမိသွားကြပြီး ဝတ်ပြုကိုးကွယ်နေသကဲ့သို့ ကြောက်လန့်တကြား ဟိန်းဟောက်လိုက်ကြသည်။ ၎င်းကို မြင်လိုက်ရသောအခါ ဆဋ္ဌမအဆင့် ဘုရင်အဆင့် သားရဲ သွားပြာ ခြင်္သေ့ကြမ်း၏ မျက်နှာတွင်လည်း လူသားတစ်ယောက်ကဲ့သို့ အံ့ဩတုန်လှုပ်မှုများ ပေါ်လာသည်။ သို့သော် မူလစွမ်းအင်များကို စုပ်ယူနေဆဲဖြစ်သော ယွမ်လင်း အသီးကို ကြည့်ရင်း ၎င်းမှာ ထွက်မပြေးသေးပေ။
“ဒါက SSS အဆင့် တိုက်ခိုက်ရေးနည်းစနစ် မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်းပဲ” ရှုကျင်းမင်က တစ်ယောက်တည်း ကျေနပ်နေမိသည်။
သူ၏ SS အဆင့် စွမ်းရည်နှင့် စိတ်ဝိညာဉ်စွမ်းအားများမှာ ယခုအချိန်တွင် ဆူပွက်နေသကဲ့သို့ ခံစားနေရသည်။ မည်သည့် တိုက်ခိုက်ရေးနည်းစနစ်ကိုမဆို အသုံးပြုလိုက်လျှင် အစွမ်းကို အဆမတန် မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ ပြန်လည်အသုံးပြုနိုင်သည့် အချိန်ကိုလည်း လျှော့ချပေးနိုင်ပုံရသည်။
“အရင်ဆုံး စမ်းကြည့်ရအောင် မိုးကြိုးလှံ”
ရှုကျင်းမင်၏ အကြည့်မှာ စူးရှသွားပြီး တောက်ပသော မိုးကြိုးတောင်ဝှေးကို အသုံးပြုကာ Aအဆင့် မိုးကြိုးလှံကို ထုတ်လွှတ်လိုက်သည်။ သို့သော် ယခင်ကကဲ့သို့ တစ်စင်းတည်း မဟုတ်တော့ဘဲ ယခုတစ်ကြိမ်မှာမူ ကွဲပြားသွားသည်။ ထိုခဏချင်းမှာပင် မိုးကြိုးလှံ ခုနစ်စင်း ထွက်ပေါ်လာတော့သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် အရည်ပုံစံ မိုးကြိုးလှံ ခုနစ်စင်းမှာ ရှုကျင်းမင်ကို ဝန်းရံသွားသည်။
ရှုကျင်းမင်၏ မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားရသည်။ မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်း ၏ အကျိုးသက်ရောက်မှုမှာ သူ ထင်ထားတာထက် များစွာ ပိုမိုအားကောင်းနေသည်။ တိုက်ခိုက်ရေးနည်းစနစ်များ ထုတ်လွှတ်နိုင်စွမ်းမှာ ယခင်ကထက် ခုနစ်ဆ ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။
“ကောင်းတယ် အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ်ဆိုတဲ့အတိုင်းပဲ ငါ တကယ်ကို ကျေနပ်မိတယ်”
ကျယ်လောင်စွာ ရယ်မောလိုက်သံနှင့်အတူ ထူထဲလှသော မိုးကြိုးလှံ ခုနစ်စင်းက သွားပြာ ခြင်္သေ့ကြမ်းဆီသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားတော့သည်။ ယခင်က ကျောက်တုံးမိုးများနှင့် မတူဘဲ ဤမိုးကြိုးလှံများမှာ အရေအတွက် နည်းသော်လည်း စွမ်းအားမှာ များစွာ သာလွန်လှပြီး အရှိန်မှာလည်း အဆမတန် မြန်ဆန်လှသည်။
သွားပြာ ခြင်္သေ့ကြမ်းမှာ အစွမ်းကုန် ရှောင်တိမ်းသော်လည်း မိုးကြိုးလှံ သုံးစင်းမှာ ၎င်း၏ ညာဘက် နောက်ခြေဒူးဆစ်၊ ခြေသလုံးနှင့် ဘယ်ဘက် ရှေ့ခြေထောက်တို့ကို ထိမှန်သွားသည်။ သွေးများ ပန်းထွက်လာပြီး ပတ်ဝန်းကျင် မြေပြင်မှာ ချက်ချင်းပင် နီရဲသွားတော့သည်။ အကယ်၍ သာမန် ဆဋ္ဌမအဆင့် သားရဲဆိုလျှင် ဤမိုးကြိုးလှံ သုံးစင်းနှင့်တင် သေဆုံးသွားနိုင်သော်လည်း ဒါက ဘုရင်အဆင့် သားရဲပင်။
ပြင်းထန်လှသော သွေးစွမ်းအင် ဖိအားအောက်တွင် မိုးကြိုးလှံများမှာ ပေါက်ကွဲထွက်မသွားနိုင်ဘဲ ငြိမ်သက်သွားခဲ့ရသည်။ သို့သော်ငြားလည်း သွားပြာ ခြင်္သေ့ကြမ်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ၎င်း၏ အရှိန်မှာလည်း များစွာ နှေးကွေးသွားတော့သည်။
ဒဏ်ရာရနေသော သားရဲက သာမန်သားရဲများထက် များစွာ ပိုမိုရက်စက်ကြမ်းကြုတ်လှသည်။ နာကျင်မှုကြောင့် သွားပြာ ခြင်္သေ့ကြမ်းမှာ သောင်းကျန်းလာတော့သည်။ မြေဓာတ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဧရာမ ကျောက်တုံးမိုးများမှာ ရှုကျင်းမင်ဆီသို့ အဆက်မပြတ် ကျရောက်လာပြန်သည်။
ဤတိုက်ကွက်များကိုမူ ရှုကျင်းမင်က မိုးကြိုးအကာအကွယ်ဖြင့် ခုခံလိုက်သည် သို့မဟုတ် အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ ရှုကျင်းမင်မှာ ဘာမှမဖြစ်သော်လည်း ပတ်ဝန်းကျင် မြေပြင်မှာမူ ဒုက္ခရောက်ကုန်သည်။ ဒုံးကျည်များဖြင့် အပတ်ခံထားရသကဲ့သို့ မြေပြင်တွင် ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး စင်တီမီတာ အနည်းငယ်မျှပင် နိမ့်ဝင်သွားတော့သည်။
“ထွက်ပြေးဖို့ နည်းလမ်းလည်း မရှိ၊ တိုက်စစ်လည်း အကန့်အသတ်ပဲရှိတဲ့ ဘုရင်အဆင့် သားရဲဆိုတာ... သတ်ဖို့ စောင့်နေတဲ့ သိုးသူငယ်လေး တစ်ကောင်ထက် မပိုပါဘူး”
ရှုကျင်းမင်၏ ဦးခေါင်းထက်တွင် မိုးကြိုးနတ်ဘုရား ပုံရိပ်ယောင်ကြီး ဝေ့ဝဲနေပြီး သူ၏ အေးစက်သော ရွှေရောင်နဂါးမျက်လုံးများက သွားပြာ ခြင်္သေ့ကြမ်းကို စိုက်ကြည့်နေသည်။ သူ၏ လက်ထဲမှ မိုးကြိုးတောင်ဝှေးအတွင်း ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများ ထပ်မံ စုစည်းလာပြန်သည်။
“သေပေတော့”
နားကွဲမတတ် မိုးကြိုးသံများနှင့်အတူ မိုးကြိုးလုံးများ၊ လျှပ်စီးဆက် တိုက်ကွက်များနှင့် ကောင်းကင်မိုးကြိုး မန္တန်များမှာ ကြိုတင်ပြင်ဆင်ချိန် သို့မဟုတ် ပြန်လည်အသုံးပြုနိုင်မည့်အချိန်များ မလိုတော့သည့်အလား သွားပြာ ခြင်္သေ့ကြမ်းဆီသို့ တရစပ် ပြေးဝင်သွားတော့သည်။ ယခုအချိန်တွင် ရှုကျင်းမင်မှာ သောင်းကျန်းနေသော မှော်အမြောက်ကြီးတစ်ခုကဲ့သို့ပင် အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေတော့သည်။
***