ရူယိရွှေတုတ်၏ ကြောက်မက်ဖွယ်စွမ်းအားက ရောင်စဉ်ငါးမျိုး အလင်းတန်းများကြားတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။
ထိုအက်ကြောင်းအတွင်းမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး အလင်းတန်းအောက်တွင် ပိတ်မိနေခဲ့သော မြောက်ပိုင်းကြယ်စင်ဧကရာဇ်၊ တောင်ပိုင်းချန်စန်းဧကရာဇ်တို့သာမက ခြင်္သေ့နတ်ဘုရားနှင့် ခေါင်းကိုးလုံးပိုးကောင်တို့ပင် ထိုအက်ကြောင်းမှတစ်ဆင့် လွတ်မြောက်လာကြသည်။
သူတို့အားလုံး နောက်သို့လှည့်ကြည့်လိုက်တော့ နတ်ဘုရားအလင်းပင်လယ်ကြီးကို ဆက်လက်ဖြိုခွင်းနေသည့် ပုံရိပ်တစ်ခုကိုတွေ့လိုက်ရပြီး အံ့သြမှင်တက်သွားကြသည်။
ဘေးမှကြည့်နေသော အခြားသူများမှာလည်း မှင်တက်လျှက် ရှိကြသည်ပင်။
နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် ရန်ကျောက်ကဲက စကားဆိုလိုက်သည်။
“ဖုရှီဗျပ်စောင်းက အလိုအလျောက် အလုပ်လုပ်တာမျိုး မဟုတ်ဘူး ၊ တုံ့ပြန်မှုတစ်ခုခုရှိလာမှ အစွမ်းပြတာ ၊ ဒါကြောင့် တာအိုအဓိပတိတစ်ပါးကို ခဏလောက် တားဆီးထားနိုင်ပေမယ့် ဒီနေရာတစ်ခုလုံးကို ချိတ်ပိတ်ထားနိုင်မှာ မဟုတ်ဘူး ၊ ဒါကြောင့်လည်း တခြားကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ ဒီကိုရောက်လာကြတာပေါ့”
သူက မချိပြုံးပြုံးလိုက်ရင်း...
“ငါတို့ကိုကူညီဖို့ မြောက်ပိုင်းကြယ်စင်ဧကရာဇ် ရောက်လာပေမယ့် သူတို့ဘက်ကလည်း မဟာမာရူယိ ရောက်လာခဲ့တယ်”
ခုန်ရွှမ်းက တိတ်ဆိတ်စွာပင် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
ထို့နောက် သူက အလင်းပင်လယ် အက်ကွဲကြောင်းကို ပြန်လည်ပြုပြင်ပြီး သောင်းကျန်းနေသည့် မျောက်မင်းကိုနှိမ်နင်းရန် ရောင်စဉ်ငါးမျိုးအလင်းတန်းများကို အရှိန်အဟုန်ဖြင့် လှည့်ပတ်လိုက်သည်။
ရန်ကျောက်ကဲက အေးဆေးစွာ ပြုံးလိုက်ပြီး...
“လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)လောက်တုန်းက ငါ အမတခုံရုံးကို သွားတိုက်ခဲ့တယ် ၊ ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့လို့ အမတခုံရုံးကို အငိုက်မိသွားစေခဲ့တာ ၊ ဒါက တကယ့်ကို ကံကောင်းခဲ့တာပဲ”
သူက ဆက်ပြောလိုက်သည်။
“အဲဒီတုန်းက မင်းသာရှိနေမယ်ဆိုရင် ငါ ထွက်ပြေးရုံကလွဲပြီး တခြားနည်းလမ်းရှိမှာ မဟုတ်ဘူး ၊ အဲဒါဆို သစ္စာဖောက်ကိုသတ်ပြီး မိတ်ဆွေတွေအတွက် လက်စားချေပေးနိုင်မှာတောင် မဟုတ်ဘူး”
မဟာမာရူယိက...
“ဒီနေ့ ထူးခြားမှုတစ်ခုခုဖြစ်သွားမယ်ဆိုရင်တော့... မင်းတို့အားလုံး ဒီနေရာမှာ အဆုံးသတ်သွားရလိမ့်မယ်”
စကားဆုံးသွားသည်နှင့် ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများ ပိုမိုအားကောင်းလာသည်။
ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းလုနီးပါးဖြစ်သွားသော အလင်းပင်လယ်ပြင်ကြီးက ရွှေရောင်ပုံရိပ်ကို ပြန်လည်နှစ်မြုပ်ပစ်တော့မည့်အလားပင်။
ရန်ကျောက်ကဲက အကြောက်တရားကင်းမဲ့သော စူးရှသည့်မျက်ဝန်းများဖြင့် မဟာမာရူယိကို ကြည့်လိုက်သည်။
“ဟုတ်တယ်... ၊ ဒီနေ့ တစ်ခုခုထူးခြားတာတော့ အမှန်ပဲ ၊ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံး တိုးတက်လာကြတာပဲလေ”
သူက လက်တစ်ချောင်းကို ချိုးလိုက်ပြီး...
“ဥပမာပြောရရင်... ငါကိုယ်တိုင်ဝင်တိုက်စရာ မလိုဘူး ၊ နက်ရှိုင်းချီစွမ်းအား(၃)ခုနဲ့တင် ချီထျန်းမဟာသူတော်စင်ရဲ့ အစစ်အမှန်ရုပ်ခန္ဓာကို ထိန်းချုပ်ထားနိုင်တယ် ၊ ပြီးတော့... ချီထျန်းမဟာသူတော်စင်ရဲ့ အစစ်အမှန်ရုပ်ခန္ဓာကို အသွင်ပြောင်းနိုင်တဲ့အချိန်ကလည်း အရင်ကထက်ပိုပြီး ကြာရှည်ခံနိုင်လာပြီ ၊ နောက်တစ်ချက်က...”
ရန်ကျောက်ကဲက အေးဆေးသည့်လေသံဖြင့် ဆက်ပြောလိုက်သည်။
“နောက်တစ်ချက်က... ဒီစကားကတော့ မင်းတို့ကို နည်းနည်းပါးပါး စိတ်ဒဏ်ရာရစေနိုင်မယ်ထင်တယ် ၊ ချီထျန်းမဟာသူတော်စင် တန်ခိုးစွမ်းအား အထွတ်ထိပ်အဆင့်မှာတုန်းက ဘယ်လောက်စွမ်းအားကြီးခဲ့လဲဆိုတာ... မင်းတို့အားလုံး အတိတ်ကကိစ္စတွေ ပြန်အမှတ်ရလာအောင် ငါက ကူညီပေးနိုင်တယ်”
ရန်ကျောက်ကဲ၏စကား ဆုံးသွားသည်နှင့် ရောင်စဉ်ငါးမျိုးအလင်းတန်းများအတွင်းရှိ မျောက်မင်းထံမှ ကြုံးဝါးသံတစ်ချက် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်တိမ်တိုက်များ ရစ်သိုင်းသွားသည်။
ကြုံးဝါးသံကြီးနှင့်အတူ မျောက်မင်း၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်လုမတတ် ကြီးမားလာသည်။
တစ်ချိန်တည်းမှာပင် ဧရာမမျောက်ကြီး၏လည်ပင်းမှ ဦးခေါင်းနှစ်လုံးထပ်မံထွက်ပေါ်လာပြီး ခန္ဓာကိုယ်ဘေးမှ လက်(၄)ဖက် ထပ်မံ ပေါ်ထွက်လာသည်။
ဦးခေါင်း(၃)လုံးနှင့် လက်(၆)ဖက် ဖြစ်လေသည်။
တူညီသောမျက်နှာ ၊ တူညီသော ရွှေမျက်စံမီးမျက်စိ...။
ပြီးတော့ တူညီသော ရူယိရွှေတုတ်...။
ရူယိရွှေတုတ်သည်လည်း (၃)ခုကွဲထွက်သွားပြီး မျောက်မင်းက ရွှေတုတ်များကိုဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး အစအနမကျန်အောင် ပျက်ဆီးကုန်တော့၏။
မျောက်မင်း၏ ရွှေမျက်စံမီးမျက်စိ (၃)စုံက နေဝန်းထက်ပင် ပိုမိုတောက်ပနေပြီး သူ၏ ဧရာမခန္ဓာကိုယ်ကြီးက စကြာဝဠာတစ်ခုလုံးအား ဖုံးလွှမ်းထားလေရာ လူ့ဘုံကိုနင်းခြေပြီး ငရဲဘုံ၏ ဝိညာဉ်မြစ်ထက်တွင် မတ်တတ်ရပ်နေသည့်အလား ထင်မှတ်ရသည်။
မျောက်မင်းက ခါးကိုဆန့်လိုက်ပြီး ဦးခေါင်း(၃)လုံးက အထက်သို့ မော့ကြည့်လိုက်သည်။
သူ၏အကြည့်များက မိုးကောင်းကင်အတားအဆီးများကိုဖြတ်ကျော်ကာ အမြင့်ဆုံးသော ကောင်းကင်ဘုံအလွှာအထိ ရောက်ရှိသွားသည်။
ရူယိရွှေတုတ်(၃)လက်လုံးက တပြိုင်တည်းရိုက်ခတ်လိုက်ရာ ရိုက်ချက်ဖြတ်သန်းသွားရာနေရာတိုင်းတွင် ဖန်ဆင်းခြင်းလက်ရာများ ပျောက်ကွယ်သွားပြီး ကနဦးကောင်းကင် အပိုင်းပိုင်းမကွဲခင်က တည်ရှိခဲ့သော မြေ ၊ ရေ ၊ လေ ၊ မီး မူလဒြပ်စင်များသာ ကျန်ရစ်တော့သည်။
ဒြပ်စင်စွမ်းအားများက ကြောက်မက်ဖွယ်ရာ ထကြွသောင်းကျန်းနေပြီး ဗလာနယ်တစ်ခုလုံး ပရမ်းပတာဖြစ်ကာ မှောင်အတိကျသွားသည်။
မည်သည့်အရာကိုမှ ခွဲခြားမရနိုင်ဘဲ အရာအားလုံး ရှုပ်ထွေးသွားလေသည်။
ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသော ဧရာမမျောက်ကြီးကို တွေ့မြင်သည်နှင့် လူတိုင်း ကြက်သီးမွေးညင်းထသွားရသည်။
သူတို့အားလုံး အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ကြ၏။
“ချီ... ထျန်း... မဟာ... သူတော်စင်....”
ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများအတွင်းမှ ခုန်ထွက်လာသော မျောက်မင်းကိုကြည့်ရင်း 'ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ' ကို ကြုံခဲ့ဖူးသူတိုင်း တာအိုဆရာ’ကျူးထီ’ ကို သတိရသွားကြသည်။
တာအိုဆရာ’ကျူးထီ’ သည်လည်း ဤသို့ပင် ရောင်စဉ်ငါးမျိုးအလင်းတန်းများကို ချိုးဖျက်ခဲ့ဖူးသည် မဟုတ်ပါလား။
မဟာမာရူယိ၏မျက်နှာက တည်ကြည်လေးနက်သွားသည်။ သို့သော် သူ့မျက်ဝန်းများကတော့ မီးလျှံများပမာ တဟုန်းဟုန်းတောက်လောင်လာသည်။
ထို့နောက် သူ၏ ကြီးမားသော ‘ရွှေခန္ဓာ’ တစ်ခုလုံးတွင် ပြင်းထန်သော မီးလျှံများ တောက်လောင်လာသည်။
သူက ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကို အလျှင်အမြန်လည်ပတ်စေပြီး ချီထျန်းမဟာသူတော်စင်၏ ရွှေတုတ်ကို ခုခံရင်ဆိုင်လိုက်၏။
အလယ်ခေတ်တွင် ချီထျန်းမဟာသူတော်စင်က ကောင်းကင်ဘုံနန်းတော်တွင် သောင်းကျန်းခဲ့ပြီး ကျောက်စိမ်းကောင်းကင်ဘုံအရှင်နှင့် အပြင်းအထန်တိုက်ခိုက်ခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ ကောင်းကင်နတ်ဘုရားအဆင့် ထိပ်တန်းကျွမ်းကျင်သူနှစ်ယောက်ဖြစ်သော ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့၏တိုက်ပွဲကို တဖန်ပြန်လည် တွေ့မြင်ရသည်ပင်။
ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိ...။
ကျောက်စိမ်းကောင်းကင်ဘုံအရှင် ကွယ်ပျောက်သွားပြီးနောက်ပိုင်း ဤတိုက်ပွဲက ကောင်းကင်နတ်ဘုရားအဆင့်တွင် မည်သူက အရှင်သခင်ဖြစ်ကြောင်း အဆုံးအဖြတ်ပေးမည့်တိုက်ပွဲ ဖြစ်သည်။
ထိပ်တန်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်၏တိုက်ပွဲဖြစ်သဖြင့် နှစ်ဖက်လုံး ပတ်ဝန်းကျင်ကို အမှုမထားနိုင်ကြတော့ပေ။
အတားအဆီးမရှိ အစွမ်းကုန် ထိပ်တိုက်ရင်ဆိုင်ကြသည်ဖြစ်ရာ အနီးပတ်ဝန်းကျင်ရှိ အရာအားလုံး ပြာမှုန့်အဖြစ် ပြောင်းလဲသွားကြသည်။
ကြီးမားလှသော ကြယ်စင်မြစ်ကြီးမှာလည်း မျက်တောင်တစ်ခတ်အတွင်း အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားရသည်။
စီးဆင်းနေသော မြစ်ရေများနှင့် လှည့်ပတ်နေသော ကြယ်တာရာများအားလုံးမှာ သဲလွန်စမကျန်အောင် ချေဖျက်ခြင်း ခံလိုက်ရသည်။
ကြယ်စင်မြစ်ပြင်ပရှိ ဗလာနယ်သည်လည်း တိုက်ပွဲလှိုင်းလုံးများ၏ရိုက်ခတ်မှုကို ပြင်းထန်စွာ ခံစားနေရသည်။
ဗလာနယ်က အစက်အပြောက်တစ်ခုအဖြစ် ကျုံ့ဝင်သွားပြီး အရာဝတ္ထုပေါင်းစုံ ၊ အချိန်နှင့်နေရာ အရာအားလုံး အစက်အပြောက်လေးထဲ စုစည်းသွားကြသည်။
ထိုအစက်အပြောက်လေးက ချက်ချင်းဆိုသလို ပြန်လည်ပွင့်ထွက်လာပြီး ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့၏ပုံရိပ်များ ပြန်လည်ထွက်ပေါ်လာသည်။
ချီထျန်းမဟာသူတော်စင်က စွမ်းအားအပြည့်နှင့် ရှိနေဆဲပင်။
သူက ဟိန်းဟောက်သံတစ်ချက်ပြုလုပ်လိုက်ပြီး လက်(၆)ဖက်ဖြင့် ရူယိရွှေတုတ်(၃)လက်ကိုလှည့်ပတ်ပြီး ခုန်ရွှမ်းထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပြီး တကျော့ပြန်တိုက်ပွဲ စတင်လိုက်သည်။
ခုန်ရွှမ်း၏ ရွှေခန္ဓာက အနည်းငယ် မှိန်ဖျော့လျှက် ရှိသည်။ သို့သော် သူ၏ ရောင်စဉ်ငါးမျိုးအလင်းတန်းများကတော့ အားကောင်းနေဆဲပင်။
ချီထျန်းမဟာသူတော်စင်နှင့် ရင်ဆိုင်ရာတွင် သူက နောက်ဆုတ်မည့်ဟန်မပြဘဲ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကို ရန်သူထံသို့ ပစ်လွှတ်လိုက်သည်။
သူတို့နှစ်ယောက်လုံး ကောင်းကင်ယံအလင်းရောင်များ ပျောက်ကွယ်သွားသည်အထိ တိုက်ခိုက်နေကြသည်။
မဟာမာရူယိက ရောင်စဉ်ငါးမျိုးအလင်းတန်းများကို မရပ်မနားပစ်လွှတ်လျှက် ရန်သူကို အလင်းတန်းများထဲ ပိတ်မိသွားစေရန် ကြိုးပမ်းနေသည်။
ချီထျန်းမဟာသူတော်စင်ကတော့ ရူယိရွှေတုတ်ဖြင့် အဆက်မပြတ်ရိုက်နှက်လျှက် ရန်သူကို ပြားပြားဝပ်သွားအောင် တိုက်ခိုက်နေသည်။
သူက ဝန်းရံလာသော နတ်ဘုရားအလင်းတန်းများကို ရိုက်ခွဲပစ်လိုက်ပြီး ရန်သူ၏အားနည်းချက်ကို အာရုံစိုက်ကာ ရူယိရွှေတုတ်များဖြင့် အားကုန်လွှဲရိုက်လိုက်သည်။
ပြင်းထန်သည့်တိုက်ပွဲကိုကြည့်းရင်း နေရာတွင်ရှိနေသူများအားလုံး မှင်တက်လျှက် ရှိကြသည်။
ယန်ကျန်း၏ မျက်ခုံးနှစ်ခုကြားမှ တတိယမျက်လုံးက ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသော မျောက်မင်း၏ပုံရိပ်ကို စူးစိုက်ကြည့်ရင်း စကားဆိုလိုက်သည်။
“တကယ်ကို မမေ့နိုင်စရာ အမှတ်တရဟောင်းတွေ ပြန်မြင်ယောင်စေတာပဲ”
“အဲဒါ မြေကြီးအမြုတေကျောက်တုံးကြောင့် မဟုတ်လား ၊ အခု သူ အဲဒါကို ခံနိုင်ရည်ရှိသွားပြီလား”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့၏ အကြည့်များကတော့ ဖော်ပြရန်ခက်ခဲလောက်အောင် ရှုပ်ထွေးနေကြသည်။
အလယ်ခေတ်တွင် ချီထျန်းမဟာသူတော်စင် ကောင်းကင်ဘုံနန်းတော်တွင် သောင်းကျန်းခဲ့စဉ်က သူတို့နှစ်ယောက်လုံး မျက်မြင်သက်သေ ရှိခဲ့ကြသည်။
ချီထျန်းမဟာသူတော်စင် ဤမျှအစွမ်းထက်ရသည်မှာ မည်သို့သော ဒဏ်ခတ်မှုမျိုးနှင့် ရင်ဆိုင်ရပါစေ ပျက်ဆီးခြင်းမရှိသော မသေမျိုး 'နတ်မိစ္ဆာခန္ဓာ' ကြောင့်သာ မဟုတ်ပေ။
မြေကြီးအမြုတေကျောက်တုံး၏ ဖျက်ဆီး၍မရသော အစွမ်းသတ္တိကို ဘေးဖယ်ထားလျှင်တောင်မှ ချီထျန်းမဟာသူတော်စင်၏ မွေးရာပါ ပါရမီ ၊ တိုက်စစ် ၊ ခံစစ်နှင့် အမြန်နှုန်းတို့မှာ သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး တည်ရှိမှုများထဲမှ တစ်ခုဖြစ်နေခဲ့ပြီးသားပင်။
ကျောက်စိမ်းကောင်းကင်ဘုံအရှင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်စဉ်ကလည်း တိုက်ပွဲလှိုင်းလုံးများကြောင့် ငရဲဘုံတစ်ခုလုံးသည်ပင် ပြိုကျပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသည်။
ယခုလည်း အထွတ်ထိပ်အခြေအနေသို့ မရောက်ရှိသေးခင်မှာပင် တာအိုသခင်’လုယာ’ ကို အရှက်ကွဲလောက်အောင် ဖိအားပေးနိုင်ခဲ့သည်။
လက်ရှိမှာတော့ သူက မြေကြီးအမြုတေကျောက်တုံး၏အစွမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် အထွတ်ထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကို တစ်ချက်ပင်နောက်မဆုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
သူတို့နှစ်ယောက် ထိတွေ့လိုက်တိုင်း ထွက်ပေါ်လာသော စွမ်းအားလှိုင်းလုံးများကြောင့် ကောင်းကင်တစ်ခုလုံး မှောက်လှန်သွားပြီး မြေပြင်သည်လည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်ဆီးသွားသည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏မျက်ဝန်းများ အရောင်တောက်သွားပြီး...
“အစ်ကို့လိုကျွမ်းကျင်သူနဲ့ တိုက်ခိုက်တဲ့အခါ... ဒီတိုက်ပွဲက သရေကျမလား ၊ ချီထျန်းမဟာသူတော်စင်ကပဲ အနိုင်ရမလားဆိုတာ သူ့ရဲ့ မသေမျိုး နတ်မိစ္ဆာခန္ဓာကပဲ အဆုံးအဖြတ်ပေးသွားမှာပဲ”
လက်ရှိတွင် ချီထျန်းမဟာသူတော်စင်က သူ၏ မသေမျိုး နတ်မိစ္ဆာခန္ဓာကိုအသုံးပြုကာ ရောင်စဉ်ငါးမျိုး အလင်းတန်းများ၏ ချုပ်နှောင်မှုမှ ရုန်းထွက်နေခြင်း ဖြစ်သည်။
သို့ပေသိ ရောင်စဉ်ငါးမျိုး အလင်းတန်းများကို တစ်ချက်တည်းဖြင့် ရိုက်ခွဲနိုင်မည်ဆိုလျှင်မဟာမာရူယိအနေဖြင့် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်မည်လား မသေချာပေ။
ယခုအချိန်ထိ တိုက်ပွဲအနိုင်အရှုံး အတိအကျ မဆုံးဖြတ်နိုင်သေးသော်လည်း ရေရှည်တိုက်ခိုက်သွားမည်ဆိုပါက တိုက်ပွဲရလဒ် မည်သို့ဖြစ်မည်ကို လူတိုင်းရိပ်မိနေကြပေပြီ။
တာအိုအဆင့် အဓိပတိများမရှိသော ဤလောကတွင် မည်သူက အရှင်သခင် ဖြစ်မည်နည်း။
ယခု ကောင်းကင်နတ်ဘုရားအဆင့်တို့၏ ဧကရာဇ်မှာ...
နောက်ဆုံးမှာတော့...
ချီထျန်းမဟာသူတော်စင် “စွန်းဝူခုန်း” ပင် ဖြစ်ပေသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက တိုက်ပွဲကို စူးစိုက်ကြည့်ရင်း...
“ဒါပေမဲ့ သူက စွန်းဝူခုန်းအစစ် မဟုတ်သေးဘူး”
“သူ့ရဲ့ လက်ရှိပုံစံနဲ့ဆိုရင် အခြေအနေကို ထိန်းထားနိုင်မယ့်အချိန်က ပိုပြီးတိုတောင်းသွားလိမ့်မယ် ၊ ခုန်ရွှမ်းအနေနဲ့ ဘယ်လောက်ထိ ကြံ့ကြံ့ခံနိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်”
ထိုအချိန်မှာပင် စကြာဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ် ကြီးမှာ ပျောက်ကွယ်လုနီးပါး ဖြစ်လာလေသည်။
ကြယ်စင်မြစ်ထဲမှ တိုက်ပွဲက မည်မျှပင် ပြင်းထန်ပါစေ အစိမ်းရောင်ကြာပန်းကတော့ ထိခိုက်မှုမရှိဘဲ အေးချမ်းငြိမ်သက်စွာ ရှိနေဆဲပင်။
ပွင့်ဖတ်များ အနည်းငယ်လှုပ်ရှားသွားပြီး ပွင့်အာလာတော့မည့် အရိပ်အယောင်များ ပြသလာသည်။
ထိုစဉ်မှာပင် ရွှမ်တုကိုယ်တော် ကိုင်ဆောင်ထားသည့် ဖုရှီဗျပ်စောင်းမှ “ထောက်” ခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။
နောက်ဆုံးကျန်ရှိသော ဗျပ်စောင်းကြိုး ပြတ်တောက်သွားခဲ့ပြီ ဖြစ်၏။