နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင်...။
ဝူတန့်မယ်တော်မှ နဖူးမှသွေးများစီးကျနေပြီး အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ထက်လဲကျလျှက် ရှိသည်။ သူမ၏ စွမ်းအားရောင်ဝါမှာလည်း အလွန်အမင်း အားနည်းနေပေပြီ။
ထိုအချိန်မှာပင် ကောင်းချင်းရွှမ်က ရန်ကျောက်ကဲနှင့်အတူ နတ်ဘုရားသုတ်သင်အစီအရင်ကို တည်ငြိမ်အောင်ထိန်းသိမ်းရန်အတွက် သူမ၏ကိုယ်ပွားကို ချန်ထားခဲ့ပြီး ၊ သူမကတော့ ဝူတန့်မယ်တော်၏တာဝန်ကို လွှဲပြောင်းယူလိုက်သည်။
သူမက ချင်းဖိန်ဓားကိုအသုံးပြုကာ နတ်ဘုရားအဆုံးသတ်ဓားမှထွက်ပေါ်နေသည့် ကျောက်စိမ်းရောင်အလင်းတန်းများကို ဖြိုခွင်းလိုက်သည်။
ယခင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တည်ထောင်စဉ်ကလည်း သူမက ချင်းဖိန်ဓားကို ကိုင်တွယ်ဖူးသည်ဖြစ်ရာ ဤဓားနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။
သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်က ဝူတန့်မယ်တော်နှင့်ယှဉ်လျှင် များစွာနိမ့်ပါးသည်ဖြစ်ရာ နတ်ဘုရားအဆုံးသတ်ဓားကို သန့်စင်မှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားရသည်။
ကံကောင်းသည်မှာ ကျောက်စိမ်းရောင်အလင်းတန်းများက များစွာမကျန်ရှိတော့သဖြင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက အစီအရင်ထဲသို့ရောက်သည်နှင့် အစီအရင်အပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေစဉ်မှာပင် တောင်ပိုင်းချန်စန်းဧကရာဇ်က သူ့အနားသို့ ချဉ်းကပ်လာသည်။
ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်၏ကိုယ်ပွားတို့က အစီအရင်ကို ထိန်းချုပ်ပေးထားသဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်က နတ်ဘုရားသုတ်သင်အစီအရင်တွင် ကျွမ်းကျင်မှုမရှိသည့်တိုင် တိမ်မြူမှောင်မိုက်နတ်ဘုရားထက် ပိုပြီး အခြေအနေသာနေသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ တိုက်ခိုက်စဉ်မှာပင် ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်၏ ကိုယ်ပွားတို့က နတ်ဘုရားသုတ်သင်အစီအရင်ကို အာရုံစိုက်ကိုင်တွယ်ပြီး မြစ်ဝါကိုးကွေ့အစီအရင်ကို ဆက်လက်ဖိနှိပ်လိုက်ကြသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ကျောက်စိမ်းကျိုင်းတံက တာအိုသခင်'လုယာ' ၏ နတ်ဘုရားသတ်ဖြတ်ဓားပျံကို ရိုက်ထုတ်လိုက်သည်နှင့် ရန်ကျောက်ကဲက ထိုက်ချူးနတ်လက်ချောင်းသိုင်းကို ထုတ်ဖော်ကာ စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခုအဖြစ် ပြောင်းလဲလိုက်သည်။
နတ်ဘုရားသုတ်သင်အစီအရင်အတွင်းမှ နက်ရှိုင်းချီစွမ်းအား (၃) ခု ပျံသန်းထွက်ခွာသွားပြီး မဟာသူတော်စင်၏ ရွှေခန္ဓာ (၃) ခုနှင့် ပေါင်းစပ်သွားသည်။
ထိုအခါ နတ်မိစ္ဆာချီစွမ်းအားများ ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှေရောင်မိစ္ဆာတိမ်တိုက်များဖြစ်တည်လာကာ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ဦးခေါင်းတွင် ဇာမဏီငှက်မွှေး ခရမ်းရွှေရောင်သရဖူကို ဆောင်းနှင်းထားပြီး ခန္ဓာကိုယ်တွင် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်လျှင် ခြေထောက်တွင် ကြာပန်းချည်မျှဖြင့် ယက်လုပ်ထားသော တိမ်တိုက်ခြေနင်းကို စီးထားသည့် "ချီထျန်းမဟာသူတော်စင်" ၏ စစ်မှန်သော ပုံရိပ်က ဤလောကတွင် တကျော့ပြန် ထွက်ပေါ်လာပေပြီ။
မျောက်မင်းက ရူယိရွှေတုတ်ကို ကျွမ်းကျင်စွာ လှည့်ပတ်ရင်း ကောင်းကင်ကို ခေါင်းဖြင့်တိုက်လုမတတ် မားမားမတ်မတ်ရပ်ကာ ရှေ့သို့ တစ်လှမ်းချင်းလှမ်းတက်လာသည်။
သူ့ထံမှထွက်ပေါ်နေသည့် ရက်စက်ကြမ်းတမ်းသည့် စွမ်းအားရောင်ဝါများက မည်သည့်ဥပဒေ ၊ မည်သည့်စည်းကမ်းကမှ ချုပ်နှောင်ထား၍မရသော ပုန်ကန်သူတစ်ယောက်ပမာ ဖြစ်၏။
“လုယာ...”
ဧရာမမျောက်ဝံကြီးက ဟိန်းဟောက်လိုက်သည်။
“မင်းရဲ့ နတ်ဘုရားသတ်ဖြတ်ဓားပျံကို ပြန်ယူလိုက်စမ်း... ၊ လာခဲ့... ငါတို့ တစ်ပွဲလောက်တိုက်ရအောင်”
တာအိုသခင်'လုယာ' က သက်ပြင်းချလိုက်ရင်း...
“ဓားပျံကို ပြန်ယူလိုက်ရင်တောင် အပိုပဲဖြစ်မှာပဲ ၊ ဘာလို့လဲဆိုတော့ ကျောက်စိမ်းကျိုင်းတံရဲ့ စွမ်းအားရောင်ဝါကို ငါ မဖယ်ရျားနိုင်သေးဘူးလေ ၊ ဒါပေမဲ့ မင်းက ချီထျန်းမဟာသူတော်စင်ရဲ့ အစစ်အမှန်ပုံရိပ်ကို ထုတ်ဖော်လိုက်တယ်ဆိုပေမယ့် ချီထျန်းမဟာသူတော်စင် အစစ်လောက်တော့ အင်အားမကြီးသေးပါဘူး ၊ ကောင်းပြီ... ငါ့ဘက်ကလည်း အစွမ်းကုန်ကြိုးစားကြည့်တာပေါ့”
စကားဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေနီရောင်မီးလျှံများ တဟုန်းဟုန်းတောက်လောင်လာပြီး ဗလာနယ်တစ်ခုလုံးအား ဖြတ်သန်းသွားသည်။
ကနဦးကောင်းကင် မီးလျှံစွမ်းအားများ တောက်လောင်လာသည်နှင့် တာအိုသခင်'လုယာ' ၏ ဦးခေါင်းနောက်တွင် ဧရာမနေဝန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုနေဝန်းက သာမန်နေမင်းများထက် များစွာပိုမိုကြီးမားပြီး သာမန်ကြယ်များထက် အဆပေါင်းများစွာ ပိုမိုပူလောင်သည်။
ထိုမီးလျှံနေဝန်းထဲတွင် ခြေသုံးချောင်းပါသော အနက်ရောင်ကျီးကန်းပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မဟာနေမင်းရွှေကျီးကန်း ထွက်ပေါ်လာသည်နှင့် ကမ္ဘာဦးကာလ ၊ မြေရိုင်းတောရိုင်းများသာရှိသော အချိန်ကာလသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရပြီး စကြာဝဠာတစ်ခုလုံး အဆုံးမရှိသော အပူရှိန်များဖြင့် လွှမ်းခြုံသွားသည်။
ကြယ်တာရာများစွာ စီးမျောနေသည့် ကြယ်စင်မြစ်က အခြားသောနေမင်းများ၏ အပူရှိန်နှင့်ထိတွေ့ပါက အငွေ့ပျံခြင်း ၊ ဆူပွက်လာခြင်းမျိုး လုံးဝ မဖြစ်တတ်သလို အပူရှိန်လည်း သိသိသာသာ ပြောင်းလဲခြင်း မရှိပေ။
သို့သော် တာအိုသခင်'လုယာ' ၏ ဦးခေါင်းထက်တွင် မဟာနေမင်းရွှေကျီးကန်း ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မြစ်ရေ၏အပူရှိန်က တဟုန်ထိုး မြင့်တက်လာတော့သည်။
ရွှေကျီးကန်းက မီးလျှံအမြီးတန်းတစ်ခု ချန်ထားခဲ့ပြီး ဧရာမမျောက်ဝံကြီးထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
“အဟက်...”
ဧရာမမျောက်ဝံကြီးကတော့ အရေးစိုက်ဟန် မရှိပေ။
သူက ပြုံးလိုက်ပြီး လက်တစ်ဖက်ဖြင့် ရူယိရွှေတုတ်ကို ခပ်မတ်မတ်ထောက်ကိုင်ထားကာ အခြားသောလက်တစ်ဖက်က မဟာနေမင်းရွှေကျီးကန်း၏လည်ပင်းကို လှမ်းဖမ်းလိုက်သည်။
မျောက်မင်း၏လက်က ရွှေကျီးကန်း၏လည်ပင်းကို အတိအကျပင် ဖမ်းဆုပ်မိသွားသည်။
ကမ္ဘာဦးအက်ကွဲကြောင်းကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိသော ကနဦးကောင်းကင်မီးလျှံစွမ်းအားက မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ဧရာမမျောက်ဝံကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပစ်လိုက်သည်။
သို့သော် မျောက်မင်း၏ ကြယ်စင်ပမာတောက်ပသော ရွှေမျက်စံမီးမျက်စိတစ်စုံက သူ့ခန္ဓာကိုယ်အား လောင်မြိုက်နေသည့်မီးလျှံများကို မျက်တောင်တစ်ချက်မခတ်ဘဲ စူးစိုက်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာလက်သည်းများက ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ရွှေကျီးကန်း၏ ရွှေနီရောင်နေဝန်းကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။
တာအိုသခင်'လုယာ' ၏ ခန္ဓာကိုယ်ပတ်လည်မှ ကနဦးကောင်းကင်မီးလျှံများမှာလည်း မငြိမ်မသက်ဖြင့် တုန်ခါလာပြီး တောက်ပသည့်နေဝန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ မျောက်မင်းထံသို့ တရစပ်ပြေးဝင်လာသည်။
မျောက်မင်းက ကျယ်လောင်သည့် ကျုံးဝါးသံတစ်သံပြုလိုက်ပြီး ရွှေတုတ်ကို ဝှေ့ယမ်းလိုက်သည်။ ဗလာနယ်ထဲတွင် အသံတစ်ချက်မထွက်ဘဲ ထိုနေမင်းများအားလုံး အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားတော့၏။
တိုက်ခိုက်မှုက ပြင်းထန်လွန်းသဖြင့် အုံ့မှိုင်းနေသည့် ကြယ်စင်မြစ်သည်ပင် စီးဆင်းမှုရပ်တန့်လုနီးပါး ဖြစ်သွားရသည်။ ဗလာနယ်ထဲတွင် ပျံသန်းနေသော မဟာနေမင်းရွှေကျီးကန်းများအားလုံး ပေါက်ကွဲထွက်ကုန်ကြပေပြီ။
စကြာဝဠာထဲတွင် လွင့်စင်နေသည့် ကနဦးကောင်းကင်မီးလျှံများနှင့် ပရမ်းပတာဖြစ်နေသည့် ကမ္ဘာဦးအက်ကွဲကြောင်းကို တွေ့မြင်ရသည်။
မျောက်ဝံကြီးက ရူယိရွှေတုတ်ကိုမြှောက်ကာ တစ်ချက်ခုန်လိုက်သည်နှင့် တာအိုသခင်’လုယာ’ အနီးသို့ ရောက်ရှိသွားသည်။
ထိုအချိန်မှာပင် တာအိုသခင်’လုယာ’ ၏ ပုံရိပ်က ပြောင်းလဲသွားသည်။
တာအိုဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး သူ၏ရုပ်သွင်က ဧရာမတာအိုဗုဒ္ဓပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တာအိုဗုဒ္ဓပုံရိပ်ကြီး၏ဦးခေါင်းနောက်တွင် ကြီးမားသော ဧရာမနေဝန်းကြီးနှင့်ဆင်တူသော ရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။
မဟာယာနကျမ်းစာ ရွတ်ဆိုသံများနှင့်အတူ ဧရာမ တာအိုဗုဒ္ဓပုံရိပ်ကြီးမှ နှိုင်းယှဉ်မရသော စွမ်းအားရောင်ဝါများထွက်ပေါ်လာကာ ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ်တို့ကို စိုးမိုးထားသော တာအိုဗုဒ္ဓတစ်ပါးနှင့်ပင် ဆင်တူလွန်းလှ၏။
ဤသည်ကား တာအိုသခင်’လုယာ’ ၏ တာအိုဗုဒ္ဓအသွင်ဖြစ်သော “မဟာနေမင်းတာအိုဗုဒ္ဓ” ပင် ဖြစ်သည်။
မဟာနေမင်းတာအိုဗုဒ္ဓက လွှမ်းမိုးနိုင်စွမ်းရှိသော တန်ခိုးစွမ်းအားပါဝင်သည့် လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်သည်။
ထိုတန်ခိုးစွမ်းအားတွင် မဟာယာနဗုဒ္ဓဘာသာ၏ အထွတ်ထိပ် ရွှေခန္ဓာသိုင်းပညာထက်ပင်သာလွန်သော ယန်စွမ်းအားများကိန်းအောင်းနေပြီး ပို၍လည်း ကြီးမားကြံ့ခိုင်ပေသည်။
အခြားသူများထက် ပိုမိုကြံ့ခိုင်သော ရုပ်ခန္ဓာကိုပိုင်ဆိုင်ထားသည့် “မဟာနေမင်းတာအိုဗုဒ္ဓ” ၏ လက်ဖဝါးများက ချီထျန်းမဟာသူတော်စင်၏ ရူယိရွှေတုတ်ကို တားဆီးထားလိုက်သည်။
သို့သော် မျောက်မင်း၏တိုက်ခိုက်မှုကလည်း အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းပြီး ရူယိရွှေတုတ်ကို လူသတ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
ဧရာမ တာအိုဗုဒ္ဓပုံရိပ်ကြီးက ရူယိရွှေတုတ်ကို တားဆီးနိုင်ခဲ့သော်လည်း သူ၏အရပ်က တဖြည်းဖြည်းနိမ့်ဆင်းသွားလေသည်။
မျောက်မင်းက ဒေါသတကြီးကြုံးဝါးလိုက်ရင်း ရွှေတုတ်ကို အဆက်မပြတ်ဝှေ့လိုက်ရာ တိုက်ကွက်များက မိုးစက်များပမာ တရစပ် ကျရောက်လာသည်။
မဟာနေမင်းတာအိုဗုဒ္ဓမှာ မျောက်မင်း၏တိုက်ကွက်များကို ခုခံရင်း သူ၏အရပ်က တစ်ဆင့်ပြီးတစ်ဆင့် နိမ့်ဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ တာအိုဗုဒ္ဓပုံရိပ်ကြီး၏အရပ်က ထက်ဝက်ကျော်ခန့် ပုဝင်သွားသည်။
ရူယိရွှေတုတ်ကို တားဆီးထားသော လက်ဖဝါးများထက်တွင် အက်ကြောင်းများထင်ဟပ်လာပြီး လက်မောင်းနှင့် ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားသည်။
မျောက်မင်းက နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ရာ ကြမ်းတမ်းလွန်းသည့် တန်ခိုးစွမ်းအားကြောင့် မဟာနေမင်းတာအိုဗုဒ္ဓမှာ အရှိန်ပြင်းစွာ လွင့်စင်ထွက်သွားရသည်။
ရွှေရောင်အလင်းတန်းများ ဖရိုဖရဲလွင့်စင်သွားပြီး တာအိုသခင်’လုယာ’ ၏ မူလပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။
သူက ရူယိရွှေတုတ်ကိုကိုင်ဆောင်ထားသည့် မျောက်မင်းကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
ထို့နောက် အဝေးတွင်ရှိနေသော တိုက်တိုင်းအောင်တာအိုဗုဒ္ဓကို လှမ်းကြည့်လိုက်ပြီး...
“သူ့လက်ထဲ ဒီလက်နက်အရောက်ခံလိုက်တာထက်ဆာရင်... မင်း အမတခုံရုံးမှာ သူ့လက်ချက်နဲ့ အသေခံလိုက်တာကမှ ကောင်းဦးမယ်”
တိုက်တိုင်းအောင်တာအိုဗုဒ္ဓက...
“သူ့မှာ ရူယိရွှေတုတ်မရှိရင်တောင် မင်းရဲ့ နတ်ဘုရားသတ်ဖြတ်ဓားပျံက သုံးလို့မှမရတော့တာ... မင်း သူ့ကိုရှုံးဖို့က ကံပါလာပြီးသားပဲ”
တာအိုသခင်’လုယာ’ က ခေါင်းခါယမ်းရင်း...
“အနည်းဆုံးတော့ ငါ သူ့ကို အချိန်ဆွဲထားလို့ရတာပေါ့... မဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် သူက အချိန်အကန့်အသတ်ရှိတယ်လေ...”
ထိုအချိန်မှာပင် မျောက်မင်းက စူးရှစွာအော်ဟစ်လိုက်ပြီး တာအိုသခင်’လုယာ’ အား ရူယိရွှေတုတ်ဖြင့် အားကုန်လွှဲရိုက်ချလိုက်သည်။
တာအိုသခင်’လုယာ၏ ခန္ဓာကိုယ်မှ နေရောင်ခြည်အလင်းတန်းများထွက်ပေါ်လာပြီး မျောက်မင်း၏တိုက်ခိုက်မှုမှ လွတ်အောင်ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။
“အဟက် ဟက်...”
မျောက်မင်းက လှောင်ပြောင်ရယ်မောလိုက်သည်။
သူက ကောင်းကင်ထက်ခုန်တက်လိုက်ပြီး ရွှေရောင်မိစ္ဆာတိမ်တိုက်အသွင်ပြောင်းကာ နေရောင်ခြည်အသွင်ဖြင့် ထွက်ပြေးသွားသော တာအိုဆရာ’လုယာ’ နောက်သို့ လိုက်ပါသွားသည်။
တာအိုသခင်’လုယာ’ ၏ နေရောင်ခြည်အလင်းတန်းက အလွန်မြန်ဆန်လေရာ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ အရှိန်အဟုန်နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။
သို့သော် မျောက်မင်းကလည်း သူ့ကိုအမီလိုက်လာပြီး ရူယိရွှေတုတ်ဖြင့် ရိုက်နှက်ချလိုက်လေသည်။
နေရောခြည်အလင်းတန်းနှင့် ရွှေရောင်တိမ်တိုက်တို့ ကြယ်စင်မြစ်တစ်ခွင် အပြန်အလှန်ရွေ့လျားနေကြပြီး မျောက်မင်း တစ်ချက်ရိုက်လိုက်တိုင်း ကြယ်စင်မြစ်တစ်ခုလုံးတုန်ဟီးသွားကာ အစိတ်စိတ်အမွှာမွှာ ပျက်ဆီးတော့မည်လား ထင်မှတ်ရသည်။
ယခင် အခြေအနေများက ယခု လုံးဝ ပြောင်းပြန်ဖြစ်သွားပေပြီ။
အစောပိုင်းတွင် တာအိုသခင်’လုယာ’ က နတ်ဘုရားသတ်ဖြတ်ဓားပျံကို အသုံးပြုပြီး ရန်သူအားလုံးကို ခြိမ်းခြောက်ကာ နတ်မိစ္ဆာအုပ်စုကို အသာစီးရစေခဲ့သည်။
ယခုတော့ သူကိုယ်တိုင်ပင် မျောက်မင်း၏ လိုက်လံတိုက်ခိုက်ခြင်းကို အသည်းအသန် ရှောင်တိမ်းနေရပေပြီ။
တကယ်တော့ မျောက်မင်းက တာအိုသခင်’လုယာ’ နောက်သို့ လိုက်နေရုံသာမက အခြားသော ရန်သူများကိုပါ သူ၏ရွှေတုတ်ဖြင့် အဆင်သင့်လျှင်သင့်သလို ရိုက်နှက်သွားသေးသည်။
ရွှေရောင်တိမ်တိုက်က ရန်သူများရှိသည့်နေရာမှ ဖြတ်သန်းသွားတိုင်း ရွှေတုတ်ကြီးထွက်ပေါ်လာကာ ရန်သူများကို ရိုက်နှက်သွားလေသည်။
ခြင်္သေ့နတ်ဘုရား ၊ ခေါင်းကိုးလုံးပိုးကောင်နှင့် ယွမ်ဟုန်တို့သာမက မငြိမ်းသောမီးအိမ်ရှေးဟောင်း တာအိုဗုဒ္ဓ ၊ စန္ဒကူးတာအိုဗုဒ္ဓနှင့် အခြားသော မဟာယာနဗုဒ္ဓဘာသာကိုယ်တော်များမှာ သူတို့ထံကျရောက်လာမည့် ရူယိရွှေတုတ်ကို ကြောက်လန့်တကြား သတိကြီးစွာဖြင့် စောင့်ကြည့်နေကြရသည်။
အလွန်လျှင်မြန်သော တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် ကြာပန်းစိမ်းရတနာအလံ၏ အကာအကွယ်ကို ရရှိထားသော မဟာယာနဗုဒ္ဓဘာသာကျင့်ကြံသူများမှလွဲ၍ ကျန်ရှိသူများအားလုံး ရူယိရွှေတုတ်၏ဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။
မျောက်မင်းက အရှိန်ကို တစ်ချက်မလျှော့ဘဲ ဖြတ်သွားသွားရာလမ်းတစ်လျှောက် ရွှေတုတ်ကို ဝှေ့ယမ်းတိုက်ခိုက်သွားသည်။
သူက ခေါင်းကိုးလုံးပိုးကောင်၏ ဦးခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။
ခြင်္သေ့နတ်ဘုရားကိုလည်း သွားများကျွတ်ထွက်အောင် ထိုးနှက်လိုက်သည်။
စန္ဒကူး တာအိုဗုဒ္ဓ၏ဦးခေါင်းထက်မှ ရွှေရောင်မီးအိမ်နှင့် သရီရဓာတ်တော်ကိုပင် လွင့်စင်သွားအောင် ရိုက်ချလိုက်လေ၏။