ဖုရှိဗျပ်စောင်း၏ ကျန်ရှိသော စောင်းကြိုးများအားလုံး တစ်ခုမကျန် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
အလင်းရောင်များ တောက်ပသွားပြီး နောက်ထပ်ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်တစ်ခု ထပ်မံထွက်ပေါ်လာသည်။
ထိုကားချပ်ကြီးက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားကာ ပတ်ဝန်ကျင်းတစ်ခုလုံးအား ဝါးမျိုသွားပြီး အစိမ်းရောင်ကြာပန်းမှာလည်း ပြန်လည်ငြိမ်သက်သွားသည်။
တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေဆဲပင်။
နောက်ဆုံးစောင်းကြိုး ပြတ်တောက်သွားသည်ကိုတွေ့မြင်သည်နှင့် တာအိုကျင့်ကြံသူများနှင့် နတ်မစ္ဆာများက အချိန်အလွန်နည်းနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
မကြာမီအချိန်အတွင်း အော်မီတော်ဖော်တာအိုဗုဒ္ဓ ဤနေရာသို့ သက်ဆင်းလာပေတော့မည်။
ထိုသို့ဖြစ်လာလျှင် အင်အားစု (၃)ခုကြားမှ တိုက်ပွဲသည်လည်း ယခုထက်ပိုပြီး ရှုပ်ထွေးကာ ပြင်းထန်လာပေမည်။
ချီထျန်းမဟာသူတော်စင်၊ မဟာမာရူယိ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ၊ စောမင်ကျန့်၊ ဖန်းယွင်ရှန်း၊ ယွမ်ဟုန်၊ ယန်ကျန်း၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၊ တိုက်တိုင်းအောင်တာအိုဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တ၊ ရန်တိ၊ ဂုဏ်ရောင်ထည်ဝါတာအိုဗုဒ္ဓ...
လူတိုင်းက ရှုပ်ထွေးသောတိုက်ပွဲကြီးအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
ချီထျန်းမဟာသူတော်စင်ကြောင့် ဒဏ်ရာရထားသော တာအိုသခင်’လုယာ’ သည်ပင် သူ့ကိုယ်ပေါ်မှ ဒဏ်ရာများကို အရေးမစိုက်နိုင်တော့ဘဲ အံတင်းတင်းကြိတ်ကာ တိုက်ပွဲအတွင်းဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့မှာလည်း ရောင်စဉ်ငါးမျိုးအလင်းတန်းများ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီ ဖြစ်သည်။
သူတို့က အချိန်မဆွဲဘဲ တာအိုသခင်’လုယာ’ ကို အလျှင်အမြန်ပင်တားဆီးလိုက်ပြီး ဂုဏ်ရောင်ထည်ဝါတာအိုဗုဒ္ဓ၊ ခြင်္သေ့နတ်ဘုရား၊ ခေါင်းကိုးလုံးပိုးကောင်နှင့် အခြားသူများကိုပါ တိုက်ခိုက်လိုက်ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်ထဲမှာတော့ ဝူတန့်မယ်တော်က သေလုမျောပါးဖြစ်နေသည့်တိုင် အားယူကာ ထထိုင်လိုက်သည်။
သူမ၏ စွမ်းအားရောင်ဝါက အလွန်အားနည်းနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ကောင်းချင်းရွှမ်က ချင်းဖိန်ဓားကိုအသုံးပြုကာ နတ်ဘုရားအဆုံးသတ်ဓားတွင် ကျန်ရှိနေသေးသည့် ကျောက်စိမ်းရောင်အလင်းတန်းများကို သန့်စင်နေသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်၏ ကိုယ်ပွားနှင့်အတူ နတ်ဘုရားသုတ်သင်အစီအရင်ကို ဆက်လက်ထိန်းချုပ်လျှက် ရှိ၏။
ထိုအချိန် အနက်ရောင်ဝတ် တာအိုကျင့်ကြံသူတစ်ယောက် နတ်ဘုရားသုတ်သင်အစီအရင်အတွင်း ဝင်ရောက်လာပြီး ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့၏ တိုက်ပွဲကို အကဲခတ်ကြည့်ရှုနေသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရား ပြန်ရောက်လာခြင်းပင် ဖြစ်၏။
အစောပိုင်းက မဟာမာရူယိ၏ ခြိမ်းခြောက်မှုကြောင့် သူက အစီအရင်ထဲသို့ ဆက်မဝင်ဘဲ ဆုတ်ခွာသွားခဲ့သည်။
ယခု မဟာမာရူယိက ချီထျန်းမဟာသူတော်စင်နှင့် ရင်ဆိုင်နေရသဖြင့် တိမ်မြူမှောင်မိုက်နတ်ဘုရားက သူ၏ မူလရည်ရွယ်ချက်အတိုင်း ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။
တာအိုသခင်’လုယာ’ ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့မှာ သူ့ကို လျှော့မတွက်ရဲကြပေ။
ထို့ပြင် သူတို့က စန္ဒကူးတာအိုဗုဒ္ဓနှင့် အခြားသူများကိုလည်း ရင်ဆိုင်နေကြရသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက အခွင့်အရေးရည်နှင့် လက်လွှတ်မခံဘဲ နတ်ဘုရားသုတ်သင်အစီအရင်အတွင်းသို့ ပြန်ဝင်လာတော့သည်။
သူ၏ရည်ရွယ်ချက်က တိုက်ပွဲအရှိန်ကြောင့် အခြေအနေရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူပြီး အစီအရင်ကို လုယူရန် ဖြစ်သည်။
သို့သော် တိမ်မြူမှောင်မိုက်နတ်ဘုရား၏ လှုပ်ရှားမှုကိုမြင်သည်နှင့် ရန်ကျောက်ကဲက လှောင်ပြောင်ရယ်မောလိုက်သည်။
“တိမ်မြူမှောင်မိုက်နတ်ဘုရား... မင်းက အသက်ရှင်ဖို့ အခွင့်အရေးရှိပါလျက်နဲ့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
“ဟမ်...”
အစီအရင်အတွင်း ခြေချလိုက်သည်နှင့် တိမ်မြူမှောင်မိုက်နတ်ဘုရား ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားလိုက်ရသည်။
သူက နတ်ဘုရားသုတ်သင်အစီအရင်ကို ကောင်းစွာနားလည်ထားသူဖြစ်သော်လည်း ယခုတော့ စိတ်ထဲတွင် သေမင်းအရိပ်အယောင်များ ကြီးစိုးလာသည်။
ဤခံစားချက်က သူ ပထမဆုံးအကြိမ် အစီအရင်ထဲသို့ ဝင်ရောက်စဉ်ကနှင့် လုံးဝ ခြားနားသည်။
အရင်က သူအစီအရင်ထဲသို့ ဝင်ရောက်ခဲ့စဉ် အစီအရင်ကို သူကိုယ်တိုင်မထိန်းချုပ်နိုင်သော်လည်း အခက်အခဲများကြားမှ ရှေ့တိုးလာနိုင်ခဲ့သည်။
ထိုစဉ်က သေမင်းနှင့်ရင်ဆိုင်ရသကဲ့သို့ ကြောက်မက်ဖွယ်ရာ အန္တရယ်မျိုးကို မခံစားခဲ့ရပေ။
ယခုတော့ ရန်ကျောက်ကဲစကားသံ အဆုံးသတ်သွားသည်နှင့် ပြန်လမ်းမရှိသော သေမင်းနယ်မြေအတွင်း ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရား ထိတ်လန့်တုန်လှုပ်သွားအချိန် အစီအရင်ထဲမှ ရွှေရောင်အလင်းတန်းများနှင့် မြေဝါရောင်မြူခိုးများ ထွက်ပေါ်လာကာ တံခါး(၄)ခုလုံး အသက်ဝင်လာသည်။
တံခါး(၃)ခုထက်တွင် နတ်ဘုရားသုတ်သင်ဓား၊ နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားသတ်ဖြတ်ဓားတို့က အေးစိမ့်သောအလင်းတန်းများ ထုတ်လွှတ်လျှက် ပျံဝဲနေကြသည်။
ကျန်ရှိသော တံခါးတစ်ချက်ထက်မှာတော့ နတ်ဘုရားအဆုံးသတ်ဓား၏ ပုံရိပ်ယောင်က ပျံဝဲနေသည်။
ထိုခဏမှာပင် နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုလုံး စတင်လည်ပတ်လာပြီး မည်သူမှ မယှဉ်နိုင်သော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
ယခင်က ယိမ်းယိုင်နေသောအခြေအနေ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။
“စောစောကပဲ မြစ်ဝါကိုးကွေ့အစီအရင်နဲ့ အကြိတ်အနယ် တိုက်နေတာ မဟုတ်ဘူးလား”
တိမ်မြူမှောင်မိုက်နတ်ဘုရား တစ်စုံတစ်ခုကို တွေးမိသွားပြီး သိသိသာသာပင် မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။
ယခင်က ကြယ်စင်မြစ်ထဲတွင် တိုက်ခတ်နေသော အနက်ရောင်လေပြင်းများက လုံးဝနီးပါးကင်စင်သွားပြီဖြစ်သလို ကြယ်စင်မြစ်၏ နောက်ကျိနေသော ရေပြင်မှာလည်း ပိုမိုကြည်လင်လာပေပြီ။
ကြယ်စင်မြစ်ထဲမှ ကြယ်စင်များသည်လည်း မြစ်ရေပြင်ထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် လှိုင်းလေးများပမာ ရိုက်ခတ်နေကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်က တစ်စတစ်စ ပိုမိုခိုင်မာလပြီး တန်ခိုးစွမ်းအားလည်း တဖြည်းဖြည်း မြင့်တက်လာနေပေပြီ။
ဆန့်ကျင်ဘက်အနေဖြင့် မြစ်ဝါကိုးကွေ့အစီအရင်ကတော့ ပိုပြီး အားနည်းလာနေပေပြီ။
ကြယ်စင်မြစ်ထဲတွင်တိုက်ပွဲဝင်နေသူတိုင်း ဤထူးခြားပြင်းထန်သော အပြောင်းအလဲကို သတိပြုလိုက်မိကြသည်။
ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်ဘဲ တစ်ယောက်နှင့်တစ်ယောက် အငြိုးတကြီး သတ်ပုတ်နေကြသည့် ချီထျန်းမဟာသူတော်စင်နှင့် မဟာမာရူယိတို့ကို လှမ်းကြည့်လိုက်ပြီးနောက် အခြေအနေကို သူတို့ နားလည်သွားကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်က နတ်ဘုရားသုတ်သင်ဓားလေးလက်ကိုအခြေခံပြီး အစီအရင်တည်ဆောက်ထားခြင်း ဖြစ်သည်။
မြစ်ဝါကိုးကွေ့အစီအရင်ကတော့ ကြယ်စင်မြစ်၏ ရေကြောတည်နေရာ အားသာချက်ကိုအသုံးပြုပြီး အစီအရင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထိပ်တွင်ရှိနေသော တန်ခိုးစွမ်းအားရှင်နှစ်ယောက် အဆုံးမရှိ အပြင်းအထန် တိုက်ခိုက်ကြလေရာ တိုက်ပွဲလှိုင်းလုံးများကြောင့် ကြယ်စင်မြစ်ကြီး အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားပြီး ဗလာနယ်သည်လည်း ပြိုကွဲပျက်ဆီးလျှက် ရှိသည်။
မြစ်ဝါကိုးကွေ့အစီအရင်ကို တာအိုအဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်သော အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သို့သော် သူကိုယ်တိုင် ဤနေရာတွင် ရှိမနေခဲ့ပေ။
ထို့ကြောင့် မြစ်ဝါကိုးကွေ့ အစီအရင်၏ အခြေခံအုတ်မြစ်က ဆက်တိုက်ဆိုသလိုပျက်ဆီးလာခဲ့ပြီး အစီအရင်၏စွမ်းအားကိုပါ ပြင်းထန်စွာ ထိခိုက်သွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ နတ်ဘုရားသုတ်သင်အစီအရင်က အသာစီးရလာခဲ့ပြီး မြစ်ဝါကိုးကွေ့အစီအရင်ကို အပြတ်အသတ် ဖိနှိပ်ချေမှုန်းလိုက်နိုင်သည်။
အစီအရင်နှစ်ခုက အပြန်အလှန် တိုက်ခိုက်နေကြသည်ဖြစ်ရာ တစ်ဖက်က အားကောင်းလာသည်နှင့် ပြိုင်ဘက်ကို ဝါးမျိုချေမှုန်းပြီး ပစ်မှတ်ကို တိုက်ခိုက်ဖျက်ဆီးမည်သာ ဖြစ်သည်။
နတ်ဘုရားသုတ်သင်အစီအရင်က အားကောင်းလာလေ မြစ်ဝါကိုးကွေ့အစီအရင်က အားနည်းသွားလေ ဖြစ်သည်။
မြစ်ဝါကိုးကွေ့အစီအရင် အားနည်းသွားလေ နတ်ဘုရားသုတ်သင်အစီအရင်က အသာစီးရလေ ဖြစ်သည်။ အသာစီးရမှု ပိုမိုကြီးမားလာသည့်အခါ နောက်ဆုံး မြစ်ဝါကိုးကွေ့အစီအရင်က ခံနိုင်ရည်မရှိတော့ဘဲ ပြိုလဲသွားရသည်။
နတ်ဘုရားအဆုံးသတ်ဓား မရှိသေးသည့်တိုင် နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဆင့်အောက် မည်သည့်ပြိုင်ဘက်ကိုမဆို အကြီးအကျယ် ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပင်။
တိမ်မြူမှောင်မိုက်နတ်ဘုရား အလျင်စလိုရှေ့တိုးလာမိသည်ဖြစ်ရာ စွမ်းအားများ တဟုန်ထိုး မြင့်တက်လာနေသည့် နတ်ဘုရားသုတ်သင်အစီအရင်အတွင်းသို့ ခြေချမိသွားခဲ့သည်။
“ခဏလောက် လောဘတက်မိတာနဲ့ ငါ... အသက်ပေးရတော့မှာလား”
တိမ်မြူမှောင်မိုက်နတ်ဘုရားမှာ မတတ်သာသည့်အဆုံး သက်ပြင်းတစ်ချက်ချလိုက်ပြီး အနောက်သို့ အလျှင်အမြန်ပင် ဆုတ်ခွာလိုက်သည်။
အစီအရင်ထဲတွင် ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ် ဓားသိုင်းတစ်ခု ထုတ်ဖော်လိုက်သည်။
ဓားဝိညာဉ်က မိုးကြိုးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တံခါးများထက်တွင်ရှိနေသည့် နတ်ဘုရားသုတ်သင်ဓားလေးလက်ထံသို့ ဝင်ရောက်သွားသည်။
မိုးကြိုးအရှိန်ကြောင့် နတ်ဘုရားသုတ်သင်ဓားလေးလက်လုံး တုန်ခါသွားပြီး စူးရှသောအလင်းတန်းများ ဖြာထွက်လာသည်။
ရက်စက်ကြမ်းတမ်းသော ဓားဝိညာဉ်များ ပျံ့နှံ့သွားသည်နှင့် ထိတ်လန့်ဖွယ်ရာ ဓားအလင်းတန်းများက မိုးစက်မိုးပေါက်များပမာ တိမ်မြူမှောင်မိုက်နတ်ဘုရားရှိရာသို့ တဟုန်ထိုးဝင်ရောက်သွားသည်။
ဤအပြောင်းအလဲကြောင့် တိမ်မြူမှောင်မိုက်နတ်ဘုရား အလွန်ထိတ်လန့်သွားပြီး သူ နားလည်ထားသည့် နတ်ဘုရားသုတ်သင်အစီအရင်အကြောင်းကို အားကိုးပြီး အစီအရင်အတွင်း ဟိုမှသည်မှ ရှောင်ကွင်းကာ ကျရောက်လာသော ဓားအလင်းတန်းများကို အလူးအလဲ ရှောင်တိမ်းနေရတော့သည်။
သူက စန့်ချင်အဆက်အနွယ်ဖြစ်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ဖတ်ရှုလေ့လာဖူးသော်လည်း ယခုတော့ သေမင်းနှင့်လက်တစ်ကမ်းသို့ ရောက်ရှိနေပေပြီ။
ကြယ်စင်မြစ်ထဲတွင် အနက်ရောင်ဝတ်စုံနှင့် တာအိုကျင့်ကြံသူပုံရိပ် ပျောက်ကွယ်သွားပြီး ရွှေရောင်မုတ်ဆိတ်နှင့် နဂါးခေါင်းပါသော ငါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ထိုငါးကြီးက မြစ်ရေပြင်ထဲကျဆင်းလာသည့် တိုက်ခိုက်မှုများကို ပုန်းလျှိုးကွယ်လျှိုးဖြင့် ရှောင်တိမ်းနေလေသည်။
ရှောင်နေသည့်ကြားမှပင် ဓားအလင်းတန်းများ၏ပွတ်တိုက်ခြင်းခံရသဖြင့် အသားအရေများစုတ်ပြဲကာ သွေးချင်းချင်းနီနေတော့သည်။
နတ်ဘုရားသုတ်သင်အစီအရင် ပြင်ပမှာတော့ အဖြူရောင်ကြာပန်းသုခဘုံမှ တာအိုဗုဒ္ဓများနှင့် ချန်စန်းရှင်းဟိုင်မှ နတ်မိစ္ဆာများမှာ နတ်ဘုရားသုတ်သင်အစီအရင် ပြန်လည်ဦးမော့လာသည်ကို ငေးစိုက်ကြည့်ရင်း ကျောရိုးထဲအထိ စိမ့်သွားကြသည်။
နတ်ဘုရားအဆုံးသတ်ဓား မရှိသေးသည့်တိုင် ဤအစီအရင်သာ အပြည့်အဝ လည်ပတ်သွားပါက မဟာမာရူယိပင် အထဲသို့ ဇွတ်အတင်း ဝင်ရောက်ရဲတော့မည် မဟုတ်ပေ။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက တာအိုဗုဒ္ဓကျမ်းစာများကို တိုးလျစွာ ရွတ်ဖတ်လိုက်ပြီး ပင်လယ်ငြိမ်သက်ပုလဲ (၆)လုံးကို အရပ်လေးမျက်နှာသို့ပစ်လွှတ်ကာ ပျက်ဆီးလုနီးပါးဖြစ်နေသော ကောင်းကင်မြစ်ကို ပြန်လည်ပြုပြင်လိုက်သည်။
ပုလဲ(၆)လုံးနှင့် မလုံလောက်သည်ကိုမြင်တော့ သူက နောက်ထပ် ပုလဲ(၆)လုံးကိုပါ ထပ်မံထုတ်လွှတ်လိုက်သည်။
သို့သော် စောမင်ကျန့်၏ တိုက်ခိုက်မှုကလည်း အဆပေါင်းများစွာ ပိုမိုပြင်းထန်လာလေရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓမှာ စောမင်ကျန့်ကို အာရုံစိုက်ပြီး ခုခံရပြန်သည်။
မဟာယာနဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများက အချိန်ဆွဲနိုင်သမျှဆွဲထားပြီး တာအိုကျင့်ကြံသူများကို ဤနေရာတွင် ကြာကြာထိန်းထားရန် အစွမ်းကုန် ကြိုးစားနေကြသည်။
ဖုရှီဗျပ်စောင်း၏ နောက်ဆုံးစောင်းကြိုးမှ ဖန်တီးပေးထားသော ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က တဖြည်းဖြည်း မှေးမှိန်လာပြီ ဖြစ်သည်။
ရန်ကျောက်ကဲက တံခါးတစ်ခုထက်တွင် ပျံဝဲနေသည့် နတ်ဘုရားသုတ်သင်ဓားကို ဆွဲယူလိုက်ပြီး တိမ်မြူမှောင်မိုက်နတ်ဘုရားရှိရာသို့ လျှောက်လှမ်းသွားသည်။
နတ်ဘုရားသုတ်သင်ဓား မူလရှိခဲ့သည့်နေရာတွင် ပုံရိပ်ယောင်ဓားတစ်လက် အစားထိုးထွက်ပေါ်လာသည်။ ယခု တံခါးများထက်တွင် ဓားအစစ်နှစ်လက် ၊ ပုံရိပ်ယောင်ဓားနှစ်လက်တို့ ပျံဝဲနေသည်။
ဓားအလင်းတန်းများက အဆက်မပြတ် အောက်သို့ကျဆင်းလာနေသဖြင့် တိမ်မြူမှောင်မိုက်နတ်ဘုရားမှာ အစီအရင်ထဲတွင် အရူးပမာ ပြေးလွှားနေရသည်။
သို့သော် အပြင်ပြန်ထွက်၍ မရတော့ပေ။
ရန်ကျောက်ကဲ၏ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားပြီး တိမ်မြူမှောင်မိုက်နတ်ဘုရား၏ဘေးသို့ ရောက်ရှိလာသည်။ သူက နတ်ဘုရားသုတ်သင်ဓားကို ကိုင်မြှောက်ပြီး ရန်သူကို အားကုန်ထိုးစိုက်ချလိုက်သည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားသော်လည်း နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် သူနင်းနေကျ ခြေလှမ်းများက ချက်ချင်းပုံပျက်သွားသည်။
အစီအရင်ထဲတွင် မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများတောက်ပသွားပြီး ၊ ထိုအလင်းတန်းများက တိမ်မြူမှောင်မိုက်နတ်ဘုရား၏ ခန္ဓာကိုယ်အား ဖောက်ထွင်းထွက်သွားသည်။
ရွှေရောင်မုတ်ဆိတ်နှင့် နဂါးခေါင်းရှိသော ဧရာမငါးကြီးမှာ တစ်စစီ ပြတ်တောက်လုနီးပါး ဖြစ်သွားသည်။
သူက နာကျင်စွာအော်ဟစ်လိုက်ပြီး နောက်ဆုံးလက်ကျန်အင်အားကိုစုစည်းကာ ရန်ကျောက်ကဲအား အတင်းဝင်ရောက် တိုက်ခိုက်လိုက်သည်။
ရန်ကျောက်ကဲက ဘေးသို့ အသာရှောင်တိမ်းလိုက်ပြီး လက်ထဲမှဓားကို ကိုင်မြှောက်လိုက်သည်။
စူးရှသော အစိမ်းရောင်ဓားအလင်းတန်းများ လက်ခနဲ တောက်ပသွားပြီး နဂါးခေါင်းငါးကြီး၏ ဦးခေါင်းပြတ်တောက်ကာ လွင့်စင်ထွက်သွားတော့သည်။