အမုန်းတရားမဲ့ကောင်းကင်ဘုံ။
သိုးလွိနန်းတော်။
ဤနေရာသို့ တစ်ခေါက်မှ မရောက်ဖူးကြသော်လည်း နတ်ဒေဝါတို့၏ ခမ်းနားထည်ဝါသော အငွေ့အသက်ကို အာရုံခံမိသည်နှင့် “သိုးလွိနန်းတော်” ဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။
သိုးလွိနန်းတော်နှင့်အတူ လူတစ်ယောက်၏အမည်သည်လည်း သူတို့စိတ်ထဲ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ထိုက်စန့်လောင်ကျွင်း...။
ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က နတ်ဘုရားသုတ်သင်အစီအရင်ထဲမှ ချင်းဖိန်ဓားကို လုယူနိုင်ခြင်း မရှိခဲ့ကြပေ။
ထို့ပြင် နတ်ဘုရားသုတ်သင်အစီအရင် ထွက်ခွာသွားသည်ကိုလည်း သူတို့ မတားဆီးနိုင်ခဲ့ကြပေ။
အစီအရင်က အမုန်းတရားမဲ့ကောင်းကင်ဘုံသို့ ရောက်ရှိသွားချိန်မှာတော့ သူတို့က ရန်ကျောက်ကဲတို့နောက်သို့ လိုက်ပါသွားခြင်းမရှိခဲ့ကြပေ။
ကျောက်စိမ်းတံခါးနှင့် အဖြူရောင်ကြာပန်းတို့က အမုန်းတရားမဲ့ကောင်းကင်ဘုံအပြင်ဘက်တွင်သာ ဝဲပျံနေခဲ့ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင် တဖြည်းဖြည်းပြိုကွဲသွားပြီး ရွှေရောင်မြူခိုးတိမ်တိုက်များအဖြစ် လွင့်ပြယ်သွားသည်ကို သူတို့ စောင့်ကြည့်နေခဲ့ကြသည်။
အစီအရင်ပျက်ပြယ်သွားသည်နှင့် နတ်ဘုရားသုတ်သင်ဓား(၄)လက်က အောက်ဘက်သို့ကျဆင်းသွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
ရိုးရှင်းသည့်အသွင်ရှိသော သိုးလွိနန်းတော်တံခါးမကြီး ပွင့်ဟလာသည်။
ရွှမ်တုကိုယ်တော်၏ ဦးဆောင်မှုဖြင့် ရန်ကျောက်ကဲတို့အားလုံး နန်းတော်ထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။
ယခု အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့က လူတစ်ယောက်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။
သိုးလွိနန်းတော်ထဲတွင် တာအိုဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က ကြီးမားသော ဆေးပြင်းဖိုကြီးနံဘေးတွင် မှေးစက်လျှက်ရှိသည်။
ပြင်ပလောကတွင် မည်သည့်အရာများဖြစ်ပျက်နေပါစေ သူ့အတွက်တော့ အရေးမပါသည့်အလားပင်။
နတ်ဘုရားသုတ်သင်အစီအရင်က အမုန်းတရားမဲ့ကောင်းကင်ဘုံသို့ ဝင်ရောက်သွားကြောင်း တွေ့မြင်သည်နှင့် ရှေးဟောင်းခေါင်းလောင်းကြီးနှင့် အစိမ်းရောင်ကြာပန်းတို့က လမ်းကြောင်းပြောင်းလိုက်ပြီး မိမိတို့နယ်မြေများသို့ ပြန်လည်ထွက်ခွာသွားသည်။
အဖြူရောင်ကြာပန်းသည်လည်း ကျောက်စိမ်းတံခါးနှင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ အဖြူရောင်ကြာပန်းသုခဘုံသို့ ထွက်ခွာသွားသည်။
ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကျောက်စိမ်းတံခါးကလည်း "လူသားအမြုတေကျောက်တုံးအပိုင်းအစ" အတွက် အဖြူရောင်ကြာပန်းနှင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။
ကျောက်စိမ်းတံခါးကြီးသည်လည်း အမတခုံရုံးသို့ ပြန်လည်ဆုတ်ခွာသွားလေသည်။
ထိုသို့ဖြင့် နောက်ဆုံးမှာတော့ တုန်လှုပ်ခြောက်ခြားဖွယ် တိုက်ပွဲကြီး အဆုံးသတ်သွားခဲ့သည်။
ဗလာနယ် အစွန်အဖျားမှာတော့ တာအိုသခင် 'လုယာ'၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် ကျန်ရှိသူအားလုံး ရင်ထဲလေးလံစွာ ခံစားနေကြရသည်။
ယနေ့တိုက်ပွဲ၏ ရိုက်ခတ်မှုက အနာဂတ်အချိန်တစ်ခုအထိ အရေးပါသော လွှမ်းမိုးမှုများ ရှိနေပေလိမ့်မည်။
အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့အတွက်တော့ တိုက်ပွဲရလဒ်က မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးဆိုလျှင်တော့ ပို၍ပင် အခြေအနေဆိုးရွားသေးသည်။
“ငါတို့အားလုံး ဝိုင်းတိုက်တာတောင် သူတို့က လွတ်သွားကြတယ်”
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အံတင်းတင်းကြိတ်ရင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
"ဝိညာဉ်ခြောက်ဖြာအလံရှည်... အဲ့ဒီ ဝိညာဉ်ခြောက်ဖြာအလံရှည်ကြောင့်ပဲ..."
ရွှေအတောင်မဟာဂဠုန်မှာ ရန်သူများကိုဒေါသထွက်နေသည့်တိုင် ဘာမှမတတ်နိုင်တော့ပေ။
ဤကိစ္စတွင် လောင်ကျွင်း ပါဝင်ခြင်း ရှိ မရှိ ဆိုသည်က တစ်ပိုင်းဖြစ်သော်လည်း သူတို့အနေဖြင့် အမုန်းတရားမဲ့ကောင်းကင်ဘုံကိုတော့ သွားရောက်တိုက်ခိုက်ဝံ့ခြင်း မရှိကြပေ။
လောင်ကျွင်း၏ တန်ခိုးစွမ်းအားကြီးမားမှုကို ဘေးဖယ်ထားလျှင်တောင်မှ အခြားသော တာအိုအဓိပတိများ စုပေါင်းတိုက်ခိုက်သဖြင့် လောကကိုကျော်လွန်သွားပြီဖြစ်သော လမ်းမှန်တာအိုဝါဒ၏ စန်းချင်း (၃) ပါး ဆရာဘိုးဘိုးများ ပြန်လည်နိုးထလာစေရန် လှုံ့ဆော်သလို ဖြစ်သွားနိုင်သည်။
ထို့ပြင် ဝိညာဉ်ခြောက်ဖြာအလံရှည်ကို နားရွက်ရှည်တင်ကွမ်းနတ်ဘုရားနှင့် ယွင်ရှောင်းနတ်သမီးကဲ့သို့ ကောင်းကင်နတ်ဘုရားများအသုံးပြုခြင်းနှင့် တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များအသုံးပြုခြင်းက လုံးဝကွဲပြားသည့် ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။
တာအိုအဓိပတိများအကြားတွင်လည်း စည်းလုံးညီညွတ်မှု မရှိကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ရန်လိုမုန်းတီးမှုများသည်ပင် ပြည့်နှက်နေကြသည်။
တိုက်ပွဲဖြစ်ပွားပြီး တစ်ဖက်က အထိနာသွားပါက အခြားအင်အားစုများဝင်ရောက်လာပြီး ကြားထဲမှအမြတ်ထုတ်သွားပေမည်။
သို့ဖြစ်ရာ နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူနိုင်ခြင်းမရှိမှတော့ အမုန်းတရားမဲ့ကောင်းကင်ဘုံအထိ လိုက်လံတိုက်ခိုက်ရန် မည်သူမှ မစဉ်းစားကြပေ။
ထို့ပြင် ဝိညာဉ်ခြောက်ဖြာအလံရှည် ပေါ်ပေါက်လာခြင်းနှင့် ၎င်းပေါ်တွင် ရေးထိုးထားသော အမည်သုံးခုကြောင့် သံသယများစွာလည်း ရှိနေခဲ့ကြသည်။
တာအိုသခင် 'လုယာ' က ခေါင်းခါယမ်းလျှက် သက်ပြင်းချရင်း...
"နောက်ဆုံးတော့ ငါတို့ ကြိုးစားသမျှ အလကားဖြစ်သွားတာပဲ ၊ လမ်းမှန်တာအိုဝါဒ ပြန်လည်ဦးမော့လာဖို့က ရှောင်လွှဲလို့မရတဲ့ ကိစ္စဖြစ်သွားပြီ... ၊ ငါတို့ရဲ့ ကံကြမ္မာက ကျောက်စာပေါ်မှာ ရေးထားသလို အစောကြီးကတည်းက သတ်မှတ်ပြီးသားထင်ပါရဲ့..."
သူ့စကားသံတွင် ဒေါသအရိပ်အယောင်များ မတွေ့မြင်ရပေ။
သူ့အတွက်တော့ နတ်ဘုရားသုတ်သင်အစီအရင်က မြစ်ဝါကိုးကွေ့အစီအရင်ကို ချေမှုန်းလိုက်ပြီး တာအိုဝါဒ ကျင့်ကြံသူများက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားကတည်းက ဤတိုက်ပွဲ၏ အနိုင်အရှုံးကို သိရှိပြီးသား ဖြစ်သည်။
ဤတိုက်ပွဲတွင် ရန်သူမှန်သမျှကို ချေမှုန်းနိုင်စွမ်းရှိသည့် မဟာမာရူယိမှလွဲပြီး အခြားသော နတ်မိစ္ဆာမျိုးနွယ်များနှင့် လမ်းမှန်မဟာယာနတာအိုဗုဒ္ဓဘာသာ ကျင့်ကြံသူများက တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုလုပ်ခဲ့ကြပေ။
နတ်ဘုရားသုတ်သင်အစီအရင်ကို အရယူနိုင်ရန်အတွက် နှစ်ဖက်စလုံးက တာအိုဝါဒကျင့်ကြံသူများ၏ခံစစ်ကို ထိုးဖောက်ထွက်ရန်သာ အစွမ်းကုန်ကြိုးစားခဲ့ကြပြီး မိမိတို့၏ မဟာမိတ်များကို နောက်ကွယ်မှ နှောက်ယှက်ခြင်းမျိုး မရှိခဲ့ကြပေ။
သို့သော် လမ်းမှန်တာအိုဝါဒက ထိုအင်အားကြီးအုပ်စုနှစ်ခုလုံး၏ထိုးစစ်ကို ခံနိုင်ရည်ရှိစွာ တောင့်ခံခဲ့ကြသည်။
နတ်ဘုရားအဆုံးသတ်ဓားကို အောင်မြင်စွာသန့်စင်နိုင်သည်အထိ အချိန်ဆွဲနိုင်ခဲ့ပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို အပြီးသတ် တည်ဆောက်နိုင်ခဲ့ကြ၏။
အကယ်၍ အချိန်သာ အနည်းငယ် ထပ်ကြာသွားခဲ့လျှင် အနိုင်အရှုံးရလဒ်က မရေမရာ ဖြစ်နေဦးမည်သာပင်။
အဘယ်ကြောင့်ဆိုသော် ရန်ကျောက်ကဲတို့အုပ်စု ပေါင်းစပ်ဖန်တီးထားသည့် "ချီထျန်းမဟာသူတော်စင်" ၏ စွမ်းအားမှာ အချိန်အကန့်အသတ် ရှိနေသောကြောင့်ပင်။
ထိုအချိန်အပိုင်းအခြား ကုန်ဆုံးသွားသည်နှင့် တိုက်ပွဲအခြေအနေက ပြောင်းလဲသွားနိုင်သည်။
သို့သော် ယခုတော့ “အကယ်၍” ဆိုသည့်စကားကို အသုံးပြု၍ မရနိုင်တော့ပေ။
အဆုံးသတ်တွင် လမ်းမှန်တာအိုဝါဒကသာ ပိုင်ပိုင်နိုင်နိုင် အောင်ပပွဲခံသွားခဲ့ပြီး အခြားအင်အားစုများကတော့ တစ်ပူပေါ်နှစ်ပူဆင့်လျှက် ဆုံးရှုံးမှုများသာ ခံစားခဲ့ကြရသည်။
တာအိုသခင်’လုယာ’ ဆိုလျှင် ဒဏ်ရာအပြင်းအထန်ရရှိသည့်အပြင် သူ၏ နတ်ဘုရားသတ်ဖြတ်ဓားပျံကိုပါ ဆုံးရှုံးလိုက်ရသည်။
သူ၏ဘူးသီးခြောက်မှာလည်း ကျောက်စိမ်းကျိုင်းတံဖြင့် ချိတ်ပိတ်ခံလိုက်ရပြီး ကြယ်စင်မြစ်ထဲနစ်မြုပ်သွားကာ နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် အစအနပင်မကျန် ပျောက်ကွယ်သွားရသည်။
ရှေးဟောင်းဗျပ်စောင်းတစ်လက်ဖြစ်သော ‘ဖုရှီဗျပ်စောင်း’ မှာ တာအိုသခင်’လုယာ’ က တာအိုအဓိပတိများ၏အန္တရယ်မှကာကွယ်ရန် သိမ်းဆည်းထားသည့် ဝှက်ဖဲတစ်ခုဖြစ်သည်။
ထိုပစ္စည်းကို လမ်းမှန်တာအိုဝါဒဘက်နှင့် အလဲအလှယ်ပြုလုပ်ခဲ့သဖြင့် အခြားသောအကျိုးအမြတ်အချို့ ရရှိခဲ့သည်။
လမ်းမှန်တာအိုဝါဒက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အော်မီတော်ဖော်တာအိုဗုဒ္ဓတို့ကို ဟန့်တားရာတွင် ထိုဗျပ်စောင်းကို အသုံးပြုခြင်းမှာလည်း သူ၏ အစီအစဉ်အတိုင်းပင် ဖြစ်ခဲ့၏။
သို့သော် အဆုံးသတ်မှာတော့ ကံဆိုးစွာဖြင့် သူ ကြံစည်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။
ထို့ပြင် ခေတ်တစ်ခေတ်တွင် တစ်ကြိမ်သာအသုံးပြုနိုင်သော မြားခုနစ်စင်းကျိန်စာမှာလည်း အလကားဖြစ်သွားခဲ့သည်။
ဤတိုက်ပွဲတွင် တာအိုသခင်’လုယာ’ ၏ ဆုံးရှုံးမှု မည်မျှကြီးမားလိုက်ပါသနည်း။
ထို့မျှမကသေးဘဲ အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာနှင့် တိမ်မြူမှောင်မိုက်နတ်ဘုရား တို့မှာလည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြရပြီး ကျန်ရှိသူများမှာလည်း မသေရုံတမယ် ဒဏ်ရာများရရှိထားကြသည်။
တာအိုသခင်’လုယာ’ က သက်ပြင်းချရင်း...
“နောက်ထပ် ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ ၊ ကံမကောင်းတာက နောက်ထပ် ကစားသမားတစ်ယောက် စစ်တုရင်ခုံပေါ်ကို ရောက်လာတာပဲ”
ထို့နောက် သူက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသော မဟာနတ်မိစ္ဆာများကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။
မဟာယာနတာအိုဗုဒ္ဓဘာသာကိုယ်တော်များကလည်း ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ပေ။
ယနေ့ဖြစ်ရပ် ရိုက်ခတ်မှုက အနာဂတ်အတွက် များစွာသောအပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် သူတို့အနေဖြင့် မိမိတို့၏ အစီအစဉ်များကို အမြန်ဆုံး ပြန်လည်စိစစ်ပြီး မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက မဟာမာရူယိအား လက်အုပ်ချီလျှက် ဦးညွှတ်လိုက်ပြီး...
"ကိုယ်တော်တို့ဘက်က ကူညီပေးတာ ကျေးဇူးတင်ပါတယ်"
သူက ဆက်ပြောလိုက်သည်။
“ကံမကောင်းတာက နတ်ဘုရားသုတ်သင်အစီအရင်က မြန်ဆန်လွန်းသွာတာပဲ ၊ အဲဒီလိုသာမဟုတ်ရင် ကိုယ်တော်တို့ဘက်က သေချာပေါက် အောင်ပွဲခံနိုင်မှာပါ”
မဟာမာရူယိက...
“ချီထျန်းမဟာသူတော်စင်က တကယ့်ကို နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်”
“တကယ်လို့ သူ့မှာ ဖျက်ဆီးလို့မရတဲ့ နတ်မိစ္ဆာရုပ်ခန္ဓာသာ မရှိဘူးဆိုရင်... သူနဲ့ငါရဲ့ တိုက်ပွဲက သရေကျသွားနိုင်တယ်”
ထို့နောက် မဟာမာရူယိက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး တာအိုဗုဒ္ဓရောင်ခြည်အလင်းတန်းအဖြစ်ပြောင်းလဲကာ နေရာမှ ထွက်ခွာသွားလေသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓမှာမူ တိုက်တိုင်းအောင်တာအိုဗုဒ္ဓကို တိတ်ဆိတ်စွာလှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။
ကြာပန်းစိမ်းရတနာအလံ၏ ကာကွယ်ပေးမှုအောက်တွင်ရှိနေသည့်တိုင် အနောက်ဘက်သူတော်စင်ဘုံသည်လည်း အတော်လေး အထိနာခဲ့သည်။
ဂုဏ်ရောင်ထည်ဝါတာအိုဗုဒ္ဓ နှင့် စန္ဒကူးတာအိုဗုဒ္ဓ နှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလား။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓသည်လည်း ပင်လယ်ငြိမ်သက်ပုလဲ (၆)လုံးကို ဆုံးရှုံးခဲ့ရသည်။ ယနေ့မှစပြီး သူ၏ ကောင်ကင်ဘုံ(၂၄)ထပ်က ဘယ်တော့မှ ပြန်လည်ပြည့်စုံလာတော့မည် မဟုတ်ပေ။
ထို့ပြင် သူစဉ်းစားရမည့် အချက်တစ်ချက်ရှိသည်။
သူတို့ လမ်းမှန်မဟာယာနတာအိုဗုဒ္ဓဘာသာနှင့်နှိုင်းယှဉ်လျှင် နတ်မိစ္ဆာမျိုးနွယ်များ၏ထိခိုက်မှုက ပိုမိုကြီးမားခဲ့သည်။ သို့သော် အဖြူရောင်ကြာပန်းသုခဘုံကတော့ ဆုံးရှုံးမှုမရှိသလောက်ပင် ဖြစ်၏။
ထို့ပြင် ဘုရားလောင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်မှ လွတ်မြောက်သွားခဲ့ပြီး လူသားအမြုတေကျောက်တုံးအပိုင်းအစကိုပါ သန့်စင်နိုင်ခဲ့သည်။
အနောက်ဘက်သူတော်စင်ဘုံနှင့် မဟာမိတ်ဖွဲ့ထားသည့် အမတခုံရုံးကတော့ သူတို့လက်ထဲပိုင်ဆိုင်ထားသည့် နတ်ဘုရားအဆုံးသတ်ဓားကိုပါ ဆုံးရှုံးသွားပြီး လမ်းမှန်တာအိုဝါဒက နတ်ဘုရားသုတ်သင်ဓား (၄)လက်လုံးကို စုစည်းရရှိသွားသည်။
ထို့ပြင် အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားအရေအတွက်က အဖြူရောင်ကြာပန်းသုခဘုံထက် နည်းပါးနေသည့်ကြားမှ ယခု ဗုံခရာကောင်းကင်ဘုံအရှင်ပါ ထပ်မံကျဆုံးသွားခဲ့ပြန်သည်။
ဤသည်မှာ အနာပေါ် တုတ်ကျသကဲ့သို့ အခြေအနေကို ပိုမိုဆိုးရွားသွားစေသည်။
ဤကိစ္စဖြစ်ပြီးနောက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအနေဖြင့် အချိန်တိုင်း သတိထားနေရပေတော့မည်.
လမ်းမှန်တာအိုဝါဒ၏ လက်ထဲတွင် နတ်ဘုရားသုတ်သင်အစီအရင် ရှိနေသရွေ့ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်နေပေလိမ့်မည်။
အထူးသဖြင့် လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက လမ်းမှန်တာအိုဝါဒနှင့် အငြိုးအတေးကြီးမားခဲ့သော အမတခုံရုံးအတွက် ပို၍ပင်ဆိုးရွားပေသည်။
အကယ်၍ အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံကို အုပ်စုတစ်ခု၊ အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်ကို အုပ်စုတစ်ခုဟု သတ်မှတ်မည်ဆိုလျှင် ယနေ့တိုက်ပွဲကြောင့် မည်သည့်ဘက်က ပိုမိုထိခိုက်သည်လဲ တပ်အပ်မပြောနိုင်ပေ။
တစ်ခုတည်းသော သေချာသည့်အရာကတော့ “လမ်းမှန်တာအိုဝါဒ” က အကြီးမားဆုံး အောင်နိုင်သူ ဖြစ်သွားခဲ့ခြင်းပင်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက မျက်လုံးများကိုမှေးမှိတ်ရင်း သက်ပြင်းတိုးတိတ်ချလိုက်သည်။
“ငါတို့တွေ နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူဖို့ကြိုးစားခဲ့တယ် ၊ အခု ရှုံးသွားပြီဆိုတော့ အပြောင်းအလဲတွေအများကြီး ဖြစ်ပေါ်လာတော့မှာပဲ”