“ယန်ကျန်း...”
မဟာဉာဏ်အလင်းဗောဓိသတ္တ ရေရွတ်လိုက်သည်။
သူက သက်ပြင်းချလိုက်ရင်း...
“အစကတည်းက လမ်းမှန်တာအိုဝါဒက ငါတို့ကို နဖားကြိုးထိုးသွားတာပဲ”
မြေကမ္ဘာဘုရင်မဆိုသည်မှာ ယန်ကျန်းမှ ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း သိရှိသွားပြီးနောက် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော မဟာယာနဗုဒ္ဓဘာသာ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ အခြေအနေအရပ်ရပ်ကို ရိပ်မိသွားကြသည်။
တိုက်ပွဲစကတည်းက အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဆင်ထားသည့်ထောင်ချောက်ကို လမ်းမှန်တာအိုဝါဒက သိရှိနေကြောင်း သူတို့ အာရုံခံမိခဲ့ကြသည်။
သို့သော် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ရာ စီစဉ်ထားသည့်အတိုင်း ဆက်လုပ်ရန်သာ ရွေးချယ်ခဲ့ရသည်။
ပြီးတော့ တိုက်ပွဲရလဒ်ဆိုသည်က အဆုံးသတ်တွင် တန်ခိုးစွမ်းအားနှင့် အင်အားကြီးမားမှုအပေါ်တွင်သာ မူတည်သည် မဟုတ်လား။
ယန်ကျန်း၏ သရုပ်မှန် ထွက်ပေါ်လာပြီးနောက် လျှို့ဝှက်ချက်အားလုံးက ရှင်းလင်းသွားခဲ့သည်။
လမ်းမှန်တာအိုဝါဒက ဆင်ထားသည့် ထောင်ချောက်အတွင်းတိုးဝင်ပြီး သူတို့အတွက် အခွင့်အရေးအဖြစ် ပြောင်းလဲအသုံးချသွားခဲ့သည်။
အလွန်တရာ အန္တရယ်ကြီးမားကြောင်း သိရှိပါလျှက် နတ်ဘုရားအဆုံးသတ်ဓား ရရှနိုင်မည့်အခွင့်အရေးကို လက်မလွှတ်ဘဲ စွန့်စားခဲ့ကြသည်။
အဆုံးသတ်မှာတော့ နတ်ဘုရားသုတ်သင်ဓား(၄)လက်လုံး တာအိုဝါဒလက်ထဲသို့ရောက်ရှိသွားပြီး နတ်ဘုရားသုတ်သင်အစီအရင်ကိုပါ ဖော်ထုတ်အသုံးပြုနိုင်ခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း...
“ယန်ကျန်း အသက်ရှင်နေတာရယ် ၊ သူက မြေကမ္ဘာဘုရင်မအဖြစ် လှည့်စားဟန်ဆောင်ခဲ့တာရယ်က အလှည့်အပြောင်းသက်သက်ပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒီတိုက်ပွဲမှာ အဓိကအကျဆုံးက ချီထျန်းမဟာသူတော်စင်ပဲ”
ဟုတ်ပေ၏။
ချီထျန်းမဟာသူတော်စင်သာ မရှိခဲ့ပါက မဟာမာရူယိ အကူအညီဖြင့် အနောက်ဘက်သူတော်စင်ဘုံက အောင်မြင်မှုရရန် အခွင့်အရေးပိုများပေမည်။
ယန်ကျန်းနှင့် စောမင်ကျန့် ရှိနေလျှင်ပင် မဟာမာရူယိကိုရင်ဆိုင်ရန် အခက်တွေ့ပေမလိမ့်မည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက မချိပြုံးပြုံးလိုက်ပြီး...
“နှမျောစရာကောင်းတာက...”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ငါတို့က အင်အားနည်းလွန်းနေတာပဲ...”
တာအိုသခင်’လုယာ’ သည်လည်း ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ပြီး သူ့တွင်ရှိသော နတ်ဘုရားသတ်ဖြတ်ဓားပျံ၊ မြားခုနစ်စင်းကျိန်စာနှင့် ရှေးဟောင်း ဖုရှီဗျပ်စောင်းတို့ကိုပင် စတေးခဲ့ရသည်။
ထို့အတူပင် မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓနှင့် အခြားသော မဟာယာနဗုဒ္ဓဘာသာ ကျင့်ကြံသူများသည်လည်း ဤတိုက်ပွဲတွင် ကြီးမားသောပေးဆပ်မှုများ ပြုလုပ်ခဲ့ကြရသည်။
မဟာမာရူယိ ထွက်ခွာသွားရာသို့ ငေးစိုက်ကြည့်ရင်း မငြိမ်းသောမီးအိမ်ရှေးဟောင်းတာအိုဗုဒ္ဓက အဖြူရောင်ကြာပန်းသုခဘုံလက်ထဲရောက်နေသည့် စကြာမုနိတာအိုဗုဒ္ဓ၏ သရီရဓာတ်တော်အကြောင်း တွေးလိုက်မိသည်။
ထို့နောက် ရှေးဟောင်းတာအိုဗုဒ္ဓ၏ မျက်ဝန်းအစုံမှ စိတ်ရှုပ်ထွေးသည့်ခံစားချက်များ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ကဲ... သွားကြစို့”
“ဒီနေ့ကိစ္စတွေက အခုမှ အစပဲ ရှိသေးတာ ၊ နောက်ထပ်ဖြစ်လာမယ့် ပြဿနာတွေက ပိုပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းလိမ့်မယ်”
“အော်မီတော်ဖော်...”
မဟာယာနဗုဒ္ဓဘာသာကိုယ်တော်များ ဘုရားစာရွတ်ဆိုရင်း ဗလာနယ်ထဲမှ ပျောက်ကွယ်သွားကြသည်။
အခြားအင်အားစုများက မကျေနပ်မှု ၊ ကူရာကယ်ရာမဲ့မှုများနှင့် ပြည့်နက်နေစဉ် အမုန်းတရားမဲ့ကောင်းကင်ဘုံရှိ သိုးလွိနန်းတော်၏လေထုကတော့ လုံးဝ မတူကွဲပြားလျှက် ရှိ၏။
ရန်ကျောက်ကဲက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်း(၅၀)က နတ်ဘုရားအဆုံးသတ်ဓားမှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ လက်ထဲတွင် ရှိနေကြောင်း သိလိုက်ရစဉ်က သူ၏စိတ်များတင်းကျပ်နေခဲ့သည်။
ယခုမှ သူ့ရင်ထဲမှ ဖိစီးမှုများအားလုံး ကင်းစင်သွားတော့သည်။
အခြားသူများ၏ မျက်နှာများထက်တွင်လည်း ထပ်တူကျသော ဝမ်းမြောက်မှုအရိပ်အယောင်များ ပေါ်လွင်နေသည်။
သူတို့က သိုးလွိနန်းတော်ကို အကဲခတ်ကြည့်ရှုရင်း ရွှမ်တုကိုယ်တော်ကို မေးမြန်းလိုက်ကြသည်။
“ကျုပ်တို့ လောင်ကျွင်းကို ဂါရဝပြုခွင့် ရနိုင်မလား”
ရွှမ်တုကိုယ်တော်က အားနာဟန်ဖြင့်...
“မင်းတို့ကို စိတ်ပျက်အောင်လုပ်တာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဆရာကြီးက ဘာမှ အမိန့်ပေးမထားတော့ ကျုပ်သဘောနဲ့ကျုပ် ဆုံးဖြတ်လို့မရဘူး ဖြစ်နေတယ်”
ယန်ကျန်းက ပြုံးလိုက်ရင်း...
“ငါတောင် သိုးလွိနန်းတော်မှာ နှစ်တွေအကြာကြီးနေခဲ့တာ ၊ တစ်ခါမှ လောင်ကျွင်းနဲ့ မတွေ့ခဲ့ဖူးဘူး”
ယွင်ရှောင်းနတ်သမီးကလည်း ခပ်သဲ့သဲ့ ပြုံးလိုက်ရင်း...
“ငါလည်း အတူတူပဲ”
“ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ”
အားလုံး အနည်းငယ် စိတ်ပျက်သွားကြသော်လည်း ယန်ကျန်း ၊ ယွင်ရှောင်းနတ်သမီးနှင့် ရွှမ်တုကိုယ်တော်တို့ကို ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
“ဒီတစ်ခေါက် တိုက်ပွဲမှာ ခင်ဗျားတို့သာ မကူညီရင် တိုက်ပွဲရလဒ်က တခြားစီဖြစ်သွားမှာ သေချာတယ်”
ရွှမ်တုကိုယ်တော်တို့ (၃)ယောက်လုံး ခေါင်းခါယမ်းလိုက်ကြသည်။
ယန်ကျန်းက...
“ငါတို့အားလုံးက မျိုးနွယ်တစ်ခုတည်းပဲလေ ၊ ကျေးဇူးတင်စရာမလိုပါဘူး ၊ ပြီးတော့ ဒီနေ့တိုက်ပွဲက ငါတို့ လမ်းမှန်တာအိုဝါဒရဲ့ အနာဂတ်နဲ့လည်းသက်ဆိုင်နေတယ် ၊ ဘယ်လိုလုပ် လျစ်လျူရှုထားလို့ရမလဲ”
ယွင်ရှောင်းနတ်သမီးက...
“ဒီနေ့ တိုက်ပွဲအောင်မြင်လိုက်တာက ငါတို့ရဲ့ နောက်ပိုင်းရပ်တည်ချက်တွေကို သိသိသာသာ ပြောင်းလဲသွားစေလိမ့်မယ်”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ သတိတော့ထားရမယ် ၊ မဟုတ်ရင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အလကားဖြစ်သွားနိုင်တယ်”
သူမက စကားဆုံးသွားသည်နှင့် မဟူရာရောင်သွေး ဖုံးလွှမ်းနေသည့် ဝိညာဉ်ခြောက်ဖြာအလံရှည်ကို လှမ်းကြည့်လိုက်သည်။
ယခု ထိုအလံထက်တွင် မည်သည့်အမည်မှ ရေးထိုးထားခြင်းမရှိဘဲ ဗလာဖြစ်နေသည်။
လောင်ကျွင်းကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်း မရှိသည့်တိုင် နတ်ဘုရားသုတ်သင်အစီအရင်ကိုသာ ပိုင်ဆိုင်ထားပါက လမ်းမှန်တာအိုဝါဒအတွက် အခြားသော အင်အားကြီးအုပ်စုများကို ကောင်းစွာ ယှဉ်ပြိုင်နိုင်ပေပြီ။
တာအိုအဓိပတိများ ပါဝင်ပတ်သက်လာလျှင်ပင် လမ်းမှန်တာအိုဝါဒအနေဖြင့် အရင်ကလို ကူရာကယ်ရာမဲ့နေမည် မဟုတ်တော့ပေ။
နတ်ဘုရားသုတ်သင်အစီအရင်က အော်မီတော်ဖော်တာအိုဗုဒ္ဓ၊ မီလဲ့ကိုယ်တော်၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၊ အရှေ့ဧကရာဇ်'ထိုက်ယိ' နှင့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးတို့ကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ပေ။
သို့သော် ဤအစီအရင်က သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံးအစီအရင်ဖြစ်လေရာ ထိုအဓိပတိများ၏ လက်အောက်ခံများကတော့ အလွန်တရာ ကြောက်ရွံ့ကြပေမည်။
သို့သော် ပြဿနာတစ်ခု ရှိနေသေး၏။
ဝိညာဉ်ခြောက်ဖြာအလံရှည် သို့မဟုတ် ဖုရှီဗျပ်စောင်းကဲ့သို့သော ရတနာပစ္စည်းများ မရှိပါက တာအိုအဓိပတိများ စုပေါင်းတိုက်ခိုက်မည်ဆိုလျှင် ၊ သူတို့က အစီအရင်ကဖျက်ဆီးပြီး ဓားများကို လုယူသွားနိုင်သည်။
ထို့ကြောင့် မမျှော်လင့်သည့် အပြောင်းအလဲများ မဖြစ်စေရန်အတွက် ထိုအဓိပတိများ ထွက်ပေါ်လာသည်နှင့် နတ်ဘုရားသုတ်သင်အစီအရင်၏တိုက်ကွက်များကို ထုတ်ဖော်ရန်လိုအပ်သည်။
တိုက်ခိုက်ရန်အခွင့်အရေးက တစ်ကြိမ်တည်းသာ ရှိနိုင်သည်။
သို့သော် အင်အားစုများကြား အားပြိုင်မှုနှင့် ရန်လိုမှုများ ပြင်းထန်နေချိန် မည်သူက နတ်ဘုရားသုတ်သင်အစီအရင်၏ ခြောက်ခြားဖွယ်ရာ တိုက်ခိုက်မှုကို ခံယူချင်ပါမည်နည်း။
ဤအချက်ကပင် လမ်းမှန်တာအိုဝါဒအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။
ထို့ကြောင့်လည်း ရန်ကျောက်ကဲ ၊ ယန်ကျန်းနှင့် အခြားသူများက နတ်ဘုရားသုတ်သင်အစီအရင်ကိုရရှိရန် အပြင်းအထန် ကြိုးစားခဲ့ကြခြင်း ဖြစ်၏။
မဟာကပ်ဘေးကြီး နောက်ပိုင်း အဘက်ဘက်မှ ကျရှုံးနေသည့် လမ်းမှန်တာအိုဝါဒမှာ ယခုတော့ သမိုင်းအသစ် ရေးထိုးနိုင်ခဲ့ပေပြီ။
ရွှမ်တုကိုယ်တော်က...
“နတ်ဘုရားသုတ်သင်အစီအရင်က သိုးလွိနန်းတော်မှာပဲ ဆက်ရှိနေမယ်ဆိုရင် ဆရာကြီးက သိပ်သဘောကျမှာ မဟုတ်ဘူး”
သူက ယွင်ရှောင်းနတ်သမီးနှင့် ဝူတန့်မယ်တော်ကို လှမ်းကြည့်လိုက်ပြီး...
“ချင်းဖိန်ဓားကိုယူပြီးတော့ အစီအရင်ကို ပြင်ပဗလာနယ်ထဲ ရွှေ့ပြောင်းထိန်းသိမ်းထားဖို့ မင်းတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မယ်”
ဤသည်က ရှောင်လွှဲမရသည့် ကိစ္စတစ်ခုပင်။
သူတို့အနေဖြင့် လျှို့ဝှက်စွာ ပုန်းအောင်းရင်း အစဉ်တစိုက် အင်အားစုစည်းထားနိုင်မှသာ အခြားသူများအပေါ် ခြိမ်းခြောက်နိုင်စွမ်းကို မြှင့်တင်နိုင်ပေမည်။
သို့သော် နတ်ဘုရားသုတ်သင်ဓားများကို ကိုင်ဆောင်ထားသူသည် ဗလာနယ်ထဲတွင် တစ်ကိုယ်တည်းလွင့်မျောနေရမည်ဖြစ်ပြီး ဟင်းလင်းပြင်နှင့်လည်း တသားတည်းကျနေရပေမည်။
ယွင်ရှောင်းနတ်သမီးက ခေါင်းညိတ်လိုက်ပြီး...
“ဒါဆို ငါတို့တွေ တစ်လှည့်စီ တာဝန်ယူကြတာပေါ့ ၊ ဂိုဏ်းတူအစ်မက ဒဏ်ရာရထားတယ်ဆိုတော့ လောလောဆယ် ငါပဲ ဒီတာဝန်ကို ယူထားလိုက်မယ်”
ဒဏ်ရာကြောင့် အားအင်ချည့်နဲ့နေဆဲဖြစ်သော ဝူတန့်မယ်တော်က ခေါင်းညိတ်လိုက်ပြီး...
“ကျေးဇူးပါပဲ...”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဝိညာဉ်ခြောက်ဖြာအလံရှည်ပေါ်မှာ ဘာနာမည်မှ မရှိတော့ဘူးဆိုတော့ ဒီအလံပေါ်မှာ နာမည်အသစ်တွေ ထပ်ရေးထားမလားဆိုတာ အပြင်လူတွေ သိမှာမဟုတ်ဘူး”
“ပြီးတော့ လောင်ကျွင်းရဲ့ ရပ်တည်ချက်က ဘယ်လိုရှိမလဲဆိုတာကိုလည်း သူတို့ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး”
လောင်ကျွင်း၏ရပ်တည်ချက်ကို လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများသည်ပင် ခန့်မှန်းနိုင်ခြင်း မရှိပေ။
သို့သော် ယခုအချိန်ထိ လောင်ကျွင်း နှုတ်ဆိတ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏လုပ်ဆောင်ချက်များကို အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။
မည်သို့ပင်ဖြစ်စေ ဤအခြေအနေကို သူတို့အတွက် အကျိုးရှိအောင် အသုံးချနိုင်ပေသည်။
စိုးရိမ်ရမည့်အချက်တချို့ ရှိနေသေးသဖြင့် သူတို့က အမုန်းတရားမဲ့ကောင်းကင်ဘုံတွင် လာရောက်ပုန်းအောင်းနေကြခြင်း ဖြစ်သည်။
သွေးဓားသည့်ဓားတစ်လက်ဆိုသည်က အရေးကြီးသောအခိုက်အတန့်တွင်သာ အကြီးမားဆုံးတန်ဖိုးကို ထုတ်ဖော်နိုင်မည် မဟုတ်လား။
ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် နတ်ဘုရားသုတ်သင်အစီအရင်ကို အရယူနိုင်ခဲ့ခြင်းမျိုး ဖြစ်သည်။
“ငါတို့ တာအိုဝါဒက အတိတ်တုန်းကတော့ အထွတ်ထိပ်ကို ရောက်ခဲ့ဖူးပါတယ် ၊ နောက်ပိုင်းကျတော့ အောက်ခြေကို ထိုးဆင်းသွားခဲ့တယ် ၊ အခုတော့... အမှောင်ထုပျောက်ကွယ်ပြီး အလင်းရောက်မယ့်အချိန်ကို ရောက်ပြီထင်တာပဲ”
“ချောက်ကမ်းပါးအောက်ခြေမှာ အကြာကြီးနေခဲ့ပြီးပြီဆိုတော့ အထွတ်ထိပ်ကို ပြန်တက်ရမယ့်အချိန် ရောက်လာပြီ ၊ အခုဆိုရင် အနာဂတ်က တောက်ပနေပြီ ၊ ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားမယ်ဆိုရင် လက်လှမ်းမမီနိုင်တဲ့အရာ ရှိမှာမဟုတ်တော့ဘူး”
ရန်ကျောက်ကဲက ယန်ကျန်း၏စကားကို နားထောင်ရင်း ပြုံးလိုက်သည်။
ယန်ကျန်းပြောသကဲ့သို့ပင် လမ်းမှန်တာအိုဝါဒက အလယ်ခေတ်တွင် အလွန်တရာ အင်အားကြီးမားခဲ့သည်။
ကောင်းကင်မဖွင့်လှစ်မီ ယွမ်စီကောင်းကင်နတ်ဆိုးက ယွမ်စီထျန်းကျွင်းထံမှ “မူလကနဦး(ယွမ်စီ)” ဆိုသော ဂုဏ်ပုဒ်ကို လုယူရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကောင်းကင်ဖွင့်လှစ်ပြီးနောက် ရှေးဦးကာလတွင်လည်း ထိုနတ်ဆိုးက ယွမ်စီထျန်းကျွင်း၏ ဖိနှိပ်မှုကို ခံခဲ့ရပြန်သည်။
ရှေးဦးကာလတွင် စန်းချင်း(၃)ပါး ဆရာသခင်များက လူသားမျိုးနွယ်အပါအဝင် သက်ရှိပေါင်းစုံကို တန်းတူရည်တူ ဖန်တီးအုပ်ချုပ်ခဲ့ကြသည်။
သို့သော် တောက်တယ်ထျန်းကျွင်းက တာအိုဝါဒ အဆုံးအမများဖြင့် ကမ္ဘာလောကကို ပြုပြင်ပြောင်းလဲပေးခဲ့သဖြင့် လူသားမျိုးနွယ်များက အခြားသောမျိုးနွယ်များအပေါ် အောင်နိုင်ကာ ရှေ့တန်းသို့ ရောက်ရှိလာကြသည်။
ထို့ကြောင့် လူသားမျိုးနွယ်များက စန်းချင်း(၃)ပါး ဆရာသခင်များကို အလွန်အမင်း ရိုသေကိုးကွယ်ကြသည့်တိုင် သူတို့၏ သိုင်းပညာလမ်းစဉ်အများစုက တောက်တယ်ထျန်းကျွင်း၏ အဆုံးအမများနောက်သို့သာ အများဆုံး လိုက်နာခဲ့ကြသည်။
သမိုင်းတစ်လျှောက်တွင် ပထမဆုံး ကျဆုံးခဲ့သော တာအိုအဓိပတိမှာ လင်ပေါင်ထျန်းကျွင်း၏ သုတ်သင်ခြင်းကို ခံခဲ့ရသည့် “ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး” ဖြစ်သည်။
ကမ္ဘာလောကမဖြစ်တည်ခင် ကမ္ဘာဦးအက်ကွဲကြောင်း ကာလမှသည် ရှေးဦးကာလအထိ စန်းချင်း(၃)ပါး ဆရာဘိုးဘိုးတို့မှာ မည်သည့်အခါမျှ အရေးမနိမ့်ခဲ့ကြပေ။
ရန်ကျောက်ကဲက လက်ဖြင့် ဦးခေါင်းကိုတစ်ချက် ပွတ်သပ်လိုက်ရင်း...
“ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ ဆရာဘိုးဘိုးတွေက အရမ်းထက်မြက်ခဲ့ကြတယ် ၊ ဒါကလည်း ကံကြမ္မာစက်ဝန်းအတက်အကျနဲ့ ကိုက်ညီတယ်လို့ ပြောရမှာပေါ့လေ”