စန္ဒကူးတာအိုဗုဒ္ဓက သူ၏ပြိုင်ဘက်မှာ တောင်ပိုင်းချန်စန်းဧကရာဇ် မဟုတ်တော့ဘဲ မြောက်ပိုင်းကြယ်စင်ဧကရာဇ် ဖြစ်သွားသည့်တိုင် ကြာပန်းစကားစွမ်းအားကို ဆက်လက်အသုံးပြုနေဆဲပင်။
တောင်ပိုင်းချန်စန်းဧကရာဇ်၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော မိုးကြိုးစွမ်းအားများ ပျောက်ကွယ်သွားခဲ့ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေသော မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ အကြင်နာတရားကင်းမဲ့သော တိုက်ကွက်များက အစားထိုးဝင်ရောက်လာသည်။
ရှေးယခင်ကာလများကတည်းက စုပြုံနေခဲ့သော သတ်ဖြတ်လိုသည့်အငွေ့အသက်များက ဤနေရာတွင် စုဝေးလာခဲ့ပြီး တာအိုဗုဒ္ဓနယ်မြေ သုခဘုံ၏တည်ငြိမ်မှုကိုပင် ပျက်ပြားသွားစေသည်။
စန္ဒကူးတာအိုဗုဒ္ဓက တည်ငြိမ်မှုကို ဆက်ထိန်းထားပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။
သို့သော် သူ၏ဦးခေါင်းထက်မှ ရွှေရောင်မီးအိမ်နှင့် သရီရဓာတ်တော်မှာ မျောက်မင်း၏လက်ချက်ဖြင့် လွင့်စင်သွားသည်ဖြစ်ရာ စန္ဒကူးတာအိုဗုဒ္ဓမှာ တိုက်ပွဲအတွင်း အတော်လေး ရုန်းကန်နေရသည်။
စန္ဒကူးတာအိုဗုဒ္ဓက ခေါင်းတစ်ချက်ခါယမ်းရင်း မချိပြုံးပြုံးလိုက်သည်။
“အိုး... ကံတရားက အဆုံးသတ်ဖို့ တောင်းဆိုနေပြီပဲ”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ခံစားချက်ကင်းမဲ့စွာဖြင့်ပင် နောက်ထပ်တိုက်ကွက်တစ်ခု ထပ်မံဖော်ထုတ်လိုက်သည်။
ကြယ်စင်အလင်းတန်း(၆)ခု တပြိုင်တည်းစုစည်းသွားပြီး ကောင်းကင်စစ်သည်တော်များနှင့် စစ်သူကြီးများစွာထွက်ပေါ်လာကာ စန္ဒကူးတာအိုဗုဒ္ဓထံသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားကြသည်။
သို့သော် ထိုစစ်သည်တော်များနှင့် စစ်သူကြီးများ ထွက်ပေါ်လာခြင်းက အရေးမပါသည့်ပမာ စန္ဒကူးတာအိုဗုဒ္ဓ၏မျက်နှာက တည်ငြိမ်နေဆဲပင်။
သူက...
“မြောက်ပိုင်းကြယ်စင်ဧကရာဇ်... ဘာလို့ ဒီလိုရှုပ်ထွေးတဲ့ကိစ္စထဲမှာ ဝင်ပါနေရတာလဲ”
စန္ဒကူးတာအိုဗုဒ္ဓက ဆက်ပြောလိုက်သည်။
“နှစ်ပေါင်းများစွာအတွင်းမှာ မင်းက အမှားအမှန်ကိုထည့်မတွက်ဘဲ ကိုယ်ပိုင်လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့တာ မဟုတ်လား ၊ အခုလို အရေးကြီးတဲ့အချိန်ကျမှ ဘာလို့ ဒီလိုအမှားမျိုး လုပ်ရတာလဲ”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အေးဆေးသည့်လေသံဖြင့်...
“ဟုတ်တယ်... အခုက အရေးကြီးတဲ့အချိန်ပဲလေ ၊ ဒီကိစ္စက တာအိုဝါဒရဲ့အခြေအနေနဲ့ တိုက်ရိုက်ပတ်သက်နေတာဆိုတော့ ငါလာရမှာပေါ့ ၊ မင်းတို့စောင့်ကြည့်တာကို ရှောင်နေရလို့သာမဟုတ်ရင် ငါ ဒီထက်တောင် စောစောရောက်လာမှ ၊ တော်သေးတယ်... ငါရောက်လာတာ သိပ်တော့ နောက်မကျသေးဘူး”
စန္ဒကူးတာအိုဗုဒ္ဓ၏မျက်နှာထက် ကရုဏာရိပ်များထင်ဟပ်လာပြီး...
“တာအိုရောင်းရင်း... မင်းသာ ဒီကိုရောက်မလာရင် တာအိုဝါဒအနာဂတ် ရှင်သန်ကြီးထွားဖို့ မျိုးစေ့တစ်ခု ကျန်နေဦးမှာပါ ၊ အခု မင်းကိုယ်တိုင်ပါဝင်လာပြီဆိုတော့ တာအိုဝါဒ လုံးဝ အမြစ်ပြတ်တောက်သွားနိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“မင်းရောက်လာတာ နောက်မကျတဲ့အပြင် စောတောင် စောလွန်းနေပါသေးတယ်”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က စန္ဒကူးတာအိုဗုဒ္ဓ၏စကားလုံးများနောက်ကွယ်မှ လျှို့ဝှက်ချက်ကို အာရုံခံလိုက်မိသည်။
သူက မျက်မှောင်ကျုံ့လိုက်ပြီး ရန်သူ၏မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။
စန္ဒကူးတာအိုဗုဒ္ဓက နေရောင်ခြည်အလင်းတန်းနောက်သို့ လိုက်ပါသွားသည့် ရွှေရောင်တိမ်တိုက်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
တာအိုသခင်’လုယာ’ ၏ ပခုံးထက်မှ မီးလျှံများပန်းထွက်နေသည်ကို သူ တွေ့လိုက်ရသည်။ မျောက်မင်း၏ ရူယိရွှေတုတ် ရိုက်ချက်ကြောင့် လုယာ၏ အသားစိုင်များပင် ပျက်ဆီးကုန်သယောင် ထင်မှတ်ရ၏။
သို့သော် စန္ဒကူးတာအိုဗုဒ္ဓက ထိတ်လန့်သွားခြင်း မရှိပေ။
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး...
“အတိတ်က ဘုန်းတန်ခိုးကြီးမားမှုတွေက ကံကြမ္မာအဆုံးအဖြတ်မှာ ပျောက်ကွယ်သွားဖို့အတွက် စောင့်နေကြရတဲ့ အရာတွေပါပဲ”
မြောက်ပိုင်းကြယ်စင်ဧကရာဇ် မျက်မှောင်ကျုံ့လိုက်သည်။
သို့သော် သူ မတွေးတောနိုင်သေးခင်မှာပင် စန္ဒကူးတာအိုဗုဒ္ဓနှင့် အခြားသောဗုဒ္ဓများက မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ၏ ဦးဆောင်မှုနှင့်အတူ ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုလိုက်ကြသည်။
“သူ ရောက်လာပြီ...”
ရုတ်ချည်းပင် ကြယ်စင်မြစ် နှစ်ခြမ်းကွဲသွားကာ အားကောင်းလွန်းသော စွမ်းအားရောင်ဝါတစ်ခု ဆင်းသက်လာသည်။ ထိုစွမ်းအားရောင်ဝါ နီးကပ်လာသည်နှင့် ရောင်စဉ်ငါးသွယ် တာအိုဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာ၏။
ကြည်လင်နေသော တာအိုဗုဒ္ဓရောင်ခြည်အလင်းတန်းများ၏ အနီရောင်အလင်းတန်းထဲတွင် မီးလျှံများ တောက်လောင်နေသည်ကို တွေ့မြင်ရသည်။
အစိမ်းရောင်အလင်းတန်းကတော့ သဘဝတရားကို ဆောင်ကြဉ်းထားကာ အဝါရောင်အလင်းတန်းထဲမှာတော့ မြေဆီမြေနှစ်များကို တွေ့မြင်ရသည်။
ရွှေရောင်အလင်းတန်းကတော့ သတ္တုလက်နက်များကိုပြသထားပြီး အပြာရောင်အလင်းတန်းအတွင်းမှာတော့ စီးဆင်းနေသည့်စမ်းချောင်းများကို တွေ့မြင်ရသည်။
ဤနိမိတ်ငါးပါးက တစ်ခုနှင့်တစ်ခု ခွဲခြားမရဘဲ အဆုံးမရှိ လည်ပတ်နေလေသည်။
ထို ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများအလယ်တွင် ဦးခေါင်း(၂၄)လုံး ၊ လက်(၁၈)ဖက်ရှိသော တာအိုဗုဒ္ဓတစ်ပါး၏ပုံရိပ် ရှိနေသည်။
သူ၏လက်များထဲတွင် စိပ်ပုတီး ၊ ထီးဖြူ ၊ ရေကရား ၊ ခရူသင်း ၊ ဝရဇိန်လက်နက် ၊ ရတနာပန်းခြင်း ၊ ရွှေခေါင်းလောင်း ၊ ရွှေလေးလက်နက် ၊ ငွေလှံ ၊ အလံရှည် ၊ ကြာပန်း ၊ စည်းတံဆိပ် ၊ သပိတ် ၊ သန်လျက် ၊ သရီရဓာတ်တော်နှင့် ကျမ်းစာအုပ်များကို ကိုင်ဆောင်ထားသည်။
စစ်မြေပြင်တွင် ရှိနေသူတိုင်း ရောက်ရှိလာသူကို သိရှိကြသည်။
မဟာမာရူယိ ‘ခုန်ရွှမ်း’ ...။
တန်ခိုးစွမ်းအားအရာကို တိုင်းတာမည်ဆိုပါက ခုန်ရွှမ်းက အနောက်ဘက်သူတော်စင်ဘုံ၏ အရှင်သခင်ဖြစ်သော အော်မီတော်ဖော်တာအိုဗုဒ္ဓပြီးလျှင် ဒုတိယမြောက် စွမ်းအားအကြီးဆုံးသူ ဖြစ်သည်။
ရှေးခေတ်ကာလတွင် ခုန်ရွှမ်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓနှင့် တာအိုသခင်’လုယာ’ တို့ကို အပြတ်အသတ် အနိုင်ရခဲ့ဖူးသည်။
ထိုစဉ်က သူတို့နှစ်ယောက်လုံး ခုန်ရွှမ်းကို ထိပ်တိုက်ရင်ဆိုင်ရန်ပင် မဝံ့ရဲဘဲ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများထဲမှလွတ်မြောက်အောင် မနည်းပင် ထွက်ပြေးခဲ့ကြရသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် ခုန်ရွှမ်းက စန့်ချင်ကျိုးဂိုဏ်းကို ကူညီခဲ့ပြီး တာအိုအဆင့်အောက်ရှိ ပြိုင်ဘက်အားလုံးနီးပါးကို လွှမ်းမိုးထားနိုင်ခဲ့သည်။
သို့သော် တာအိုဆရာ’ကျူးထီ’ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာမှသာ ခုန်ရွှမ်း ရှုံးနိမ့်ခဲ့ပြီး မဟာမာရူယိအဖြစ် ပြန်လည်ဝင်စားကာ တာအိုဝါဒသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းခေတ်ကာလများမှာတော့ မဟာမာရူယိ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ယခု ခေတ်သစ်ကာလသို့ ကူးပြောင်းလာပြီးနောက်တွင်လည်း တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
လွန်ခဲ့သော ရာစုနှစ်တစ်ခုခန့်ကမှ ခမ်းနားထည်ဝါသည့် စွမ်းအားရောင်ဝါနှင့်အတူ မဟာမာရူယိ ပြန်လည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲတွင် အမတခုံရုံးဘက်မှ မဟာမာရူယိတစ်ယောက်တည်း တိုက်ခိုက်ခဲ့သည့်တိုင် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များနှင့် သူတော်စင်ငယ်များကို အသာစီးရယူနိုင်ခဲ့သည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကဲ့သို့ မဟာနတ်မိစ္ဆာအနည်းငယ်သာ လွတ်မြောက်သွားခဲ့ပြီး ကျန်ရှိသူတိုင်းကို မဟာမာရူယိက ဖမ်းဆီးနိုင်ခဲ့သည်။
တာအိုအဓိပတိများ တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်ထားသဖြင့် လှုပ်ရှားမရဖြစ်နေချိန်တွင် မဟာမာရူယိ တစ်ယောက်တည်းက အမတခုံရုံး၏ အားနည်းနေသော အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။
ဆယ်စုနှစ်(၂)ခုကျော်ကြာအောင် အဖြူရောင်ကြာပန်းသုခဘုံမှ သိမ်းပိုက်ထားသည့် အမတခုံရုံး၏ နယ်မြေ(၈၀၀)ကိုလည်း ပြန်လည်ရယူပေးခဲ့သည်။
မဟာမာရူယိ တစ်ယောက်တည်းဖြင့် စစ်ပွဲအဆုံးသတ်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
သို့သော် ထိုအချိန်မှစပြီး မဟာမာရူယိ ပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်သည်။
နောက်ပိုင်း ပြင်ပကျင့်ကြံသူနှစ်ဖွဲ့ လူသားအမြတေကျောက်တုံးအပိုင်းအစအတွက် စစ်ပွဲဖြစ်ပွားခဲ့ရာ အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်မှ ကျွမ်းကျင်သူများလည်း တိုက်ပွဲတွင် ပါဝင်လာကြသည်။
ထိုတိုက်ပွဲက နှစ်ပေါင်း(၁၀၀)ခန့် ကြာမြင့်ခဲ့သည့်တိုင် မဟာမာရူယိ ထွက်ပေါ်မလာခဲ့ပေ။
ယနေ့မှသာ နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ပတ်လည်တွင် တောက်ပနေသော ရောင်စဉ်ငါးမျိုးအလင်းတန်းများကို တွေ့မြင်လိုက်ရုံဖြင့် တာအိုသခင်’လုယာ’ ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသူများ၏စိတ်ထဲ ကြီးမားသောဖိအားတစ်ခု ခံစားလိုက်ရပြီး အတိတ်က ထိတ်လန့်ဖွယ်ရာ အမှတ်ရစရာများသည်လည်း ပြန်လည်ထွက်ပေါ်လာခဲ့သည်။
နတ်မိစ္ဆာအုပ်စု ထွက်ပေါ်လာပြီးနောက် စွမ်းအားကြီးမားသော’ယန်ကျန်း’ က တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။
တာအိုသခင်’လုယာ’ က သူ၏မြားဖြင့် ဓားစွမ်းအားကိုအသုံးပြုပြီး စစ်မြေပြင်အနေအထားကို ပြောင်းလဲလိုက်ပြီးနောက် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရောက်ရှိလာကာ ကျောက်စိမ်းကျိုင်းတံဖြင့် နတ်ဘုရားသတ်ဖြတ်ဓားပျံကို ရိုက်ထုတ်လိုက်သည်။
ထို့ကြောင့် မဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ပေါင်းစည်းနိုင်ခဲ့ပြီး တိုက်ပွဲအခြေအနေအား နောက်တစ်ကြိမ် ပြောင်းပြန်လှန်နိုင်ခဲ့သည်။
လမ်းမှန်တာအိုဝါဒနှင့် နတ်မိစ္ဆာမျိုးနွယ်များ အပြင်းအထန် တိုက်ခိုက်နေကြချိန် သုခဘုံမှ မဟာယာနဗုဒ္ဓဘာသာကျွမ်းကျင်သူများက တည်ငြိမ်စွာ ရှိနေကြသည်။
သူတို့တွင် အော်မီတော်ဖော်တာအိုဗုဒ္ဓ ကြွမြန်းလာမည်ဆိုသောအချက်အပြင် နောက်ထပ် အားကိုးစရာတစ်ခု ရှိနေသေးသည်။
ထိုသူက “မဟာမာရူယိ” ပင် ဖြစ်၏။
မဟာမာရူယိ ပေါ်လာသည်နှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက စကားဆိုလိုက်သည်။
“မင်း လာရောက်ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
စန္ဒကူးတာအိုဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော မဟာယာနဗုဒ္ဓဘာသာကိုယ်တော်များကလည်း ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်... မဟာမာရူယိ”
မဟာမာရူယိက သူတို့ကို ခေါင်းတစ်ချက်သာညိတ်ပြပြီး မည်သည့်စကားမှ မဆိုပေ။
သူက တိုက်ပွဲအတွင်းရောက်ရှိလာသည်နှင့် မည်သူ့ကိုမှ တိုက်ရိုက်ပစ်မှတ်ထားခြင်းမရှိဘဲ ဗလာနယ်ကို ဖြတ်ကျော်ကာ ‘နတ်ဘုရားသုတ်သင်အစီအရင်’ ဆီသို့ တရွေ့ရွေ့ တိုးကပ်သွားသည်။
သူ ဖြတ်သန်းသွားရာနေရာတိုင်းတွင် ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများက တဟုန်ထိုးတိုက်စားသွားသည်။
စန္ဒကူးတာအိုဗုဒ္ဓနှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ ရှိရာသို့ ဖြတ်သန်းသွားချိန်မှာလည်း ထိုရောင်စဉ်ငါးသွယ် အလင်းတန်းများက သူတို့ထက်သို့ ဖြာလင်းကျသွားသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်မှာ စန္ဒကူးတာအိုဗုဒ္ဓကို အရေးမစိုက်နိုင်တော့ဘဲ မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးကိုသာ အားကုန်သုံး ခုခံလိုက်ရသည်။
မဟာမာရူယိက ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများ ဖြန့်ကျက်လိုက်သည်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ် ဖန်ဆင်းထားသည့် ကောင်းကင်စစ်သည်တော်များနှင့် စစ်သူကြီးများအားလုံး ထိုအလင်းတန်းများကြားတွင် ပိတ်မိသွားကြသည်။
ထို့နောက် အလင်းတန်းများက စစ်မြေပြင်တစ်ခွင် လှည့်လည်သွားသည်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း နေရာမှာပင် ပျောက်ကွယ်သွားလေသည်။
မဟာမာရူယိက ရှေ့ဆက်ထွက်ခွာသွားပြီး ရောင်စဉ်ငါးမျိုး အလင်းတန်းများကလည်း ဆက်တိုက်ဖြာကျနေသည်။
ယန်ကျန်း မျက်မှောင်ကျုံ့လိုက်ပြီး အသက်ဓာတ်စွမ်းအား ထုတ်လွှတ်မှုကို ရပ်တန့်လိုက်သည်။
သူ ဖန်တီးထားသော ကြီးမားလှသည့် တာအိုဗုဒ္ဓပုံရိပ်ကြီးမှာ မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး အလင်းတန်းများအောက် နစ်မြုပ်သွားတော့သည်။
တာအိုဗုဒ္ဓပုံရိပ်ကြီး၏ တာအိုဗုဒ္ဓနယ်မြေ ပျောက်ကွယ်သွားသည့်အတွက် တိုက်တိုင်းအောင်တာအိုဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသူများ လွတ်မြောက်သွားကြသည်။
မဟာမာရူယိက ရှေ့ဆက်လျှောက်လှမ်းလာရင်း ဦးခေါင်းနှစ်လုံးကျေကာ ဒဏ်ရာအပြင်းအထန်ရထားသည့် ခေါင်းကိုးလုံးပိုးကောင်အနားသို့ ရောက်ရှိလာသည်။
ခေါင်းကိုးလုံးပိုးကောင် စကားမဆိုနိုင်ခင်မှာပင် ရောင်စဉ်ငါးမျိုးအလင်းတန်းများက သူ့ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားပြီး ခေါင်းကိုးလုံးပိုးကောင်မှာ နေရာမှာပင် ပျောက်ကွယ်သွားရသည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က မျက်နှာပျက်သွားပြီး...
“အစ်ကို... မင်းက အနောက်ဘက်သူတော်စင်ဘုံကို နောက်တစ်ခါ ထပ်ကူညီနေပြန်ပြီလား”
သူက ထပ်ပြောလိုက်သည်။
“အစ်ကို... မီလဲ့ကိုယ်တော်ဆီမှာလည်း စကြာမုနိတာအိုဗုဒ္ဓရဲ့ သရီရဓာတ်တော်တစ်ခုရှိတယ်ဆိုတာ အစ်ကို မသိဘူးလား”
မဟာမာရူယိက တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်ပြီး...
“ငါ သိတယ် ၊ မင်းပြန်ရောက်ရင် ငါက သူ့ဆီမှာရှိတဲ့ ဓာတ်တော်ကိုလည်း ရယူဖို့ဆန္ဒရှိတဲ့အကြောင်း ငါ့ကိုယ်စား မီလဲ့ကိုယ်တော်ကို သတင်းပါးပေးပါ”
စကားပြောရင်းပင် သူက ရှေ့ဆက်တက်လှမ်းသွားရာ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများက ခြင်္သေ့နတ်ဘုရားထက်သို့ကျရောက်သွားပြန်သည်။
သူက အရှိန်မပျက် ရှေ့ဆက်သွားရင်း နတ်ဘုရားသုတ်သင်အစီအရင်ထက်သို့ပင် ရောက်ရှိသွားသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က တိမ်မြူမှောင်မိုက်နတ်ဘုရားကို အစီအရင်အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်ဖြစ်ရာ ၊ ထိုနတ်ဘုရားမှာ မဟာမာရူယိနှင့် တည့်တည့်တိုးတော့သည်။
နောက်ထပ် ရောင်စဉ်ငါးသွယ် အလင်းတန်းများ ကျဆင်လာချိန်မှာတော့ တောင်ပိုင်းချန်စန်းဧကရာဇ်က 'မူလအဓိပတိမိုးကြိုးစွမ်းအား' ပစ်လွှတ်လိုက်ရာ ဗလာနယ်တစ်ခုလုံးတုန်ခါသွားပြီး ရောင်စဉ်ငါးမျိုး အလင်းတန်းများလည်း ခဏမျှ ရပ်တန့်သွားသည်။
ဤသည်ကိုအခွင့်ကောင်းယူပြီး တောင်ပိုင်းချန်စန်းဧကရာဇ်က ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများက ပြန်လည်စုစည်းသွားပြီး သူရှိရာသို့ အုပ်မိုးကျဆင်းလာလေသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်မှာလည်း နေရာမှာပင် ပျောက်ကွယ်သွားတော့၏။