ယခင်က ရန်ကျောက်ကဲတို့အုပ်စုက အပြာရောင်ခရီးရှည်နန်းတော်ကို လိုက်လံရှာဖွေဟန်ဆောင်ခဲ့ကြသည်။ တကယ်တော့ သူတို့က ထိုနေရာတွင်ရှိနေနိုင်သည့် ရတနာပစ္စည်းများကို ရှာဖွေနေကြခြင်း ဖြစ်၏။
လူအများစိတ်အဝင်စားဆုံး ရတနာပစ္စည်းက ဝိညာဉ်ခြောက်ဖြာအလံရှည် ဖြစ်ပြီး ၊ ထိုရတာနပစ္စည်းက အတိတ်ကာလက အငြင်းပွားစရာများစွာ ဖြစ်ပေါ်စေခဲ့သည်။
ဝိညာဉ်ခြောက်ဖြာအလံရှည် မည်သည့်နေရာတွင်ရှိသည်က လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး အပြာရောင်ခရီးရှည်နန်းတော်၏ တည်နေရာမှာလည်း ပဟေဠိဖြစ်နေခဲ့သည်။
လမ်းမှန်တာအိုဝါဒအတွက် မျက်စိရှေ့ရောက်နေသည့် နတ်ဘုရားသုတ်သင်အစီအရင်က ပိုမိုယုံကြည်စိတ်ချရသည်။
သို့သော် သူတို့က အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့၏ အစီအစဉ်များအတိုင်း အလိုက်သင့်စီးမျောရင်း အပြာရောင်ခရီးရှည်နန်းတော်ကို ရှာဖွေသယောင် ဟန်ဆောင်ခဲ့ကြသည်။
တကယ်တော့ လမ်းမှန်တာအိုဝါဒ၏ မူလရည်မှန်းချက်ကို လူတိုင်းသိကြသည်။
ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓနှင့် အခြားသူများက ဤအခွင့်အရေးကိုအသုံးချကာ သူတို့အား အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ထောင်ချောက်ထဲသို့တွန်းပို့ခဲ့ကြခြင်း ဖြစ်၏။
မျှော်လင့်သည့်အတိုင်းပင် ရန်ကျောက်ကဲတို့အုပ်စုက နတ်ဘုရားသုတ်သင်အစီအရင်အတွက် ဤနေရာသို့ရောက်လာခဲ့ကြသည်။
တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင်များ အားလုံးသည်လည်း ဤနေရာသို့ ဆင်းသက်လာကြသည်။
မြေကမ္ဘာဘုရင်မအဖြစ် ဟန်ဆောင်ထားသော ယန်ကျန်း ရောက်ရှိလာသည်။
သိုးလွိနန်းတော်တွင် တစ်ကိုယ်တည်း သီးခြားနေထိုင်တတ်သည့် ရွှမ်တုကိုယ်တော်လည်း ရောက်ရှိလာသည်။
ရန်ကျောက်ကဲ ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ဝူတန့်မယ်တော်တို့အပေါ် ရန်သူပမာသဘောထားသည်ဟု ထင်မှတ်ရပြီး ကိုယ်ပိုင်လမ်းစဉ်ကိုလျှောက်လှမ်းနေသည့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်ပင် ရောက်ရှိလာခဲ့သည်။
လမ်းမှန်တာအိုဝါဒဘက်မှ အစွမ်းကုန်ကြိုးစားထားကြောင်း သိနိုင်သည်။
ဤသည်က မဟာကပ်ဘေးကြီးနောက်ပိုင်း တစ်ခါမှမရှိဖူးသေးသော ခမ်းနားထည်ဝါသည့် အဖြစ်အပျက်တစ်ခုပင် ဖြစ်၏။
ဤကိစ္စတွင် မတူညီသည့်အပြောင်းအလဲများစွာ ရှိနေသော်လည်း အခြေအနေအရပ်ရပ်က လူတိုင်းခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
သို့သော် ယွင်ရှောင်းနတ်သမီးထွက်ပေါ်လာခြင်းကတော့ အားလုံး၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။
သူမ ထွက်ပေါ်လာခြင်းက စိုးရိမ်စရာမရှိသော်လည်း သူမနှင့်အတူ ဝိညာဉ်ခြောက်ဖြာအလံရှည် ပါလာခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဝိညာဉ်ခြောက်ဖြာအလံရှည်မှာ အစောကြီးကတည်းက လမ်းမှန်တာအိုဝါဒ၏လက်ထဲတွင်ရှိနေသည်ဆိုသော အဓိပ္ပါယ်ပင် ဖြစ်၏။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓနှင့် အခြားသူများမှာ နာသာခံခက်ဖြင့် သွေးအန်လုမတတ် ခံစားလိုက်ရသည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကတော့ တင်ကွမ်းပျော်ရွှင်ခြင်းတာအိုဗုဒ္ဓကို အပိုင်းပိုင်းအစစ ချေမွပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး...
"ငါ အပြာရောင်ခရီးရှည်နန်းတော် ပေါ်ထွက်လာတာကို အာရုံမခံမိခဲ့ဘူး... ဒါဆိုရင် ဒီရတနာက အစကတည်းက အပြာရောင်ခရီးရှည်နန်းတော်ထဲမှာ ရှိမနေခဲ့ဘူးဆိုတဲ့ သဘောလား"
“တင်ကွမ်းပျော်ရွှင်ခြင်းတာအိုဗုဒ္ဓရော ၊ တာအိုအဓိပတိတွေရော ၊ ငါတို့အားလုံးမသိအောင် ဖုံးကွယ်ထားနိုင်တယ်ဆိုတော့... ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ် ၊ ဝိညာဉ်ခြောက်ဖြာအလံရှည်က ဒီအတောအတွင်း သိုးလွိနန်းတော်မှာ ရှိနေခဲ့တာပဲ”
လူတိုင်းစိတ်ထဲ အတွေးများသွားကြသည်။
“ဒါက... စန်းချင်း(၃)ပါး ဆရာဘိုးဘိုးတွေ လောကကို မကျော်လွန်ခင်ကတည်းက သိုးလွိနန်းတော်မှာ ထားခဲ့တာလား ၊ ဒါမှမဟုတ် သူတို့တွေ လောကကိုကျော်လွန်သွားပြီးမှ လောင်ကျွင်းက သိုးလွိနန်းတော်ကို ယူလာတာလား”
“ယွင်ရှောင်းက ယန်ကျန်းနဲ့အတူ သိုးလွိနန်းတော်မှ ဒဏ်ရာကုသနေတာ မဟုတ်လား ၊ သူ ရောက်လာတာ... လောင်ကျွင်းရဲ့အမိန့်ကြောင့်လား ၊ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လား”
"လောင်ကျွင်း ဘာတွေတွေးနေတာလဲ... သူ အခု လှုပ်ရှားတော့မှာလား... သူ ဒီကို ရောက်နေပြီလား"
လူတိုင်းစိတ်ထဲ အတွေးပေါင်းစုံ ဖြတ်သန်းသွားသည်။
သို့သော် သူတို့အားလုံး ထူးခြားသည့်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
ယွင်ရှောင်းက အလံရှည်ကိုဦးညွှတ်ပြီး အလေးအနက်ဆုတောင်းစကားဆိုလိုက်ခြင်း ဖြစ်သည်။
တာအိုအဓိပတိ(၄)ပါး ဆင်းသက်လာတော့မည့်ဆဲဆဲတွင် ဝိညာဉ်ခြောက်ဖြာအလံရှည်က စတင်ယိမ်းခါလာသည်။
"တာအိုအဓိပတိတွေပဲ ဝိညာဉ်ခြောက်ဖြာအလံပေါ်မှာ နာမည်တွေ ရေးထိုးနိုင်တာ မဟုတ်ဘူးလား”
ထိုသို့တွေးမိသည်နှင့် လူတိုင်း အလံရှည်ကို အာရုံစူးစိုက်ပြီး ကြည့်လိုက်ကြသည်။
အလံရှည်အစွန်းရှိ အမွှေးဖွား(၆)ခုအနက် (၃)ခုက အလွတ်ဖြစ်နေသည်။ ကျန်ရှိသော (၃)ခုမှာတော့ နာမည်တစ်ခုစီ ရေးထိုးထားကြောင်း တွေ့ရသည်။
"အော်မီတော်ဖော်တာအိုဗုဒ္ဓ"
"အရှေ့ဧကရာဇ်'ထိုက်ယိ'"
"မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး"
ယွင်ရှောင်း ရွတ်ဆိုလိုက်သည်နှင့် ဝိညာဉ်ခြောက်ဖြာအလံရှည်က တုန်ခါလာပြီး အမွှေးဖွား(၆)ခုလုံး တဖျတ်ဖျတ်လွင့်ပျံလာကာ မှောင်မိုက်သောအလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းများက ဗလာနယ်ဖြင့်ရောယှက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းသွားသည်။
အမှောင်ထုများထဲမှ မြူခိုးများပမာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ထိုလှုပ်ခတ်မှုများကြားမှာ သဏ္ဌန်မဲ့ ဓားဝိညာဉ်များက စကြာဝဠာအလွှာများကို ဖြတ်ကျော်ကာ အဆုံးမရှိ ထွက်ပေါ်လာသည်။
ငရဲကိုးထပ် အနက်ရှိုင်းဆုံးနေရာတွင်ရှိသော အဆုံးမဲ့ချောက်နက် နတ်ဆိုးပင်လယ်ထဲတွင် နက်မှောင်သည့် ရှေးဟောင်းကြေးမုံမှန်တစ်ချပ် ထွက်ပေါ်လာသည်။
ကြေးမုံမှန်မှထွက်ပေါ်လာသော အလင်းတန်းများက ဝင်ရောက်လာသည့် သဏ္ဌန်မဲ့ဓားချီများ ရှေ့ဆက်မတိုးနိုင်အောင် ပိတ်ဆို့လိုက်သည်။
အနက်ရောင်ကြေးမုံမှန်က အမိန့်ပေးလိုက်သည်နှင့် ငရဲကိုးထပ်တစ်ခုလုံး တုန်ခါသွားပြီး သဏ္ဌန်မဲ့ဓားချီများကို စုပေါင်းတွန်းလှန်ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်ထက်တွင်ရှိနေသည့် ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က လုံးဝ ထိခိုက်ခြင်းမရှိပေ။
သို့သော် ရှေးဟောင်းခေါင်းလောင်းကြီးနှင့် အစိမ်းရောင်ကြာပန်းတို့ကတော့ ဆင်းသက်လာရာမှ ရပ်တန့်သွားသည်။
အစိမ်းရောင်ကြာပန်းထက်တွင် တောက်ပသည့် သရီရဓာတ်တော်တစ်ခု ပေါ်ထွက်လာသည်။ ရှေးဟောင်းခေါင်းလောင်းကြီးမှ မြည်ဟည်းသံထွက်ပေါ်လာပြီး ကောင်းကင်ကိုးထပ်တိုင် ပဲ့တင်ထပ်သွားသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ စစ်ပွဲကဲ့သို့ပင် ဝိညာဉ်ခြောက်ဖြာအလံရှည်က တာအိုအဆင့် အဓိပတိကြီးများကို မည်သို့မှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
သို့သော် ဝိညာဉ်ခြောက်ဖြာအလံရှည်၏ နှောက်ယှက်မှုကြောင့် အော်မီတော်ဖော်တာအိုဗုဒ္ဓနှင့် အရှေ့ဧကရာဇ်'ထိုက်ယိ' တို့၏ ဆင်းသက်မှု ရပ်တန့်သွားခဲ့ရသည်။
အကယ်၍ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးသာ ဤနေရာတွင် ရှိနေခဲ့လျှင် သူသည်လည်း ဝိညာဉ်ခြောက်ဖြာအလံရှည်၏ ဟန့်တားမှုကို သေချာပေါက် ခံစားရမည်ပင်။
ရန်ကျောက်ကဲက တာအိုသခင်’လုယာ’ ကို ပြောခဲ့သည့်အတိုင်းပင် ဖုရှီဗျပ်စောင်းအပြင် အခြားသောပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားခဲ့သည်။
ယခု ဝိညာဉ်ခြောက်ဖြာအလံရှည်က တာအိုအဓိပတိများစွာ၏ လှုပ်ရှားမှုကို ဟန့်တားလိုက်ပေပြီ။
အော်မီတော်ဖော်တာအိုဗုဒ္ဓနှင့် အရှေ့ဧကရာဇ်'ထိုက်ယိ' တို့ တားဆီးခံထားရချိန် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ကတော့ အတားအဆီးမရှိဘဲ ဆက်လက်ဆင်းသက်လာကြသည်။
သို့သော် ယွင်ရှောင်းနတ်သမီးက ဝိညာဉ်ခြောက်ဖြာအလံရှည်ကို အသုံးပြုနေချိန် ရန်ကျောက်ကဲတို့အုပ်စုကလည်း ငြိမ်မနေခဲ့ကြပေ။
နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ပွားတို့ အတူတကွ လေထုထဲခုန်ဝင်သွားပြီး ချင်းဖိန်ဓားကိုကိုင်ဆွဲကာ အဝေးတစ်နေရာရှိ ကောင်းကင်ယံထက်သို့ ချိန်ရွယ်လိုက်သည်။
နတ်ဘုရားသုတ်သင်အစီအရင် အပြင်ဘက်တွင်ရှိသော ရွှမ်တုကိုယ်တော်က သူ၏ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။
ထိုအခါ အဝေးတစ်နေရာ ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
မွှေးပျံ့သည့်ရနံ့များ လွင့်ပျံလာပြီး နတ်ဘုရားတေးသံများပဲ့တင်ထပ်ထွက်ပေါ်လာကာ တိမ်မြူများကြားမှ နတ်ဘုံနတ်နန်းများဆီဦးတည်သော လမ်းကြောင်းတစ်ခု ဖွင့်လှစ်သည့်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲက လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ နတ်ဘုရားသုတ်သင်အစီအရင်ထဲရှိ ယာဇ်ပလ္လင်(၄)ခုက ကောင်းကင်ယံထက်သို့ မြားတစ်စင်းပမာ ပျံတက်သွားပြီး ချင်းဖိန်ထားနှင့် ပေါင်းစည်းသွားသည်။
ထို့နောက် နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုလုံး ဗလာနယ်ထဲတွင် ပွင့်ဟနေသည့် အက်ကွဲကြောင်းဆီသို့ တဟုန်ထိုး ပျံတက်သွားတော့သည်။
ဓားအစီအရင်ကြီး ပျံတက်သွားသည်နှင့် ယန်ကျန်း၊ ရန်တိ၊ တောင်ပိုင်းချန်စန်းဧကရာဇ်၊ ယွင်ရှောင်းနှင့် ဝိညာဉ်ခြောက်ဖြာအလံရှည်တို့ကိုပါ တပါတည်း ဆွဲခေါ်သွားသည်။
နက်မှောင်သည့်အလံရှည်က လေထဲတွင် တဖျတ်ဖျတ်လွင့်ပျံနေဆဲဖြစ်သည့်တိုင် အလံရှည်ထက်တွင် ရေးထိုးထားသည့်နာမည်များကတော့ ပျောက်ကွယ်သွားခဲ့ပေပြီ။
သို့ပေသိ ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က နတ်ဘုရားသုတ်သင်အစီအရင် ရှေ့ဆက်သွားမည်ကို ဟန့်တားထားလိုက်သည်။
နတ်ဘုရားသုတ်သင်အစီအရင်အတွင်းမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာပြီး ဓားချီများမြင့်တက်လာသည်။
ထိုဓားချီများက ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့ကို အန္တရယ်မပြုနိုင်သော်လည်း အစီအရင်၏မြန်နှုန်းကို မြှင့်တင်ပေးလိုက်သည်။
ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က အစီအရင်ထဲသို့ အတင်းအကျပ်ဝင်ရောက်လာပြီး ယုံကြည်မှုရတနာအလင်းတန်းနှင့် တာအိုဗုဒ္ဓရောင်ခြည်အလင်းတန်းများကိုအသုံးပြုကာ အစီအရင်၏တံခါးများထက်တွင် လွင့်မျောနေသည့် ဓားများကိုသိမ်းပိုက်ရန် ကြိုးစားကြသည်။
သို့သော် နတ်ဘုရားသုတ်သင်ဓား(၄)လက် တပြိုင်တည်းလှုပ်ရှားသွားပြီး ယာဇ်ပလ္လင်များသည်လည်း နေရာရွှေ့သွားကြသည်။
တံခါးချပ်များ ပြောင်းပြန်လန်သွားပြီး တာအိုအဓိပတိကြီးနှစ်ပါး၏ ရတနာအလင်းတန်းနှင့် တာအိုဗုဒ္ဓအလင်းတန်းတို့ကို လွင့်စင်သွားစေပြီး မည်သည့်ဓားကိုမှ မသိမ်းပိုက်နိုင်အောင် ဟန့်တားလိုက်၏။
ရုတ်ချည်းပင် ကျောက်စိမ်းတံခါးအတွင်းမှ လက်ဖဝါးကြီးတစ်ဖက် ထွက်ပေါ်လာပြီး လောကဖျက်ဆီးပစ်မည့် ထိတ်လန့်ဖွယ်ရာဓားချီများကို ဖယ်ရှားကာ ချင်းဖိန်ထားကို ဖမ်းဆုပ်လိုက်သည်။
ချင်းဖိန်ဓားက ဗလာနယ်ထဲတွင် လှုပ်ခတ်သွားပြီး အစီအရင်၏ အစိမ်းရောင်အလင်းတန်းများနှင့် အဝါရောင်မြူခိုးများကြား ဖုံးကွယ်ကာ ကိုယ်ရောင်ဖျောက်သွားသည်။
ထို့ကြောင့် ကျောက်စိမ်းတံခါးမှ ထွက်ပေါ်လာသော လက်ဖဝါးကြီးမှာ ချင်းဖိန်ဓားကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုအချိန်မှာပင် အဖြူရောင်ကြာပန်းက အဆမတန်ကြီးမားလာပြီး ဗလာနယ်တစ်ခုလုံးကိုဖုံးလွှမ်းကာ အစီအရင်အား ဝါးမျိုရန် ကြိုးစားလိုက်သည်။
တာအိုဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ချုပ်နှောင်ကာ အောက်သို့ ဆွဲချလိုက်သဖြင့် အစီအရင်မှာ ဟင်းလင်းပြင်ထက် ခဏမျှရပ်တန့်သွားရသည်။
သို့သော် တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော ဓားချီများ ပွင့်ထွက်လာပြီး တာအိုဗုဒ္ဓရောင်ခြည်အလင်းတန်းများကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် အစီအရင်တစ်ခုလုံး ကောင်းကင်ယံထက်မှ အက်ကွဲကြောင်းဆီသို့ တဟုန်ထိုးဝင်ရောက်သွားလေသည်။
ရုတ်ချည်းပင် ပတ်ဝန်းကျင်မြင်ကွင်းများက ပြောင်းလဲသွားပြီး သူတို့အားလုံး ထူးဆန်းသည့် နတ်ဘုံတစ်ခုသို့ ရောက်ရှိသွားကြသည်။
ထိုနတ်ဘုံတွင် သာမန်ဆန်ပြီး ရိုးရှင်းသော နန်းတော်တစ်ခု တည်ရှိနေသည်ကို တွေ့ရလေ၏။