မဟာယာနတာအိုဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများအားလုံးမှာ နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် မပိတ်မိစေရန် အစွမ်းကုန်ရုန်းကန်ကာ ထွက်ပြေးကြတော့သည်။
ထို့ကြောင့် ချီထျန်းမဟာသူတော်စင် ၊ ယန်ကျန်း ၊ စောမင်ကျန့်နှင့် ဖန်းယွင်ရှန်းတို့အတွက် အတားအဆီးများလျော့နည်းသွားပြီး သူတို့၏တိုက်စစ်စွမ်းအားများ အရှိန်အဟုန် ပြင်းထန်လာသည်။
တိုက်ပွဲအခြေအနေ ပြောင်းပြန်လှန်နိုင်ခဲ့ပြီဖြစ်ရာ လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများက ထွက်ပြေးကုန်သောရန်သူများနောက်သို့ ထပ်ချပ်မကွာလိုက်လံတိုက်ခိုက်ကြသည်။
သူတို့က ရန်သူများကို အငြိုးတကြီးဖြင့် ဖိနှိပ်တိုက်ခိုက်ကြသည်ဖြစ်ရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တိုသည်ပင် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ အသက်လုထွက်ပြေးကြရသည်။
ကူရာကယ်ရာမဲ့အခြေအနေသို့ ရောက်ရှိသွားခြင်းက သူတို့အတွက် အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။
အဆုံးသတ်မှာတော့ သူတို့၏ အဓိကဦးစားပေးမှာ နတ်ဘုရားသုတ်သင်အစီအရင်၏ ဝါးမြိုခြင်းမခံရစေရန်သာ ဖြစ်သည်။
တိုက်တိုင်းအောင်တာအိုဗုဒ္ဓ နောက်သို့လှည့်ကြည့်လိုက်တော့ သူ မဟာယာနတာအိုဗုဒ္ဓဘာသာသို့ဝင်ရောက်စဉ်က ဆရာသခင်ဖြစ်သော စန္ဒကူးတာအိုဗုဒ္ဓမှာ ရူယိရွှေတုတ်အောက်တွင် အသက်ပျောက်သွားကြောင်း တွေ့မြင်လိုက်ရသည်။
သူ့မျက်နှာထက် အဓိပ္ပါယ်ဖော်ရခက်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။
“ကံတရားပဲ... တကယ့် ကံတရားအတိုင်းပါပဲလား...”
အမြဲတမ်း တည်ငြိမ်အေးဆေးစွာရှိတတ်သော တိုက်တိုင်းအောင်တာအိုဗုဒ္ဓ၏ မျက်ဝန်းအစုံတွင် ရှားရှားပါးပါး ဝမ်းနည်းရိပ်များ ယှက်သမ်းလာသည်။
သူနှင့်ရင်းနှီးပြီးသား ချီထျန်းမဟာသူတော်စင်၏ပုံရိပ်ကို တွေ့မြင်လိုက်ရချိန် တိုက်တိုင်းအောင်တာအိုဗုဒ္ဓ၏စိတ်အစဉ် တုန်လှုပ်သွားရပြီး ရှုပ်ထွေးသောခံစားချက်များနှင့်အတူ အတိတ်ဟောင်းကို သတိရသွားမိသည်။
ထိုအချိန် စကြာဝဠာအထက် ဗလာနယ်ထဲတွင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ၊ တာအိုသခင်'လုယာ' နှင့် အခြားသူများမှာ စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်မိကြသည်။
တာအိုအဆင့်အောက် တိုက်ပွဲတွင် သူတို့၏ခန့်မှန်းချက်မှားယွင်းမှုကြောင့် အရှုံးနှင့်ရင်ဆိုင်ရပြီ ဖြစ်၏။
ယခု သူတို့အခြေအနေက တာအိုအဓိပတိများ၏ အကူအညီကိုရယူရန် လိုအပ်နေပေပြီ။ သို့သော် ထိုသို့ပြုလုပ်လိုက်ပါက မည်သူမှ ပြီးပြည့်စုံသည့် နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိနိုင်တော့မည် မဟုတ်ပေ။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်ကိုကြည့်ပြီး ပို၍ပင် နောင်တရသွားမိသည်။
ဤသည်က ဖုရှီဗျပ်စောင်းမှ နောက်ဆုံးစောင်းကြိုး၏တားဆီးမှုပင်ဖြစ်ပြီး ခဏမျှ ထပ်မံစောင့်ဆိုင်းနိုင်လျှင် အော်မီတော်ဖော်တာအိုဗုဒ္ဓ ဆင်းသက်လာနိုင်တော့မည် ဖြစ်၏။
အံ့ဩစရာအကောင်းဆုံးအချက်မှာ မဟာမာရူယိ ရှိနေသည့်တိုင် လမ်းမှန်တာအိုဝါဒကို အနိုင်မတိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အရှေ့ဧကရာဇ်'ထိုက်ယိ' ကို ဟန့်တားပေးခဲ့သော်လည်း သူ၏ အကူအညီမှာ အတိုင်းအတာတစ်ခုအထိသာ ရှိခဲ့သည်။
ထို့ထက်ပို၍ မျှော်လင့်နေခြင်းမှာ စိတ်ကူးယဉ်အိမ်မက်သက်သက်သာ ဖြစ်ပေလိမ့်မည်။
နေရာတွင်ရှိနေသူအားလုံးက အစီအရင်ထဲမှ တံခါးတစ်ချပ်ထက်တွင် ရှိနေသော နတ်ဘုရားအဆုံးသတ်ဓားကို စူးစိုက်ကြည့်မိကြသည်။
အစီအရင်လည်ပတ်လာသည်နှင့်အမျှ ထိုဓားမှ ကျောက်စိမ်းရောင်အလင်းတန်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နောက်ဆုံးမှာတော့ လမ်းမှန်တာအိုဝါဒမှလူများက နတ်ဘုရားအဆုံးသတ်ဓားထက်မှ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အမှတ်အသားများကို ဖယ်ရှားသန့်စင်နိုင်ခဲ့ပေပြီ။
ယခုဆိုလျှင် ထိုဓားကို လမ်းမှန်တာအိုဝါဒက ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။
သို့သော် နတ်ဘုရားအဆုံးသတ်ဓား(၄)လုံးကို ယူဆောင်သွားရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။
နတ်ဘုရားသုတ်သင်အစီအရင် မူလအတိုင်းပြန်လည်တည်ငြိမ်သွားသည်နှင့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အရှေ့ဧကရာဇ်’ထိုက်ယိ’ အား ဟန့်တားထားခြင်းကို ရပ်တန့်လိုက်ပြီး ငရဲကိုးထပ်သို့ ပြန်လည်ထွက်ခွာသွားသည်။
ယခုမှစပြီး ဤကိစ္စက ငရဲကိုးထပ်နှင့် မသက်ဆိုင်တော့ပေ။
မနားတမ်း တိုက်ခိုက်နေကြသော အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့သည်လည်း ခဏမျှ တိုက်ပွဲရပ်နားလိုက်ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုလုံးအား တာအိုအဓိပတိတစ်ပါးပါး သို့မဟုတ် လမ်းမှန်တာအိုဝါဒက ရရှိသွားမည်ကို သူတို့ မဖြစ်စေချင်ကြပေ။
အထူးသဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့အတွက် ပို၍ပင် အရေးကြီးနေသည်။
လမ်းမှန်တာအိုဝါဒက နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိသွားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် မဟုတ်ဘဲ တန်ပြန်တိုက်ခိုက်ရန်အတွက် ဖြစ်လာပေမည်။
ဤအစီအရင်က ခံစစ်အဖြစ် အသုံးပြုရမည့်အရာ မဟုတ်ပေ။
အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံ နှစ်ခုလုံးက မိမိတို့နယ်မြေများထက်သို့ နတ်ဘုရားသုတ်သင်အစီအရင် ကျရောက်လာမည်ကို သေလောက်အောင် ကြောက်ရွံ့ကြသည်။
ထိုအစီအရင်က တာအိုအဓိပတိတစ်ပါးသည်ပင် ဝင်ရောက်နှောက်ယှက်၍မရသော လူသတ်အစီအရင်တစ်ခုဖြစ်နေသည် မဟုတ်လား။
တာအိုအဓိပတိများအတွက် အစီအရင်၏ထိုးစစ်ကို ကြောက်ရွံ့မည်မဟုတ်သော်လည်း သူတို့၏ လက်အောက်ငယ်သားများနှင့် နောက်လိုက်များကတော့ ထိုသို့ မဟုတ်ပေ။
ထို့ကြောင့် မည်သူမဆို မိမိတို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသော တည်ရှိမှုမျိုးကို ကြောက်ရွံ့ကြသည်။
ကြယ်စင်မြစ်က ကျယ်ပြောလှသည့် စကြာဝဠာကို ဖြတ်သန်းတည်ရှိနေသော်လည်း နတ်ဘုရားသုတ်သင်အစီအရင်က ဗလာနယ်ကို ပုံဖြတ်နိုင်စွမ်းမြင့်မားသည့်အတွက် မြစ်၏ဝေးကွာလွန်းသော အစွန်းနှစ်ဖက်သည်ပင် ထိကပ်သွားသည်အထိ အစီအရင်၏ဝါးမျိုမှုကို ခံလိုက်ရသည်။
အစီအရင်ထဲမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက မိုးကောင်းကင်ထိအောင် ထိုးတက်နေပြီး တစ်လောကလုံးရှိ အရာခပ်သိမ်းကို သုတ်သင်ဖျက်ဆီးတော့မည့်အလား ထင်မှတ်ရသည်။
သို့သော် အစီအရင်ထက်ရှိ အဆုံးမရှိသောဗလာနယ်ထဲတွင် ကျောက်စိမ်းတံခါးတစ်ချပ် ၊ ရှေးဟောင်းခေါင်းလောင်းတစ်လုံးနှင့် အဖြူရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။
ဗျပ်စောင်းအိုကြီး၏ စောင်းကြိုးပြတ်တောက်ရာမှဖြစ်ပေါ်လာသော ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က တာအိုအဓိပတိတစ်ပါး၏ဆင်းသက်မှုကို တစ်ကြိမ်လျှင် တစ်ပါးနှုန်းသာ တားဆီးနိုင်စွမ်းရှိသည်။
ယခု ကျောက်စိမ်းတံခါး ၊ ရှေးဟောင်းခေါင်းလောင်းနှင့် အဖြူရောင်ကြာပန်းတို့ တပြိုင်တည်း ထွက်ပေါ်လာပေပြီ။
နတ်ဘုရားသုတ်သင်အစီအရင်၏ပြင်ပတွင် အစိမ်းရောင်ကြာပန်းသည်လည်း ရှိနေသေးပြီး ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေပြီဖြစ်သည်။
နတ်ဘုရားသုတ်သင်အစီအရင်၏ သက်ရှိမှန်သမျှကိုသုတ်သင်ပြီး တာအိုတရားကိုပင် ဖြတ်တောက်ပစ်နိုင်သော ကြောက်မက်ဖွယ်ရာ ဓားချီများက အစိမ်းရောင်ကြာပန်း ၊ အဖြူရောင်ကြာပန်း ၊ ကျောက်စိမ်းတံခါးနှင့် ရှေးဟောင်းခေါင်းလောင်းတို့အပေါ် မည်သည့်ခြိမ်းခြောက်မှုမှ မပြုနိုင်ခဲ့ပေ။
နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များကို အန္တရယ်မပေးနိုင်ပေ။ ထိုအဓိပတိကြီးများအနေဖြင့် အစီအရင်ထဲသို့ မိမိအလိုရှိသည့်အတိုင်းပင် ဝင်ထွက်သွားလာနိုင်သေးသည်။
သို့သော် တာအိုအဓိပတိ(၄)ပါး စုပေါင်းတိုက်ခိုက်ခြင်းမရှိဘဲ နတ်ဘုရားသုတ်သင်အစီအရင်ကို မည်သူမှ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
ယခု မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက ငရဲကိုးထပ်သို့ပြန်သွားပြီဖြစ်သော်လည်း ဤနေရာသို့ အတိအကျပင် တာအိုအဓိပတိ(၄)ပါး ဆင်းသက်လာခဲ့သည်။
အကယ်၍ အစီအရင်သာ ပျက်ဆီးသွားပါက လမ်းမှန်တာအိုဝါဒအနေဖြင့် နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ရရှိရန် ပြန်လည်တိုက်ပွဲဝင်ရပေဦးမည်။
တာအိုအဓိပတိများအနေဖြင့် တစ်ယောက်လျှင် ဓားတစ်လက်စီရရှိသွားရန် အခွင့်အရေးရသွားပြီး မည်သူမှ ပြီးပြည့်စုံသည့် နတ်ဘုရားသုတ်သင်အစီအရင်ကို ထုတ်ဖော်နိုင်ကြမည် မဟုတ်ပေ။
သို့သော် တာအိုဝါဒကျင့်ကြံသူများကတော့ လက်ဗလာဖြင့်သာ ဒုက္ခတောထဲ ကျန်ရစ်ခဲ့ပေမည်။
တာအိုသခင်’လုယာ’ က ဖြည်းညင်းစွာခေါင်းခါယမ်းရင်း...
“နောက်ဆုံးတော့လည်း... ဒီလိုအခြေအနေမျိုး ရောက်လာခဲ့ရတာပဲ”
ထို့နောက် သူက ရန်ကျောက်ကဲ ၊ ယန်ကျန်းနှင့် အခြားသူများကို လှမ်းကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဖုရှီဗျပ်စောင်းမှာ စောင်းကြိုး(၄)ချောင်းပဲကျန်လို့ တော်သေးတယ် ၊ မဟုတ်ရင် မင်းတို့ အောင်မြင်သွားနိုင်တယ်”
နတ်ဘုရားသုတ်သင်အစီအရင်၏ နယ်မြေချဲ့တွင်မှု ရပ်တန့်သွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက အစီအရင်ထဲမှပင် တာအိုသခင်’လုယာ’ ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“တကယ်လို့ စောင်းကြိုးတွေ ဒီထက်ပိုများနေခဲ့ရင်လည်း ခင်ဗျားက ဒီလို အလဲအလှယ်လုပ်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”
ထိုစကားကြားတော့ တာအိုသခင်’လုယာ’ မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောလိုက်သည်။
သို့သော် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်ထားတာတွေ ရှိပါတယ် ၊ ကျွန်တော်တို့ရဲ့ အားကိုးရာက ဒီစောင်းကြိုးတွေပဲရှိတာ မဟုတ်ပါဘူး”
“ဟမ်...”
တာအိုသခင်’လုယာ’ ရင်ထိတ်သွားသည်။
သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်မိပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့နှင့်အတူ အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်မိ၏။
ဗလာနယ်ထဲတွင် အနက်ရောင်အလံရှည်တစ်လက်ကိုင်ဆောင်ထားသော မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာသည်။
မိန်းမပျိုက အလွန်ပင်ကျက်သရေရှိလှပြီး လောကီရေးရာအညစ်အကြေးများနှင့် ကင်းစင်နေသည့် သူတော်စင်တစ်ပါးပမာ ဖြစ်သည်။
နေရာတွင်ရှိနေသူတိုင်းက ဤလောကတွင် ကာလရှည်ကြာ ရှင်သန်လာခဲ့သော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များဖြစ်လေရာ ထိုမိန်းမပျို မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသိလိုက်ကြ၏။
သူမက အတိတ်တစ်ချိန်က စန့်ချင်အဆက်အနွယ်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သော နတ်မိမယ်ကျွန်းမှ စန်းရှောင်းဧကရီ(၃)ပါးတွင် ခေါင်းဆောင်ဖြစ်သည့် ယွင်ရှောင်းနတ်သမီးပင် ဖြစ်လေသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ၏ စစ်ပွဲကာလတွင် နတ်မိစမယ်ကျွန်းမှ နတ်သမီးများက မူလရွှေဖလားကို ကိုင်ဆောင်ကာ မြစ်ဝါကိုးကွေ့အစီအရင်ကို ခင်းကျင်းခဲ့ဖူးသည်။
ထိုစဉ်အချိန်က ဧကရီ(၃)ပါးမှာ တာအိုသခင်’လုယာ’ ကို ဖိနှိပ်နိုင်ခဲ့ရုံသာမက ယွိချင်အဆက်အနွယ်တစ်ခုလုံးကိုပါ လွှမ်းမိုးထားနိုင်ခဲ့ကြသည်။
ထိုစဉ်အချိန်က တိုက်ပွဲအတွင်း သူတို့၏စွမ်းဆောင်ရည်က စန့်ချင်အဆက်အနွယ်များထဲတွင် အတောက်ပဆုံးဟုဆိုနိုင်သည်။
သူတို့၏တန်ခိုးစွမ်းအားက ခုန်ရွှမ်းနှင့်ပင် ရင်ပေါင်တန်းနိုင်၏။
သို့သော် အဆုံးသတ်မှာတော့ သူတို့သည်လည်း ယွမ်စီထျန်းကျွင်းနှင့် တောက်တယ်ထျန်းကျွင်းတို့၏လက်ချက်ဖြင့် တိုက်ပွဲရှုံးနိမ့်ခဲ့ရသည်။
ပိရှာင်းနှင့် ချုန်းရှောင်းတို့က နတ်ဘုရားများအဖြစ် အတင်းအကျပ် အပ်နှင်းခံရပြီး နောက်ပိုင်း မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ခဲ့ကြရသည်။
တောက်တယ်ထျန်းကျွင်းက ယွင်ရှောင်းနတ်သမီးကိုဖမ်းဆီးကာ ချီလင်ကမ်းပါးအောက်တွင် ချုပ်နှောင်ထားခဲ့သည်။
သူမ၏ညီမများက တောင်းပန်သောကြောင့် နောက်ပိုင်း တစ်နှစ်လျှင် (၆)လ ချီလင်ကမ်းပါးတွင်နေထိုင်စေပြီး ကျန်(၆)လတွင်တော့ ညီအစ်မများနှင့်အတူ ကောင်းကင်ဘုံနန်းတော်တွင် နေထိုင်ခွင့်ပြုခဲ့သည်။
ထိုအကြောင်းများကြောင့် သူတို့နတ်မိမယ်(၃)ဖော်၏ မြစ်ဝါကိုးကွေ့အစီအရင်က ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ရန်ကျောက်ကဲနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့ မြစ်ဝါကိုးကွေ့အစီအရင်ကို ခင်းကျင်းနိုင်ခဲ့ခြင်းမှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ကောင်းကင်ဘုံနန်းတော်နှင့် ခွန်လွန်တောင်တို့ ပျက်ဆီးသွားခဲ့ပြီး ယွင်ရှောင်းနတ်သမီးနှင့်ပတ်သက်သော အချက်အလက်များလည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ယခုတော့ သူမက ဤလောကအလယ် ပြန်လည်ထွက်ပေါ်လာခဲ့ပေပြီ။
သို့သော် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ ၊ တာအိုသခင်'လုယာ'နှင့် အခြားသူများမှာ ယွင်ရှောင်နတ်သမီးထက် သူမနှင့်အတူယူဆောင်လာသည့် အလံရှည်ကိုသာ စိုးရိမ်နေကြသည်။
မဟာကပ်ဘေးကြီးကာလအတွင်းမှာပင် မူလရွှေဖလားက ပျက်ဆီးသွားခဲ့ပေပြီ။ ထိုပစ္စည်းရှိနေလျှင်ပင် တာအိုအဓိပတိတစ်ပါးကို ဟန့်တားနိုင်မည် မဟုတ်ပေ။
သို့သော် ယွင်ရှောင်းနတ်သမီးလက်ထဲမှ အနက်ရောင်အလံရှည်ကတော့ အလွန်ထူးခြားသည်။
ထိုအလံရှည်၏ အမြိတ်(၆)ခုက လွင့်ပျံနေပြီး မြင်ရသူတိုင်း၏ရင်ကို ထိတ်လန့်ခြောက်ခြားသွားစေသည်။
မဟာဉာဏ်အလင်းဗောဓိသတ္တ ၊ ခေါင်းကိုးလုံးပိုးကောင် ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓတို့သည်ပင် ထိုအလံရှည်ကိုမြင်သည်နှင့် မျက်နှာပျက်သွားကြသည်။
"ဝိညာဉ်ခြောက်ဖြာအလံရှည်...”
မဟာယာနတာအိုဗုဒ္ဓဘာသာကိုယ်တော်များနှင့် နတ်မိစ္ဆာများ တပြိုင်တည်း ရေရွတ်လိုက်ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင်ရှိနေသည့် ရန်ကျောက်ကဲက အေးဆေးစွာပင် ပြုံးလိုက်ပြီး...
“အမှန်ပဲ... ကျုပ် ညာပြောခဲ့တာ မဟုတ်ဘူး ၊ ဒီပစ္စည်းက တကယ်ပဲ ကျုပ်တို့လက်ထဲမှာ ရှိနေတာပါ”