တောင်ပိုင်းချန်စန်းဧကရာဇ် ပျောက်ကွယ်သွားသော်လည်း တိမ်မြူမှောင်မိုက်နတ်ဘုရားမှာ စိတ်အေးသွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရောင်စဉ်ငါးမျိုးအလင်းတန်းများက သူ့ထံသို့ ဦးတည်ဝင်ရောက်လာသောကြောင့် ဖြစ်သည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက ထိတ်လန့်တကြားဖြင့် သူ၏တူကို အလျှင်အမြန် လွှဲယမ်းပစ်ပေါက်လိုက်သည်။
တူလက်နက်ဖြတ်သန်းသွားရာ ဗလာနယ်တစ်ခုလုံး စုတ်ပြဲသွားပြီး ကြယ်တာရာများပင် ကြေမွပျက်ဆီးသွားရသည်။
တူလက်ထဲတွင်ပါဝင်သောစွမ်းအားက အလွန်ပြင်းထန်လှသဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်သည်ပင် အတော်လေးသတိထားခဲ့ရသည်။
ဤတူလက်နက်က တိမ်မြူမှောင်မိုက်နတ်ဘုရား၏ အဖိုးတန်ရတနာဖြစ်သော “မူလပရမ်းပတာတူ” ပင် ဖြစ်သည်။
ဤတူ၏ကျော်ကြားမှုက သာမန်မျှသာဖြစ်သော်လည်း ၎င်း၏စွမ်းအားကတော့ ကွမ်းချန်ထျန်းကျွင်း၏ နာမည်ကျော် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။
သို့သော် မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာသည်နှင့် မူလပရမ်းပတာတူမှာလည်း ဖမ်းဆီးထိန်းချုပ်ခြင်း ခံလိုက်ရသည်။
“တာအိုရောင်းရင်း... အရင်တုန်းက ကျုပ်တို့နှစ်ယောက်လုံး တာအိုဆရာ’ကျူးထီ’ ကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ဖူးကြတယ် ၊ ဒါကိုထောက်ထားပြီး ဒီတစ်ကြိမ် ကျုပ်ကိုလွှတ်ပေးစေချင်ပါတယ်”
တိမ်မြူမှောင်မိုက်နတ်ဘုရားက ကူရာကယ်ရာမဲ့စွာဖြင့် တောင်းဆိုလိုက်သည်။
မဟာမာရူယိက ခေါင်းညိတ်လိုက်ရင်း...
“ဘေးဖယ်လိုက်... ဒါဆိုရင် ငါ ဘာမှမလုပ်ဘူး”
တိမ်မြူမှောင်မိုက်နတ်ဘုရား အလျင်အမြန်ပင် နောက်ဆုတ်ပေးလိုက်သည်။
ထိုအချိန်မှာပင် ခုန်ရွှမ်းမှာ သူ့ထံသို့ ဦးတည်ကာ ပြေးလာနေသော အခြားတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
ထိုသူမှာ မျောက်မင်း၏လိုက်လံတိုက်ခိုက်မှုကြောင့် ဆုတ်ခွာနေရသည် တာအိုဆရာ’လုယာ’ ပင်ဖြစ်သည်။
နှစ်ပေါင်းများစွာ ဒဏ်ဖြစ်နေခဲ့သည့် ဒဏ်ရာဟောင်းများက ပွင့်ထွက်နေပြီး သူ၏ဝီညာဉ်မီးလျှံအမြုတေမှာလည်း သွေးမြူများသဖွယ် ပတ်ဝန်းကျင်အနှံ့ လွင့်စင်ထွက်လျှက်ရှိသည်။
ထိုအချိန်မှာပင် ရွှေရောင်တိမ်တိုက်များက လှိုင်းထလျှက် မျောက်မင်းသည်လည်း မဟာမာရူယိရှေ့သို့ ရောက်ရှိလာသည်။
တာအိုဆရာ’လုယာ’ မှာ မဟာမာရူယိနှင့် နတ်ဘုရားသုတ်သင်အစီအရင်ကြား ပိတ်မိနေတော့သည်။
မျောက်မင်းကိုတွေ့သည်နှင့် မဟာမာရူယိ၏ တည်ငြိမ်သောမျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
သူက နှမျောတသဟန်ဖြင့်...
“နှမျောစရာကောင်းလိုက်တာ... သူ့ရဲ့ ကျင့်ကြံခြင်းတွေအားလုံး တစ်ညတည်းနဲ့ အကုန်ပျောက်ဆုံးသွားခဲ့ရပြီ ၊ အခုလိုမျိုး ရွှေခန္ဓာတွေ ပြန်ပေါင်းစည်းထားတယ်ဆိုရင်တောင် မင်းက ရွှံ့ရုပ်လေးတစ်ရုပ်ထက် မပိုပါဘူး”
မျောက်မင်းက...
“ကျုပ်လည်း နှမျောမိတာ အမှန်ပဲ ၊ ဒါပေမဲ့ ချီထျန်းမဟာသူတော်စင်ကတော့ လွတ်မြောက်သွားပြီဆိုပြီး ဝမ်းသာနေခဲ့တာပါ”
သူက ဆက်ပြောလိုက်သည်။
“ကျုပ်က ရွှံ့ရုပ် ဟုတ်မဟုတ်ဆိုတာကိုတော့ တိုက်ခိုက်ပြီးမှ ဆုံးဖြတ်ကြတာပေါ့”
ပြောပြီးသည်နှင့် မျောက်မင်းက ရူယိရွှေတုတ်ကို ကိုင်မြှောက်ကာ မဟာမာရူယိ၏ ဦးခေါင်းတည့်တည့်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
မဟာမာရူယိက ရောင်စဉ်ငါးမျိုး အလင်းတန်းများကို ချက်ချင်းထုတ်ဖော်လိုက်ရာ ၊ အလင်းရောင်များအောက်တွင် မျောက်မင်း၏ခန္ဓာကိုယ်က သေးငယ်သွားပြီး ဖမ်းဆီးချုပ်နှောင်ခံရလုမတတ် ဖြစ်သွားသည်။
သို့သော် မျောက်မင်း၏ခြေဖဝါးအောက်တွင် ရွှေရောင်တိမ်တိုက်များထွက်ပေါ်လာပြီး တစ်ပတ်ကျွမ်းပစ်ကာ ရောင်စဉ်ငါးမျိုးအလင်းတန်းများ၏လွှမ်းမိုးမှုမှ လျှင်မြန်စွာ ခုန်ထွက်လွတ်မြောက်သွားသည်။
သို့ပေသိ မျောက်မင်းက နောက်ဆုတ်သွားခြင်းမရှိဘဲ မဟာမာရူယိရှိရာသို့ ပြန်လည်ဝင်ရောက်သွားသည်။
မဟာမာရူယိက တည်ငြိမ်နေဆဲပင်။
သူ၏ ရောင်စဉ်ငါးမျိုးအလင်းတန်းများက ပြန်လည်တောက်ပလာလေရာ မျောက်မင်းမှာ နတ်ဘုရားအလင်းတန်းများ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရပြန်သည်။
သူက လက်ထဲရှိ ရူယိရွှေတုတ်ဖြင့် အလင်းရောင်များဖုံးလွှမ်းနေသော ဗလာနယ်အောက်ခြေသို့ အားကုန်လွှဲရိုက်ချလိုက်ရင်း...
“ကြီးမားစမ်း... ကြီးမားစမ်း... ကြီးမားစမ်း...”
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ မျောက်မင်း၏ခန္ဓာကိုယ်နှင့် ရူယိရွှေတုတ်တို့မှာ ပေါက်ကွဲလုမတတ် ကြီမားလာကြသည်။
ထို့နောက် ရူယိရွှေတုတ်က ရောင်စဉ်ငါးမျိုးအလင်းတန်းများမှ အစိမ်းရောင်အလင်းတန်းရှိရာသို့ တည့်တည့်မတ်မတ် ရိုက်ချလိုက်၏။
ရက်စက်ကြမ်းတမ်းလှသော နတ်ဘုရားဖိနှိပ်သံတုတ်၏စွမ်းအားကြောင့် အစိမ်းရောင်အလင်းတန်းများ အနည်းငယ် မှေးမှိန်သွားရသည်။
မျောက်မင်းက ဤသည်ကို အခွင့်ကောင်းယူပြီး ရောင်စဉ်ငါးမျိုး အလင်းတန်းများကြားမှ ခုန်ထွက်သွားပြန်သည်။
သို့သော် သူက ဆုတ်ခွာရန် စိတ်မကူးသေးပေ။
ရူယိရွှေတုတ်ကို ကိုင်မြှောက်ပြီး မဟာမာရူယိကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။
သူတို့နှစ်ယောက်ကြား အကွာအဝေးက အလွန်တရာ နီးကပ်သွားခဲ့သည်။
ရူယိရွှေတုတ် ကျရောက်လာသည့်တိုင် မဟာမာရူယိက နေရာမှပင် မလှုပ်မယှက် မတ်တတ်ရပ်နေဆဲပင်။
ထို့နောက် တတိယအကြိမ်မြောက် ရောင်စဉ်ငါးမျိုးအလင်းတန်းများက အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး မျောက်မင်းကို ဝါးမျိုသွားပြန်သည်။
ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက်နှင့်အတူ ရွှေရောင်အလင်းတန်းများတုန်ခါသွားပြီး မျောက်မင်း၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော ကိုယ်ပွားပေါင်းများစွာ ကွဲထွက်သွားသည်။
ရောင်စဉ်ငါးမျိုးအလင်းတန်းများက ထိုကိုယ်ပွားများကို ဝိုင်းရံလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် လိုက်လံဖမ်းဆီးနေသည်။
သို့သော် မျောက်မင်း၏ ကိုယ်ပွားများက များပြားလွန်းသဖြင့် အချို့သော တိုက်ကွက်မျးက လွဲချော်သွားလေရာ မျောက်တစ်ကောင်က ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး အလင်းတန်းထောင်ချောက်အတွင်းမှ ခုန်ထွက်လွတ်မြောက်သွားပြန်၏။
ထိုမျောက် လွတ်မြောက်သွားသည်နှင့်တပြိုင်နက် သူ၏ခန္ဓာကိုယ်က ပြန်လည်ကြီးမားလာပြီး မဟာမာရူယိ၏ ဦးခေါင်းကို သံတုတ်ဖြင့် ရိုက်ချလိုက်ပြန်သည်။
အကွာအဝေးက အလွန်နီးကပ်သည်ဖြစ်ရာ မဟာမာရူယိမှာ မည်သို့မှမတတ်နိုင်ဘဲ နောက်သို့ဆုတ်လိုက်ရသည်။ သို့တိုင် ရူယိရွှေတုတ်၏ အရှိန်အဟုန်က မြန်ဆန်လွန်းသဖြင့် မဟာမာရူယိမှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပေ။
သူက ခန္ဓာကိုယ်အား ဘေးသို့စောင်းလိုက်ပြီး ရိုက်ချက်ကို ပခုံးဖြင့် ခံယူလိုက်ရသည်။
ထိုခဏမှာပင် သူ၏ ကြည်လင်တောက်ပသော ရွှေခန္ဓာမှာလည်း အက်ကွဲသွားရလေသည်။
သို့သော် မဟာမာရူယိက နောက်ဆုတ်သွားခြင်း မရှိပေ။
ရောင်စဉ်ငါးမျိုး အလင်းတန်းများက တဖန်ပြန်လည်တောက်ပလာပြီး နောက်ဆုံး မျောက်မင်းကို ဖမ်းဆီးချုပ်နှောင်လိုက်နိုင်သည်။
အလင်းတန်းများကြားတွင် ပိတ်မိသွားသည့်တိုင် မျောက်မင်းက အရှုံးပေးလိုခြင်း မရှိပေ။
သူက လက်ထဲမှ ရူယိရွှေတုတ်ကို အဆက်မပြတ်လှည့်ပတ်ပြီး သံတုတ်အစွန်းမှ ရွှေရောင်အလင်းစက်ဝန်းများကို ထုတ်ဖော်ကာ ရောင်စဉ်ငါးမျိုးအလင်းတန်းများကို တွန်းထုတ်ရန် ကြိုးစားနေသည်။
သို့ပေသိ ခုန်ရွှမ်း၏ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများက ပိုမိုသိပ်သည်းလာပြီး အဆုံးမရှိ ပြန့်ကားလာသည်။
မျောက်မင်းမှာ ဝဲဂယက်တစ်ခုအတွင်း နစ်မြုပ်သွားသည့်ပမာ ခံစားရပြီး နတ်ဘုရားအလင်းတန်းများ၏ဖိအားက ပိုမိုပြင်းထန်လာလေရာ တဖြည်းဖြည်း အားအင်များ ကုန်ခမ်းလာရသည်။
ဧရာမမျောက်ကြီးက အချုပ်အနှောင်မှလွတ်မြောက်ရန် ရုန်းကန်ကြိုးစားနေချိန် မဟာမာရူယိ၏ရုပ်သွင်က ပြောင်းလဲသွားခဲ့သည်။
ဦးခေါင်း (၂၄)ခုနှင့် လက်(၈)ဖက်ရှိသော တာအိုဗုဒ္ဓခန္ဓာအစား ဦးခေါင်းတစ်လုံး လက်(၄)ဖက်ရှိသော ဓမ္မခန္ဓာက အစားထိုးဝင်ရောက်လာသည်။
ပြောင်းလဲသွားသည့် ရုပ်ခန္ဓာအသစ်က ဖြူဖွေးနူးညံ့သော ဝတ်ရုံကိုခြုံလွှမ်းထားပြီး ဦးခေါင်းထက်တွင် သရဖူတစ်ခု ဆောင်းထားသည်။
လည်ဆွဲ ၊ နားတောင်းနှင့် လက်မောင်းတွင် လက်ပတ်တို့ဝတ်ဆင်ထားပြီး အလွန်ပင်တင့်တယ်လှပကာ ရွှေရောင် ဥဒေါင်းမင်းကိုလည်း စီးနင်းထားသည်။
သူက အဖြူရောင်နှင့် အစိမ်းရောင်ရောယှက်နေသည့် ကြာပန်းထက်တွင် တင်ပျဉ်ခွေထိုင်နေသည်။
ညာဘက်ရှိ လက်တစ်ဖက်တွင် ကြာပန်းတစ်ပွင့် ကိုင်ဆောင်ထားပြီး ဘယ်ဘက်ရှိလက်တစ်ဖက်တွင်တော့ အခက်အလက်များပါဝင်သော ဥဒေါင်းမြီးကို ကိုင်ဆောင်ထားသည်။
ရောင်စဉ်ငါးမျိုးအလင်းတန်းများကလည်း အဆက်မပြတ်လည်ပတ်နေသည်ဖြစ်ရာ အချိန်အတန်ကြာမှာတော့ မျောက်မင်း၏ပုံရိပ် ပျောက်ကွယ်လုနီးပါး ဖြစ်သွားရသည်။
ထိုမြင်ကွင်းကိုတွေ့လိုက်သည်နှင့် တာအိုဝါဒကျင့်ကြံသူများ မျှော်လင့်ချက်မဲ့ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
သမိုင်းတစ်လျှောက်တွင် တာအိုအဆင့်အောက် ကျင့်ကြံသူများတွင် မည်သူကများ မဟာမာရူယိကို ဤအခြေအနေထိရောက်အောင် ဖိအားပေးနိုင်ခဲ့ဖူးပါသနည်း။
သို့သော် ထိုဥဒေါင်းက အမှန်တကယ်ပင် အစွမ်းထက်လွန်းလှသည်။
ကျောက်စိမ်းကောင်းကင်ဘုံအရှင်၏ သတင်းအစအနက ပျောက်ခြင်းမလှ ပျောက်ကွယ်နေပြီး ချီထျန်းမဟာသူတော်စင် အစစ်သည်လည်း သူ၏ကျင့်ကြံခြင်းများကို စွန့်လွှတ်သွားခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်ရာ ကျန်ရှိသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများတွင် ခုန်ရွှမ်းကို မည်သူက ယှဉ်ပြိုင်နိုင်ပါမည်နည်း။
“သူက မဟာယာနဗုဒ္ဓဘာသာရဲ့ ရွှေခန္ဓာကို ကျင့်ကြံအောင်မြင်ထားတဲ့အပြင်... သူ့ရဲ့ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းကလည်း အရင်ထက်ပိုပြီး စွမ်းအားကြီးလာတယ်”
လုယာ ရေရွတ်လိုက်သည်။
သူက မျောက်မင်းလက်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် တိုက်ပွဲအတွင်း ဝင်မပါနိုင်သေးသည့်တိုင် အကဲဖြတ်နိုင်စွမ်းကတော့ မှေးမှိန်မသွားခဲ့ပေ။
ယန်ကျန်းသည်လည်း အတွေးနက်လျှက် ရှိသည်။
အစပိုင်းတွင် သူက မဟာမာရူယိကို ကိုယ်တိုင်ရင်ဆိုင်ပြီး ချီထျန်းသူတော်စင်ကိုတော့ ကျန်ပြိုင်ဘက်များကိုကိုင်တွယ်ရန် စီစဉ်ထားခဲ့သည်။
သို့သော် အဓိကပြဿနာမှာ မျောက်မင်းက စွမ်းအားကြီးသည်မှန်သော်လည်း တိုက်တိုင်းအောင်တာအိုဗုဒ္ဓနှင့် အခြားသူများကို ကာကွယ်ပေးထားသည့် 'ကြာပန်းစိမ်းရတနာအလံ' ကို ထိုးဖောက်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် တိုက်တိုင်းအောင်တာအိုဗုဒ္ဓနှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့ကို ဟန့်တားနိုင်ရန် ယန်ကျန်းကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရသည်။
ကံဆိုးသည်မှာ မဟာမာရူယိက အလွန်ပင် စွမ်းအားပြင်းထန်လှပြီး သူ၏ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများက မျောက်မင်းကိုပင် နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် ယန်ကျန်း၏စိတ်အာရုံက နတ်ဘုရားသုတ်သင်အစီအရင်ထံသို့ ရောက်ရှိသွားသည်။
အစီအရင်ထဲတွင် မျောက်မင်း နှိမ်နင်းခံလိုက်ရသည့်တိုင် တည်ငြိမ်နေဆဲဖြစ်သော ရန်ကျောက်ကဲ၏ မျက်နှာအမူအရာကို သတိထားလိုက်မိသည်။
မဟာမာရူယိသည်လည်း ငယ်ရွယ်သည့် ထိုက်ရွှီးမူလနတ်ဘုရားလေး၏ ထူးခြားသော တုံ့ပြန်မှုကို သတိပြုမိသွားသည်။
ရန်ကျောက်ကဲက ခပ်ပါးပါး တစ်ချက်ပြုံးလိုက်သည်။
ထိုခဏမှာပင် မဟာမာရူယိ မျက်နှာပျက်သွား၏။
သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော ရောင်စဉ်ငါးမျိုး အလင်းတန်းများက ပြင်းထန်စွာ တုန်ခါလာသည်။
အလင်းတန်းများက အဆက်မပြတ်လည်ပတ်နေဆဲ ဖြစ်သည့်တိုင် ထိုအလင်းတန်းများထဲမှ မြင်တွေ့ရခဲသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်က အခြားမဟုတ်ပေ။
ရောင်စဉ်ငါးမျိုး အလင်းတန်းများဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော ဧရာမမျောက်ကြီးပင် ဖြစ်၏။
မျောက်မင်း၏လက်တစ်ဖက်တွင် ရူယိရွှေတုတ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှာတော့ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သူက ကောင်းကင်ယံသို့ မော့ကြည့်ပြီး ကြုံးဝါးသံတစ်ချက်ပြုလုပ်ကာ ထိုဝိညာဉ်ကျောက်တုံးကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ တစ်ချက်တည်း မျိုချလိုက်သည်။
ထိုခဏမှာပင် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ထက်သို့ ထိုးထက်သွားကာ ရောင်စဉ်ငါးမျိုး အလင်းတန်းများကိုသာမက စကြာဝဠာတစ်ခုလုံးကိုပါ ဖောက်ထွက်သွားတော့၏။
ခမ်းနားထည်ဝါပြီး ရက်စက်ကြမ်းတမ်းသော ၊ အနိုင်မခံ အရှုံးမပေးလိုသော စွမ်းအားလှိုင်းလုံးများက အဆက်မပြတ် တုန်ခါလျှက် ရှိ၏။
ထိုစွမ်းအားကြောင့် ကြယ်စင်မြစ်ကြီးပင် တုန်လှုပ်သွားရသည်။
မဟာယာနဗုဒ္ဓဘာသာကိုယ်တော်များ ချက်ချင်းပင် မျက်နှာပျက်သွားကြသည်။
ထိုစွမ်းအား၏ဖိအားကြောင့် မဟာမာရူယိ စီးနင်းထားသည့် ဥဒေါင်းမင်းသည်ပင် ခါးညွှတ်လျှက် ခေါင်းငုံ့သွားရလေသည်။
မဟာမာရူယိ ဒေါသချောင်းချောင်းထွက်သွားပြီး ရောင်စဉ်ငါးမျိုးအလင်းတန်းများကို အလျှင်အမြန်စုစည်းကာ မျောက်မင်းထံသို့ ပစ်ခတ်ထိုးစိုက်ချရန် ကြိုးစားလိုက်သည်။
သို့သော် လက်ရှိတွင် ဧရာမမျောက်မင်းမှာ ကောင်းကင်ကိုထောက်မထားသည့် တိုင်လုံးကြီးပမာ ခိုင်ခံ့လွန်းပြီး ရောင်စဉ်ငါးမျိုးအလင်းတန်းများအလယ် မတုန်လှုပ်ဘဲ မတ်တတ်ရပ်လျှက် ရှိသည်။
ခုန်ရွှမ်းက ပတ်ဝန်းကျင်တစ်ခုလုံးအား နတ်ဘုရားအလင်းတန်း ပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူသာ အလိုရှိပါက ကြယ်စင်မြစ်တစ်ခုလုံးကိုပင် ဝါးမျိုပြီး အလင်းပင်လယ်ကြီးအတွင်းသို့ နှစ်မြှုပ်ပစ်လိုက်နိုင်သည်။
သို့သော် ထိုနတ်ဘုရားအလင်းပင်လယ်ကြီးက ဧရာမမျောက်မင်း ရွှေရောင်ပုံရိပ်ကြီးကိုတော့ လုံးဝ ထိခိုက်နိုင်ခြင်း မရှိပေ။
သူက သံတုတ်ကို ကိုင်မြှောက်ပြီး ပင်လယ်ကို နှစ်ခြမ်းခွဲနိုင်သည့်စွမ်းအားဖြင့် ရိုက်ချလိုက်ရာ နတ်ဘုရားအလင်းပင်လယ်ကြီးတွင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။