ရန်ကျောက်ကဲက ဓားကိုခုတ်ပိုင်းချလိုက်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ထဲမှာပင် တိမ်မြူမှောင်မိုက်နတ်ဘုရားကို သုတ်သင်ပစ်လိုက်သည်။
တစ်ချိန်က စန့်ချင်အဆက်အနွယ်၏ အဓိကပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ယခု နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးမှာ အစီအရင်ထဲမှာပင် အသက်ပျောက်သွားရသည်။
ဤဖြစ်ရပ်က နတ်ဘုရားသုတ်သင်အစီအရင်၏ ရက်စက်ကြမ်းကြုတ်သော ဂုဏ်သတင်းကို ပိုမိုကြီးထွားစေခဲ့၏။
တိမ်မြူမှောင်မိုက်နတ်ဘုရားကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားသုတ်သင်ဓားက သတ်မှတ်ထားသည့် တံခါးထက်သို့ ပျံသန်းထွက်ခွာသွားသည်။
အစီအရင်ထဲတွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ဝါဂွမ်းပမာ တိမ်မြူများက တလိမ့်လိမ့်တက်လာသည်။ ခမ်းနားသည့်တံခါး(၄)ခုမှာလည်း မားမားမတ်မတ် ရပ်တည်လျှက်ပင်။
ထူထပ်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး စကြာဝဠာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
အစီအရင်ထဲတွင် ကြမ်းတမ်းသော ဓားချီများ ပရမ်းပတာစီးဆင်းနေပြီး ဗလာနယ်ကိုပင် စုတ်ဖြဲပစ်နေသည်။
ကမ္ဘာဦးကာလ မြေ ၊ ရေ ၊ လေ ၊ မီး ဒြပ်စင်တို့၏ မူသဏ္ဌန်များသည်လည်း တဟုန်းဟုန်း လှုပ်ခတ်လျှက် ရှိသည်။
ဖန်ဆင်းရှင်၏ ကမ္ဘာမြေကြီးတစ်ခုလုံး ပျက်ဆီးသွားသကဲ့သို့ အရာအားလုံး အစိတ်စိတ်အမွှာမွှာပြိုကွဲကာ မူလသုညတ္တ အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည့်ပမာ ထင်မှတ်ရ၏။
မြင်ကွင်းက ကမ္ဘာဖျက်ကပ်ဘေး ဆိုက်ရောက်သည်နှင့်ပင် ဆင်တူသည်။
ဤသို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲက တုန်လှုပ်ခြင်း မရှိပေ။
သူက ကြီးမားသော အစီအရင်ထဲတွင် တည်ငြိမ်စွာ မတ်တတ်ရပ်လျှက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုနေသည်။
ယခင်က နတ်ဘုရားသုတ်သင်အစီအရင်ထဲသို့ အပြိုင်အဆိုင်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသော တာအိုဗုဒ္ဓများ ၊ မဟာနတ်မိစ္ဆာများအားလုံး ယခု မည်သူမှ မဝင်ရဲကြတော့ပေ။
ကောင်းကင်ဘုံများစွာမှထွက်ပေါ်လာသည့် ရက်စက်ကြမ်းတမ်းသော အမျက်ဒေါသရောင်ဝါများက ကြောက်မက်ဖွယ်ရာ အစီအရင်ထဲတွင် စုစည်းသွားကြသည်။
ထို့နောက် အလုံးစုံသုတ်သင်ရာ ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သော စုပ်အားဖြင့် အရာအားလုံးကို ဝါးမျိုပစ်တော့သည်။
နတ်ဘုရားသုတ်သင်အစီအရင်၏ လွှမ်းမိုးမှုအောက်တွင် စီးဆင်းနေသော ကြယ်စင်မြစ်နှင့် များပြားလှသော ကြယ်စင်စုတို့မှာ တဖြည်းဖြည်း ခမ်းခြောက်ပျက်သုဉ်းခြင်းဆီသို့ ဦးတည်သွားသည်။
ကြယ်စင်မြစ်ထဲတွင် ကျောက်စိမ်းအလင်းတန်းဖြင့် ဖွဲ့စည်းထားသည့် အင်းသင်္ကေတအချို့ ကျန်ရှိနေသေးသော်လည်း မှောင်မိုက်သည့်လေပြင်းများကတော့ ပျောက်ကွယ်သွားကာ မြစ်ရေသည်လည်း ညစ်ညမ်းမှုများမရှိတော့ဘဲ တဖန်ပြန်လည် ကြည်လင်လာသည်။
နတ်ဘုရားသုတ်သင်အစီအရင်က ၎င်း၏ အံမခန်းတန်ခိုးစွမ်းအားကို စတင်ထုတ်ဖော်လိုက်ချိန်တွင် မြစ်ဝါကိုးကွေ့အစီအရင်က ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ပေ။
ရက်စက်ကြမ်းတမ်းသည့် ဓားချီများက မြစ်ဝါကိုးကွေ့အစီအရင်ကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။
နတ်ဘုရားသုတ်သင်အစီအရင်မှာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံး အစီအရင်ဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်လှပေသည်။
အစီအရင်နှစ်ခု ထိပ်တိုက်တွေ့ပြီးနောက် အဆုံးသတ်တွင် နတ်ဘုရားသုတ်သင်အစီအရင်ကသာ အောင်ပွဲခံခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ ကြယ်စင်မြစ်ကို တည်ငြိမ်အောင်ထိန်းရန် အသုံးပြုထားသည့် ပင်လယ်ငြိမ်သက်ပုလဲများသည်ပင် မမြင်ရသော စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွားသည်။
ရှေးဟောင်းတာအိုဗုဒ္ဓမှာလည်း ကြည့်နေရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပေ။
အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားဖြစ်သော ဗုံခရာကောင်းကင်ဘုံအရှင်၏ ပုံရိပ်မှာလည်း ပြန်လည်ပေါ်ထွက်လာသည်။ သူ၏မျက်နှာက ဖြူဖျော့နေပြီး စွမ်းအားရောင်ဝါကလည်း အားနည်းလျှက် ရှိသည်။
မြစ်ဝါကိုးကွေ့အစီအရင်က ဗုံခရာကောင်းကင်ဘုံအရှင်၏ အသက်ဓာတ်စွမ်းအားနှင့် ချိတ်ဆက်နေခဲ့သည်။ ထို့ကြောင့် မြစ်ဝါကိုးကွေ့အစီအရင် ပျက်ဆီးသွားသည့်အခါ သူလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပေသည်။
အဆိုးဆုံးကတော့ နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် ကောင်းချင်းရွှမ်က နတ်ဘုရားအဆုံးသတ်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
နတ်ဘုရားသုတ်သင်ဓား၏ ဓားသွားအဖျားတွင်ကျန်ရှိသော ကျောက်စိမ်းရောင်အလင်းတန်းများက ပျောက်ကွယ်လုနီးပါး ဖြစ်နေပေပြီ။
ဝူတန့်မယ်တော် လှုပ်ရှားနိုင်ခြင်းမရှိသည့်တိုင် ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့က ဘာဆက်လုပ်ရမည်ကို ကောင်းစွာနားလည်ထားသည်။
ကောင်းချင်းရွှမ်က လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ရာ နတ်ဘုရားအဆုံးသတ်ဓားက လေထုထဲတွင် ဝဲပျံရပ်တည်နေသည်။
ထို့နောက် ကောင်းချင်းရွှမ်က ချင်းဖိန်ဓားကိုဝှေ့ယမ်းပြီး လေထုထဲတွင်ရှိနေသော နတ်ဘုရားအဆုံးသတ်ဓားဆီသို့ ထိုးညွှန်လိုက်သည်။
နတ်ဘုရားအဆုံးသတ်ဓား တစ်ချက်တုန်ခါသွားပြီးနောက် နတ်ဘုရားသုတ်သင်အစီအရင်မှ ပုံရိပ်ယောင်ဓားဝိညာဉ် နေရာယူထားသော တံခါးထက်သို့ ပျံသန်းထွက်ခွာသွားသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ ကုန်ဆုံးပြီးနောက် ယခုမှ နတ်ဘုရားသုတ်သင်ဓား (၄)လက်လုံး ၎င်းတို့၏ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားကြခြင်းပင်။
နတ်ဘုရားအဆုံးသတ်ဓား နေရာမှန်သို့ ရောက်ရှိသွားသည်နှင့် နတ်ဘုရားသုတ်သင်အစီအရင် တစ်ခုလုံးမှာလည်း တုန်ခါသွားပြီး ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကိုတွေ့ရသည်နှင့် အစီအရင်ပြင်ပရှိလူတိုင်းမှာ ကမ္ဘာပျက်ကပ်ဘေးကြီး ဆိုက်ရောက်လာသည်ကို ကိုယ်တိုင်မြင်တွေ့ရသည့်ပမာ တုန်လှုပ်သွားကြသည်။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများက အကန့်အသတ်မရှိဘဲ ထာဝရတည်မြဲသော ရုပ်ခန္ဓာကို ပိုင်ဆိုင်သည်။
သို့သော် ဤသို့ ကြောက်မက်ဖွယ်ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်မှာတော့ ကောင်းကင်နတ်ဘုရားတစ်ပါးသည်လည်း သာမန်လူနှင့်မခြားတော့ပေ။
အစီအရင်စွမ်းအားအောက်တွင် နတ်ဘုရားအဆုံးသတ်ဓား၏ ဓားဖျားတွင်ကျန်ရှိနေသော ကျောက်စိမ်းရောင်အလင်းတန်းလေးမှာလည်း တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားလေသည်။
ရန်ကျောက်ကဲ၏ အမိန့်ပေးမှုအောက်တွင် ကြောက်မက်ဖွယ်ရာ အစိအရင်ကြီးက အပြင်ဘက်သို စတင်ချဲ့ကားလာသည်။
အဆုံးမရှိ ရက်စက်ကြမ်းတမ်းသော ဓားချီများက ပင်လယ်လှိုင်းလုံးများပမာ ပတ်ဝန်းကျင်သို့ တဟုန်ထိုး တင်ရောက်သွားကြသည်။
ကျယ်ပြန့်လှသော ကြယ်စင်မြစ်တစ်ခုလုံး ဓားအစီအရင်၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာမှမရှိသည့် သုညတ္တအနေအထားသို့ ပြောင်းလဲသွားသည်။
ကြယ်စင်မြစ်က မည်သည့်အခါမှ အေးခဲခြင်းမရှိသလို ကြယ်တာရာတို့၏အပူရှိန်ကြောင့်လည်း အငွေ့ပျံသွားခြင်း မရှိခဲ့ဖူးပေ။
သို့သော် နတ်ဘုရားသုတ်သင်အစီအရင်ထဲ ရောက်ရှိသွားချိန်မှာတော့ ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး ကနဦးကောင်းကင်မတိုင်ခင် အမှောင်ထုအနေအထားသို့ ရောက်ရှိသွားသည်။
ကမ္ဘာဦးကာလ မည်သည့်အရာမှ တည်ရှိမနေသော အနေအထားမျိုး ဖြစ်၏။
ကြယ်စင်စုများမှာလည်း အစီအရင်ထဲသို့ ဝါးမျိုခံရသည်နှင့် ပြန့်ကားလာပြီး တစ်ခဏအတွင်း ပြန်လည်ပြိုကွဲကာ ပျက်သုဉ်းသွားကြသည်။
ကြယ်စင်များအားလုံးမှာ အရေးမပါသော ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးများကဲ့သို့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြတော့သည်။
မြင်ကွင်းကိုကြည့်ရင်း မဟာယာနဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများ မျက်နှာပျက်ယွင်းသွားကြ၏။
နတ်ဘုရားသုတ်သင်အစီအရင်ထဲ ဝင်ရောက်မိပါက သေခြင်းတရားက စောင့်ကြိုနေမည်သာပင်။
ယခု ထိုအစီအရင်က လျှင်မြန်စွာ နယ်မြေချဲ့ထွင်လာပြီး သူတို့အားလုံးကို ဝါးမျိုပစ်ရန် ကြိုးစားနေပေပြီ။
အစီအရင်ထဲရောက်သွားပါက မည်သူလွတ်မြောက်နိုင်ပါမည်နည်း။
မဟာမာရူယိအပါအဝင် အခြားသော မဟာယာနဗုဒ္ဓဘာသာကိုယ်တော်များ ၊ တာအိုသခင်’လုယာ’ နှင့် အခြားသော နတ်မိစ္ဆာမဟာသူတော်စင်များအားလုံး တစ်ချက်မတုံ့ဆိုင်းဘဲ လျှင်မြန်စွာ ဆုတ်ခွာသွားကြသည်။
ဓားချီများ အပြင်ဘက်သို့ လွှမ်းမိုးလာသည်နှင့် သက်ရှိဟူသမျှ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်သည်လည်း ပြိုကျပျက်ဆီးသွားသည်။
မဟာတာအိုသည်ပင် ဆုတ်ယုတ်ပျက်သုဉ်းခြင်းဆီသို့ ဦးတည်သွားလေသည်။
ယခင်က ပြသခဲ့သော ထူးခြားဆန်းကျယ်မှုများအားလုံး ယခု နွမ်းလျပျောက်ကွယ်သွားကြသည်။
မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းကိုပင် ခုခံနိုင်ခဲ့သော ကြာပန်းစိမ်းရတနာအလံသည်ပင်လျှင် နတ်ဘုရားသုတ်သင်အစီအရင်၏ ခြိမ်းခြောက်မှုအောက်တွင် အဖြူရောင်အခိုးအငွေ့များ လွင့်ပြယ်သွားပြီး ရွှေရောင်အလင်းတန်းများ မှိန်ဖျော့သွားရသည်။
တိုက်တိုင်းအောင်တာအိုဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသူများ ဖန်တီးထားသော တာအိုဗုဒ္ဓနယ်မြေမှာလည်း ယခုအခါမှာတော့ ကမ္ဘာပျက်ကပ်ဘေးခံစားရသည့် ဖုန်းဆိုးနယ်မြေတစ်ခုအလား ပြောင်းလဲသွားသည်။
ဗောဓိပင်များ ညှိုးနွမ်းကုန်ပြီး ဘုံကျောင်းများပြိုကျပျက်ဆီးကာ ကျမ်းစာရွတ်ဖတ်သံများလည်း တိတ်ဆိတ်သွားသည်။ သူတော်စင်တို့၏ အေးချမ်းကြည်လင်မှုများမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားလေသည်။
ကြာပန်းစိမ်းရတနာအလံက နတ်ဘုရားသုတ်သင်အစီအရင်ကို ခုခံနိုင်စွမ်းရှိမရှိ စမ်းသပ်ကြည့်နေမည့်အစား သူတို့အားလုံး အမြန်ဆုတ်ခွာရန်သာ ရွေးချယ်လိုက်ကြသည်။
အစီအရင်မှ ဓားချီများက ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကို ဖြတ်သန်းသွားချိန် ချက်ချင်းဆိုသလိုပင် ရောင်စဉ်ငါးမျိုးအလင်းတန်းများ မှိန်ဖျော့သွားရသည်။
အစောပိုင်းက သောင်းကျန်းနေခဲ့သော မဟာမာရူယိသည်ပင် ချီထျန်းမဟာသူတော်စင်နှင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
သူက ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကိုရုပ်သိမ်းကာ ချက်ချင်းပင် ဆုတ်ခွာတိမ်းရှောင်သွားတော့သည်။
နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် ကောင်းချင်းရွှမ်က နတ်ဘုရားအဆုံးသတ်ဓားကို ကိုင်မြှောက်လိုက်သည်နှင့်
နတ်ဘုရားသုတ်သင်အစီအရင်အတွင်း၌ ကောင်းချင်းရွှမ်က နတ်ဘုရားအဆုံးသတ်ဓားကို မြှောက်လိုက်သည်ကို မြင်သည်နှင့် တပြိုင်နက် တာအိုသခင် လုယာသည် နတ်မိစ္ဆာများအားလုံးကို ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
သူကိုယ်တိုင်လည်း နေရောင်ခြည်တန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ချက်ချင်း ထွက်ပြေးလေသည်။
ဗလာနယ် ပြိုကျပျက်ဆီးသါားသည်နှင့် အရာအားလုံးက ပရမ်းပတာ ဖြစ်ကုန်သည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ပင်လျှင် သူ၏ အတောင်များထက်တွင် အလွန်လေးလံသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖိစီးထားသည့်ပမာ ခံစားလိုက်ရသည်။
သူက အစီအရင်ပတ်ဝန်းကျင်တွင် ပျံသန်းနေရန် သတ္တိမရှိတော့ဘဲ အလျှင်အမြန်ပင် ပျံသန်းထွက်ခွာသွား၏။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ၏ ဦးခေါင်းအနောက်ဘက်မှ တာအိုဗုဒ္ဓရောင်ခြည်အလင်းတန်းကလည်း တဖျတ်ဖျတ် တုန်ခါနေသည်။
ထိုအလင်းတန်းက မုန်တိုင်းကြားမှ ဖယောင်းတိုင်ငယ်ပမာ အချိန်မရွေး ငြိမ်းသတ်ခံရနိုင်သည်။
ယခင်က အရောင်ငါးမျိုးဖြင့် တောက်ပနေခဲ့သော ပင်လယ်ငြိမ်သက်ပုလဲများမှာလည်း ဖုံမှုန့်လွှမ်းသည့်ပမာ အလင်းရောင်များအားလုံး ပျောက်ကွယ်သွားသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက မြစ်ထဲတွင်ရှိနေသည့် အစိမ်းရောင်ကြာပန်းကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် အမြန်ဆုံး အရှိန်အဟုန်ဖြင့် နတ်ဘုရားသုတ်သင်အစီအရင်နှင့် ဝေးရာသို့ ဆုတ်ခွာသွားတော့၏။
ဖန်းယွင်ရှန်း၊ ရန်တိ၊ စောမင်ကျန့်နှင့် ယန်ကျန်းတို့ပင်လျှင် အစီအရင်ကိုကြည့်ပြီး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှု ခံစားလိုက်ရသည်.
ရန်သူများ ထွက်ပြေးသွားသည့်တိုင် နတ်ဘုရားသုတ်သင်အစီအရင်၏ နယ်မြေလွှမ်းမိုးမှုက လျှင်မြန်စွာ ကျယ်ပြန့်နေဆဲ ဖြစ်သည်။
တာအိုသခင်’လုယာ’ နှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့၏ အကူအညီဖြင့် နတ်မိစ္ဆာမျိုးနွယ်များ အချိန်မီ ထွက်ပြေးနိုင်ခဲ့ကြသော်လည်း မဟာယာနဗုဒ္ဓဘာသာကျင့်ကြံသူများကတော့ ကံမကောင်းခဲ့ကြပေ။
အစောပိုင်းက ရန်တိနှင့်တိုက်ခိုက်နေသော ဂုဏ်ရောင်ထည်ဝါတာအိုဗုဒ္ဓက ချဲ့ထွင်လာသည့် အစီအရင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခံလိုက်ရသည်။
သူ၏တာအိုဗုဒ္ဓနယ်မြေ ချက်ချင်းပြိုကွဲသွားပြီး တာအိုဗုဒ္ဓရောင်ခြည်အလင်းတန်းမှာလည်း ရောင်ဝါကင်းမဲ့သွားကာ ရွှေခန္ဓာသည်လည်း ပုပ်သိုးဆွေးမြေ့သွားလေ၏။
ဂုဏ်ရောင်ထည်ဝါတာအိုဗုဒ္ဓ သက်ပြင်းတိုးတိတ် ချလိုက်သည်။
ထို့နောက် လက်အုပ်ချီလိုက်ပြီး နေရာမှာပင် ဘဝဇာတ်သိမ်းသွားလေသည်။
သူ၏ခန္ဓာကိုယ်သည်လည်း ရေစီးကြောင်းပမာ အဆီးအတားမရှိ စီးဆင်းနေသော ဓားချီများကြား အပိုင်းပိုင်းပြတ်တောက်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
သူ၏ သရီရဓာတ်တော်သည်ပင် သူနှင့်အတူ တပါတည်း ပျက်ဆီးသွားလေသည်။
အမတခုံရုံးမှ ဗုံခရာကောင်းကင်ဘုံအရှင်သည်လည်း ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
သူက ကြယ်စင်မြစ်မှ ကြယ်တာရာများနှင့်အတူ ဝါးမျိုခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ရသည်။
သူ၏ခန္ဓာကိုယ်ထဲတွင်ကိန်းအောင်းနေသော ယုံကြည်ခြင်းစွမ်းအားများဖြင့်ပြည့်နက်နေသည့် ရတနာအလင်းတန်းမှာလည်း ငြိမ်းသတ်ခံလိုက်ရပြီး သူ၏တည်ရှိမှုက လုံးဝပျောက်ကွယ်သွားသည်။
စန္ဒကူးတာအိုဗုဒ္ဓက ထွက်ပြေးရန် ကြံရွယ်လိုက်သော်လည်း သူ့နောက်တွင် တစ်စုံတစ်ယောက် ရောက်ရှိနေကြောင်း အာရုံခံလိုက်မိသည်။
သူ နောက်သို့လှည့်ကြည့်လိုက်တော့ ချီထျန်းမဟာအသူတော်စင်၏ စူးရှတောက်ပသော မီးလျှံမျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရသည်။
စန္ဒကူးတာအိုဗုဒ္ဓက သက်ပြင်းချလိုက်ပြီး...
“အစကတည်းက မင်းတို့အားလုံးက ရှုံးနိမ့်ဖို့ ကံပါလာပြီးသားပဲ ၊ ဒီလို ယုတ်ညံ့တဲ့ကံတရားရှိသူတွေက ငါတို့ကို ဘယ်တော့မှ အနိုင်ရမှာမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“နောက်ဆုံးမှာတော့ တာအိုအဓိပတိတွေက နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးပစ်ကြလိမ့်မယ် ၊ ပြီးရင် ဓားတွေကို အညီအမျှခွဲဝေယူကြလိမ့်မယ်”
ခေါင်းသုံးလုံး လက်ခြောက်ဖက်အသွင်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်သော ချီထျန်းမဟာသူတော်စင်က အေးစက်စွာရယ်မောလိုက်ပြီး...
“ဘုန်းကြီး... မင်းက စကားအရမ်းများတာပဲ”
ထို့နောက် သူက ရူယိရွှေတုတ်ဖြင့် စန္ဒကူးတာအိုဗုဒ္ဓ၏ဦးခေါင်းကို တည့်တည့်မတ်မတ် ရိုက်ချလိုက်သည်။
အလယ်ခေတ် အနောက်သို့ခရီးသွားမှတ်တမ်းကာလတွင် ထွက်ပေါ်လာခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် စန္ဒကူးတာအိုဗုဒ္ဓ၏ဦးခေါင်းကွဲကြေသွားပြီး သူ၏ဘဝသည်လည်း နိဂုံးချုပ်သွားတော့သည်။